တရုတ်နှစ်သစ်ကူးကာလမှာ တံမြက်စည်းတွေကို ဘာကြောင့် ၀ှက်ထားရသလဲ ဆိုတာကို အခုပုံပြင်က ပြောပြပါလိမ့်မယ်။ ဟိုးရှေးရှေးတုန်းက အိုးမင်လို့ ခေါ်တဲ့ ကုန်သည်တစ်ယောက်ဟာ ရေလမ်းခရီးကို အသုံးပြုပြီး ကုန်စည်တွေကို ကူးသန်းရောင်းဝယ်နေပါတယ်။ တစ်နေ့မှာ အဲဒီလို သွားလာနေတုန်း မုန်တိုင်းမိပါလေရော။ မုန်တိုင်းက ပြင်းလွန်းလို့ လှေကို ထိန်းလို့မရခဲ့ပါဘူး။ မိုးသက်မုန်တိုင်း ငြိမ်သက်သွားချိန်မှာတော့ သူရဲ့လှေဟာ ကျွန်းတစ်ကျွန်းရဲ့ သောင်ပြင်ပေါ်ကို ရောက်နေပါပြီ။ လှေလည်း အတော်လေး ပျက်စီးသွားပါတယ်။
စိတ်ပျက်အားငယ်နဲ့တဲ့ အိုးမင်ဟာ သောင်ပြင်ပေါ်မှာ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်းရဲ့ အရှင်သခင်ဖြစ်တဲ့ ချင်ဟုန်ကျွင်း ရောက်လာပြီး သူ့ရဲ့ စံနန်းတော်မှာ လာရောက်တည်းခိုဖို့ ဖိတ်ခေါ်ပါတယ်။ အဲဒါနဲ့ ကျွန်းကြီးသခင်ဟာ အိုးမင်ကို စံနန်းတော်ကို ခေါ်ဆောင်လာခဲ့ပြီး နွေးထွေးပျူငှာစွာ ဧည့်ခံပါတယ်။ ပြီးတော့ သူရဲ့ ဘဏ္ဍာတိုက်ထဲကို ခေါ်သွားပြီး ကြိုက်နှစ်သက်ရာ ရွှေငွေ၊ ကျောက်မြတ်ရတနာ စတာတွေကို ဧည့်သည်တော်ကြီးအနေနဲ့ လက်ဆောင်အဖြစ် ယူနိုင်ကြောင်း ပြောပါတယ်။ တန်ဖိုးကြီးလှတဲ့ ရတနာပစ္စည်းတွေ၊ ရွှေငွေတွေကြားမှာ လောဘဇော တက်နေတဲ့ အိုးမင်တစ်ယောက် ဘာကိုယူလို့ ယူရမှန်း မဝေခွဲနိုင်ဘူး ဖြစ်နေပါတယ်။
အဲဒီလိုအချိန်မှာ လက်ဖက်ရည် လာရောက်တည်ခင်းတဲ့ အဘိုးအိုတစ်ဦးက ဧည့်သည်တော်ကြီး လက်ဖက်ရည် သုံးဆောင်တော်မူပါ။ ပြီးမှပဲ လက်ဆောင်တွေ ဆက်လက် ရွေးချယ်ယူပါ။ ဒီနေရာမှာ ရီယွမ်ဟာ တန်ဖိုးအရှိဆုံး ရတနာတစ်ပါးပါပဲလို့ ပြောသွားပါတယ်။ လက်ဆောင်တွေ ရွေးနေတဲ့ ကုန်သည်ကြီးအိုးမင်လည်း အနည်းငယ် တွေဝေသွားပါတယ်။ ရီယွမ်ဆိုတဲ့ ဘာမှန်းမသိသေးတဲ့ ရတနာကို သူလိုချင်သွားပါတယ်။ အဲဒါနဲ့ ကျွန်းကြီးသခင်ကို ရီယွမ်ကိုပဲ လိုချင်ကြောင်း သွားရောက် ပြောကြားပါတယ်။ ကျွန်းကြီးသခင်က မိန်းမပျိုလေး ရီယွမ်ကို ရှေ့တော်မှောက် ခေါ်သွင်းလိုက်ပါတယ်။ အစေခံလေးဖြစ်တဲ့ ရီယွမ်ကို ဧည့်သည်တော်ကြီးနဲ့ လက်ဆက်ပေးပြီး မင်္ဂလာဦး လက်ဆောင်အဖြစ် ရွှေငွေ ရတနာပစ္စည်းတွေကို သေတ္တာတစ်လုံးမှာ အပြည့်ထည့် သော့ခတ်ပြီး သော့ကို ရီယွမ်ကို ပေးထားလိုက်ပါတယ်။ ပြီးတော့ လှေတစ်စင်းကို စီမံပေးပြီး ဧည့်သည်တော်ကို အိမ်ပြန်ခရီး စီစဉ်ပေးလိုက်ပါတယ်။
တစ်လမ်းလုံး ကုန်သည်အိုးမင်ကတော့ မိန်းမဖြစ်သူ ရီယွမ်ဆီက ရတနာသေတ္တာကို အရယူဖို့ အပိုင်ကြံနေပါတယ်။ ကြင်စဦးကာလမှာတော့ မိန်းမဖြစ်သူကို ဂရုတစိုက် ကြင်နာပြပါတယ်။ အဲဒါနဲ့ အိုးမင်ရဲ့အချစ်ကို ယုံကြည်သက်ဝင်လာတဲ့ ရီယွမ်ဟာ ရတနာသေတ္တာရဲ့ သော့ကို ပေးအပ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဇာတိပြလာတဲ့ အိုးမင်ဟာ ရီယွမ်ကို ဇနီးမယားအဖြစ် တန်ဖိုးမထားတော့ပဲ အိမ်စေတစ်ယောက်လို ပြောင်းလဲ ဆက်ဆံလာခဲ့ပါတယ်။ သနားစရာ ကောင်းတဲ့ ရီယွမ်လေးဟာ မိုးလင်းမိုးချုပ် အိမ်အလုပ်တွေကို တကုပ်ကုပ် လုပ်ရတဲ့အပြင် အိုးမင်ရဲ့ ဆူပူညှင်းဆဲ နှိပ်စက် ရိုက်နှက်ခြင်းကိုလည်း ခံရပါတယ်။
နှစ်သစ်ကူးကာလရဲ့ မနက်ခင်းတစ်ခုမှာ ရီယွမ်ဟာ ထုံးစံအတိုင်း လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်နေခဲ့ပါတယ်။ အိပ်ခန်းထဲကနေ လှမ်းကြည့်နေတဲ့ အိုးမင်က ရီယွမ်ကို ဘယ်လို အပြစ်ရှာပြီး ရိုက်နှက်ရမလဲ ဆိုတာကို တွေးတောနေပါတယ်။ နောက်တော့ လင်းကြက်တွန်မှ အိပ်ရာထရမလားဆိုပြီး ဆူပူ ရိုက်နှက်ပါတော့တယ်။ ရီယွမ်လေးလဲ နာလွန်းလို့ ဟိုဟိုဒီဒီ ပြေးရှာတာပေါ့။ အဲဒီလို ထွက်ပြေးရကောင်းမလား ဆိုပြီး အိုးမင်ကလည်း ထပ်ချပ်မကွာလိုက်ပြီး ရိုက်နှက်တာပေါ့။ နောက်ဆုံး ခြံဝင်းထဲမှာ ထောင်ထားတဲ့ တံမြက်စည်းနားကို ရောက်တော့ ရီယွမ်လည်း တံမြက်စည်းထဲကို ၀င်ပြီး ပုန်းနေပါတော့တယ်။ ထူးဆန်းစွာပဲ ရီယွမ်လေးဟာ ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ သိပ်မကြာတဲ့အချိန်မှာပဲ ရီယွမ်နဲ့အတူ ပါလာတဲ့ ရွှေငွေရတနာတွေဟာ အိမ်ထဲကနေ တန်းစီထွက်လာပြီး တံမြက်စည်းထဲကို ၀င်ရောက် ပျောက်ကွယ်သွားပါတယ်။ အဲဒီမြင်ကွင်းကို အံ့အားသင့်နေတဲ့ အိုးမင် တစ်ယောက်တော့ ယဉ်ယဉ်လေးနဲ့ ရူးသွားရှာပါတယ်။ အဲဒီအချိန်က စပြီး တံမြက်စည်းနဲ့ လှည်းသလို စည်းစိမ်ဥစ္စာတွေ ပျောက်ကွယ် မသွားရအောင်ဆိုပြီး နှစ်သစ်ကူးကာလမှာ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ တံမြက်စည်းတွေကို လူမြင်ကွင်းမှာ မထားပဲ ၀ှက်ထားတဲ့ဓလေ့ ပေါ်ပေါက်လာခဲ့ပါတော့တယ်။

1 comment:
တရုတ်နှစ်ကူးရိုးရာပုံပြင်တွေအတွက် ကျေးဇူးပဲ ကိုဂျူလိုင်ရေ.. တရုတ်နှစ်ကူးမှာ ပျော်ရွှင်ပါစေဗျာ..
Post a Comment