.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, October 31, 2009

Food returns to childhood

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းကို ဂိုဏ်းတူရန်သူ မဖြစ်လိုက်ရရှာတဲ့ မေကဆုန်က ရေးခိုင်းထားတာ ကြာလွန်းလှပါပြီ။ ကြာတာမှ ရေးခိုင်းတဲ့သူ မေ့လောက်အောင် ကြာတာပါ။ ခက်ဆစ်ဖွင့်ဖို့ လိုနေတာလေးတွေ ရှိလို့ ခက်ဆစ် ဖွင့်ပါမယ်။ ဂိုဏ်းတူဆိုတာ အလုပ်ဌာနချင်းတူလို့ပါ။ ရန်သူဆိုတာက ဌာနချင်း တူပေမယ့် အလုပ်သဘာဝအရ ရန်သူတွေ ဖြစ်နေလို့ပါ။ ဒါပေမယ့် ရန်သူတွေ ဖြစ်ခွင့် မရလိုက်ပါဘူး။ သူနဲ့ ကျွန်တော်က မီးဝင် မီးထွက်ပါ။ ဒါကြောင့် အလုပ်မှာ မဆုံဖြစ်လိုက်ပါဘူး။

မေကဆုန် ရေးခိုင်းတာက ဇူလိုင်လ ၅ ရက်နေ့ကပါ။ ကျွန်တော် ရေးတာက အောက်တိုဘာ ၃၁ ရက်နေ့ပါ။ အချိန်တွေများ ကုန်သွားတာ မြန်သလိုလိုပဲ။ ဒါပေမယ့် တချို့ကိစ္စတွေမှာ အချိန်တွေက မကုန်နိုင်ပြန်ဘူး။ ဥပမာ... စောင့်ရတဲ့ အချိန်တွေပေါ့။ ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းတွေဆိုတော့ ငယ်ဘ၀ကို ပြန်စောင်းငှဲ့ လှည့်ကြည့်မိတယ်။ အခုတော့လည်း ငယ်ဘ၀ဆိုတာ ဘယ်လို ကုန်သွားမှန်း မသိလိုက်ဘူး။ အစားအစာနဲ့ ပတ်သက်ပြီး သေချာတာ တစ်ခုကတော့ ငယ်ဘ၀ကနေ အခုချိန်ထိ ဟင်းချေးများတာပဲ။ မပြောင်းလဲတဲ့ အကြောင်းတရားပေါ့။

ဟင်းချေးများတဲ့ ကျွန်တော့်အတွက် စီစဉ်ပေးရတဲ့ မာမားတစ်ယောက် ခေါင်းခြောက်မှာ အမှန်ပါပဲ။ မစားတဲ့ ရှောင်တဲ့ အသားတွေ ရှိသလို မကြိုက်တဲ့ဟင်းတွေလည်း အများသား။ အရိုးများသလို ချေးလည်း ခါးပါတယ်။ လူကသာ တရုတ်... ကြိုက်တဲ့ဟင်းတွေက မြန်မာဟင်း ကုလားဟင်း။ ခက်တာက မာမားက အဲဒါမျိုးတွေကို ဖွယ်ဖွယ်ရာရာ မချက်တတ်ဘူး။ တနေ့လာလည်း တရုတ်ဟင်း၊ နောက်တနေ့လည်း တရုတ်ဟင်း။ တရုတ်က တရုတ်ဟင်း မကြိုက်တာ ဘာကြောင့်လဲ ဆိုတာ သိလောက်ပါပြီနော်။

ပထမဆုံး သတိရတဲ့ဟင်းက ငံပြာရည်ချက် ငါးပိချက်ပေါ့။ မြန်မာဟင်းထဲမှာ ငံပြာရည်ချက်၊ ငါးပိချက်ကို ကြိုက်တယ်။ အိမ်မှာက အစပ်လျှော့ စားတော့ မြန်မာလက်ရာ ငါးပိချက်တွေလို မစပ်ဘူး။ မြန်မာပုံစံပဲ စားချင်တယ်ဆိုလို့ ကျွန်တော့်အတွက် သီးသန့်ဆိုပြီး စပ်စပ်လေး ချက်ရတယ်။ တခြားဟင်းတွေ မပါလည်း ငါးပိချက်တစ်မျိုးတည်းနဲ့ ထမင်းစားဝင်တယ်။ သူငယ်ချင်းတွေရဲ့ အလှူမှာလည်း တခြားဟင်းတွေကို မနှိုက်ပဲ ငါးပိချက်နဲ့ သခွါးသီးပဲ စားနေလို့ စိတ်မကောင်း ဖြစ်ကြရှာတယ်။ အလှူရှင် စိတ်မကောင်း မဖြစ်ရအောင် အားနာပါးနာနဲ့ ကြက်သားဟင်း ၀က်သားဟင်း ယူစားမယ် မထင်ပါနဲ့။ ထမင်းဝိုင်းမှာ ငါးပိချက်ရှိနေရင် တခြားဟင်းတွေ မျက်နှာငယ်ရတာ အသေအချာပါပဲ။

ငယ်ငယ်တုန်းက လူကောင်ထွားအောင် ဆိုပြီး ပဲစားရတယ်။ ဆယ်တန်း ဖြေပြီးတော့ ပဲကို ရေစိမ်ပြီးတောင် စားဖြစ်တယ်။ အိမ်မှာလည်း ပဲဟင်း ခဏ ခဏ ချက်တယ်။ ကုလားပဲဟင်း ချက်တယ်။ ပဲပြုတ်ကြော်တယ်။ ပဲကတ္တီပါပြုတ် သုပ်စားတယ်။ ပဲနီလေး ဟင်းရည်ချက်တယ်။ ပဲကြီးနှပ်တယ်။ ပဲစားပေမယ့် လူကောင်က ဗေလုဝနဲ့ နင်လား ငါလား မတိမ်းမယိမ်းပဲ။ အဲဒီပဲမျိုးစုံထဲမှာ ပဲကြီးနှပ်ကို အကြိုက်ဆုံးပဲ။ ဆူးပုတ်ရွက်လေး အုပ်ထားတဲ့ ပဲကြီးနှပ်က စားလို့ အတော်ကောင်းလွန်းတယ်။ ပဲကြီးနှပ်က ပဲကြီးနဲ့ နှပ်တာကို ကြိုက်သလို ထောပတ်ပဲနဲ့ နှပ်တာလည်း ကြိုက်တယ်။ ကုလားပြည်မှာ နေခဲ့တုန်းက ပဲဟင်းမျိုးစုံ နေ့တိုင်း စားခဲ့ရလို့ ကုလားပြည်ကို လွမ်းရင် ပဲကိုလည်း လွမ်းတယ်။ ပဲစားလို့လား မသိဘူး တစ်ယောက်သောသူကို ရင်ထဲက အသည်းစကားတွေ ပြောချင်မိပြန်တယ်။

ကိုးတန်းဖြေပြီး ဆယ်တန်းမတက်ခင် ပုဂံမှာ တစ်လနီးပါးနေတော့ ထမင်းဆိုင်မှာ ဟင်းတွေ အစုံအလင် ချပေးလည်း နှိုက်တဲ့ဟင်းခွက်က တစ်မျိုးတည်း။ အဲဒါက ပုန်းရည်ကြီးသုပ်။ တစ်လနီးပါး ပုန်းရည်ကြီးသုပ် တစ်မျိုးတည်းနဲ့ ထမင်းစားလို့ ထမင်းဆိုင်ကတောင် အံ့သြတယ်။ အိမ်မှာတော့ ကျွန်တော် ဟင်းချေးများတဲ့ နေ့ဆိုရင် မာမားက ပုန်းရည်ကြီး သုပ်ပေးတယ်။ ကြက်သွန်နီကို အညှီနံ့ပျောက်အောင် ရေကြာကြာစိမ်ပြီးမှ သုပ်တော့ စားရတာ အဆင်ပြေတယ်။ ပုန်းရည်ကြီးနဲ့ဆို ထမင်းစားမြိန်တယ်။ အနည်းဆုံး နှစ်ပန်းကန်ပဲ။

ငယ်ဘ၀ကို သတိရစေတဲ့ ဟင်းတွေကတော့ ဒီလောက်လေးပါပဲ။ သူများတကာတွေလို ချက်မစားတတ်တော့ အဲဒီဟင်းတွေကို သတိရပြီး စားချင်စိတ်ရှိလည်း ချက်မစားဖြစ်ပါဘူး။ ပုန်းရည်ကြီးသုပ်ကတော့ ကြက်သွန် အခွံနွှာတတ်ပေမယ့် ကြက်သွန် မလှီးတတ်လို့ ဓါးထိမှာ ကြောက်ပြီး မစားဖြစ်ပြန်ဘူး။ မတတ်ရင် တတ်အောင် သင်ပေါ့လို့ စေတနာနဲ့ ပြောကြမှာကိုလည်း မြင်ယောင်မိပါတယ်။ အိမ်ရှင်မ မရှိသေးတဲ့ အခုလောလောဆယ် ဘ၀အနေနဲ့ ကျွန်တော့်အိမ်မှာ မီးဖိုချောင်ဆိုတာ မရှိလည်း ဖြစ်ပါတယ်ခင်ဗျာ။

Thursday, October 29, 2009

The beauty



အလှဆိုတာ ကြည့်တဲ့အချိန်နဲ့လည်း သက်ဆိုင်တယ်။

Sunday, October 25, 2009

West Mall Blood Drive


ဖြတ်သွားဖြတ်လာ မှန်သမျှကို သွေးလှူဖို့ စည်းရုံးတိုက်တွန်းတယ်...

သွေးလှူရှင်တွေ အပူချိန်တိုင်းပြီးတဲ့နောက် ကိုယ်ရေးအချက်အလက်တွေ တောင်းတယ်...


ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေကိုလည်း ဖြေရသေးတယ်...


အားလုံးအိုခေတယ်ဆိုရင် ကုတင်ပေါ်တက် သွေးလှူကြတာပေါ့...

သွေးလှူပြီးရင် ၁၀ မိနစ်လောက် ခဏနားပြီး ဧည့်ခံထားတာတွေ သုံးဆောင်ကြအုံး...

Saturday, October 24, 2009

Get off my balls



ခြိမ်းခြောက်တာလား ကြုံးဝါးတာလား
ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ရအောင်
ကိုယ်က ကျားဆိုရင် သူက ဆင်လား
အဲဒီတော့ ရှုပ်ပါတယ်လေ...
ဘီလူးနဲ့မျောက် တောင်ပေါ်မှာ တွေ့ကြမယ်
မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူးနဲ့
အငြိမ်မနေမိတဲ့ မျောက်ပေါ့...

မှတ်ချက်။ ဓါတ်ပုံက Esplanade ကိုသွားတဲ့ မြေအောက်လမ်းမှာ ချိတ်ဆွဲထားတဲ့ ပန်းချီကားတစ်ခုပုံပါ။

Thursday, October 22, 2009

A viper at dusk



လူတွေအများကြီး မသိချင်ဘူး
နားလည်မှုတွေပဲ ရှိစေချင်တယ်
အကျိုးရှိတဲ့စာလေးတွေ ရေးချင်ပေမယ့်
စိတ်လွတ်ကိုယ်လွတ်လည်း နေချင်မိတယ်
ဒဏ်ရာအပြည့်နဲ့ ငြိမ်ငြိမ်လေးခွေနေတဲ့
အဆိပ်ပြင်းမြွေဟောက် တစ်ကောင်ဟာ
မှောင်စပျိုးချိန်ကို ချစ်ကြိုးသွယ်မိတယ်
ထိမိတဲ့သူ အမှားလား...
ပေါက်မိတဲ့မြွေ အမှားလား...
မှောင်စပျိုးချိန်ကိုပဲ အပြစ်တင်မလား...