.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, August 28, 2011

Save 54 lives



သြဂုတ်လ ၂၈ ရက်နေ့- စင်္ကာပူသွေးဘဏ်မှာ ၁၈ ကြိမ်မြောက် သွေးလှူဖြစ်ခဲ့တယ်။
သွေးလှူပွဲတွေ လုပ်ရင်း တခါတည်း သွေးလှူဖြစ်တာ ဒါနဲ့ဆို ၅ ကြိမ်မြောက် ရှိသွားပါပြီ။
အလုပ် မအားတဲ့သူတွေ များသွားလို့ ဒီတခေါက် သွေးလှူပွဲကတော့ လူနည်းပါတယ်။

Friday, August 26, 2011

The Golden Mount











အယုဒ္ဓမြို့ရဲ့ မြောက်ဘက်စွန်းစွန်းမှာ တည်ထားတဲ့ စေတီပါ။ Wat Phukhaothong လို့ အမည်တွင်ပါတယ်။ ကွင်းပြင်ကျယ်ကျယ်ထဲမှာ မိုးပေါ်ကို ထိုးတက်နေတဲ့ စေတီဟာ ရွှေတောင်ကြီးတခုအလား ထင်မှတ်စရာ ရှိလို့ ဘုရားကို ရွှေတောင်ဘုရားလို့ ဘွဲ့တော် ပေးခဲ့ပုံပါပဲ။ ဝင်ကြေး ပေးစရာ မလိုတဲ့ ဘုရားလည်း ဖြစ်ပါတယ်။ ဘုရားသမိုင်းကတော့ ၂ မျိုးကွဲနေပါတယ်။

တခုက ဘုရင့်နောင်မင်းတရားကြီး အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့နောက် အောင်ပွဲအထိမ်းအမှတ် အနေနဲ့ တည်ထားတဲ့ စေတီပါ။ ပစ္စယံအဆင့်ဆင့်တွေဟာ မွန်ဗမာ ဗိသုကာလက်ရာတွေပေါ့။ ဘုရားမှာ ရေးထားတဲ့ ဆိုင်းဘုတ်အရ အစက အဲဒီနေရာက ဘုန်းကြီးကျောင်းပါ။ ဘုရင့်နောင် အယုဒ္ဓမြို့ကို အောင်နိုင်ပြီးတဲ့ နောက်မှ အဲဒီ ကွင်းပြင်ကျယ်မှာ ဘုရားတည်တာပါ။

နောက်တခုကတော့ နရဲစွမ်က ဗမာတွေကို တော်လှန် အောင်မြင်ပြီးတဲ့နောက် အယုဒ္ဓမြို့ လွတ်လပ်ရေး ရတဲ့ အထိမ်းအမှတ်၊ ဗမာတွေကို နိုင်ပြီဆိုတဲ့ အထိမ်းအမှတ် အနေနဲ့ ဒီဘုရားကို တည်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မွန်ဗမာ လက်ရာဖြစ်တဲ့ ပစ္စယံကို အောက်ခြေမှာ ခံထားပြီး ထိုင်းဗိသုကာ လက်ရာဖြစ်တဲ့ ၁၂ ထောင့် စေတီတော်ကို အပေါ်မှာ တည်ထားတာပါ။ ဗမာက အောက် ထိုင်းက အပေါ်မှာလို့ ဆိုလိုချင်တာပါ။ အဲဒီလိုမျိုး ရေးထားတာကို Ayutthaya - Guide to art & architecture ဆိုတဲ့ စာအုပ်မှာ တွေ့နိုင်ပါမယ်။

အဲဒီစေတီကို ငရဲမကြောက်တဲ့သူတွေက စေတီတော်ရဲ့ အနောက်ဘက် ရင်ပြင်ကနေ ပစ္စယံကို လှိုဏ်ခေါင်းတူးပြီး ဌာပနာဖောက်ဖို့ ကြိုးစားဖူးပါတယ်။ တာဝန်ရှိသူတွေက အဲဒီပစ္စယံက လှိုဏ်ခေါင်းကို ကွန်ကရစ်တွေနဲ့ ပြန်ထည့်ပြီး အစားထိုး ဖာထေးခဲ့ပေမယ့် စေတီဟာ ပစ္စယံထဲကို ၂ မီတာလောက် ကျွံဝင်သွားခဲ့ပြီး ခပ်စောင်းစောင်းလေး ဖြစ်သွားရရှာပါတယ်။ အဝေးတနေရာကနေ လှမ်းကြည့်မယ်ဆိုရင် ပစ္စယံအထက်က စေတီတော် စောင်းနေတယ်ဆိုတာကို မြင်နိုင်ပါတယ်။

အဲဒါဖြစ်ရပ်ကို သေသေချာချာ မသိခဲ့ရင် ဗမာတွေ တည်ထားတဲ့ ပစ္စယံတွေက တည့်မတ်ပြီး ထိုင်းတွေ တည်တဲ့ အပေါ်ပိုင်း စေတီက စောင်းနေတယ်လို့ ပြောဆိုနိုင်ပါတယ်။ ထိုင်းတွေ ဘုရားကို တည့်မတ်အောင် မတည်နိုင်ဘူး ညံ့တယ်ပေါ့လေ။ အမှန်တော့ လှိုဏ်ခေါင်းတူးခဲ့တာကြောင့် စေတီတခုလုံး စောင်းနေပြီး ပစ္စယံတွေပဲ အတည့်အတိုင်း ကျန်ရှိနေတာပါ ခင်ဗျာ။

Sunday, August 21, 2011

City of water













ဒီတခေါက် ထိုင်းကို အလုပ်ကိစ္စနဲ့ ရောက်ရင်း အယုဒ္ဓယမြို့ကို အလည်တခေါက် ရောက်ခဲ့ပါတယ်။ အယုဒ္ဓယမြို့တော်ဆိုတာကို သီတာမြို့လို့ ခေါ်ကြသတဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမြို့ကို မြစ်သုံးစင်းက ဝန်းရံပတ်ထားတာ ကျွန်းလေး တကျွန်းလို ဖြစ်နေလို့ပါပဲ။ မိုးတွင်းမှာ ဆိုရင် မြစ်သုံးစင်းက ရေတွေ တက်လာလို့ မြို့ပတ်လည်က လယ်ကွင်းတွေမှာ ရေတဖွေးဖွေးဖြစ်နေတတ်တယ်တဲ့။ ရေတွေ အပြည့်နဲ့ လယ်ကွင်းပြင်ကြီးဟာ စစ်ရေးဗျူဟာအရဆိုရင်တော့ အတော်ကို အရေးပါတဲ့ နေရာတွေပါပဲ။ မြို့ပတ်လည်က တံတိုင်းတွေရယ် ရေပတ်လည် ဝိုင်းနေတာတွေဟာ မြို့တော်ကို တိုက်ခိုက်မယ့် ရန်သူတွေရဲ့ ဘေးကနေ ကာကွယ်ပေးနိုင်တာပေါ့။ မိုးတွင်းကာလ မဟုတ်တဲ့အချိန်မှာ ရန်သူတွေ လာတိုက်ရင်တော့ မြို့အပြင်ဘက် ကွင်းပြင်တွေရဲ့ ဝေးဝေးကနေ မိုးရွာတဲ့အချိန်ထိ ရောက်အောင် အချိန်ဆွဲ ခုံခံလေ့ရှိကြတယ်။ မိုးတွေ ရွာပြီဆိုတာနဲ့ ရန်သူတွေ မြို့ကို ကြာကြာ ဝိုင်းမထားနိုင်ပဲ ပြန်ဆုတ် သွားရတယ်တဲ့။

အယုဒ္ဓယမြို့ သက်တမ်းက ၄၁၇ နှစ် ကြာခဲ့ပြီး မင်းဆက် ၃၅ ဆက် အုပ်ချုပ်ခဲ့တယ်။ နရဲစွမ်လို့ နာမည်ကြီးတဲ့ ဘုရင်က ၂၀ ယောက်မြောက် ဘုရင်ပေါ့။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေးမှာ ဘုရင်ကတော့ အာဏာ အရှိဆုံး ပုဂ္ဂိုလ်ပါ။ ရှေးဘဝအဆက်ဆက်မှာ ကုသိုလ် ကောင်းမှူ အစုစုကို ပြုကျင့်ဖြည့်တင်းခဲ့တဲ့သူမျိုးမှ ဘုရင်ဖြစ်တယ်လို့ ယုံကြည်ကြလို့ ဘုရင်ဆိုတာ အတော်ကို ဘုန်းတန်ခိုး ကြီးလှပါတယ်။ မြို့မှ လူတန်းစား ၄ မျိုး ရှိတယ်။ ဘုရင့်ဆွေတော်မျိုးတော်၊ မှုးကြီးမတ်ရာ၊ ကုန်သည်နဲ့ သာမန်ပြည်သူတို့ပါ။ အဲဒီအထဲမှာ သာမန် ပြည်သူက လူဦးရေ အချိုးအစား အများဆုံးပေါ့။ တိုင်းပြည်ရဲ့ အင်အားကလည်း သူတို့အပေါ်မှာပဲ မူတည်ပါတယ်။

အယုဒ္ဓယမြို့နဲ့ ပတ်သက်လာရင် ဆင်တွေကိုလည်း ချန်ထားလို့ မရပါဘူး။ အဲဒီခေတ်မှာ ဆင်တွေက အတော်ကို တန်ဖိုးရှိတဲ့ တိရိစ္ဆာန်ပါ။ ဆင်များများပိုင်တဲ့ ဘုရင်က ပိုပြီးဘုန်းကြီးတယ်လို့ မြင်ကြပါတယ်။ ဆင်ဖြူကိုသာပိုင်ခဲ့ရင် အဲဒီဘုရင်မှာ ဆင်ဖြူရှင် ဆိုပြီး ဂုဏ်တခု အပိုတိုးတာပေါ့။ အဲဒီခေတ်မှာ ဆင်ကို သယ်ယူပို့ဆောင်ရေးမှာ သုံးပါတယ်။ စစ်ပွဲတွေမှာလည်း သုံးပါတယ်။ နောက်တခုကတော့ ပြည်ပပို့ကုန်အဖြစ် ဆင်တွေကို ရောင်းပါတယ်။ အိန္ဒိယနဲ့ ပါရှားဘက်က ဆင်အများဆုံး ဝယ်ပါတယ်။ အဲဒီခေတ်မှာ အနည်းဆုံး ဆင်ကောင်ရေ ၃၀၀ ကနေ ၄၀၀ ကြား နိုင်ငံခြားကို တင်ပို့ ရောင်းချခဲ့ပါတယ်။ ဆင်စွယ်ကိုတော့ တရုတ်ပြည်က အဓိက ဝယ်ပါတယ်။

အယုဒ္ဓယမြို့တော် ကျဆုံးပြီးတဲ့နောက် ထိုင်းမင်းဆက်က ဘန်ကောက်ဘက်ကို ပြောင်းရွှေ့ အခြေချပါတယ်။ ရာမဘုရင် (၁) က အယုဒ္ဓယမြို့က အုတ်တွေ ကျောက်တွေကို ဘန်ကောက်မြို့ တည်ဆောက်ရေးမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒါကြောင့် ဂူဘုရားစေတီတွေ ကျောင်းဆောင်တွေ ပျက်ဆီးခဲ့ပါတယ်။ ရာမဘုရင် (၃) လက်ထက်မှာလည်း အယုဒ္ဓယမြို့က ဂဝံကျောက်တွေကို ဘန်ကောက်မြို့က အဆောက်အဦးတွေမှာ ယူသုံးဖို့ ခွင့်ပြုခဲ့ပြန်ပါတယ်။ နဂို အပျက်တွေကနေ ပျက်သထက် ပျက် ဖြစ်သွားရရှာတယ်။ ရာမဘုရင် (၄) လက်ထက်မှာတော့ အယုဒ္ဓယမြို့က ရှေးဟောင်း ဘုရားပုထိုး အဆောက်အဦးတွေကို ပြုပြင် ထိန်းသိမ်းဖို့ လုပ်ဆောင်ခဲ့ပါတယ်။ သူ့ ကျေးဇူးကြောင့် အယုဒ္ဓယမြို့က အခုလိုမျိုး ကျန်ရှိနေတာပါ။

ဗမာတွေ စစ်လာတိုက်လို့ အယုဒ္ဓယမြို့ ပျက်ဆီးတယ် ဆိုတာထက် ဘန်ကောက်မြို့ တည်ဆောက်ဖို့ မြို့ဟောင်းက အုတ်တွေ ဂဝံကျောက်တွေ ယူသုံးဖို့ ဘုရင်တွေက ခွင့်ပြုခဲ့လို့ အယုဒ္ဓယမြို့ အခုလို အပျက်အဆီးပုံစံမျိုး ကျန်နေတယ်လို့ မြင်မိပါတယ်လေ။

Sunday, August 14, 2011

To my brother

ညီလေးရေ...

ညီလေးရေ...
လမ်းမမှားအောင် ရွေးကွာ
အချိန်များဟာ နည်းလွန်းတယ် ဘဝမှာ
ညီလေးရေ...
မြစ်တစ်ခုမှာ ရေနှစ်ခါ
ချိုးလို့မရနိုင်တာ မင်းနားလည်ပါ...

ညီလေးရေ...
လောကစာမျက်နှာ
သင်ကြားပါ ကောင်းမှူရှာတဲ့အခါ
ညီလေးရေ...
အမျိုးအကျိုးဆောင်ယူပါ
နှလုံးသားရဲ့ အမှန်တရား စွဲမြဲခိုင်မာ...

စည်းနှစ်ဘက်ရဲ့ကြား မင်းမရပ်နဲ့ကွာ
တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ
လမ်းတစ်ခုသာရွေး အမှား (သို့) အမှန်
ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား...

မင်းသွေးများ အားနည်းနေလား
သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့်
လူသားတစ်ယောက်အဖြစ်နဲ့...

ညီလေးရေ...
လမ်းရွေးပြီးရင် သွားကွာ
အချိန်မရှိပါ
တို့နောက်မှာ သေခြင်းတရား

ညီလေးရေ...
လမ်းဆုံးရင် ရွာတစ်ရွာ
ရောက်ရှိဖို့ယုံပါ စွဲမြဲခိုင်မာ...

စည်းနှစ်ဘက်ရဲ့ကြား မင်းမရပ်နဲ့ကွာ
တွေဝေတတ်သူအလုပ် တို့နဲ့မဆိုင်ပါ
လမ်းတစ်ခုသာရွေး အမှား (သို့) အမှန်
ဒါပဲပေါ့ကွာ ယုံကြည်စိတ်ထား...

မင်းသွေးများ အားနည်းနေလား
သွေးသစ်လဲလိုက်ပေါ့ အမှန်တရား
လောကကောင်းကျိုးထမ်းရွက်မယ့်
လူသားတစ်ယောက်အဖြစ်နဲ့...

ညီလေးရေ...
မင်းအကြောင်းဟာ သမိုင်းမှာ
မှတ်သားစရာ မရှိခဲ့တဲ့ မဟုတ်ပါ
ညီလေးရေ...
အားလုံးဟာ မရေရာ
ဝမ်းနည်းဖို့ မလိုတာ မင်းနားလည်ပါ။


ဒီသီချင်းရဲ့ တေးရေး/ တေးဆိုက ထူးအိမ်သင်ပါ။ ဒီသီချင်းလေးက ကျွန်တော့်ညီရဲ့ မွေးနေ့အတွက် ရည်ရွယ်ပြီး ရေးတင်လိုက်သလို ထူးအိမ်သင်နေ့ အမှတ်တရအနေနဲ့ ရေးတင်တာလည်း ပါပါတယ်။

ညီလေးရေ ဆိုတဲ့ သီချင်းလေးက ကိုငှက်ရဲ့ လူငယ်တွေအပေါ်မှာ ထားရှိတဲ့ စေတနာကို နားလည် သိရှိ ခံစားစေနိုင်ပါတယ်။ တက်သစ်စ လူငယ်တွေကို နားဝင်အောင် ပြောဆို ဆုံးပ ညွှန်ပြရတာ လွယ်မယောင်နဲ့ ခက်ပါတယ်။ အညွှန့်တလူလူနဲ့ မာနတံခွန် ထူစ ပြုနေတဲ့အရွယ်၊ ပြောသမျှကို အလွယ်တကူ နားမထောင်ပဲ အရာရာကို လက်တည့်စမ်း လုပ်ချင်တဲ့ အရွယ်၊ ဂျစ်ကန်ကန် မိုက်ကန်းကန်း ထင်ရာစိုင်းတဲ့ အရွယ်၊ ဒီလို အရွယ်တွေကို နားဝင်အောင် ပြောဆိုဖို့ဆိုတာ တကယ်ကို မလွယ်မှန်း သိကြမှာပါ။ ကိုငှက်ကတော့ သီချင်းလေး ဖန်ဆင်းပြီး လူငယ်တွေ နားဝင်အောင် ပြောဆို ဆုံးမသွားတာ တကယ်ကို လှလွန်းပါတယ်။ ဒီလိုအလှကို မြင်အောင် ကြည့်တတ်စရာတောင် မလိုပါဘူး။ အလွယ်တကူ မြင်နိုင် သိနိုင် ခံစားနိုင်ပါတယ်။

ကိုယ်တတ်စွမ်းတဲ့ အနုပညာမှော်စွမ်းအားနဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့အကျိုး၊ အနာဂတ် တိုင်းပြည်ရဲ့ အကျိုးကို စေတနာအပြည့်နဲ့ ဖြည့်တင်းသွားတဲ့ ကိုငှက်ကို လေးစားရင်း ဒီစာလေးနဲ့ ဂုဏ်ပြုလိုက်ပါတယ်။