.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, November 14, 2017

Manage your expectations

မပြောချင်ပေမယ့် ပြောရဦးမယ်။ မျှော်လင့်ချက်တွေ အများကြီးထားပြီး ဖြစ်မလာခဲ့ရင် ခံစားရမယ်မှန်း သိလို့ပါ။ ဒါပေမယ့် ဘာကိုပဲ မျှော်လင့်သင့်သလဲ... ဘာကိုပဲ မျှော်လင့်ရမယ်ဆိုတာ သိဖို့ လိုတယ် ထင်လို့ ပြောပါဦးမယ်။
 
ကျောင်းတုန်းက ဆရာတယောက် ပြောဖူးတယ်။ ပဲပင်ပေါက်အစေ့က ပဲပင်ပေါက်ပဲ ထွက်လာမယ်။ ကျွန်းပင်ကြီး ထွက်မလာဘူး။ အဲဒီလိုပဲ လက်ရှိအစိုးရရဲ့ အဓိက ဦးတည်ချက်က ဘာလဲ... ဘာကို အဓိကထားနေလဲ မသိပဲ တခြားဟာတွေ မျှော်လင့်နေရင် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ ဖြစ်နိုင်တယ်။ 
 
၂၀၁၅ ရွေးကောက်ပွဲမှာ လက်သန်းလေးတွေ မှင်စွန်းခံပြီး NLD ပါတီကို မဲတွေ ပုံအောထည့်ခဲ့တယ်။ အပြောင်းအလဲကို ရင်ခုန်ခဲ့ကြတယ်။ စစ်အစိုးရလို့ ခေါ်ခဲ့ကြတဲ့ အစိုးရ ပြုတ်သွားပြီး NLD ပါတီ ဦးဆောင်တဲ့ အစိုးရအသစ် တက်လာခဲ့တယ်။
 
NLD ရဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ အချက် ၄ ချက်ကို ခေါင်းစဉ်ကြီးအနေနဲ့ အဓိက အသားပေးထားတယ်။
၁။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး
၂။ တိုင်းရင်းသားပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ အတူလက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ပေါ်ထွန်းရေး
၃။ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးနိုင်မည့် အုပ်ချုပ်မှုစနစ်တရပ် ပေါ်ပေါက်လာရေး
၎။ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေး
အဲဒါကို ဖတ်မိရင် အခုလက်ရှိ NLD အစိုးရဟာ ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို အဓိက ဦးတည်ထားတာကို တွေ့မြင်နိုင်တယ်။ အဲဒီဟာတွေ ပြီးမှ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာကို ပြောထားတယ်။
 
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရအဖွဲ့ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီအတွက် အပြောင်းအလဲတခုကို အမြစ်တွယ်စေချင်တယ်။ သိကြတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ အသက်ကြီးနေပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ဆိုတဲ့ အချိန်မှာသာ သူဟာ အစိုးရဖွဲ့ဖို့ အာဏာရခဲ့ရင် NLD အစိုးရရဲ့ ဦးတည်ချက်တွေဟာ တခြားဟာတွေ ဖြစ်နိုင်ပါတယ်။ အခုချိန်မှာတော့ သူ့အနေနဲ့ ဒီမိုကရေစီ အုတ်မြစ် အခြေခိုင်ဖို့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိက ကြိုးစားနေတယ်လို့ မြင်မိတယ်။
 
ပြည်တွင်းငြိမ်းချမ်းရေး မရှိသရွေ့... တရားဥပဒေ စိုးမိုးမှု မရှိသရွေ့... ကြီးနိုင်ငယ်ညှင်းစနစ်ကြီး ရှိနေဦးမှာပါ။ အာဏာရှိတဲ့သူတွေကို ကြောက်ရတဲ့ခေတ် ဦးစားပေးရတဲ့ခေတ်... ငွေရှိသူတွေကို ကြောက်ရတဲ့ခေတ် ဦးစားပေးရတဲ့ခေတ်... ကတုံးပေါ် ထိပ်ကွက်နိုင်တဲ့ စနစ်တွေကို အမြစ်ကနေ လှန်ဖို့ NLD အစိုးရဟာ ကြိုးစားနေကြတယ်။ နှစ်ပေါင်းများစွာ အကျင့်ပျက် ခြစားလာတဲ့ စနစ်ကြီးကို ပြင်ဆင်ဖို့ ဆိုတာ ပြောရတာ လွယ်ပေမယ့် လုပ်ရတာ ခက်ပါတယ်။ အချိန်တွေ လိုတယ်။
 
အစိုးရဟောင်းတွေတုန်းကလို အစိုးရလူကြီးနဲ့ပေါင်းပြီးလုပ်တဲ့ ဂွင်တွေ လမ်းကြောင်းတွေ မရှိတော့ဘူး။ အဘနဲ့ ကပ်ပေါင်းလို့လည်း မရတော့ဘူး။ လက်ရှိဝန်ကြီးတွေကလည်း စီးပွါးရေးသမားကြီးတွေကို အကပ်မခံဘူး။ အတွေ့မခံကြဘူး။ အဲဒီဟာရဲ့ ဆိုးကျိုးကတော့ စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေဟာ မလှုပ် မရှုပ် မပြုတ် နည်းလမ်းကို သုံးလာကြတယ်။ အလုပ်အသစ်တွေ စီးပွါးရေးအသစ်တွေ အကောင်အထည် မဖော်ကြဘူး။ အခန့်မသင့်ရင် တခုခုမှားသွားရင် ခြစားမှုတိုက်ဖျက်တဲ့ ဥပဒေနဲ့ ထောင်ကျနိုင်တယ်။ ဒီတော့ ရှိတာလေးတွေနဲ့ပဲ လည်ပတ်နေကြတယ်။ အဲဒီတော့ တိုင်းပြည်စီးပွါးရေး တိုးတက်မှု နှောင့်နှေးသွားတယ်။
 
နောက်တခုက အစိုးရအသစ်ဆိုပေမယ့် အစိုးရဝန်ထမ်းတွေဟာ အရင်လူတွေပါပဲ ဆိုတာ သတိချပ်သင့်တယ်။ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်ကို အားမရကြဘူး။ ဟုတ်တယ် သူဟာ စာရေးကောင်းပေမယ့် အုပ်ချုပ်ရေးပိုင်းမှာ အလုပ် မလုပ်နိုင်ဘူး။ သူဟာ ပြန်ကြားရေးအတွင်းဝန်ကို မကျော်နိုင်ဘူး ဖြစ်နေတယ်။ ဟိုက ပြောသမျှနဲ့ သူ တိုင်ပတ်နေတယ်။ ပြောချင်တာက အတွင်းမှာ လှိုက်စားနေတဲ့အရာတွေကို မကုသနိုင်သေးဘူး။ ဝန်ထမ်းထဲမှာ တိုင်းပြည်အပြောင်းအလဲအတွက် ကောင်းတဲ့သူတွေ ရှိသလို ဆိုးတဲ့သူတွေ အကျင့်ယုတ်တဲ့ သူတွေ ရှိနေသေးတယ်။ အခွင့်ထူးခံဘဝကို ပြန်လည် တမ်းတနေတဲ့သူတွေ ရှိတယ်။ အဲဒီတော့ ပြုပြင်ပြောင်းလဲရေးတွေမှာ ထင်တိုင်း ခရီးမပေါက်တော့ဘူး။ 
 
EU ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရေးအတွက် သင်တန်းတွေ လာပေးတယ်။ အဲဒီလို သင်တန်းတွေ စနစ်တကျပေးပြီးနောက် သင်တန်းဆရာတွေကို မိတ်ဆွေတယောက်က မေးကြည့်ဖူးတယ်။ ဥရောပက ရဲတွေလိုမျိုး ဖြစ်လာဖို့ မြန်မာပြည်က ရဲတွေ အချိန်ဘယ်လောက် လိုမလဲ ဆိုတော့ အခုလို စနစ်တကျ ဆက်သွားနေရင် နှစ် ၅၀ လို့ ဖြေသွားတယ်။ ဆိုလိုချင်တာက ခေါက်ရိုးကျိုးနေတဲ့ အမူအကျင့်တွေကို ပြင်ဖို့ အတော်ခက်တယ်။ 
 
နိဂုံးချုပ်အနေနဲ့ ပြောချင်တာက အခုလက်ရှိ အစိုးရကို ကိုယ်တွေ စုပုံပြီး မဲပေးခဲ့တာဟာ အရင်အစိုးရ (စစ်အစိုးရ) ပြုတ်ကျသွားဖို့အတွက် အဓိက ရည်ရွယ်ခဲ့တယ်။ တိုင်းပြည်တိုးတက်ဖို့ ပညာရေး ကျန်းမာရေး စီးပွါးရေးတွေ ကောင်းလာဖို့ကတော့ အခုလက်ရှိ NLD အစိုးရရဲ့ နောက် အစိုးရသက်တမ်း ၅နှစ် မှာတောင် မျှော်လင့်လို့ မရသေးဘူး။ သေချာတာက ကိုယ့်လက်ထက်မှာ အဲဒီအသီးအပွင့်တွေ မခံစားရဘူး။ သားသမီးတွေ လက်ထက်မှာတောင် ခပ်ရေးရေးပဲ မြင်ရဦးမယ်။ အဲဒီတော့ အဲဒီလောက်ထိ မစောင့်နိုင်ဘူး... သည်းမခံနိုင်ဘူး ဆိုရင်တော့ ကောင်းရာမွန်ရာ တိုင်းပြည်တွေကို အပြီးပြောင်းဖို့ပဲ စဉ်းစားကြပါလို့ ပြောချင်ပါတယ်။

No comments: