ကိုယ်တွေက အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းကို ၈ တန်းပြီးမှ ပြောင်းရတာ ဆိုတော့ အထက်တန်းကျောင်းကို သံယောဇဉ် မရှိတာ အမှန်ပဲလို့ ဝန်ခံပါတယ်။ ၈ တန်းအထိ တက်ခဲ့ရတဲ့ ကျောင်းက သူငယ်ချင်းတွေနဲ့ပဲ ပိုရင်းနှီးတယ်။ အလယ်တန်းကျောင်းကနေ အထက်တန်းကျောင်းကို ၈ တန်း အောင်ပြီးလို့ ပြောင်းရတဲ့အခါမှာလည်း အလယ်တန်းကျောင်းက သူငယ်ချင်းတွေအကုန် တကွဲတပြားစီ ဖြစ်ကုန်တယ်။ မြို့နယ်ထဲမှာ ရှိတဲ့ အထက်တန်းကျောင်းတွေကို ခွဲတန်းချပြီး ပို့ရတာကိုး။ တကျောင်းထဲက အကုန်လုံး လက်မခံထားနိုင်ဘူးလေ။
အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ထုံးစံအတိုင်း လူဟောင်းလူသစ် ခွဲခြားတာတွေ ရှိပြန်တယ်။ ဒီကောင်တွေက အလယ်တန်းကျောင်းက လာတဲ့ကောင်တွေဆိုပြီး အထက်တန်းကျောင်းရဲ့ ငယ်မွေးခြံပေါက် တချို့သောသူတွေက အဖက်မလုပ်ကြဘူး။ အားလုံးတော့ မဆိုလိုပါဘူး။ ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့ တချို့တလေတော့ ရှိကြပါသေးတယ်။ အခုခေတ်စကားနဲ့ ပြောရရင်တော့ အတော်ချေတဲ့ အတန်းဖော် မိန်းကလေးတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်။ ကျောင်းသာ ပြီးသွားတယ် စကား အခွန်း ၂၀ တောင် မပြောဖြစ်လိုက်တဲ့သူတွေ ရှိခဲ့ဖူးတယ်။ ကိုယ်က သွားပြောလည်း ဟိုက မေးထူးခေါ်ပြောတောင် ပြန်မပြောတော့ ကိုယ်က ဘာဆက်ပြောရမှန်း မသိဘူးလေ။
နောက်တခုက ကိုယ်တွေရဲ့ အလယ်တန်းကျောင်းက ဆင်းရဲတယ်လို့ ပြောလို့ရမယ်။ ကျောင်းသားမိဘတွေလည်း လက်လုပ်လက်စားနဲ့ ဝန်ထမ်းတွေပဲ များတယ်။ နာမည်ကြီးတဲ့ အထက်တန်းကျောင်းမှာတော့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေ... အရာရှိကြီးတွေရဲ့ သားသမီးတွေ တက်ကြတယ်။ အဲဒီလို နာမည်ကြီးပြီး လူကြိုက်များတဲ့ အထက်တန်းကျောင်းကို ရောက်သွားတဲ့ အလယ်တန်းကျောင်းက ကျောင်းသားတွေရဲ့ ဘဝဟာ နတ်ပြည်ကို ဇိကုတ်တင်ပေးတာလား အချွန်နဲ့ အ မ ခံရတာလား သိပ်မသဲကွဲတော့ဘူး။ ကားတွေ တဝီဝီနဲ့ ကျောင်းလာတက်တဲ့ ရွယ်တူတွေကြားမှာ ကိုယ်တွေကတော့ အိမ်ကနေ ကျောင်းကို ခြေလျှင်လာကြတယ်။ မုန့်ဖိုးတွေ သုံးမကုန်အောင် ရတဲ့သူတွေကြားမှာ အိမ်ကနေ ထမင်းဗူးထည့်လာတဲ့ ကိုယ်အပါအဝင် သူငယ်ချင်းတွေ ရှိကြတယ်။ ပြောချင်တာက အခြေခံဘဝတွေ မတူကြဘူး ဆိုတာပါပဲ။
အဲဒီအဘက်ဘက်က ဖိအားတွေကို အလယ်တန်းကျောင်းသားတွေ ခံရတယ်။ အဲဒါကို ကိုယ့်သူငယ်ချင်းတွေ အဲဒီအရွယ်မှာ မသိတာ မမြင်တာ ဖြစ်ချင်ဖြစ်မယ်။ အခုအချိန် ပြန်စဉ်းစားကြည့်ရင် အဲဒီလိုဖိအားတွေကို ကိုယ်တွေ အလူးအလိမ့် ခံခဲ့ရတာကို မြင်လာလိမ့်မယ်။ ဖိအားတွေကြောင့် ကျောင်းစာဘက်မှာ အားနည်းသွားတဲ့ သူငယ်ချင်းတွေ ရှိခဲ့တယ်။ ပညာရေး လမ်းပေါ်ရောက်နေပေမယ့် လမ်းပျောက်နေတဲ့ သူငယ်ချင်းတွေ ရှိခဲ့တယ်။ လမ်းတဝက်နဲ့ ပညာရေးကို ဆုံးခန်းရပ်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့တယ်။
အထက်တန်းကျောင်းက ဆရာဆရာမတွေမှာတော့ ကောင်းတဲ့သူ ရှိသလို မကောင်းတဲ့သူလည်း ရှိပါတယ်။ ကျူရှင်မှ ကျူရှင်ဖြစ်နေတဲ့ အတန်းပိုင်တွေ ဘာသာရပ်ဆရာမတွေ ရှိသလို ကျောသားရင်သား မခွဲခြားပဲ သင်ပြပေးတဲ့ ဆရာမတွေလည်း ရှိပါတယ်။ ဒါကြောင့် ဆရာဆရာမတွေနဲ့ ပတ်သက်ပြီး အထွေအထူး ခွဲခြားခံရတာမျိုး မရှိဘူး။ ၁၀ တန်းမှာက သိတဲ့အတိုင်းပဲ အချိန်ပြည့် ကျောင်းတက်ကြတာမှ မဟုတ်တာ။ အပြင်ကျူရှင်တွေနဲ့ပဲ နပန်းလုံးနေရတာလေ။
ဒီလိုအတွေ့အကြုံတွေကြောင့် ဆယ်တန်းသာ အောင်သွားတယ် ကိုယ်နေခဲ့ရတဲ့ အထက်တန်းကျောင်းကို ခြေဦးတောင် မလှည့်ဖြစ်ဘူး။ ဆုပေးပွဲလည်း မတက်ခဲ့ဘူး။ ကြက်ခြေနီက လုပ်တဲ့သင်တန်းတွေ ရှိလို့သာ တာဝန်အရ သွားလာခဲ့ရတာ ရှိပေမယ့် ကျန်တဲ့အချိန် ကျန်တဲ့ပွဲတွေ ကိုယ်မရောက်ခဲ့ဘူး။ ကိုယ်နေခဲ့ရတဲ့ ဆိုတာ စာသားကို သတိပြုမိတယ် ထင်တယ်။ ကိုယ်နေချင်တဲ့ ကျောင်း မဟုတ်ခဲ့ဘူး ဆိုတာ အဓိကထား ပြောချင်တာပါ။
ဒါဟာ ကိုယ်တွေလို အလယ်တန်းကျောင်းကနေ ကျောင်းပြောင်းလာရတဲ့ သူတွေအတွက်တော့ ခါးသီးတဲ့ အမှန်တရားတခုပါပဲ။ အထက်တန်းကျောင်းကို ပြန်မရောက်ပေမယ့် ကိုယ်နေခဲ့တဲ့... ကိုယ်ချစ်ရတဲ့ ဆရာဆရာမတွေ ရှိတဲ့... အလယ်တန်းကျောင်းကိုတော့ မကြာခဏ ရောက်ခဲ့တယ် ဆိုတာကိုတော့ ဝန်ခံပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment