ဂီတအနုပညာဆိုတာ
ကိုယ်နဲ့ တကယ့်တကယ်ကို အဝေးကြီးပါ။ သီချင်းလည်း မဆိုတတ်သလို
ဘာတူရိယာမှလည်း မတီးတတ်ဘူး။ ဘယ်သီချင်းမှလည်း အစအဆုံး လုံးစေ့ပတ်စေ့
အလွတ်မရဘူး။ ဒါပေမယ့် သီချင်းတွေနဲ့ ရင်းနှီးတယ်လို့ ပြောချင်တယ်။
သို့ပေမယ့် အဲဒီရင်းနှီးတဲ့ သီချင်းတွေက ကိုယ်တွေခေတ်က အဆိုတော်တွေရဲ့
သီချင်း မဟုတ်သလို အခုခေတ် အဆိုတော်တွေရဲ့ သီချင်းတွေလည်း မဟုတ်ဘူး။
ကိုယ့်အဖေအမေ ဦးလေးအဒေါ်တွေ ခေတ်က သီချင်းတွေနဲ့ ရင်းနှီးနေတာ။
ငယ်ငယ်တုန်းက ကျောင်းမတက်မီအရွယ်မှာ အဖေဘက်က အဖွားအိမ်မှာ အနေများတယ်။ အဲဒီအိမ်မှာက ဦးလေးက မနက်မိုးလင်းတာနဲ့ ကက်ဆက် ဖွင့်တယ်။ အဆိုတော် ခင်ဝမ်းရဲ့ ဧရာဝတီ.... ဧရာဝတီ ဆိုတာကို မနက်တိုင်း ကြားရတယ်။ ဆော်လမွန်ငါးတို့အပြန်လည်း ကြားရတယ်။ ပြည်မှာဆောင်း၊ နဒီမင်္ဂလာတို့ ဆက်တိုက် လာလိမ့်မယ်။ ခင်ဝမ်း ဖွင့်လို့ပြီးသွားရင် စိုင်းထီးဆိုင် အလှည့်ပဲ။ မောင့်လပြည့်ဝန်းက မပါမဖြစ်ပဲ။ ခွဲစိတ်ခန်းက ဆရာမလေးကိုလည်း သတိရမိတယ်။ တခါတလေ လွှမ်းမိုးသီချင်းတွေ ဖွင့်တယ်။ မိုးစက်တင်လေနဲ့ ရင်တွင်းမေကို ငယ်ငယ်ကတည်းက နားယဉ်နေခဲ့တယ်။
ကျောင်းတက်တဲ့အရွယ်မှာ အမေဘက်က အဖွားအိမ်မှာ နေဖြစ်တယ်။ အဲဒီမှာက လက်ဖက်ရည်ဆိုင် ဖွင့်ထားတော့ ကက်ဆက်က တနေကုန်နီးပါး ဖွင့်ထားရတယ်။ ဆိုင်ကလည်း အဲဒီခေတ် အဲဒီအချိန်မှာ အတော်လေးကို ရောင်းကောင်းတဲ့ လက်ဖက်ရည်ဆိုင်ပဲ။ လက်ဖက်ရည်ဆိုင်မှာ ခင်မောင်တိုး၊ ခိုင်ထူး၊ ခင်မောင်ထူး၊ စိုးလွင်လွင်၊ တူးတူး၊ ဂျေမောင်မောင်၊ ဂျေညီညီ၊ အောင်ရင်၊ ထူးအိမ်သင်တို့ရဲ့ သီချင်းတွေကို ဖွင့်တာ များတယ်။ မေဆွိ ကော်နီ ဟေမာနေဝင်း သီချင်းတွေလည်း ဖွင့်တယ်။
ငယ်ငယ်ကတည်းက ခိုင်ထူးရဲ့ ရွှေလည်တိုင် သီချင်းကို အလွန်သဘောကျမိတာ အခု အရွယ်ထိ အဲဒီသီချင်းက အကြိုက်ဆုံး သီချင်းအဖြစ် နေရာယူထားတယ်။ သံစဉ်လေးက ချိုမြသလို စာသားတွေကလည်း နူးညံ့တယ်။ ခတ္တာ၊ တေးမြုံငှက်၊ နေရာဟောင်းနဲ့ စစ်ကိုင်းလမ်းကိုလည်း ကြိုက်မိတယ်။ အဲဒီအရွယ်မှာ သီချင်းရဲ့ အဓိပ္ပါယ်တွေကို သိလို့ နားလည်လို့ ကြိုက်တာ မဟုတ်ဘူး။ နားထောင်ရတာ ကောင်းလို့ သဘောကျ ကြိုက်မိတာ။ ခိုင်ထူးရဲ့ ဆို နဲ့ တို့လာတယ် သီချင်းကို ငယ်ငယ်တုန်းကတော့ အတော် နားငြီးမိတယ်။ အရမ်းအော်လွန်းတယ်လို့ ခံစားရလို့။
ခင်မောင်တိုးရဲ့ ပန်းချစ်သူ၊ တူးတူးရဲ့ မိဆိုး၊ ကေသရီနဲ့ သူ၊ ခင်မောင်ထူးရဲ့ ရွှေမန်းသူ၊ အချစ်အယူခံနဲ့ မောင့်ဆေးကျောင်းသူ၊ ဂျေမောင်မောင်ရဲ့ အလွမ်းကဖေး၊ ဂျေညီညီရဲ့ ဒီမိုး သီချင်းတွေကလည်း နားထဲရောက် ခေါင်းထဲမှာ စွဲထင်မှတ်မိနေတဲ့ သီချင်းတွေပဲ။
ထူးအိမ်သင်ရဲ့ အမေ့အိမ်သီချင်း နားထောင်မိတိုင်း ရထားကြီး ခုတ်မောင်းလာတာကို အရင်ခံစားမိသလို ဘာဂျာသံလေးကိုလည်း သဘောကျတယ်။ အဓိပတိလမ်းက ခြေရာများနဲ့ ဂျက်ဆင်ထိပ်က လရိပ်ပြာ နားထောင်မိတိုင်း တက္ကသိုလ်ဆိုတာကြီးကို တက်ချင်မိတယ်။ ဒါပေမယ့် ကိုယ်တွေခေတ်မှာ အဲဒီဆန္ဒက မပြည့်ခဲ့ပါဘူး။ ချစ်တိုင်းလည်း မညား ဆိုတာကို ငယ်ငယ်ကတည်းက သိခဲ့တယ်။
စိုးလွင်လွင်ရဲ့ စိုးစိတ်တိုးတိတ်လွမ်းချိန်၊ ငယ်သူမို့နဲ့ မောင့်မျက်ရည်ဝိုင်း သီချင်းတွေကို တခါတလေ နှုတ်ဖျားမှာ ဆိုညည်းမိရင် အိမ်သူသက်ထားက တချက်ချက် လှမ်းလှမ်းကြည့်တတ်တယ်။ ငယ်ရည်းစားတွေကိုများ မသိစိတ်က လွမ်းနေသလားပေါ့။
ပြောချင်တာက အဲဒီခေတ်က အဆိုတော်ကြီးတွေရဲ့ သီချင်းတွေဟာ ကိုယ့်အတွက်တော့ ကောင်းလွန်းမက ကောင်းလွန်းပါတယ်။ ကိုယ်တွေရဲ့ ခေတ်မှာလည်း အဆိုတော်တွေ အများကြီး ထွက်လာပေမယ့် ကိုယ့်နားထဲမှာ နှလုံးသားထဲမှာ ကိုယ့်ရှေ့တခေတ်က အဆိုတော်တွေရဲ့ သီချင်းတွေကပဲ လွှမ်းမိုးချုပ်ကိုင် နေရာယူ ကြီးစိုးထားတယ်။ သူတို့သီချင်းတွေပဲ နှစ်ခြိုက်နေမိတယ်။
သေသွားမှ တန်ဖိုးထားတာမျိုး မဟုတ်ပါဘူး။ ဖွင့်ပြောဖို့ အကြောင်း မတိုက်ဆိုင်လို့ မပြောဖြစ်ခဲ့တာမျိုးပါ။ သူတို့ရဲ့ သီချင်းတွေကို တန်ဖိုးလည်း ထားတယ်။ မြတ်နိုးမှုလည်း ရှိတယ်။ လေးစားချစ်ခင်မှုလည်း ပါတယ်။ အဲဒီလိုပဲ နှမြောတမ်းတမှုလည်း အပြည့်ပဲ။ ဒါကို ဘယ်အချိန် မေးမေး ဒီအဖြေပဲ ထွက်တယ်။