.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, November 27, 2018

Good things about my little girl Yoon

ယွန်းနဲ့ပါတ်သက်ပြီး ကောင်းကွက်လေးတွေ ပြောရရင် အခုချိန်အထိ ကျောင်းပျော်လေး ဖြစ်နေတာပဲ။ ဘယ်သင်တန်း ဘယ်ကျူရှင်ပဲဖြစ်ဖြစ် မသွားချင်ဘူး ဆိုတာ မရှိဘူး။ ကျောင်းသွားဖို့ဆို အမြဲတမ်း ပျော်ရွှင် တက်ကြွနေတယ်။ သင်တန်းအသစ်တွေ တက်ချင်တယ်ဆိုပြီး ပူဆာလို့ ကျောင်းလိုက်အပ်ပေးရင် ပျော်နေတာပဲ။ ဘယ်တော့ အဲဒီသင်တန်းအသစ်ကို တက်ရမလဲ ဆိုပြီး မေးတတ်သေးတယ်။ ကျောင်းပိတ်ရက်ရှည်ထဲ ရောက်နေရင်လည်း ကျောင်းဖွင့်ရက်ကို မျှော်နေပြန်ရော။


မနက်မိုးလင်း အိပ်ယာထရင်လည်း ဂျီကျတာမျိုး မရှိဘူး။ အမြဲတမ်း ရွှင်ရွှင်ပျပျနဲ့ပဲ အိပ်ယာထတယ်။ လုပ်စရာရှိတဲ့ မျက်နှာသစ် သွားတိုက် သူ့ဘာသာသူ လုပ်သွားတယ်။ ပြီးရင် ညအိပ်အဝတ်ကို ချွတ်ပြီး အဝတ်အသစ်လဲထားပြီး မနက်စာ စားဖို့အတွက် စားပွဲဆီမှာ လာထိုင်တယ်။


သူ လိုချင်တဲ့ပစ္စည်းကို မရရင်လည်း ထပ်ပြီး အထွန့်တက် မပူဆာပြန်ဘူး။ လိုချင်တာ မရလို့ ငိုယိုတာလည်း မရှိဘူး။ သူ့ကို နားလည်အောင် ပြောပြထားရင် အိုခေ ဆိုပြီး... ဆက်မပူဆာတော့ဘူး။ နောက်မှ ဝယ်ပေးမယ်လို့ ပြောပြရင်လည်း သူက လက်ခံတာပဲ။


ဘယ်လောက်ပဲ ကစားကွင်းထဲမှာ အဆော့မက်မက်... တော်ပြီ ပြန်ရတော့မယ် သွားတော့မယ် ပြောရင်လည်း ဆော့တာကို ရပ်ပြီး ပြန်ဖို့ လုပ်တယ်။ တီဗွီတို့ အိုင်ပတ်တို့ ကြည့်နေတဲ့အချိန်လည်း သတ်မှတ်ထားတဲ့ အချိန်ပြည့်လို့ ပြောပြလိုက်ရင် ဆက်မကြည့်တော့ပဲ ပိတ်ပစ်လိုက်တယ်။


အားတဲ့အချိန်မှာ အရုပ်တွေနဲ့ မဆော့ဖြစ်ရင် အရောင်ခြယ်တယ်... ပန်းချီဆွဲတယ်... ကာတွန်း ဆွဲတယ်။
စာကြည့်တိုက်က ငှားလာတဲ့ စာအုပ်တွေကို ဖတ်ရင်းနဲ့ စိတ်ပါလာရင် အဲဒီစာအုပ်ထဲက စာတွေကို ဗလာစာအုပ်ထဲ ကူးရေးတယ်။ သင်္ချာတွေလည်း စိတ်နဲ့ တွက်လိုက် ပေသီးခေါက်လိုက်နဲ့ လုပ်နေတာပဲ။ တခါတလေ စန္ဒားယား တီးလိုက် တယောထိုးလိုက်နဲ့ ဆော့ဖြစ်တော့ သူ့ဘာသာသူတော့ မအားရှာဘူး။ သီချင်းဆိုတာလည်း ဝါသနာက ပါသေးတော့ အိုင်ပတ်ကနေ သီချင်းစာသားတွေ လိုက်ဖတ်ပြီး အော်ဆိုနေတတ်သေးတယ်။

Friday, July 6, 2018

Let's get enough Vitamin D

Vitamin D ကို နေရောင်ခြည်က အဓိက ရပါတယ်။ အရေပြားပေါ်ကို တိုက်ရိုက်ထိတဲ့ နေရောင်ကနေ ရရှိတာမျိုးပါ။

အရင်တုန်းကတော့ နေမထွက်တဲ့ အအေးပိုင်းဒေသ၊ ဥရောပဘက်အခြမ်းမှာပဲ အဲဒီလို ဗီတာမင်ဒီ ချို့တဲ့တာကို တွေ့ရပေမယ့် အခုအခါမှာ အီကွေတာနဲ့ နီးတဲ့ဒေသမှာပဲ ဗီတာမင်ဒီ ချို့တဲ့ လူနာတွေကို ဆရာဝန်တွေက တွေ့နေရပါတယ်။ အသိဆရာဝန်တွေ ပြောပြချက်အရ တနေကုန် အိမ်တွင်းအောင်း စက်ချုပ်တဲ့သူတွေ၊ အပြင်မထွက်ပဲ အိမ်ထဲမှာပဲ နေတဲ့သူတွေ၊ ရုံးမှာပဲ တနေကုန် ရှိနေတဲ့သူတွေ ဆေးလာစစ်တဲ့အခါမှာ ဗီတာမင်ဒီ ချို့တဲ့တာကို တွေ့ကြတယ်တဲ့။

အခုခေတ်မှာ ရုံးထဲမှာပဲ တနေကုန် အလုပ် လုပ်... နေ့လည်စာလည်း ရုံးမှာ စားဖြစ်တော့ လူတွေဟာ နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းပါးလာတယ်။ အလုပ်သွားတဲ့အချိန်ကလည်း စောတော့ နေက သိပ်မပူသေးတယ်။ အလုပ်ပြန် အချိန်မှာတော့ နေဝင်နေပြီ။

ဗီတာမင်ဒီ ချို့တဲ့ရင် ကိုယ်လက်ကြွက်သားတွေ နာကျင်ပါတယ်။ အရိုးတွေ အားနည်းလာပါတယ်။ တခြား နောက်ဆက်တွဲ ရောဂါတွေလည်း ရှိလာနိုင်ပါတယ်။ ဥပမာ ဆီးချို၊ သွေးတိုးရောဂါ။

နေရာင်ခြည်ကို ပြတင်းပေါက်မှန်၊ ကားမှန်ကနေတဆင့် ရတာမျိုးမှာ အရေပြားက ဗီတာမင်ဒီ မထုတ်လုပ်နိုင်ပါဘူး။ အသားမဲမှာ စိုးလို့ နေရောင်ကာဆေးတွေ အရေပြားမှာ လိမ်းထားရင်လည်း မရပါဘူး။ ဗီတာမင်ဒီ ထုတ်လုပ်ဖို့အတွက် အရေပြားပေါ်ကို တိုက်ရိုက် နေရောင်ထိတွေ့ဖို့ လိုပါတယ်တဲ့။

နေ့ခင်း ၁၁ နာရီနဲ့ ၁ နာရီကြားမှာ နေရောင်ခြည်က ပြင်းအားအများဆုံး ဖြစ်လို့ အဲဒီအချိန်မှာ အရေပြားနဲ့ နေရောင်ထိတွေ့မှု ၁၅ မိနစ်လောက် ရှိရင် တနေ့စာအတွက် လုံလောက်တဲ့ ဗီတာမင်ဒီကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် နေရောင်ခြည် ပြင်းထန်လွန်းရင်လည်း အရေပြားကင်ဆာ ဖြစ်နိုင်တာကို သတိထားဖို့ လိုပါမယ်။

ဖြစ်နိုင်ရင်တော့ နေရောင်အောက်မှာ ဆက်တိုက် အချိန်အကြာကြီး မနေဖို့ လိုပါမယ်။ ၅ မိနစ်လောက် ၁၀ မိနစ်လောက်ပဲ နေရောင်အောက်မှာ နေပူဆာလုံသင့်ပါတယ်။ ပြီးရင် အရိပ်ထဲ ပြန်ဝင် ခဏနားနေပြီးမှ နောက်တခေါက် နေပူဆာလှုံတာမျိုးက ပိုကောင်းပါမယ်။

တချို့တွေကတော့ မနက်နေရောင်ခြည်ကို အားကိုးကြပါတယ်။ ညနေ နေရောင်ခြည်က ဗီတာမင်ဒီ ထုတ်လုပ်မှု အားနည်းတယ်လို့လည်း ပြောကြပါတယ်။

အချိန်ဘယ်လောက် နေပူဆာလှုံသင့်သလဲ ဆိုတာကတော့ အသားရောင်ပေါ် မူတည်ပါတယ်။ အသားမဲတဲ့သူတွေရဲ့ အရေပြားက ဗီတာမင်ဒီ ထုတ်လုပ်နိုင်မှု အားနည်းတဲ့အတွက် အသားဖြူတဲ့သူတွေထက် နေရောင်ခြည် ထိတွေ့မှု ပိုလိုအပ်ပါတယ်။ အသားဖြူတဲ့သူတွေ အချိန် ၁၅ မိနစ် နဲ့ တနေ့စာအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓါတ် လုံလောက်နိုင်ပေမယ့် အသားမဲတဲ့သူတွေကတော့ ၁ နာရီလောက် နေပူဆာလုံရပါတယ်။

အကယ်လို့များ နေရောင်ခြည်ကနေ လုံလောက်တဲ့ ဗီတာမင်ဒီတွေ မရခဲ့ဖူးဆိုရင်လည်း ဗီတာမင်ဒီဓါတ် ကြွယ်ဝတဲ့ အစားအသောက်တွေကို စားသောက်ပေးဖို့ လိုပါတယ်။ ကြက်ဥအနှစ်၊ တူနာငါး၊ ဆော်လမွန်ငါး၊ ငါးသေတ္တာငါးတွေမှာ ဗီတာမင်ဒီဓါတ် ပါပါတယ်။ နွားနို့၊ ပဲနို့၊ ဒိန်ချဉ်တွေမှာလည်း ဗီတာမင်ဒီ ပါပါတယ်။ အသီးအရည်မှာတော့ သဘာဝလိမ္မော်ရည်မှာ ဗီတာမင်ဒီ ပါပါတယ်။ အသီးအရွက်မှာတော့ မှိုကတော့ ဗီတာမင်ဒီဓါတ် များများပါပါတယ်။

အစားအသောက်ကနေ ဗီတာမင်ဒီ ရဖို့ မလွယ်ရင်တော့ ဗီတာမင်ဒီ အားဆေးတွေလည်း ရှိပါသေးတယ်။ အဲဒါကိုတော့ ဆေးစစ်ပြီးတဲ့အခါ လိုအပ်ချက်အရ ဆရာဝန်ကပဲ ညွှန်ကြားပေးပါလိမ့်မယ်။

လိုအပ်တဲ့ ဗီတာမင်ဒီကို လုံလောက်စွာ ရရှိနိုင်ကြဖို့ နေသာတဲ့အခါ နေပူဆာလှုံကြပါလို့ တိုက်တွန်းလိုပါတယ်။

Sunday, June 17, 2018

Save this World

ကိုယ်က ကုလားကား အကြည့်များတယ်။ တကူးတက ရှှာဖွေကြည့်တာထက်... စနေ တနင်္ဂနွေမှာ ကုလားတီဗွီလိုင်းက ပြတဲ့ ကားတွေကိုပဲ ကြည့်ဖြစ်တာ များပါတယ်။

တခါက ကြည့်ဖူးတဲ့ ကုလားကားမှာ မင်းသားက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ ကိစ္စမျိုးတွေမှာ တက်ကြွလှုပ်ရှားသူပေါ့။ သူနဲ့ သူ့ညီဝမ်းကွဲ (ဗီလိန်)တို့ ထိပ်တိုက်ရင်ဆိုင်တဲ့ အခန်းမှာ...
သူ့ညီက ပြောတာက... ဒီတောဒီတောင် ဒီပိုင်နက်ကို သူ့ယောက်ခမ ပိုင်တာ ဖြစ်လို့... စီးပွါးရေးအရ အကျိုးအမြတ်ရှိမယ့် ကိစ္စမှန်သမျှကို သူ လုပ်ချင်သလို လုပ်မယ်။ လာမတားနဲ့ မရဘူး... ဆိုတဲ့ သဘောမျိုး ပြောတယ်။

မင်းသားက ပြန်ပြောတယ်။ ဒီတောဒီတောင် ဒီသဘာဝပတ်ဝန်းကျင်ကို ဘယ်သူမှ မပိုင်ဘူး။ ငါတို့က ဧည့်သည်တွေ။ ဒီသဘာဝပတ်ဝန်းကျင်ရဲ့ ဧည့်သည်တွေ။ ငါတို့က ပိုင်ရှင် မဟုတ်ဘူး။ ဒီသဘာဝပတ်ဝန်းကျင်ကို ငါတို့လည်း မပိုင်သလို အနာဂတ်မှာ ရှိလာမယ့် လူသားတွေလည်း မပိုင်ဘူး။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို မပျက်မဆီးရလေအောင် သဘာဝအတိုင်းပဲ ရှိနေဖို့လိုတယ် ဆိုတာမျိုး ပြန်ပြောတယ်။

အဓိက ပြောချင်တာက... ကိုယ်တွေက ဧည့်သည်ပါ။ ဒီကမ္ဘာမြေကြီးက အိမ်ရှင်ပါ။ အိမ်ရှင်ကို ဧည့်သည်က မစော်ကားရဘူး ဆိုတာမျိုး ပြောကြဆိုကြတယ်။ အိမ်ရှင်ကို စော်ကားမိရင် ဧည့်သည်အဖို့ ရလဒ်ကောင်းတွေ ဖြစ်လာမှာ မဟုတ်ဘူးလေ။ အိမ်ရှင်ကို စော်ကားတဲ့ လုပ်ရပ်တွေ လုပ်မိကိုင်မိတဲ့အခါမှာ အိမ်ရှင်ရဲ့ တုံ့ပြန်မှုကို ဧည့်သည်တွေ ခါးစည်းခံရပြီပဲ။

ဘာရယ်တော့ မဟုတ်ပါဘူး။ ရေကြီးတာတွေ ရာသီဥတု ဖောက်ပြန်တာတွေကို မြင်ရကြားရသိရတော့ ဧည့်သည်ဖြစ်တဲ့ လူသားတွေဟာ အိမ်ရှင်ကမ္ဘာမြေကြီးအပေါ်မှာ စော်ကားထားတာ များနေပြီဆိုတာ သတိချပ်မိလို့ပါ။ တောတွေတောင်တွေ ပြောင်သလင်းခါကုန်ရင် ရေတွေကြီးတတ်တယ် ဆိုတာကို လက်တွေ့ မြင်ရလာပါပြီ။ သစ်တောသစ်ပင်တွေ မရှိတဲ့အခါ ရာသီဥတုကြီး ပူသထက် ပိုပူလာပါပြီ။

ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို တတ်နိုင်သလောက် ထိန်းသိမ်းကြပါလို့... သစ်တောသစ်ပင်တွေကို စောင့်ရှောက်ကြပါလို့... အထူး တိုက်တွန်းချင်ပါတယ်။

Tuesday, June 5, 2018

My Lovely Teachers

မနက်ပိုင်းမှာ အိပ်မက် မက်တယ်။ ကိုယ်က အလုပ်ကိစ္စနဲ့ ပုသိမ်ဘက်ကို ခရီးထွက်လာတာပေါ့။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ အလုပ်က ကိုယ့်အထက်အရာရှိ ဘွားတော်ကြီးနဲ့ တွေ့လို့ ပုသိမ်ကို ဘယ်လို သွားမလဲ လို့တောင် သူက မေးတယ်။ ကိုယ်က ဘယ်သွားသွား ကိုယ့်ပါးပါးက ကားမောင်းပြီး လိုက်ပို့ပေးတာလို့ ဖြေလိုက်တယ်။ (ဟိုးအရင်ကတည်းက ကိုယ်တွေ အလုပ်ကိစ္စ စာမေးပွဲကိစ္စနဲ့ ပတ်သက်ပြီး ဟိုဟိုဒီဒီ သွားရမယ်ဆိုရင် ပါးပါးက သူကိုယ်တိုင် ကားမောင်းပြီး လိုက်ပို့တတ်တာကို စိတ်စွဲတာ ဖြစ်မယ်။ စင်္ကာပူရုံးက လူတွေ ပုသိမ်ကို ဘာသွားလုပ်ဖို့လဲ ဆိုတာလည်း အိပ်မက်ထဲမှာ မပါဘူး။)

အဲဒီလက်ဖက်ရည်ဆိုင်နားမှာ တခြားဆိုင်တွေလည်း ရှိလို့ လှည့်ပတ်ကြည့်နေတုန်း စာသင်ကျောင်းတခုထဲကို ရောက်သွားတယ်။ ကျောင်းကတော့ ပျဉ်ကာ သွပ်မိုး မြေစိုက်ကျောင်းလေးပါ။ ကျောင်းဝင်းတံခါးကလည်း သစ်သားပျဉ်ချပ်တွေနဲ့ လုပ်ထားတဲ့ တံခါးပေါ့။ ကျောင်းခြံစည်းရိုးတွေကလည်း သစ်သားတိုင်တွေနဲ့ ကာထားတာ။ ကျောင်းဖွင့်ခါစ ဖြစ်လို့ အကြီးတွေက ငိုနေတဲ့ အငယ်တွေကို လက်ဆွဲပြီး ကျောင်းထဲ ခေါ်လာတာမျိုးတွေလည်း တွေ့ရတယ်။ တချို့ဆို ပွေ့ပိုက်ချီပြီး ကျောင်းခန်းထဲ ခေါ်လာတာလည်း မြင်ရတယ်။ (ဒါကတော့ သတင်းတွေမှာ မြန်မာပြည်က ကျောင်းဖွင့်ချိန် မြင်ကွင်းတွေကို မြင်ပြီး အိပ်မက်ထဲအထိ ပါလာတာ ဖြစ်မယ်။)

ဘယ်ကနေ ဘယ်လို ကိုယ်က ကျောင်းဝင်းထဲ ရောက်နေသလဲတော့ မသိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းဝင်းတံခါးကနေ ကိုယ်က ဝင်လာတာ မဟုတ်ဘူး။ ကျောင်းဝင်းတံခါးနားမှာ ကင်းတဲလိုမျိုး သစ်သားဆောင်လေးတခု ရှိတယ်။ အဲဒီိအဆောင်လေးထဲမှာ ဆရာမတွေ ရှိကြတယ်။ ကျောင်းရဲ့ ခြံထောင့်နားမှာလည်း စက္ကူပန်းပင်တွေ ရှိနေတယ်။ အဲဒီအောက်က သစ်သားခုံတန်းရှည်မှာလည်း ဆရာမတချို့ ထိုင်နေကြတယ်။

ကျောင်းဝင်းအဝကို ကိုယ်က လှမ်းကြည့်မိလိုက်တော့ ဆရာမတယောက်က ကိုယ့်ကို မြင်ပြီး အားရဝမ်းသာနဲ့ လက်ကြီး၂ ဘက်ကို ဘေးကို ဖွင့်ထားပြီး ပြေးလာတယ်။ ပြီးတော့ ကိုယ့်က ဖက်ထားလိုက်တယ်။ အဲဒါ ကိုယ်နေခဲ့တဲ့ အလယ်တန်းကျောင်းက ဆရာမ ဒေါ်နော်စာဖောပဲ။ ကရင်ဆရာမကြီးပေါ့။ ဆရာမက ကွမ်းစားတတ်လို့ သွားမှာ ကွမ်းဂျိုးတွေ ကပ်နေတာကို အထင်းသား မြင်ရနိုင်တဲ့အထိ ပါးစပ်ကြီး အားရပါးရ ဖွင့်ပြီး ရယ်ပြံုံးတတ်တဲ့ ဆရာမပါ။

ဆရာမက ကိုယ့်ကို ဖက်ထားတုန်း ကိုယ့်စိတ်ထဲမှာ ကိုယ်တွေရဲ့ ဆရာမ ဒေါ်ရွှေသန်းကို ဖြတ်ကနဲ သတိရမိသွားတယ်။ အဲဒါကို ဆရာမ ဒေါ်နောစာဖောကိုလည်း ပြောမိတယ်။ ဆရာမကို အခုလိုနေရမှာ မမျှော်လင့်ပဲ တွေ့တော့ ဆရာမဒေါ်ရွှေသန်းကို သတိရမိသွားတယ်လို့။ အဲဒီအခါ ဆရာမလည်း ငို... ကိုယ်လည်း ငိုကြတယ်။ ကိုယ်တွေ ငိုနေတာကို စာသင်ခန်းထဲက ဆရာမဒေါ်စန်းစန်းက လှမ်းကြည့်နေတယ်။ စက္ကူပန်းပင်အောက်က ခုံတန်းမှာ ထိုင်နေတဲ့ ဆရာမဒေါ်ကြည်ကြည်လွင်တို့လည်း လှမ်းကြည့်ကြတယ်။

အပြင်လောကမှာ ဆရာမ ဒေါ်ရွှေသန်းရော ဆရာမ ဒေါ်နောစာဖောရော မရှိကြတော့ပါဘူး။ ဆရာမ ဒေါ်ရွှေသန်းက အရင်ဆုံးတာပါ။ ဆရာမ ဒေါ်နောစာဖောကတော့ နောက်မှ ဆုံးတာပါ။ ဆုံးပါးသွားပြီ ဖြစ်တဲ့ ဆရာမ ၂ ယောက်ကို အိပ်မက်ထဲမှာ တွေ့မိ သတိရမိတာပါ။

အိပ်မက်ထဲမှာ မျက်ရည်တွေ အလုံးလိုက် ကျတဲ့အထိ ဝမ်းနည်းပက်လက် ငိုကြတယ်။ ဘယ်လောက်တောင် ငိုသလဲတော့ မသိဘူး။ အဲဒီ ငိုတဲ့အရှိန်နဲ့ အိပ်ယာက နိုးလာတယ်။ နိုးလာတာတောင် ရင်ထဲမှာ ငိုထားတဲ့အရှိန်က မသေသေးဘူး။ တငွေ့ငွေ့နဲ့ ကျန်နေသေးတယ်။

ပြောချင်တာက ကိုယ်တွေနေခဲ့တဲ့ အလယ်တန်းကျောင်းလေးက ဆရာ ဆရာမတွေကို ကိုယ်တွေ သိပ်ချစ်ကြောက်ရိုသေတာ ဘယ်လောက်ထိလဲ ဆိုတော့... အိပ်မက်ထဲမှာ မျက်ရည်အလုံးလိုက် ကျအောင် ငိုခဲ့ရတဲ့အထိ သံယောဇဉ်ကြိုးတွေ ခိုင်မြဲ ကြီးမားလွန်းလှတယ် ဆိုတာပါပဲ။ ကိုယ်တွေရဲ့ တောကျောင်းက ဆရာ ဆရာမတွေ သိပ်ချစ်ဖို့ ကောင်းတယ်။ ကိုယ်တွေအပေါ်မှာ ကျေးဇူးကြီးလှပါတယ်။

Sunday, April 22, 2018

The meaning of Entitlement

မနက်က တီဗွီအစီအစဉ်မှာ စင်္ကာပူမှာ လာဖွင့်ထားတဲ့ ဂျပန်ဆူရှီဆိုင်အကြောင်း ပြတယ်။ စားဖိုမှုးနဲ့ ငါးအပါအဝင် ကုန်ကြမ်းတွေက ဂျပန်ကပေါ့။ အမှတ်မထင် ထိုင်ကြည့်လိုက်ပေမယ့် စိတ်ဝင်စားစရာတွေ အများကြီးပါပဲ။

ဂျပန်မှာ ငါးအသားက အညိုအမဲ စွဲနေရင် စျေးကို ပြန်သွားပြီး ချက်ချင်း ပြန်လဲလို့ရတယ်။ အခု စင်္ကာပူမှာကတော့ ငါးက ဂျပန်ကနေ လာတာဖြစ်လို့ အသားလွှာလိုက်ရင် အသားမှာ အညိုအမဲ မစွဲတဲ့ ငါးတွေ ပါလာဖို့ပဲ ဆုတောင်းနေရတယ်တဲ့။ ဂျပန်မှာ အရာရာ အဆင်ပြေနေလို့ ဂရုစိုက်ဖို့ မလိုတဲ့ အသေးအမွှားတွေကို စင်္ကာပူမှာ ဂရုစိုက်နေရတဲ့အကြောင်း ပြောပြသွားတယ်။

နောက်တခုက သူ့အဖေက သူ့ကို ဘယ်လို လေ့ကျင့်ပေးတယ် ဆိုတဲ့အကြောင်းလေးကို အင်တာဗျူးထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။ သူ့အဖေက သူ့ကို အသက် ၁၄ နှစ်အရွယ်ထိ ဆူရှီဆိုင်ကို ဝင်လာဖို့ မပြောနဲ့ ချောင်းကြည့်ခွင့်တောင် မပေးခဲ့ဘူး။ စိတ်ဝင်စားမှု မလျှော့သွားရအောင် ဆိုင်ကို ပေးမကြည့်တဲ့ သဘောမျိုးပဲ။ မြင်ပါများရင် ငယ် နမ်းပါများရင် ပြယ် ဆိုတဲ့ သဘောတရားလိုမျိုး ဖြစ်မယ်။

သူ့အသက် ၁၄ နှစ်အရွယ် ရောက်မှ သူ့အဖေက ဆိုင်ထဲကို ပေးဝင်ပြီး အလုပ် စ လုပ်ခိုင်းတယ်။ အဲဒီမှာ သူ့အဖေ ပြောသွားတဲ့ စကားလေးကို သဘောကျမိတယ်။

လူငယ်တွေက ရပိုင်ခွင့် (entitlement) ကို နားလည်မှု လွဲနေကြတယ်။ အစစအရာရာကို သင်ပေးမှု တတ်မြောက်နိုင်တာ မဟုတ်ဘူး။ သူ့သားကို ဘာတခုမှ သင်ပေးဘူး။ ဓါးလည်း ပေးမကိုင်ဘူး။ ငါးလည်း မကိုင်ရဘူး။ ၂ နှစ်တိတိ ဆိုင်ထဲမှာ စားပွဲထိုးခိုင်းထားတယ်။ အဲဒီအချိန်မှာ ဆိုင်ထဲက စာဖိုးမှူးတွေ ဆူရှီီတွေကို ဘယ်လိုမျိုး ပြင်ဆင်သလဲ ငါးတွေကို ဘယ်လိုမျိုး အသားလွှာသလဲ ဆိုတာကို ဘေးကနေ ကြည့်ခိုင်းတယ်။ သူများတွေ လုပ်ပုံကိုင်ပုံကို အတုယူဖို့ အရေးကြီးတာကို နားလည်အောင် လုပ်ပေးတယ်။ ၂ နှစ် ပြီးတော့မှ ဓါးပေးကိုင်ပြီး လက်တွေ့ လုပ်ခိုင်းခဲ့တယ်တဲ့။

ရပိုင်ခွင့်တွေကို မကြည့်ပဲ အလုပ်ထဲကနေ ဘာတွေ လေ့လာသင်ယူလို့ ရသလဲ ဆိုတာတွေကိုလည်း ကြည့်သင့်ကြောင်းကို ဂျပန်အဖိုးကြီးက ပြောပြသွားတာ လိုုက်နာစရာ နမူနာယူစရာပါပဲ။