အဲဒီတုန်းက ရပ်ကွက်ထဲမှာ ကိုယ်တွေက ဂိမ်းဆိုင်လေး ဖွင့်ထားတယ်။ ကိုယ့်ဆိုင်ရှေ့တည့်တည့်မှာက လက်ဖက်ရည်ဆိုင် ရှိတယ်။ ကိုယ့်ဆိုင်မှာ ဆော့နေကျ လူတွေကလည်း နှစ်နဲ့ချီအတူ ဆော့လာတော့ လူညီသလား မမေးနဲ့။ ဂိမ်းဆော့ရင်လည်း အတူတူ... မီးပျက်သွားတဲ့အချိန် မီးစက်ခဏ အနားပေးတဲ့အချိန် လက်ဖက်ရည်ဆိုင် ထိုင်ရင်လည်း အတူတူ။ ညလုံးပေါက် ဂိမ်းဆော့ပြီး ဗိုက်ဆာလို့ မိုးအလင်းပေါက်ရောင်းတဲ့ ထမင်းကြော်ဆိုင် သွားရင်လည်း အတူတူပဲ။
တခါတလေမှာ ကလေးတွေ ဆော့နေတဲ့အတွက် စက်မအားသေးလို့ လက်ဖက်ရည်ဆိုင်မှာလည်း
လက်ဖက်ရည် သောက်ရင်း စက်အားတဲ့အထိ စောင့်ကြတယ်။ ဆိုလိုချင်တာက
ဂိမ်းဆိုင်ထဲမှာ လူရှိသလို ဆိုင်ရှေ့က လက်ဖက်ရည်ဆိုင်ထဲမှာလည်း ကိုယ့်လူတွေ
ရှိနေကြတယ်။
တညမှာတော့ လူငယ်ပိုင်းထဲက တယောက်က မူးပြီး ဆိုင်ရှေ့ကနေ ကိုယ်တွေကို ဆဲတယ်။ ရမ်းတယ်။ ကိုယ့်ဆိုင်ထဲက လူတွေရော... လက်ဖက်ရည်ဆိုင်ကနေ ထလာတဲ့ ကိုယ့်လူတွေရော... ညီလေး မလုပ်နဲ့ မလုပ်နဲ့ဆိုပြီး အနောက်ကနေ ဆွဲတဲ့သူက ဆွဲ... ဘေးကနေ ဆွဲတဲ့သူက ဆွဲ။ မဖြစ်သင့်တာတွေ မဖြစ်ရအောင် ကတ္တရာလမ်းပေါ်မှာ ခေါင်းဖိပြီး မူးပြီးရမ်းနေတဲ့လူအပေါ်က ထိုင်တဲ့သူက ထိုင်။ မသိမသာလေး ဆွမ်းကြီးလောင်းလိုက်တာ ဆဲနေတဲ့လူလည်း အမူးပြေသွားလေရဲ့။ အဲဒါလည်းပြီးရော ရပ်ကွက်ရုံးက မီးသတ်တွေနဲ့ ရဲကင်းက ရဲတွေရော စခန်းက ရဲတွေရော ရောက်လာပြီး ရဲစခန်းကို ရဲကားနဲ့ပဲ ပင့်သွားလေရဲ့။ သူ့မိဘတွေက လာပြီးအမှုမဖွင့်ဖို့ တောင်းပန်တာနဲ့ ညတွင်းချင်းပဲ အိမ်ပြန်ခွင့် ရလိုက်ပါတယ်။
ကိုယ့်လူတွေရဲ့ မသိမသာ ဆွမ်းကြီးလောင်းချက်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရတဲ့ ညပေါ့ကွယ်။ အဲဒီတယောက်လည်း ကိုယ်တွေ အားလုံးကို ဘယ်တော့မှ ကွိုင်မရှာတော့ဘူး။ တခါသေဖူးတော့ ပျဉ်ဖိုး နားလည်သွားရှာတယ်။

No comments:
Post a Comment