.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, February 27, 2011

Trust or not?

ဟိုတလောက အသိတယောက်က အကူအညီတောင်းပါတယ်။ စင်္ကာပူကို အလုပ် လာရှာဖို့အတွက် Show Money ပြချင်လို့ စင်္ကာပူငွေ ရောင်းပေးပါတဲ့။ အစိမ်းတွေ ပြရင်လည်း ရပါတယ်လို့ ပြောပြပေမယ့် စလုံးငွေပဲ လိုချင်တယ်တဲ့။ ကူညီနိုင်ရင် ကူညီပေးပါဆိုလို့ အဲဒီနေ့က ပေါက်ဈေးအတိုင်း တွက်ချက် သဘောတူပြီး လွှဲပေးမယ်လို့ ပြောလိုက်တယ်။ အိမ်ကို ငွေလွှဲဖို့ မလိုတဲ့အချိန် ဖြစ်ပေမယ့်လည်း ကူညီပေးလိုက်တယ်။

ငွေကို ဘယ်လို လွှဲပေးရမလဲ ဆိုတော့ သူ့အသိတယောက်က စင်္ကာပူကို ခေတ္တခဏ အလည်ရောက်နေတယ်။ အဲဒီတယောက်ဆီ စလုံးငွေကို သွားပို့ပေးရင် ရပြီတဲ့။ အဲဒါဆို စင်္ကာပူဘက်အခြမ်း ကိစ္စက ရှင်းတယ်။ ငွေလက်ခံမယ့်သူရဲ့ ဖုန်းနံပါတ်ကို ယူထားပြီး ဆက်သွယ်လိုက်ရုံပဲ။ ပြီးရင် နှစ်ဦးနှစ်ဘက် အဆင်ပြေမယ့် အချိန်မှာ ငွေလွှဲပေးကြတာပေါ့။ ရန်ကုန်ဘက်အခြမ်းက ဘယ်လို ငွေလက်ခံယူရမလဲ။ သွားပို့မှာလား လာယူရမှာလား။ ရန်ကုန်ဘက်မှာ အိမ်အရောက် ကိုယ်တိုင် သွားပို့ပေးမယ်ဆိုတော့ သွားရလာရ လွယ်ကူတဲ့ ကျွန်တော့်အဖွားအိမ်ကိုပဲ သွားပို့ပေးဖို့ ပြောလိုက်တယ်။ အဲဒီအထိတော့ အားလုံး အဆင်ပြေ အိုခေနေတာပေါ့။

အဆင်မပြေတာတွေက နောက်မှ သိလိုက်ရတယ်။ ငွေသွားပို့တဲ့နေ့မှာ စာချုပ်လုပ်သွားပြီး ငွေလက်ခံ ရယူတဲ့ အိမ်က အဖွားကို လက်မှတ်ထိုးခိုင်းသလို ဦးလေးကိုလည်း အသိသက်သေနေရာမှာ လက်မှတ်ထိုးခိုင်းတယ်။ အဲဒီအထိကတော့ အိမ်က လူကြီးတွေက အိုခေပါတယ်။ ငွေရေးကြေးရေးကိစ္စမှာ စာချုပ်တွေနဲ့ လုပ်တာကို အတိုင်းအတာ တခုအနေနဲ့ လက်ခံပါတယ်။ လိုအပ်သလို လက်မှတ် ထိုးပေးတယ်။ ပြဿနာက စာချုပ်ကို ယူသွားပြီး ပြန်သွားပြီးကာမှ နောက်ပြန်လှည့်လာပြီး အဖွားကို သက်သေအနေနဲ့ ဓါတ်ပုံရိုက်ယူသွားတယ်။ အိမ်က လူကြီးတွေက အဲဒီကိစ္စကို အစာမကြေဖြစ်ပြီး ကျွန်တော့်ဘက်ကို ဖုန်းဆက်ဗုံးကြဲပါလေရော။

အခုကိစ္စမှာ... ဘဝတခု အသစ်စဖို့ ရှိသမျှကို စုဆောင်းပြီး ပျံသန်းဖို့ အရှိန်ယူဆဲကာလမှာ အလိမ်အညာ မုသားအိမ်ထဲ ယောင်မှားဝင်မိမှာ စိုးရိမ်မိလို့... မိုးပြိုခဲ့သည် ရှိသော်ဆိုပြီး ခြေနှစ်ချောင်း မိုးပေါ်ထောင် အိပ်တဲ့ တစ်တီတူးငှက်လိုမျိုး... သံသယကို အခြေခံပြီး မရည်ရွယ်ပဲ လုပ်သွားတဲ့ အမှားလေးက တဘက်လူရဲ့ စေတနာကို ဝေဒနာ ဖြစ်စေခဲ့တယ်။ ကူညီတတ်တယ်၊ ရက်ရောတယ် ဆိုတဲ့ မြန်မာ့လူနေမှုဘဝမှာ ခြေနှစ်ချောင်း မကယ်ကောင်းဘူး ဆိုတဲ့စကားက အလကားပေါ်လာခဲ့ပုံ မပေါ်ပါဘူး။ အကူအညီလိုနေတဲ့ သူကို ကူညီရတာ မင်္ဂလာတပါးပါပဲ။ မလိုတဲ့နေရာမှာ သွားပြီး ကူနေရတာထက် တကယ်လိုနေတဲ့သူကို ကူရတာ ပိုကောင်းတာပေါ့။ ဒါပေ့မယ် ခြေနှစ်ချောင်း မကယ်ကောင်းဘူးဆိုတဲ့ အဲဒီစကားက ဘယ်ကနေ ဘယ်လိုမျိုး ပေါ်လာရတာလဲ။

ကျွန်တော့်ဘက်မှာ အဆင်မပြေတာ အသေးအမွှားလေးတွေလည်း ရှိပါတယ်။ ပုံမှန်မှာဆို မြန်မာပြည်ကို ငွေလွှဲချင်ရင် ပင်နီဇူလားက လွှဲနေကြအေးဂျင့်ကို လွှဲပေးလိုက်ရင် အဆင်ပြေပြီ။ ကိုယ်မအားလို့ ကိုယ်တိုင် မသွားဖြစ်ရင်လည်း ဘဏ်ကနေ ငွေလွှဲပေးလိုက်ရင် အဆင်ပြေတာပဲ။ အခုဟာကျတော့ တမျိုးပါ။ သူ့ဘက် ကိုယ့်ဘက် အားတဲ့အချိန်ကို ညှိယူရတယ်။ ပြီးတော့ ငွေလက်ခံမယ့်သူ တည်းနေတဲ့ နေရာကို ကိုယ်တိုင် အရောက် သွားပေးရတယ်။ ဘဏ်ကနေ လွှဲပေးလို့ရတာမျိုး မဟုတ်ဘူး။ အလုပ်တွေ မအားတဲ့ ကြားကနေ ရုံးဆင်းချိန်မှာ အပြေးတပိုင်း မြို့ထဲသွားရတယ်။ ဖုန်းတွေ ဆက်ရတယ်။ ဆိုလိုချင်တာက အေးဂျင့်ကနေ လွှဲတာလောက် မလွယ်ပါဘူး။ အချိန်ကုန် လူပန်း စိတ်ရှုပ်ရပါတယ်။

အပြန်အလှန် ယုံကြည်မှုဆိုတာ ရင်းနှီးခင်မင်ပါတဲ့ လူရင်းတွေကြားမှာတောင် ရှိခဲပါတယ်။ ယုံရပါတယ် ဆိုတဲ့ လူတွေတောင် ယုံကြည်မှုကို အလွဲသုံးစား လုပ်တတ်သေးတာပဲ။ ဒီလိုနဲ့ပဲ ဖိုးတွမ်တီးဆိုတဲ့ အမှုတွေက ပေါများလွန်းနေတယ်။ ဒါကြောင့် အကျွမ်းတဝင် မရှိသေးတဲ့ လူအဖို့ဆိုရင် အပြန်အလှန် ယုံကြည်မှု ရှိဖို့ဆိုတာ ပိုလို့တောင် ခက်လှပါတယ်။ ဆွေမျိုးသားချင်းတောင် မယုံရဲတဲ့ ခေတ်ကို ရောက်နေပြီလေ။

အဲဒါကြောင့် ခြေနှစ်ချောင်းကို အပေါ်ထောင်ထားတဲ့ တစ်တီတူးလို လူမျိုးရဲ့ သဘောသဘာဝကို ကျွန်တော် နားလည်ဆင်ခြင်မိတဲ့အလျှောက် အခုကိစ္စမှာ အိမ်က ပြောသမျှ ဆူသမျှကို ခေါင်းငုံ့ခံပြီး ရေငုံနှုတ်ပိတ် တိတ်တိတ်လေးပဲ နေလိုက်ပါတယ်။ စေတနာကို ဝေဒနာ ဖြစ်အောင် မလုပ်မိစေလိုတဲ့ ဆန္ဒလေးပဲ ရင်ထဲမှာ ရှိနေခဲ့လို့ ဆင်ခြင်နိုင်အောင် ရေးမှတ်ထားလိုက်ပါတယ်။

2 comments:

ShwunMi-ရွှန်းမီ-ရွှန်းမီ said...

အထင်လွဲခြင်း အချင်းချင်း ကင်းရှင်းကြပါစေ..

Rita said...

သိပ်တော့ မဆိုင်ဘူး။ ချေးပြီး ပြန်မပေးတဲ့ ကိစ္စတွေ သတိရသွားတယ်။

ကတောက်!