ညခင်းလေးတစ်ခုပါပဲ။ ဒါပေမယ့် ပြီးပြည့်စုံတယ်လို့ ညွှန်းဖွဲ့ဆိုလို့ မရပါဘူး။ ဘ၀ရဲ့ ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ ရယူပိုင်ဆိုင်တာတွေနဲ့အတူ စွန့်လွှတ် ပျောက်ကွယ်သွားတာတွေ ရှိစမြဲပါ။ ဒီလို ညခင်းတွေနဲ့ ကွဲကွာနေတာ ၂ နှစ်နီးပါး ရှိပါတော့မယ်။ ညခင်းက သူ့ဘာသာသူ တည်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီညခင်းက ကျွန်တော်နဲ့ ကံမဆုံလို့ တွဲမမိတာလေးပါ။ ကံဆုံအောင်လည်း ကျွန်တော် မကြိုးစားခဲ့ပါဘူး။
ဒီနိုင်ငံကို ရောက်လာတော့ လူနေမှုအဆင့်အတန်း မြင့်မားလာမှုနဲ့အတူ အထီးကျန်မှုတွေပါ တစ်ပါတည်း တွဲပါလာပါတယ်။ ပြောမနာ ဆိုမနာ သူငယ်ချင်း အများစုက မွေးရပ်မြေမှာ ကျန်နေခဲ့တယ်။ သူတို့ရဲ့ ဘ၀ပေး အခြေအနေနဲ့ ပညာရေးတွေကြောင့် ဒီကိုလာဖို့ဆိုတာ လတ်တလောအချိန်မှာ အိမ်မက်တစ်ခုပါပဲ။ ဒီကို တဖြည်းဖြည်း ရောက်လာတဲ့ သူငယ်ချင်းတွေ ရှိနေသလို ကိုယ့်ထက် နှစ်ကာလ အရင်စောပြီး ရောက်နှင့်နေတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။
သူငယ်ချင်းတွေ အသိမိတ်ဆွေတွေ အများကြီးရှိပေမယ့်လည်း ပြောမနာ ဆိုမနာ... ပိုးစိုးပတ်စက် ဆဲမနာ... အဆင့် သူငယ်ချင်းကတော့ ဘ၀မှာ အများကြီး မရှိသေးပါဘူး။ ပြောမနာ ဆိုမနာ ဆိုးတူကောင်းဖက် ဆိုတာ ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းမှ မဟုတ်ပါဘူး။ ဆယ်တန်းအောင်ပြီး သင်တန်းတွေ တက်ရင်း ခင်မင်ရင်းနှီးရာကနေတဆင့် ပြောမနာ ဆိုမနာ အဆင့်ကို ရောက်လာတဲ့ သူငယ်ချင်းမျိုးတွေလည်း ရှိပါတယ်။ တက္ကသိုလ်က သူငယ်ချင်းအချို့လည်း ပြောမနာ ဆိုမနာတွေပါ။
အရင်တုန်းက ညခင်းတွေမှာ ပြောမနာ ဆိုမနာအဆင့် သူငယ်ချင်း အထီးအမတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်ပါတယ်။ ကျူရှင်ဆင်းတဲ့အချိန်လည်း ဖြစ်တတ်သလို ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို တကူးတက သွားလည်ကြပြီး အနီးအနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီမှာ ဦးတည်ချက်မရှိ ရောက်တက်ရာရာကို ဗလွှတ်ရှလွှတ် ပြောကြဆိုကြတယ်။ အချစ်အကြောင်းတွေ စာအကြောင်းတွေလည်း ပေါ့ပေါ့ပါးပါး ပြောကြတယ်။ ပြောမနာ ဆိုမနာပါပဲ။
တခါတလေ ညခင်းမှာ အဲဒီသူငယ်ချင်းတွေနဲ့ ရွှေတိဂုံဘုရားကို အတူတူသွားကြပါတယ်။ ဘုရားရှိခိုး ၀တ်ပြုပြီး စောင်းတန်းတစ်ခုမှာ ထိုင်ပြီး ဘုရားဖူးတွေကို ဟိုဟိုဒီဒီ ငေးကြတယ်။ ကွဲပြားခြားနားတဲ့ လူနေမှုဘ၀တွေကို အဓိပ္ပါယ်ဖွင့်ကြတယ်။ ငြင်းကြခုန်ကြတယ်။ အနာဂတ်တွေကို စိတ်ကူးယဉ်ကြတယ်။ မကျေနပ်ချက်တွေကို အန်ထုတ်ကြတယ်။ ခံစားချက်တွေကို ရင်ဖွင့်ကြတယ်။ ပြောမနာ ဆိုမနာပဲပေါ့။
သို့ပေမယ့်လည်း ပြောမနာ ဆိုမနာ အဆင့်အထိ ရောက်လာပြီးမှ ဖောက်ပြန်သွားတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ တချို့က နာမည်ဂုဏ်သတင်းကြောင့် ဖောက်ပြန်သွားတယ်။ တချို့ကျတော့ ငွေရေးကြေးရေး လက်လွန်ကုန်ပြီး မျက်နှာပျက်ကုန်တယ်။ တချို့ကျတော့ စင်္ကာပူလို နေရာမျိုးကို မိဘဆွေမျိုး မောင်နှမတွေရဲ့ ကောင်းမှုနဲ့ စောစော ရောက်လာပြီးနောက် ရုတ်တရက် မာန်တက်သွားတာလား ဘ၀င်မြင့်သွားတာလား။ ဘာကြောင့်လဲဆိုတာ သေချာတော့ မသိပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက အရင်လို ပြောမနာ ဆိုမနာ သူငယ်ချင်း မဟုတ်တော့ပဲ နာတတ်တဲ့သူတွေ ဖြစ်ကုန်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့ကတော့ ဒီကိုရောက်နေတာ ၃ နှစ်ကျော်နေပြီဖြစ်တဲ့ သူငယ်ချင်းရယ်... အလုပ် စ၀င်တာ ၂ ပတ်ပဲ ရှိသေးတဲ့ သူငယ်ချင်းရယ်... ကျွန်တော်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ သူတို့က တကူးတက တွေ့ကြရအောင် စကားပြောကြရအောင် ချိန်းဆိုတာနဲ့ ဆုံဖြစ်ခဲ့တယ်။ ကျွန်တော် လုပ်အားပေးဝင်နေတဲ့ ဘူတာမှာ သူတို့ လာစောင့်ပါတယ်။ ပြီးတော့ စီတီးဟောဘူတာကနေ ဒူးရင်းသီးဘက်ကို လမ်းလျှောက် ထွက်လာခဲ့ကြတယ်။ လမ်းတစ်လျှောက် ဓါတ်ပုံတွေ ရိုက်ကြတာပေါ့။ အခု တင်ထားတဲ့ပုံလည်း အဲဒီနေ့က ရိုက်ခဲ့တာပေါ့ဗျာ။
နောက်ဆုံး စတည်းချတဲ့နေရာ... ငါးခြင်္သေ့ရုပ်တုအနား တံတားကြီးအောက်က စတားဘတ်ခ်ဆိုင်မှာ ည ၁၀ နာရီကျော်တဲ့အထိ ထိုင်ဖြစ်ခဲ့တယ်။ ရောက်တက်ရာရာတွေ ပြောဖြစ်တယ်။ ကျောင်းတုန်းက ငယ်ဘ၀တွေကို စားမြုံပြန်ကြတယ်။ မိုးလင်းပေါက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး အားလူးဖုတ်ခဲ့တဲ့ ပေပေတေတေ ဂျစ်ပစီ ဘ၀တွေကို ပြန်လည်တမ်းတ လွမ်းဆွေးကြတယ်။ အခုချိန်မှာ ဘ၀တွေခြားနေတဲ့ သူငယ်ချင်းတွေအကြောင်း ဆွေးနွေးဖြစ်တယ်။ တချို့ သူငယ်ချင်းတွေနဲ့ ပတ်သတ်ပြီး မကျေနပ်ချက်တွေကို ပေါက်ကွဲထုတ်ကြတယ်။ လက်ရှိအလုပ်အကြောင်း အချစ်အကြောင်း မိသားစုအကြောင်း စုံပလုံစိပေါ့။ ပြောမနာ ဆိုမနာလေးပါပဲ။
အဲဒီလို ပေါ့ပေါ့ပါးပါး ညခင်းမျိုး ကျွန်တော်အနားမှာ မရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။ စနေနေ့ကမှ ပြန်ရခဲ့တာပါ။ ဒါပေမယ့် လူမစုံပါဘူး။ မပြည့်စုံပါဘူး။ အရင်တုန်းက ဒီထက်မက လူစုံသလို ဒီထက်မက ပြောစရာတွေ များနေခဲ့ပါတယ်။ အခုတော့...

18 comments:
ဒီလိုမျိုးဘဝနဲ့ ရှင် သန်နေခဲ့တာ ကြာပါပြီ။
အဲဒီ ဘ၀လေးတွေ အမှတ် တရ ရှိနေပေးသေးတဲ့ အတွက် ပြောမပြနိုင်အောင် ၀မ်းသာမိပါတယ်...
ချစ်သူငယ်ချင်းတွေ ပျော်ရွှင်ကြပါစေ...
ဟို ၂ ကောင်ကိုလဲပြောလိုက်ပါ။ ငါ ခင်မင်လျက်ပါပဲ...
ဒီလို ညနေခင်းတွေ ပြန်ရဖို့ မျှော်လင့်နိုင်သေးပေမယ့် လူစုံဖို့ ကတော့ မမျှော်လင့်ရဲတော့ဘူး ၊ နေရာ အနှံ့မှာ ပြန့်နေကြပြီလေ..၊
JULY DREAM--ရေ--
ဓါတ်ပုံလေးမြင်ရတော့ စင်္ကာပူသွားချင်သား--
စင်္ကာပူမှာ မြန်မာလူမျိုးတွေ--အများသားနော်-
ပိုစ့်လေးဖတ်ကြည့်ပြီး ရွှေတိဂုံဘုရားကို သွား
ချင်လိုက်တာ--- ကျမတို့အိမ်က ရွှေတိဂုံနားမှာလေ---
နေ့တိုင်းလိုပဲ ဘုရားသွားဖြစ်တယ်---
မြန်မာပြည်ကို လွမ်းတယ်ရှင်---
ခင်မင်လျက်
ဘယ်လိုညနေခင်းမျိုးမှာပဲဖြစ်ဖြစ် ပေါ့ပါးပွင့်လင်းတဲ့ ညနေခင်းလေတွေကို ပဲ ကျနော် ပြန်ရချင်ပါတယ်။
သယ်ယင်းတွေကို လွမ်းသွားတယ် ...
ဟဲ့ July နင်ကမှ မြန်မာပြည်ကသူငယ်ချင်းနဲ့ စင်ကာပူထိတောင် လက်ဘက်ရည်ဆိုင်ထိုင် လေပေါနိုင်သေးတယ်။
လွမ်းတသသ နီးတကျက်ကျက်ဆိုတာနင်ပဲ။
ခင်ရာဆွေမျိုးပေါ့။ ရောက်တဲ့အရပ်မှာ ပျော်အောင်နေ။
ပြောမနာ ဆိုမနာ ကောင်းတယ်။ လွမ်းနာကျမနေနဲ့ ။
အသည်းမနာစေနဲ့ ။ နာ နာသာကြိုးစားထား။
အခွင့်သင့်တော့ ပြန်ဆုံမယ်။
ငယ်ငယ်တုန်းကသယ်ရင်းတွေဆိုတာတကယ့်ကိုကောင်း
တဲ့ သယ်ရင်းတွေပါ..ကြီးလာမှတွေ့ တဲ့ သူတွေနဲ့ 
ယှဉ်လို့ မရဘူး...ပြောမနာဆိုမနာ..အင်း..
ဟုတ်တယ်..သယ်ရင်းတွေပြန်လည်ဆုံဆည်းနိုင်ကြပါစေ
လို့ ဆုတောင်းပေးလိုက်ပါတယ်..:D
ဂျူလိုင်ရာ
အဲလိုပေါက်ကွဲချင်တာများ ခေါ်လိုက်ရောပေါ့။
တစ်ယောက်တည်းမဟုတ်ပါဘူး။ အားမငယ်နဲ့။
မခင်ဦးမေရေ...
ကိုယ်ချင်းစာပါတယ်။ ဒီလို ဘ၀မျိုးကိုတော့ သိပ်မခုံမင်လှဘူးဗျ။ အခြေအနေကြောင့် မတတ်သာလို့ နေရတဲ့ ဘ၀မျိုးပါ။
သုံးဖက်မြင် သောက်ရူးရေ...
ဟို ၂ ကောင်ကိုလည်း မင်းအကြောင်း ပြောပြထားပါတယ်။ မင်းသောက်လုပ် မင်းလုပ် ဆိုတာလေ။ နာဂစ်ပြီးတော့ မင်းကို တပ်ကြပ်ကြီး ပြောခဲ့တဲ့ စကားပေါ့။ နောက်တစ်ခုက ခင်ဗျားက ဂျပန်ကလား ဆိုတာ။ ငှဲငှဲ...
တူမလေး အလွမ်းပြေရေ...
ညခင်းတွေက နေ့တိုင်းရှိပေမယ့် အခုလို ညခင်းတွေကျတော့ ဖန်တီးယူရတယ်လေ။ လူစုံဖို့ကတော့ မမျှော်လင့်နိုင်တော့ပါဘူး။
မသက်ဇင်ရေ..
ရွှေတိဂုံဘုရားမှာ သူငယ်ချင်းတွေနဲ့ ထိုင်ရတဲ့ အရသာက တစ်မျိုးလေးဗျ။ အခြားနေရာတွေနဲ့ မတူဘူး။ တမူထူးခြား ကွဲပြားတယ်။ အစ်မ လွမ်းသလို ကျွန်တော်လည်း လွမ်းမိပါတယ်။
ဥပသကာကြီးရေ..
ပေါ့ပါးလွတ်လပ်တဲ့ ညခင်းတွေက အသက်တွေ ကြီးလာတာနဲ့အမျှ ပျောက်ဆုံးကုန်ပါပြီ။
မတူးတူးသာ...
သူငယ်ချင်းလား သယ်ယင်းလား ဟင်...? အယ်ဒီတာ ပေါက်စတော့ မဟုတ်ပါဘူး။ ဒီလိုပါပဲ အကျင့်က ပါနေတော့ ထောက်ပြဝေဖန်တာပါ။ အဟီး (စတာနော် အတည်)
ဂျူနို.. ခင်ဗျာ...
ဆုံးမ သြ၀ါဒတွေကို မှတ်သားထားပါတယ်။ ဒါနဲ့ နီးတသသ ဝေးတကျက်ကျက် ဖြစ်တယ် မဖြစ်ဘူးက ဘယ်လိုလုပ် သိတာလဲ ခင်ဗျ။ ကျွန်တော့်စာထဲမှာ အဲဒါလေးကို ထည့်မရေးထား သလိုပဲ။ မေးကြည့်တာပါ။ ဘာရယ်တော့ မဟုတ်ပါဘူး။
ချင်းမလေးရေ...
ငယ်တုန်းက သူငယ်ချင်း ကြီးမှ တွေ့တဲ့ သူငယ်ချင်း သိပ်တော့ မကွာပါဘူး။ အဓိက ခင်မင်မှုတွေ ဆက်ရှိနေဖို့ပါပဲ။ ညီမလေး ပေးတဲ့ ဆုတွေ ပြည့်ပါစေလို့ ပြောချင်သလို ကိုယ်ကလည်း ကြိုးစားယူရမှာကို ဆင်ခြင်မိပါတယ်။ သူတို့က လာတွေ့ပါလို့ ပြောပေမယ့် ကိုယ်က မသွားဖြစ်ရင် မတွေ့နိုင်ဘူးလေ။
တောင်ငူသားရေ...
ဘာမှ မပေါက်ကွဲထားဘူးကွယ်။ အားလည်း မငယ်ပါဘူးကွယ်။ အဲငှယ်...
လူမစုံတော့ပေမယ့် ဒီလိုပြန်ဆုံတာနိုင်တာကိုက ၀မ်းသာစရာပါဘဲ ကိုဂျူလိုင်ရေ။ ကျွန်တော်ဆို ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်နဲ့မှကို မဆုံဖြစ်ဘူး။
ဟုတ်တယ်ကိုဂျူလိုင်ရေ....ဒီလိုညနေခင်းလေးတွေကို တကူးတက ဖန်တီးယူလို့ ရပေမယ့် အရင်ကလို ပြောမနာ ဆိုမနာကောင်တွေ မစုံတော့ ရင်ထဲမှာ တခုခု လိုနေသလိုပါပဲဗျာ။ ဆဲသံဆူသံလေးတွေ ပြန်လွမ်းနေမိတယ်ဗျာ။
တစ်ခုခုကို ရယူနေလို့ တစ်ခုခုပြန်ပေးနေရတယ်လို့ အောင့်မေ့ကြည့်ပါလားအစ်ကိုရေ။ မပြည့်စုံခြင်းကိုက ဘ၀လို့ဖွင့်ဆိုရတာကိုး။
ဒီလိုပါပဲ ကိုဂျူလိုင်ရေ ..
သူငယ်ချင်းတွေနဲ့ အမြန်ဆုံး ပြန်လည်ပြီး
ညနေခင်းလေးတွေကို ဖြတ်သန်းနိုင်ပါစေဗျာ
မိုးမြင့်တိမ်ရေ...
ကျွန်တော်လည်း ကျောင်းက လူတွေနဲ့ မစုံဖြစ်ပါဘူး။ စုံစရာလည်း သိပ်မရှိလို့ပါ။ အကြောင်း မတိုက်ဆိုင်ကြဘူးလေ။
ကိုဇင်ယော်ရေ...
လူစုံဖို့ဆိုတာ အသက်တွေ ကြီးလာလေ ဝေးသွားလေပါပဲ။ ပြန်စုံရင်တောင် အရင်လို မပျော်နိုင်မယ့် အချိန်တွေ ရှိနေကြမှာပါ။
ဗေဒင်ဆရာလေးရေ...
အခုဟာက အဓိပ္ပါယ်ဖွင့်တာတော့ မဟုတ်သလို ငြီးနေတာလည်း မဟုတ်ပါဘူး။ ဘ၀ရဲ့ အခိုက်အတန့် ညခင်းအချိန်လေး တစ်ခုကို မှတ်တမ်းတင်တဲ့ သဘောလေးပါ။
ကိုမိုးသောက်ရေ...
ပေးတဲ့ဆုက ကောင်းပါတယ်။ ဒါပေမယ့် လူတွေက အသက်ကြီးလေ လောဘနောက်ကို လိုက်ရင်းနဲ့ ငယ်ဘ၀လို ဖြူဖြူစင်စင် ပျော်စရာအချိန်တွေကို ပြန်ကြုံဖို့ဆိုတာ သိပ်မလွယ်တော့ဘူး ခင်ဗျ။
Post a Comment