.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, November 19, 2017

Understanding our MP

၁။ ကိုယ်တွေရဲ့ ရတနာမြေလို့ တင်စားခေါ်ဝေါ်တဲ့ ရွှေပြည်ကြီးက ပိုင်နက်နယ်မြေ နယ်နမိတ်အရ အတော်ကြီးသလို အစစအရာရာ ခေတ်နောက်ကျခဲ့လို့ နေရာဒေသတိုင်းမှာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ အခြေခံ လိုအပ်ချက်တွေကလည်း အများကြီးပဲ။

၂။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ရွေးကောက်ခံဒေသရဲ့ လူထုကို ကိုယ်စားပြုရတာ ဖြစ်လို့ ဒေသခံအများစုတွေရဲ့ တောင်းဆိုမှု အကူအညီတောင်းမှုကို အခြေခံပြီး လွှတ်တော်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနကို မေးခွန်းတွေ မေးမြန်းရတယ်။

၃။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်တွေမှာ ဥပဒေပြုဖို့ဆိုတာ ပါတယ်။ မလိုအပ်တဲ့ ဥပဒေတွေ ခေတ်မမှီတော့တဲ့ ဥပဒေတွေကို ပြုပြင်ဖို့ ဖျက်သိမ်းဖို့နဲ့ ခေတ်စနစ်ရဲ့ လိုအပ်ချက်ရ အသစ်ပြဌာန်းရမယ့် ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့ လုပ်ရပါတယ်။

၎။ ဘယ်လို ဥပဒေတွေကို ခေတ်မမှီတော့ဘူးလဲ ဆိုတာ လွှတ်တော်ကိုယ်စားလှယ် အယောက်စိတိုင်း သိနိုင်မှာ မဟုတ်ပါဘူး။ ဖြတ်သန်းလာတဲ့ ဘဝနောက်ခံ မတူညီရင် မတူညီသလို အမြင်တွေ အတွေးတွေနဲ့ စွမ်းဆောင်ရည်တွေ မတူညီနိုင်ဘူး။ အဲဒီတော့ ဘယ်ဥပဒေတွေကို ပြုပြင်သင့်တယ်... ဖျက်သိမ်းသင့်တယ် ဆိုတာမျိုး မသိနိုင်တာလည်း ဖြစ်နိုင်တယ်။

၅။ အဲဒါကြောင့် လွှတ်တော်ထဲမှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ဖွဲ့ထားတယ်။ အဲဒီကော်မရှင်က တည်ဆဲဥပဒေများအား လေ့လာဆန်းစစ် သုံးသပ်ပြီး ပြင်ဆင်ရေး၊ ပယ်ဖျက်ရေး၊ အသစ် ပြဌာန်းနိုင်ရေးတွေကို လွှတ်တော် ဥက္ကဌမှတဆင့် လွှတ်တော်ကို တင်ပြရပါတယ်။

၆။ တက်ကြွပြီး ဥပဒေရေးရာတွေကို လေ့လာလိုက်စားတဲ့ လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ဥပဒေတွေ ပြင်ဆင်ရေး အသစ် ရေးဆွဲရေးအတွက် လွှတ်တော်မှာ အဆိုတွေ မေးခွန်းတွေ တင်သွင်းတာမျိုးတွေလည်း ရှိကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အများစုကတော့ မိမိရဲ့မဲဆန္ဒနယ်က ဒေသဆိုင်ရာ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းတာမျိုး အဆိုတင်သွင်းတာမျိုးပဲ ရှိကြပါတယ်။

၇။ ပြည်သူ့လွှတ်တော် Website မှာ တင်ထားတဲ့ အချက်အလက်အရ ပြီးခဲ့တဲ့ ၂၀၁၆ အတွင်းမှာ လွှတ်တော်အနေနဲ့ ဥပဒေပေါင်း ၄၄ ခုကို အတည်ပြု ပြဌာန်းနိုင်ခဲ့ပါတယ်။ အခုနှစ် ၂၀၁၇ သြဂုတ်အထိ ဥပဒေ ၂၆ ခုကို အတည်ပြု ပြဌာန်းနိုင်ခဲ့ပါတယ်။

၈။ လွှတ်တော်ထဲမှာ အထွေအထူး လုပ်စရာ မရှိလို့ ချစ်တီးခေါင်းသန်းရှာ မေးခွန်းတွေ... ကြောင်ရေချိုး အဆိုတွေ တင်သွင်းနေတာလား ဆိုရင်တော့... တခြားလူ အမြင်မှာ ရီစရာ ဖြစ်နိုင်ပေမယ့် သူတို့ဒေသအနေနဲ့ကတော့ နှစ်ပေါင်းများစွာ မျှော်လင့်ထားတဲ့ အရာတွေကို အခုခေတ်အစိုးရမှာ ရတော့မလား လုပ်ပေးတော့မလား ဆိုပြီး လွှတ်တော်ကိုယ်စားလှယ်ကနေ တဆင့် မေးမြန်းတာမျိုးပါ။ မြို့ကြီးတွေမှာ အဆင်သင့် ရှိပြီးသားအရာတွေဟာ တောရွာဇနပုဒ်တွေမှာ အိပ်မက်တောင် မမက်ဖူးတဲ့ အရာတွေပါ။

၉။ တချို့သော အဆိုတွေ မေးခွန်းတွေဟာ နှစ်ပေါင်းများစွာကတည်းက မျှော်လင့် တောင့်တခဲ့တာတွေကို အကောင်အထည် ပေါ်စေချင်ဇောနဲ့ တင်သွင်းတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပုံကို အသစ်ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ အသုံးပြုဖို့ ဗဟိုဘဏ်ကို တိုက်တွန်းတာတွေ ရှိလာတာပါ။ ဗဟိုဘဏ်ဟာ လွတ်လပ်တဲ့ ငွေရေးကြေးရေးဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းဆိုတာကို သတိပြုဖို့လည်း လိုပါတယ်။ တိုင်းပြည်ရဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေကို လွတ်လပ်စွာ ချမှတ်နိုင်တဲ့ အခွင့်အာဏာ ဗဟိုဘဏ်မှာ ရှိပါတယ်။

၁၀။ တခြားအရေးကြီးတာတွေကို အရင် မလုပ်ပဲ ဒီလိုကိစ္စတွေကို ဦးစားမပေးသင့်ကြောင်း ဝေဖန်တဲ့သူတွေ ရှိကြပါတယ်။ တခြားအရေးကြီးတာကိုလည်း လုပ်နေကြတဲ့ လူတွေ ရှိသလို အခုလို အရေးတကြီး လုပ်ဖို့ မလိုသေးတဲ့ အရာတွေကိုလည်း လုပ်နေကြတဲ့ သူတွေလည်း ရှိကြပါတယ်။ သူ့အပိုင်းနဲ့ သူပါပဲ။ အားလုံးက တခုတည်းကို စုပြုံတိုးပြီး လုပ်နေကြတာ မဟုတ်ပါဘူး။

၁၁။ အပြုသဘောအနေနဲ့ ဝေဖန် အကြံပေးတာတွေ၊ ရှုထောင့်အမျိုးမျိုးက အမြင်တွေ ကွဲလွဲကြတာကို ဒီမိုကရေစီရဲ့ အခြေခံသဘောတရားလို့ ယူဆလို့ ရပါတယ်။ ဒါပေမယ့် တခြားတိုင်းပြည်က လွှတ်တော်တွေ အစိုးရတွေနဲ့ နှိုင်းယှဉ်ပြီး လခ ညာယူနေတဲ့ လွှတ်တော်ကြီးတို့ ... သုံးစားမရတဲ့ အစိုးရကြီးလို့တော့ ဖောင်းမထုကြပါနဲ့။ ကိုယ့်အကြောင်းကို ကိုယ်တိုင် သိအောင်...ကိုယ့်တိုင်းပြည်အကြောင်းနဲ့ လက်ရှိအနေအထားကို ပိုပြီး သိရှိနားလည်အောင် ကြိုးစားကြပါလို့ စေတနာထား အထူးတိုက်တွန်းချင်ပါတယ်။

No comments: