.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, January 30, 2008

Do they test the blood?

သွေးလှူ၇င် ဘာတွေ စစ်ပေးတာလဲ ပြောပြပါလား.. စီ ပိုးတွေ ဘာတွေရော စစ်လား မသိဘူး နော်.. ခုနောက်ပိုင်း မြန်မာနိုင်ငံမှာ သွေးသွင်းတာကနေ စီပိုးကူးတာ ခေတ်စားနေသလားလို့ပါ... ဆိုပြီး မေးထားတာလေး တွေ့လို့ ဒီပို့စ်လေးကို တင်လိုက်တာပါ။

သွေးလှူတာက ၂ မျိုးရှိပါတယ်။ သွေးဘဏ်မှာ မိမိသဘောအလျှောက် သွေးလှူတာနဲ့ အရေးပေါ် သွေးလိုအပ်လို့ လူနာရှင်က အကူအညီတောင်းလို့ သွေးလှူတာ ဆိုပြီး ခွဲထားနိုင်ပါတယ်။ မိမိသဘောနဲ့ လှူတဲ့သွေးကိုတော့ အရင်ဦးဆုံး သွေးပေါင်ချိန် ဟေမိုဂလိုဗင် သွေးအမျိုးအစား စတာတွေပဲ စစ်ပါတယ်။ ရောဂါရှိမရှိကို မစစ်ပဲ သွေးတစ်အိတ်စာကို အရင် ထုတ်ယူထားပါတယ်။ ပြီးမှ အဲဒီသွေးထဲက နမူနာကို ဓါတ်ခွဲခန်းပို့ပြီး ရောဂါပိုး ရှိမရှိ စစ်ပါတယ်။ သွေးမှာ ရောဂါပိုးတွေ မရှိဘူးဆိုရင် အအေးခန်းမှာ စနစ်တကျ သိမ်းဆည်းထားပါတယ်။ နောက်မှ လိုအပ်တဲ့ လူနာကို လိုအပ်သလို ထုတ်ပေးပါတယ်။ ရောဂါပိုး ရှိတယ်ဆိုရင်တော့ လုံးဝ မသုံးပဲ လွင့်ပစ်ပါတယ်။ အဲဒီလို လွင့်ပစ်ရတဲ့အတွက် သွေးအိတ်ခတွေ၊ သွေးစစ်ခတွေကို အမျိုးသားသွေးဘဏ်က ကျခံ ဆုံးရှုံးရပါတယ်။ လွင့်ပစ်တဲ့ အပိုင်းကိုတော့ မြန်မာပြည်မှာ ဘယ်လို လုပ်သလဲ မသိပေမယ့် စင်္ကာပူမှာတော့ စနစ်တကျ ဓါတ်ပေါင်းဖို ထဲကိုထည့်ပြီး ဓါတုဗေဒနည်းနဲ့ အချိန်ပေး ဖျက်ဆီးရပါတယ်။ သွေးအိတ်တစ်အိတ်ကို ဖျက်ဆီးရတဲ့ ကုန်ကျစရိတ်က စင်္ကာပူဒေါ်လာ ရာဂဏန်းလောက် ကုန်ကျပါတယ်။ အဲဒါကြောင့် ရောဂါရှိမယ်လို့ သံသယရှိရင် သွေးမလှူခိုင်းကြတာပါ။

အရေးပေါ် သွေးလိုလို့ လူနာရှင်က အကူအညီတောင်းတဲ့အချိန်မှာ သွားရောက်လှူဒါန်းတဲ့ သွေးကို ထပ်ပြီး ၂ မျိုးခွဲနိုင်ပါတယ်။ တစ်ခုက ရှေ့က ပြောသလို သွေးကို အရင်ထုတ်ထားပြီးမှ ရောဂါစစ်တာပါ။ နောက်တစ်မျိုးက လိုအပ်တဲ့ သွေးကို မယူခင်ကတည်းက ရောဂါပိုးရှိမရှိကို သွေးနမူနာ နည်းနည်းလေး ယူပြီး ကြိုတင်စစ်တာပါ။ ရောဂါပိုး စစ်တဲ့နေရာမှာလည်း ဆေးရုံ တစ်ခုနဲ့တစ်ခု ကြာမြင့်ချိန် မတူကြပါဘူး။ အမျိုးသား သွေးဘဏ်မှာဆိုရင် ၄၅ မိနစ်ကနေ ၂ နာရီ ကြား ကြာတတ်ပါတယ်။ အာရှတော်ဝင်ကတော့ မနက်က ယူထားတဲ့သွေးကို တစ်နေ့ကုန် စစ်ပြီး နောက်တစ်နေ့မှ အဖြေ ပြန်ထွက်ပြန်ပါတယ်။ ဘာကြောင့် အဲဒီလောက် အချိန်ယူတာလဲ မေးကြည့်တော့ ၂ ခါပြန်စစ်နေလို့ပါတဲ့။ တခါတလေမှာ လူနာရဲ့ အရေးပေါ် အခြေအနေပေါ် မူတည်ပြီး သွေးအမျိုးအစား မှန်တယ် လူနာရဲ့သွေးနဲ့ တည့်တယ်ဆိုတာနဲ့ သွေးမှာ ရောဂါစစ်မနေတော့ပဲ တိုက်ရိုက် သွင်းရတဲ့ကေ့စ်တွေလည်း ရှိပါတယ်။ လူနာရဲ့အသက်ကို လုနေတဲ့အချိန်မှာ နောင်ခါလာ နောင်ခါဈေး ဆိုပြီး လုပ်ကြရပါတယ်။ အဲဒီအချိန်မှာ သွေးလှူရှင်ရဲ့ နေရာက အလွန်ကို အရေးပါ ပါတယ်။ သူရဲ့ အမူအကျင့်တွေဟာ စိတ်ချရတဲ့ အနေအထားမှာ မရှိရင် လူနာရဲ့ ဘ၀ရှေ့ရေးမှာ ထိခိုက်သွားနိုင်ပါတယ်။ ဒါကြောင့် သွေးလှူရှင်အနေနဲ့ မိမိကိုယ်ကို ပြန်လည်ဆင်ခြင် သုံးသပ်ပြီးမှ သွေးလှူဖို့ကို တိုက်တွန်းချင်ပါတယ်။ အဲဒီလိုပဲ ပုံမှန်သွေးလှူရှင်ဖြစ်ဖို့အတွက် မိမိစိတ်ဆင်ရိုင်းကို လွတ်မပေးပဲ ချွန်းအုပ်သင့်ပါတယ်။ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ဆင်ဆင်ခြင်ခြင် နေထိုင်သင့်ပါတယ်။

အဲဒီလို သွေးစစ် မလား မစစ်ဘူးလားဆိုတာကို လူနာရှင်တွေဘက်က ဆုံးဖြတ်ခွင့်ရှိမယ်လို့လည်း မမြင်မိပါဘူး။ အဲဒီလိုပဲ သွေးလှူရှင်အနေနဲ့လည်း သွေးစစ်ပေးပါလို့ တောင်းဆိုခွင့်မရှိပါဘူး။ လူနာရဲ့ ရောဂါအနေအထားပေါ် မူတည်ပြီး တက်ကျွမ်းနားလည်တဲ့ ဆေးဘက်ပညာရှင်တွေကပဲ ဆုံးဖြတ်ကြမှာပါ။ အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်တဲ့ ဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေရဲ့ လုပ်ငန်းပိုင်ဆိုင်ရာ ကျွမ်းကျင်မှုကလည်း လူနာရဲ့အသက်ကို အဆုံးအဖြတ် ပေးပြန်ပါတယ်။ ဆုံးဖြတ်ချက် မှန်ပေမယ့် နောက်က အကောင်အထည် ဖော်တဲ့အချိန်မှာ နှောင့်နှေးပြီး ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရသလို မူလ ဆုံးဖြတ်ချက်ကိုက မှားနေတဲ့အတွက် အဖတ်ဆယ် မရတာတွေလည်း တွေ့ဖူးပါတယ်။ မမှားသောရှေ့နေ မသေသော ဆေးသမား ဆိုသလိုပေါ့။

စရိတ်မျှပေး ကျန်းမာရေးလို့ ဆိုင်းဘုတ်ကြီးတွေ ပြူးနေအောင် ချိတ်ထားတဲ့ ဆေးရုံကြီးတွေမှာလည်း လူနာရှင်ကပဲ သွေးစစ်ခ သွေးအိတ်ခ ပေးဆောင်ရပါတယ်။ ပြင်ပက ဆေးရုံကြီးတွေမှာလည်း လူနာရှင်ကပဲ ပေးဆောင်ရပါတယ်။ အရမ်းကို နွမ်းပါးတဲ့လူနာတွေအတွက် တခါတလေမှာ သွေးစစ်ခကို ပေးဆောင်ခိုင်းခြင်း မရှိတာကို တွေ့ဖူးပါတယ်။ ဒါပေမယ့် နွမ်းပါးတယ် ဆိုတာရဲ့ နောက်မှ အပြောအဆို ခံရမှုတွေ၊ သိမ်ငယ်မှုတွေ အများကြီးကို တောက်လျှောက် ခံစားရမှာပါ။ အစိုးရ ဆေးရုံကြီးတွေက နိုင်ငံတကာမှ လှူဒါန်းထားတဲ့ အရာတွေကို အသုံးပြုနေပေမယ့် လူနာတွေရဲ့ လိုအပ်ချက်ကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ပါဘူး။ အဲဒါကြောင့် စရိတ်မျှပေးဆိုပြီး သွေးစစ်ခ သွေးအိတ်ခကို ပိုက်ဆံ ပြန်ကောက်ကြတာပါ။ ဒါပေမယ့် ပြင်ပဆေးရုံ အထူးကုဆေးခန်းတွေလောက်တော့ ဈေးမများပါဘူး။ ကျွန်တော် သိသလောက် အဲဒီပြင်ပက ဆေးရုံကြီးတွေမှာ သွေးစစ်ခက မြန်မာငွေ ၃ သောင်းကျော်လောက် ကုန်ကျပါတယ်။ အစိုးရ ဆေးရုံတွေမှာတော့ ကျပ် ၁ သောင်း ပတ်ဝန်းကျင် ပေးရပါတယ်။

နားမလည်နိုင်အောင်ပဲ အလှူအတန်း ရက်ရောပါတယ် စေတနာဖြူစင်ပါတယ် ဆိုတဲ့ ရွှေမြန်မာတွေ သွေးလှူဒါန်းတဲ့ဓလေ့ အရမ်းနည်းနေပါတယ်။ ပညာပေးစည်းရုံးမှု အားနည်းတာကြောင့်လို့ မြင်မိပါတယ်။ အမျိုးသားသွေးဘဏ်မှာ တစ်နေ့လုံးနေမှ သွေးအလုံးရေ ၁၀၀ ကျော်လောက်ပဲ ရပါတယ်။ ဒါပေမယ့် ဆေးရုံတစ်ခုထဲက သွေးလိုအပ်ချက်တင် တစ်နေ့ကို သွေးအလုံး ၂၀၀ ကျော် လိုပါတယ်။ ဆေးရုံမှာ ပုံမှန် သွေးသွင်းကုသနေရတဲ့ သွေးရောဂါရှင်တွေ ရှိသလို ထိခိုက်ဒဏ်ရာကြောင့် အရေးပေါ် သွေးလိုတဲ့ လူနာတွေလည်း ရှိပါတယ်။ ပြီးတော့ ရန်ကုန်မြို့ပေါ်မှာ ဆေးရုံကြီးပေါင်း ၅၀ ကျော်ရှိပါတယ်။ ဒါကြောင့် ဆေးရုံတွေမှာ သွေးလိုအပ်မှုက နေ့စဉ် ရှိနေပါတယ်။ မီဒီယာတွေမှာ တင်ပြမှု မရှိလို့သာ နေ့စဉ် ကြွေလွင့်နေရတဲ့ လူ့အသက်တွေ မသိရတာပါ။ သွေးဆိုတာ လူ့အသက် ကယ်တဲ့နေရာမှာ အစားထိုးလို့ မရသေးတဲ့ အရာတစ်ခုပါ။ အစားထိုးလို့ မရတဲ့သွေး လိုအပ်ချိန်မှာ မရတဲ့အခါ လူ့လောကကို အချိန်မတိုင်ခင် သက်တမ်းစေ့ မနေရခင် နှုတ်ဆက် ထွက်ခွာပေးကြရပါတယ်။

သွေးမှာ ရောဂါပိုး ရှိမရှိ စစ်တဲ့အခါမှာ ဘာတွေ စစ်သလဲဆိုတော့ အေ ဘီ စီ နဲ့ ကာလသားရောဂါပိုးပဲ စစ်ပါတယ်။ အေအိုက်ဒီအက်စ် ဖြစ်စေနိုင်တဲ့ အိတ်ခ်ျအိုင်ဗွီပိုး ရှိမရှိ၊ အသည်း ဘီပိုး စီပိုး ရှိမရှိ စစ်ပါတယ်။ စီ ပိုး ရှိမရှိကို စစ်ရတဲ့အချိန်က အကြာဆုံးပါပဲ။ ဒါကြောင့် အရေးပေါ် သွေးလိုနေတဲ့အချိန်မှာ စီ ပိုး စစ်မစစ်ဆိုတာကို အသေအချာ အာမ မခံနိုင်ပါဘူး။ အာရှတော်ဝင်က အချိန်အကြာကြီးယူတာ စီပိုးကို သေချာ စစ်နေရလို့ပါလို့ ဆင်ခြေပေးဖူးပါတယ်။ သွေးလှူဒါန်းမှု စုစုပေါင်းမှာ စီပိုးစစ်တဲ့နှုန်းက ၆၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အများအားဖြင့်တော့ စီပိုး စစ်လေ့ရှိတဲ့အတွက် စီပိုးကူးစက်နှုန်းက သွေးကတစ်ဆင့် ကူးဆက်မှုကြောင့်လို့ တစ်ထစ်ချ ပြောလို့မရနိုင်ပါဘူး။ အသည်းစီပိုး ကူးဆက်တဲ့ နည်းလမ်းက အိတ်ခ်ျအိုင်ဗွီပိုး လိုပါပဲ။ လိင်ဆက်ဆံမှုကတဆင့် ကူးပါသေးတယ်။ ဆေးထိုးအပ်တွေကနေ ကူးပါတယ်။ အိတ်ခ်ျအိုင်ဗွီ ပိုးရဲ့ ကူးစက်နှုန်းထက် စီပိုးတွေရဲ့ ကူးစက်နှုန်းက ပိုမြင့်တဲ့အတွက် အပျော်အပါး လိုက်စားတဲ့သူတွေ အေမကိုက်လို့ ၀မ်းသာနေချိန်မှာ စီပိုးထိနေပါပြီ။ ဒါကြောင့် မြန်မာပြည်မှာ စီပိုးကူးစက်နှုန်း မြင့်နေရတာ သွေးသွင်းကုသမှု တစ်ခုတည်းက မဖြစ်နိုင်ဘူးလို့ ကျွန်တော် မြင်မိပါတယ်ခင်ဗျာ။

Monday, January 28, 2008

The 12 signs of the Zodiac

CAPRICORN - The Go-Getter
Patient and wise. Practical and rigid. Ambitious. Tends to be good-looking. Humorous and funny. Can be a bit shy and reserved. Often pessimists. Capricorns tend to act before they think and can be unfriendly y at times. Hold grudges. Like competition. Get what they want.

SAGITTARIUS - The Happy-Go-Lucky One
Good-natured optimist. Doesn't want to grow up (Peter Pan Syndrome). Indulges self. Boastful. Likes luxuries and gambling. Social and outgoing. Doesn't like responsibilities. Often fantasizes. Impatient. Fun to be around. Having lots of friends. Flirtatious. Doesn't like rules. Sometimes hypocritical. Dislikes being confined - tight spaces or even tight clothes. Doesn't like being doubted. Beautiful inside and out.

SCORPIO - The Intense One
Very energetic. Intelligent. Can be jealous and/or possessive. Hardworking. Great kisser. Can become obsessive or secretive. Holds grudges. Attractive. Determined. Loves being in long relationships. Talkative. Romantic. Can be self-centered at times. Passionate and Emotional.

LIBRA - The Harmonizer
Nice to everyone they meet. Can't make up their mind. Have own unique appeal. Creative, energetic, and very social. Hates to be alone. Peaceful, generous. Very loving and beautiful. Flirtatious. Give in too easily. Procrastinators. Very gullible.

VIRGO - The Perfectionist
Dominant in relationships. Conservative. Always wants the last word. Argumentative. Worries. Very smart. Dislikes noise and chaos. Eager. Hardworking. Loyal. Beautiful. Easy to talk to. Hard to please. Ha rsh. Practical and very fussy. Often shy. Pessimistic.

LEO - The Boss
Very organized. Need order in their lives - like being in control. Like boundaries. Tend to take over everything. Bossy. Like to help others. Social and outgoing. Extroverted. Generous, warm-hearted. Sensitive. Creative energy. Full of themselves. Loving. Doing the right thing is important to Leos. Attractive.

CANCER - The Protector
Moody, emotional. May be shy. Very loving and caring. Pretty/handsome. Excellent partners for life. Protective. Inventive and imaginative. Cautious. Touchy-feely kind of person. Needs love from others. Easily hurt, but sympathetic.

GEMINI - The Chatterbox
Smart and witty. Outgoing, very chatty. Lively, energetic. Adaptable but needs to express themselves. Argumentative and outspoken. Likes change. Versatile. Busy, sometimes nervous and tense. Gossips. May seem superficial or inconsistent, but is only changeable. Beautiful physically and mentally.

TAURUS - The Enduring One
Charming but aggressive. Can come off as boring, but they are not. Hard workers. Warm-hearted. Strong, has endurance. Solid beings who are stable and secure in their ways. Not looking for shortcuts. Take pride in their beauty. Patient and reliable. Make great friends and give good advice. Loving and kind. Loves hard - passionate. Express themselves emotionally. Prone to ferocious temper-tantrums. Determined. Indulge themselves often. Very generous.

ARIES - The Daredevil
Energetic. Adventurous and spontaneous. Confident and enthusiastic. Fun. Loves a challenge. EXTREMELY impatient. Sometimes selfish. Short fuse. (Easily angered.) Lively, passionate, and sharp wit. Outgoing. Lose interest quickly - easily bored. Egotistical. Courageous and assertive. Tends to be physical and athletic.

PISCES - The Dreamer
Generous, kind, and thoughtful. Very creative and imaginative. May become secretive and vague. Sensitive. Don't like details Dreamy and unrealistic. Sympathetic and loving. Kind. Unselfish. Good kisser. Beautiful.

AQUARIUS - The Sweetheart
Optimistic and honest. Sweet personality. Very independent. Inventive and intelligent. Friendly and loyal. Can seem unemotional. Can be a bit rebellious. Very stubborn, but original and unique Attractive on the inside and out. Eccentric personality.

(For me, it is true. Thanks sister TommyGirl for sharing)

Saturday, January 26, 2008

Letting off Firecrackers

တရုတ်နှစ်သစ်ကူးမှာ ဗျောက်အိုးတွေ ဖောက်တဲ့ဓလေ့နဲ့ ပါတ်သတ်ပြီး နောက်ခံ ပုံပြင်လေးတစ်ပုဒ် ရှိပါတယ်။ အခုပို့စ်မှာ ဒီပုံပြင်လေးကို ပြောပါမယ်။ ဟိုးရှေးရှေးတုန်းက မြင့်မားလှတဲ့ တောင်တန်းတွေရဲ့ ထိပ်မှာ ၀ါးရုံပင်တွေ အပြိုင်းအရိုင်း ပေါက်နေကြပါတယ်။ အဲဒီ ၀ါးရုံပင်တွေပေါ်မှာ ခြေထောက်တစ်ဖက်ပဲ ရှိတဲ့ တောင်မှင်စာလေးတွေ နေထိုင်ကြပါတယ်။ တောင်မှင်စာလေးတွေရဲ့ အရပ်အမြင့်က လူတွေရဲ့ ခြေထောက်လောက်ပဲ မြင့်ပါတယ်။ ဘွန်ဇိုင်းမျိုး မှင်စာ ဂျပုလေးတွေပေါ့။ တောင်မှင်စာလေးတွေက အရပ်က ပုသလို အကျင့်ကလည်း ယုတ်ပါတယ်။ သူတို့နယ်ကို ဖြတ်သွားတဲ့ လူတွေ သယ်ဆောင်လာတဲ့ စားစရာမှန်သမျှကို အုပ်စုဖွဲ့ အနိုင်ကျင့် လုယူတတ်ပါတယ်။


တစ်နေ့မှာတော့ တခြားနယ်က ဈေးသည်ကြီးတစ်ဦးဟာ စားစရာတွေ ခြင်းနဲ့အပြည့် ကျောပိုးသယ်လာပြီး နှစ်သစ်ကူးပွဲတော်အတွက် ဈေးရောင်းထွက်လာပါတယ်။ မှင်စာတွေနေတဲ့ တောင်ကို ညနေစောင်းအချိန် ဖြတ်သန်းမိတဲ့အခါမှာ မှင်စာတွေက ၀ါးပင်တွေပေါ်က ဆင်းလာပြီး ဈေးသည်ကြီးရဲ့ ခြင်းထဲက စားစရာတွေကို အပြိုင်အဆိုင် လုယူပါတော့တယ်။ မျောက်သာသာပဲရှိတဲ့ မှင်စာတွေကို မကြောက်တဲ့ ဈေးသည်ကြီးက မှင်စာတွေကို လိုက်ဖမ်းပါတယ်။ အဲဒါနဲ့ မှင်စာတစ်ကောင် ဖမ်းမိသွားပါတယ်။ ဖမ်းမိတဲ့ မှင်စာကို တရားရုံးမှာ တရားစွဲ တိုင်ကြားဖို့ဆိုပြီး ကြိုးတုပ် ခြင်းထဲထည့် ခေါ်လာပါတယ်။

အဲဒီလိုနဲ့ တောင်အောက်က မြို့ကလေးနားကို ရောက်တော့ အတော်လေး မိုးချုပ်နေပါပြီ။ မြို့အ၀င် တောအစပ်မှာ လူငယ်တစ်စုက မီးလှုံနေကြပါတယ်။ တောင်မှင်စာကို ကြိုးတုပ်ခေါ်လာတဲ့ ဈေးသည်ကြီးကို တွေ့တော့ လူငယ်တွေက အော်ပြောကြပါတယ်။ အကိုရေ... အဲဒီ အကောင်ကို အမြန်လွှတ်လိုက်ပါဗျို့။ ဒီကောင်တွေက တောင်အောက်ကို ဆင်းဆင်းလာပြီး လူတွေဆီက အစားအစာတွေ လုတတ်တယ်။ ဒီကောင်ကို ထိမိ ကိုင်မိတဲ့သူက ကိုယ်ပူလိုက် အေးလိုက်ဖြစ်ပြီး အဖျားဝင်တတ်ပါတယ် ဆိုပြီး ပြောကြပါတယ်။ ဈေးသည်ကြီးလည်း တဖြည်းဖြည်း ချမ်းအေးပြီး ဖျားလာလို့ လူငယ်တွေနဲ့အတူ မီးဝင်လှုံနေလိုက်ပါတယ်။ လူငယ်လေးတစ်ဦးက ဈေးသည်ကြီး အချမ်းပြေစေဖို့ ထင်းချောင်းတွေ မကျန်တော့တဲ့ မီးပုံထဲကို မီးမသေအောင်ဆိုပြီး အနီးတ၀ိုက် မြေပြင်ပေါ်က ၀ါးလုံးအခြောက်တွေ ပစ်ထည့်လိုက်ပါတယ်။ သိပ်မကြာတဲ့အချိန်မှာ မီးပုံဘေးမှာ မီးလှုံနေတဲ့လူတွေရဲ့ ပတ်ပတ်လည်က အပင်တွေအပေါ်မှာ တောင်မှင်စာတွေ နေရာယူထားတာကို လူငယ်တွေ တွေ့လိုက်ရပါတယ်။ အဲဒါနဲ့ မီးလှုံနေတဲ့ လူအားလုံး တောင်မှင်စာတွေနဲ့ မထိမိအောင်ဆိုပြီး ထပြေးကြပါလေရော။

တောင်မှင်စာတွေက အပင်ပေါ်က ဆင်းလာပြီး တောင်းထဲထည့် အဖမ်းခံထားရတဲ့ မှင်စာရှိရာ မီးပုံနားကို တဖြည်းဖြည်း ကပ်လာကြပါတယ်။ အဲဒီအချိန်မှာ မီးပုံထဲက ၀ါးလုံးခြောက်တွေ မီးလောင်ပြီး တဖြောက်ဖြောက် ထပေါက်ပါလေရော။ အဲဒါနဲ့ မီးပုံနား ရောက်နေတဲ့ မှင်စာတွေလည်း ဖမ်းခံထားရတဲ့ အကောင်ကို ထားခဲ့ပြီး ကြောက်လန့်တကြား ၀ရုန်းသုန်းကား ထပြေးကြပါလေရော။ အဲဒီလို တဖျောက်ဖျောက် ပေါက်ကွဲတဲ့ အသံကြောင့် မှင်စာတွေ ထွက်ပြေးကုန်တာကို မြင်လိုက်တဲ့ လူငယ်တွေဟာ နောက်နောင်တွေမှာ တောင်မှင်စာတွေ ရွာထဲမ၀င်အောင် လူတွေအနားမကပ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာကို သိရှိသွား ကြပါတော့တယ်။ နောက်ပိုင်းမှာ တောင်မှင်စာတွေ မလာအောင် ၀ါးလုံးခြောက်တွေကို မီးရှို့ပြီး ဖောက်ကြပါတယ်။

အဲဒီလိုနဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်ကာလမှာ မကောင်းဆိုးဝါးတွေ မှင်စာတွေရဲ့ အနှောင့်အယှက် မရှိအောင်၊ မြို့ရွာအိုးအိမ် လုံခြုံမှုရှိအောင် ဆိုပြီး ဗျောက်အိုးတွေကို အတွဲလိုက် ဖောက်တဲ့ဓလေ့ ဖြစ်ပေါ်လာခဲ့ ပါတော့တယ် ခင်ဗျာ။

Friday, January 25, 2008

Tips to beat Inflation

စကာင်္ပူမှာ ကုန်ဈေးနှုန်းတွေ အခု ၂၅ နှစ်အတွင်းမှာ အတော်လေး မြင့်တက်လာပြီး ဘယ်လောက်ထိ ထပ်တက်အုံးမလဲ ဆိုတာကို မသိနိုင်သေးပါဘူး။ ငွေကြေးဖောင်းပွမှုကို အတော်လေး ခံစားနေရတဲ့ မိသားစုတွေ၊ ၀န်ထမ်းတွေ အများစုပါးစပ်ဖျားမှာ ပြောနေကြတာတွေက ပိုက်ဆံချွေတာမယ် ပိုက်ဆံစုမယ် ဆိုတာတွေပေါ့။ သတင်းစာထဲမှာ ဖတ်လိုက်ရတဲ့ ချွေတာရေးလမ်းစဉ်တွေထဲက နေ့စဉ်ကျင့်သုံးသင့်တဲ့ အချက်အလက် တစ်ချို့ကို အခုပို့စ်မှာ ဖော်ပြလိုက်ပါအုံးမယ်။

စားသောက်ကုန်လုပ်ငန်းတွေ၊ သစ်သီးနဲ့နို့ထွက်ပစ္စည်း ဈေးကွက်တွေမှာ ဈေးနှုန်းတွေ ၂.၉ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ အဲဒါကြောင့် Food court တွေ Hawker ဆိုင်တွေမှာ စားသောက်ကုန်ဈေးတွေ ၂၀ ဆင့် မက ထပ်တက်သွားပါတယ်။ စူပါမားကတ်တွေ၊ Fair Price တွေမှာ ရောင်းချတဲ့ စားသောက်ကုန်တွေဟာ အတော်လေးကို ဈေးသက်သာတဲ့အပြင် ဒစ်စကောင့်တွေလည်း ပေးပါတယ်။ အပြင်က Restaurant မှာ သွားစားတာတွေကို တတ်နိုင်သလောက် လျော့ချသင့်ပါတယ်။ လူ ၄ ယောက်ရှိတဲ့ မိသားစုတစ်စု အိမ်မှာချက်စားရင် ဒေါ်လာ ၂၀ လောက် ကုန်ကျပါတယ်။ ဒါပေမယ့် Restaurant မှာ တစ်ယောက်ကို အနည်းဆုံး ၁၆ ဒေါ်လာ ၁၈ ဒေါ်လာ ပေးရတဲ့အတွက် ၄ ယောက်ဆို ဒေါ်လာ ၈၀ လောက် ကုန်ကျမှာပါ။ အိမ်မှာ ချက်စားတဲ့အတွက် ၄ ပုံ ၁ ပုံ ပဲ ကုန်ကျတဲ့အပြင် ၀န်ဆောင်မှုအတွက် ပေးရတဲ့ငွေလည်း သက်သာပါတယ်။

ကားဈေးတွေ၊ ဆီဈေးတွေ တက်လာတဲ့အတွက် အငှားယာဉ်တွေလည်း ၂ ရာခိုင်နှုန်း ဈေးမြင့်သွားပါတယ်။ ခရီးတစ်ခုကို ၁၅ ဒေါ်လာလောက် ပေးရတဲ့ တက်စ်စီတွေ ငှားစီးမယ့်အစား ၂ ဒေါ်လာလောက် ကုန်တဲ့ ရထားနဲ့ ဘတ်စ်ကားတွေ စီးသင့်ပါတယ်။ လမ်းလျှောက်လို့ရတဲ့ အကွာအဝေးဆို ဘတ်စ်ကား စီးမယ့်အစား လမ်းလျှောက်လိုက်ပါ။ အနည်းဆုံး ကားခ ၆၅ ဆင့်လောက် စုမိစေပါတယ်။ ဖုန်းဝယ်မယ်ဆိုရင်လည်း ကိုယ်နဲ့ အသင့်တော်ဆုံး Plan ပလန်ကို စဉ်းစားပြီးမှ ၀ယ်သင့်ပါတယ်။ ဖုန်းပြောတာထက် SMS မတ်ဆေ့ခ်ျ ပို့တာ ပိုများတယ်ဆိုရင် မတ်ဆေ့ခ်ျ အလကား ပို့လို့ရတဲ့ ပလန်တွေကို ၀ယ်လိုက်ပါ။

ကုသမှုစရိတ်တွေ၊ ဆေးဝါးဈေးတွေ မြင့်တက်လာတဲ့အတွက် ကျန်းမာရေးလောကမှာ ၄.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ Brand တံဆိပ်ကြောင့် ဈေးကြီးတဲ့ဆေးတွေအစား ရိုးရိုးဆေးကိုပဲ ပေးဖို့ ဆရာဝန်တွေကို ပြောပါ။ ဥပမာ ဈေးကြီးတဲ့ ပန်နဒေါ အစား ပါရာစီတမောပဲ သောက်ပါ။ အပြင်က ဆေးခန်းတွေထက် စရိတ်မျှပေးတဲ့ အလုပ်က ဆေးခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူပါ။ လူမှုရေးအဖွဲ့တွေ ထောက်ပံ့ထားတဲ့ အခမဲ့ ဆေးကုခန်းတွေကိုလည်း သွားသင့်ပါတယ်။

စရိတ်စက မြင့်တက်လာမှုနဲ့အတူ အိမ်ခြံမြေဈေးကွက်မှာလည်း အိမ်ဈေးအခန်းဈေးတွေ ၀.၄ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ အခုအချိန်မှာ အခန်းရဲ့ တစ်ပေပတ်လည်ကို ဒေါ်လာ ၆၀၀ ဈေး ရှိနေပါတယ်။ ဒါကြောင့် အိမ်ဝယ်မယ်ဆိုရင် အိမ်ဈေးတွေ ပြန်ငြိမ်သွားတဲ့အထိ စောင့်ဆိုင်းဖို့ စဉ်းစားသင့်ပါတယ်။ အိမ်ကို အကြီးစား ပြန်လည်မွမ်းမံတာတွေကို လုပ်မယ်ဆိုရင်လည်း ခဏအချိန်ဆွဲထားပါ။

ခရီးသွားလုပ်ငန်း ဟော်တယ်လုပ်ငန်းမှာလည်း ဈေးနှုန်း ၃.၂ ရာခိုင်နှုန်း မြင့်တက်လာပြန်ပါတယ်။ အားလပ်ရက်တွေမှာ ခရီးထွက်မယ်ဆိုရင် တစ်ယောက်ကို အနည်းဆုံး ဒေါ်လာ ၂၀၀၀ လောက်ကုန်မယ့် ဥရောပနိုင်ငံတွေကို ခရီးထွက်မဲ့အစား ဒေသတွင်းက နိုင်ငံတွေကို လည်ပတ်သင့်ပါတယ်။ မလေးရှား အင်ဒိုနီးရှား တရုတ်စတဲ့ နိုင်ငံတွေရဲ့ ငွေလှဲလည်နှုန်းက ကုန်ကျစရိတ်ကို သက်သာ အဆင်ပြေစေပါတယ်။ ရထားစီးပြီး ၀င်ရင် ၃ ဒေါ်လာပေးရတဲ့ စန်တိုစာကျွန်းအစား ၀င်ကြေးမပေးရတဲ့ အပန်းဖြေစခန်းတွေ ဥပမာ အရှေ့ဖက်ကမ်းခြေ လိုနေရာတွေကို အပန်းဖြေခရီး ထွက်သင့်ပါတယ်။

စာရေးကိရိယာဈေးကွက်မှာလည်း ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ တစ်ခါသုံး ဘောလ်ပင်တွေကို သုံးမယ့်အစား မင်ပြန်ဖြည့်လို့ရတဲ့ မင်ချောင်းလဲလို့ရတဲ့ ဘောလ်ပင်တွေကို သုံးကြည့်ပါ။ ၂ ဒေါ်လာကုန်မယ့် ဘောလ်ပင်အသစ်ကို ၀ယ်မယ့်အစား ၁ ဒေါ်လာလောက်ပဲ ကုန်တဲ့ မင်ချောင်းပြန်ဖြည့်တဲ့ ဘောလ်ပင်ကို သုံးသင့်ပါတယ်။ ဖတ်စာအုပ်တွေကို အသစ်ဝယ်မယ့်အစား အတန်းကြီးတွေဆီက စာအုပ်အဟောင်းတွေကို ပြန်ဝယ်ဖတ်သင့်ပါတယ်။ ဖတ်စာအုပ်က နောက်ဆုံးထုတ် မဟုတ်ပေမယ့်လည်း အထဲမှာပါတဲ့စာတွေက အများကြီး မကွာခြားပါဘူး။ ဒါပေမယ့် စာအုပ်တစ်အုပ်ကို ဒေါ်လာ ၂၀ လောက် သက်သာစေပါတယ်။

ကဲ... အခုဖော်ပြထားတဲ့ ချွေတာရေးနည်းလမ်းတွေကို ခြင်္သေ့ကျွန်း စကာင်္ပူမှာ သုံးကြည့်လိုက်ပါအုံး။ တခြားချွေတာရေး နည်းလမ်းတွေ ရှိရင်လည်း... သိထားကြရင်လည်း... ဝေမျှပေးပါအုံးခင်ဗျာ။

Wednesday, January 23, 2008

Keeping broom out of sight

တရုတ်နှစ်သစ်ကူးကာလမှာ တံမြက်စည်းတွေကို ဘာကြောင့် ၀ှက်ထားရသလဲ ဆိုတာကို အခုပုံပြင်က ပြောပြပါလိမ့်မယ်။ ဟိုးရှေးရှေးတုန်းက အိုးမင်လို့ ခေါ်တဲ့ ကုန်သည်တစ်ယောက်ဟာ ရေလမ်းခရီးကို အသုံးပြုပြီး ကုန်စည်တွေကို ကူးသန်းရောင်းဝယ်နေပါတယ်။ တစ်နေ့မှာ အဲဒီလို သွားလာနေတုန်း မုန်တိုင်းမိပါလေရော။ မုန်တိုင်းက ပြင်းလွန်းလို့ လှေကို ထိန်းလို့မရခဲ့ပါဘူး။ မိုးသက်မုန်တိုင်း ငြိမ်သက်သွားချိန်မှာတော့ သူရဲ့လှေဟာ ကျွန်းတစ်ကျွန်းရဲ့ သောင်ပြင်ပေါ်ကို ရောက်နေပါပြီ။ လှေလည်း အတော်လေး ပျက်စီးသွားပါတယ်။

စိတ်ပျက်အားငယ်နဲ့တဲ့ အိုးမင်ဟာ သောင်ပြင်ပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်းရဲ့ အရှင်သခင်ဖြစ်တဲ့ ချင်ဟုန်ကျွင်း ရောက်လာပြီး သူ့ရဲ့ စံနန်းတော်မှာ လာရောက်တည်းခိုဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒါနဲ့ ကျွန်းကြီးသခင်ဟာ အိုးမင်ကို စံနန်းတော်ကို ခေါ်ဆောင်လာခဲ့ပြီး နွေးထွေးပျူငှာစွာ ဧည့်ခံပါတယ်။ ပြီးတော့ သူရဲ့ ဘဏ္ဍာတိုက်ထဲကို ခေါ်သွားပြီး ကြိုက်နှစ်သက်ရာ ရွှေငွေ၊ ကျောက်မြတ်ရတနာ စတာတွေကို ဧည့်သည်တော်ကြီးအနေနဲ့ လက်ဆောင်အဖြစ် ယူနိုင်ကြောင်း ပြောပါတယ်။ တန်ဖိုးကြီးလှတဲ့ ရတနာပစ္စည်းတွေ၊ ရွှေငွေတွေကြားမှာ လောဘဇော တက်နေတဲ့ အိုးမင်တစ်ယောက် ဘာကိုယူလို့ ယူရမှန်း မဝေခွဲနိုင်ဘူး ဖြစ်နေပါတယ်။

အဲဒီလိုအချိန်မှာ လက်ဖက်ရည် လာရောက်တည်ခင်းတဲ့ အဘိုးအိုတစ်ဦးက ဧည့်သည်တော်ကြီး လက်ဖက်ရည် သုံးဆောင်တော်မူပါ။ ပြီးမှပဲ လက်ဆောင်တွေ ဆက်လက် ရွေးချယ်ယူပါ။ ဒီနေရာမှာ ရီယွမ်ဟာ တန်ဖိုးအရှိဆုံး ရတနာတစ်ပါးပါပဲလို့ ပြောသွားပါတယ်။ လက်ဆောင်တွေ ရွေးနေတဲ့ ကုန်သည်ကြီးအိုးမင်လည်း အနည်းငယ် တွေဝေသွားပါတယ်။ ရီယွမ်ဆိုတဲ့ ဘာမှန်းမသိသေးတဲ့ ရတနာကို သူလိုချင်သွားပါတယ်။ အဲဒါနဲ့ ကျွန်းကြီးသခင်ကို ရီယွမ်ကိုပဲ လိုချင်ကြောင်း သွားရောက် ပြောကြားပါတယ်။ ကျွန်းကြီးသခင်က မိန်းမပျိုလေး ရီယွမ်ကို ရှေ့တော်မှောက် ခေါ်သွင်းလိုက်ပါတယ်။ အစေခံလေးဖြစ်တဲ့ ရီယွမ်ကို ဧည့်သည်တော်ကြီးနဲ့ လက်ဆက်ပေးပြီး မင်္ဂလာဦး လက်ဆောင်အဖြစ် ရွှေငွေ ရတနာပစ္စည်းတွေကို သေတ္တာတစ်လုံးမှာ အပြည့်ထည့် သော့ခတ်ပြီး သော့ကို ရီယွမ်ကို ပေးထားလိုက်ပါတယ်။ ပြီးတော့ လှေတစ်စင်းကို စီမံပေးပြီး ဧည့်သည်တော်ကို အိမ်ပြန်ခရီး စီစဉ်ပေးလိုက်ပါတယ်။

တစ်လမ်းလုံး ကုန်သည်အိုးမင်ကတော့ မိန်းမဖြစ်သူ ရီယွမ်ဆီက ရတနာသေတ္တာကို အရယူဖို့ အပိုင်ကြံနေပါတယ်။ ကြင်စဦးကာလမှာတော့ မိန်းမဖြစ်သူကို ဂရုတစိုက် ကြင်နာပြပါတယ်။ အဲဒါနဲ့ အိုးမင်ရဲ့အချစ်ကို ယုံကြည်သက်ဝင်လာတဲ့ ရီယွမ်ဟာ ရတနာသေတ္တာရဲ့ သော့ကို ပေးအပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဇာတိပြလာတဲ့ အိုးမင်ဟာ ရီယွမ်ကို ဇနီးမယားအဖြစ် တန်ဖိုးမထားတော့ပဲ အိမ်စေတစ်ယောက်လို ပြောင်းလဲ ဆက်ဆံလာခဲ့ပါတယ်။ သနားစရာ ကောင်းတဲ့ ရီယွမ်လေးဟာ မိုးလင်းမိုးချုပ် အိမ်အလုပ်တွေကို တကုပ်ကုပ် လုပ်ရတဲ့အပြင် အိုးမင်ရဲ့ ဆူပူညှင်းဆဲ နှိပ်စက် ရိုက်နှက်ခြင်းကိုလည်း ခံရပါတယ်။

နှစ်သစ်ကူးကာလရဲ့ မနက်ခင်းတစ်ခုမှာ ရီယွမ်ဟာ ထုံးစံအတိုင်း လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်နေခဲ့ပါတယ်။ အိပ်ခန်းထဲကနေ လှမ်းကြည့်နေတဲ့ အိုးမင်က ရီယွမ်ကို ဘယ်လို အပြစ်ရှာပြီး ရိုက်နှက်ရမလဲ ဆိုတာကို တွေးတောနေပါတယ်။ နောက်တော့ လင်းကြက်တွန်မှ အိပ်ရာထရမလားဆိုပြီး ဆူပူ ရိုက်နှက်ပါတော့တယ်။ ရီယွမ်လေးလဲ နာလွန်းလို့ ဟိုဟိုဒီဒီ ပြေးရှာတာပေါ့။ အဲဒီလို ထွက်ပြေးရကောင်းမလား ဆိုပြီး အိုးမင်ကလည်း ထပ်ချပ်မကွာလိုက်ပြီး ရိုက်နှက်တာပေါ့။ နောက်ဆုံး ခြံဝင်းထဲမှာ ထောင်ထားတဲ့ တံမြက်စည်းနားကို ရောက်တော့ ရီယွမ်လည်း တံမြက်စည်းထဲကို ၀င်ပြီး ပုန်းနေပါတော့တယ်။ ထူးဆန်းစွာပဲ ရီယွမ်လေးဟာ ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ရီယွမ်နဲ့အတူ ပါလာတဲ့ ရွှေငွေရတနာတွေဟာ အိမ်ထဲကနေ တန်းစီထွက်လာပြီး တံမြက်စည်းထဲကို ၀င်ရောက် ပျောက်ကွယ်သွားပါတယ်။ အဲဒီမြင်ကွင်းကို အံ့အားသင့်နေတဲ့ အိုးမင် တစ်ယောက်တော့ ယဉ်ယဉ်လေးနဲ့ ရူးသွားရှာပါတယ်။ အဲဒီအချိန်က စပြီး တံမြက်စည်းနဲ့ လှည်းသလို စည်းစိမ်ဥစ္စာတွေ ပျောက်ကွယ် မသွားရအောင်ဆိုပြီး နှစ်သစ်ကူးကာလမှာ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ တံမြက်စည်းတွေကို လူမြင်ကွင်းမှာ မထားပဲ ၀ှက်ထားတဲ့ဓလေ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။