ပြောမယ့်သာ ပြောတာ ကျောင်းလည်း ပုံမှန် တက်တာ မဟုတ်တော့ ကျူရှင်မယူပဲ အနားကပ်မှ လွတ်ခဲ့တဲ့ ကျောင်းစာတွေ မိတ္တူကူး သူငယ်ချင်းတွေနဲ့ ဆရာမတွေကို စာရှင်းပေးဖို့ အကူအညီတောင်း အရပ်ကူပါ လူဝိုင်းပါ လုပ်ပြီး စာမေးပွဲအောင်လာတာ ကံကောင်းတယ်ပဲ ပြောရမယ်။
ရူပဗေဒကို ဆရာ(ဒေါက်တာ)ဦးဇော်ဝေက လသာဘက်က သူငယ်ချင်းတယောက်အိမ်မှာ စုပြီး သင်ပေးတယ်။ သင်္ချာကိုတော့ ရန်ကင်းက ဆရာမဒေါ်သင်းသင်းကြူမှာ တက်ခဲ့တယ်။ ကျောင်းကိုသာ မရောက်ပေမယ့် ကျူရှင်ကိုတော့ မပျက်မကွက် တက်ခဲ့တယ်။ ကျောင်းတက်ရတာ ပင်ပန်းသလောက် ကျူရှင်တက်ရတာ ပျော်ဖို့ ကောင်းတယ်။
အထူးသဖြင့် သချာင်္ကျူရှင်က စနေ တနင်္ဂနွေ ညနေပိုင်းတွေ ဆိုတော့
ကျူရှင်ပြီးရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ကြတယ်။ ကျူရှင်ကို
ရောက်လာတဲ့အချိန်က မတူပေမယ့် ကျူရှင်ဆင်းတဲ့အချိန်က တူတော့ မေဂျာပေါင်းစုံက
သူငယ်ချင်းတွေ အဲဒီအချိန်မှာ လူစုံကြတယ်။ ပထမနှစ်ကတည်းက အတူတူ
ကျူရှင်တက်လာခဲ့တဲ့သူတွေ ဆိုတော့ မေဂျာတူ သူငယ်ချင်းတွေထက် ကိုယ်တွေက
ကျူရှင်က သူငယ်ချင်းတွေနဲ့ ပိုရင်းနှီးကြတယ်။
ကျူရှင်ဆင်းပြီးရင် ညမိုးချုပ်နေပေမယ့် အိမ်တန်းမပြန်ကြဘူး။ ဗိုက်ဆာလို့ အဆာပြေ ပဲပလာတာ စားကြတယ်။ လက်ဖက်ရည် သောက်ကြတယ်။ တချို့က ကော်ဖီမစ် သောက်တယ်။ ဆေးလိပ်သောက် ကွမ်းစားတဲ့သူလည်း ရှိကြတယ်။
ပုံမှန်အားဖြင့် လက်ဖက်ရည်ဆိုင် သွားထိုင်ရင် စဝက်၊ သားငယ်၊ ဘရိတ်ဓါး၊ စည်သာ၊ အဘိုးကြီး၊ ညီဝင်း၊ ရဲကြီး၊ ဗံဒါသီးနဲ့ ရန်ကင်းသား သန့်ဇင်တို့က အမြဲလိုလို ပါကြတယ်။ မိန်းခလေးထဲမှာ ရန်ကင်းသူ နန်းငယ်က တခါတလေ လက်ဖက်ရည်ဆိုင် လိုက်ထိုင်တယ်။
ကျောင်းမှာ မေဂျာမတူလို့ တပတ်လုံး မတွေ့ခဲ့သမျှကို အတိုးချပြီး စကားတွေ ပြောကြတယ်။ ဟာသတွေ ပြောကြတယ်။ တယောက်နဲ့ တယောက် အတည်ပေါက်နဲ့ ချောက်တွန်းကြတယ်။ လက်ဖက်ရည်ဆိုင်မှာ နာရီဝက် ၁ နာရီလောက် ထိုင်ပြီးရင် အိမ်ပြန်ကြတယ်။ ဘတ်စ်ကား စီးတဲ့သူက စီး... စက်ဘီးနင်းတဲ့သူက နင်း... လမ်းလျှောက်ပြန်တဲ့သူက ပြန်ပေါ့။
စဝက်၊ အဘိုးကြီး၊ သန့်ဇင်နဲ့ နန်းငယ်က အခု စင်္ကာပူမှာ အလုပ်တွေ လုပ်ပြီး နေကြတယ်။ ကျန်တဲ့သူတွေက ရန်ကုန်မှာပဲ။ ဘရိတ်ဓါးကတော့ ဂီတာဆရာကြီး ဟဲဗီးမတ်တယ် ဖြစ်နေပြီ။
ဘာရယ်တော့ မဟုတ်ပါဘူး... အဲဒီအချိန်တွေကို ပြန်တွေးမိပြီး YTU က သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ကျူရှင်တက်ခဲ့ရတာကို သတိရလို့ ဘဝရဲ့ အမှတ်တရတခုအနေနဲ့ ရေးလိုက်တာပါ။