.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, October 9, 2008

Yaung Pay Suu

သျှောင်ပေစူး

တို့ငယ်ငယ်တုန်းအရွယ်
သျှောင်ပေစူးကလေးတွေနဲ့ကွယ်
ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်
ပြေးလွှားပျော်ပါးတယ်
သူငယ်ချင်း အပေါင်းအဖော်များနဲ့
ကောက်ရိုးပုံတွေကြား
တူပုန်းကစားကြတယ်။

တို့ငယ်ငယ်တုန်းအရွယ်
သျှောင်ပေစူးကလေးတွေနဲ့ကွယ်
ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်
ပြေးလွှားပျော်ပါးတယ်
သူငယ်ချင်း အပေါင်းအဖော်များနဲ့
ကောက်ရိုးပုံတွေကြား
တူပုန်းကစားကြတယ်။

ခင်ခင်မင်မင် ကြင်နာရှာတယ်
တို့များငယ်ငယ်
တစ်ယောက်နဲ့တစ်ယောက်
အပျောက်မခံကြဘဲ တတွဲတွဲနဲ့ကွယ်။

အလည်လွန်ခါ အိမ်ကိုပြန်ရင်
အမေကဆူတယ်
ကြိမ်းမောင်းလို့ အရိုက်ခံထိလည်း
အတွဲမပျက်ကြတယ်။

ရွာဦးက ဆရာတော်ကျောင်းဝယ်
တို့အပေါင်းအဖော် ရောင်းရင်းတွေ
တစ်ချီတစ်မောင်း သွားလို့ကွယ်
ကျောင်းဘုံပေါ်ဝယ် ခိုတွေဖမ်းလို့
ခါးပိုက်ဆောင်မှာ လွယ်
ဆရာတော်မိရင် အဆော်ခံထိမှာ
စိုးတယ် စိုးတယ်
ဖ၀ါးနဲ့တင်ပါး တစ်သားထဲပြေးကြတယ်။

ငယ်ငယ်တုန်းက တို့ဘ၀အရွယ်
ပျော်စရာကောင်းလို့ အောက်မေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့
ဆုတောင်းပါတယ်။
တစ်နယ်တစ်ကျေး အဝေးကကွယ်
အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ်ရေး
မအေးကြတယ်။

အရင်ကဆို ပျော်ပျော်ရွှင်ရွှင်
ချစ်ချစ်ခင်ခင် တို့တစ်တွေမယ်
ပြေးလွှား ကစားလို့ကွယ်
အပူအပင် ဝေးခဲ့လေတယ်။

အရင်ကဆို ပျော်ပျော်ရွှင်ရွှင်
ချစ်ချစ်ခင်ခင် တို့တစ်တွေမယ်
ပြေးလွှားကစားလို့ကွယ်
အပူအပင်ဝေးခဲ့လေတယ်။

ဘ၀ဆိုတာ နားမလည်
အသိတရားတွေက မကြွယ်
အခုများဖြင့် ကိုယ်စီကိုယ်စီ
ကြင်ဖော်အသွယ်သွယ်
သားရယ် သမီးရယ်
သောကမီးနွယ် လောကကြီးအလယ်
ဘ၀တိုက်ပွဲ အနိုင်နွှဲကြတယ်။

ငယ်ငယ်တုန်းက တို့ဘ၀အရွယ်
ပျော်စရာကောင်းလို့ အောက်မေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့
ဆုတောင်းပါတယ်။
တစ်နယ်တစ်ကျေး အဝေးကကွယ်
အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ်ရေး
မအေးကြတယ်။

ငယ်ငယ်တုန်းက တို့ဘ၀အရွယ်
ပျော်စရာကောင်းလို့ အောက်မေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့
ဆုတောင်းပါတယ်။
တစ်နယ်တစ်ကျေး အဝေးကကွယ်
အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ်ရေး
မအေးကြတယ်။

တေးရေး တေးဆို အကော်ဒီယံအုန်းကျော်ပါ။ ကျွန်တော် သူ့သီချင်းတွေကို အများကြီး နားမထောင်ခဲ့ပေမယ့် သျှောင်ပေစူး သီချင်းလေးကိုတော့ နားထဲစွဲပြီး အတော်လေး မှတ်မိနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလယ်တန်း ကျောင်းသားဘ၀တုန်းက ကျောင်းကပွဲတစ်ခုမှာ အဲဒီသီချင်းကို သူငယ်ချင်းတွေ တေးသရုပ်ဖော် ကခဲ့တာကို မှတ်မိနေတာကြောင့်ပါ။

တေးသရုပ်ဖော်မှာပါတဲ့ သူငယ်ချင်းတွေ သနပ်ခါးပါးကွက်တွေ ကွက်၊ ဆံပင်တွေကို သားရေကွင်းလေးနဲ့ ချည်ပြီး သျှောင်ပေစူးဖြစ်အောင် လုပ်၊ ပြီးရင် ကျောင်းစိမ်းပုဆိုးတွေကို ကွင်းသိုင်းပြီး ကခဲ့ကြတာပေါ့။ အဲဒီတုန်းက ကတဲ့လူ ၁၀ ယောက်လောက် ရှိမယ်။ အတော်လေး ကြည့်လို့ ကောင်းတယ်။ ပျော်ဖို့လည်း ကောင်းတယ်။ ကျောင်းမှာ ဦးရွှေရိုးအက အတော်လေး ကောင်းတဲ့ သူငယ်ချင်းလည်း ရှိတယ်။ သူလည်း အဲဒီပွဲမှာ ဦးရွှေရိုး ဒေါ်မိုး အကနဲ့ ကပြခဲ့သေးတယ်။ နောက်ဆုံးပြီးခါနီးမှာ မျက်စိမှုန်မှုန်နဲ့ ကိုယ့်ပုဆိုးစကို ကိုယ့်ဘာသာတက်နင်းမိပြီး စင်ပေါ်မှာ မှောက်ထိုးလဲခဲ့တော့ အတော်ကို ရီခဲ့ရတယ်။

ကျွန်တော်နေခဲ့တဲ့ ကျောင်းက ရန်ကုန်မြို့ပေါ်မှာသာ ရှိပေမယ့် အတော်လေးကို ဆင်းရဲပါတယ်။ ဓနိမိုး ထရံကာ ကျောင်းလေးပါ။ ကြမ်းကတော့ မြေကြီးပါ။ ကျောင်းသား အများစုကလည်း လှိုင်မြစ်တစ်ဖက်ကမ်း ရွာတွေကနေ လာတက်ရတာပါ။ တချို့ကျတော့ ၀န်ထမ်း သားသမီးတွေပါ။ တချို့ကျတော့ ပုစွန်ခေါင်းချိုး ပုစွန်ဆီထုတ်တဲ့ အလုပ်တွေ လုပ်တဲ့ မိသားစုကနေ ဆင်းသက်လာတာပါ။ ခြုံကြည့်ရင် တစ်ကျောင်းလုံး ဆင်းရဲပါတယ်။ ဆရာ ဆရာမတွေကတော့ တကယ်တော်ရှာပါတယ်။ တပည့်မရှား တစ်ပြားမရှိ ပီတိကို စားတဲ့ တကယ့်ဆရာတွေပါ။ ကျူရှင်ဆိုတာ ဘာမှန်းမသိခဲ့ရတဲ့ ကျောင်းလေးကနေ တဖြည်းဖြည်း ကြီးပြင်းလာရတဲ့ ကျွန်တော်အဖို့ ဆယ်တန်းမှာ နွေရာသီကတည်းက ကျူရှင်တွေ ကြိုတက်ရမယ်ဆိုတာကို မသိခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ငယ်စဉ်ကလေးဘ၀မှာ သျှောင်ပေစူးနဲ့ ကျောင်းတက်တဲ့ သူငယ်ချင်းတွေ ရှိခဲ့ဖူးပါတယ်။ အတန်းကြီးကို ရောက်ခဲ့တော့လည်း အတန်းငယ်မူလတန်းပိုင်းက ကျောင်းသားကျောင်းသူအချို့ သျှောင်ပေစူးလေးတွေနဲ့ ရှိနေတုန်းပါပဲ။ ဆင်းရဲတဲ့ကျောင်းပီပီ ပကာသနတွေ သိပ်မရှိပါဘူး။ အ၀တ်အစားတွေလည်း နွမ်းလျပါတယ်။ အားလုံးနီးပါး ဆိုးပေလေးတွေပါပဲ။ ကစားချိန်မှာ အသေအကြေ ကစားကြတာပေါ့။ အရွယ်တွေ ရောက်လာလို့ ရန်တွေဖြစ်ရင်လည်း အကွဲအပြဲ တီးကြတာပေါ့။ တခါတုန်းကဆို ကျောင်းနားမှာ လာစောင့်နေတဲ့ တခြားကောင်တွေနဲ့ ချတုန်းကဆို ကျောင်းအုပ်ဆရာကြီးတောင် တုတ်ဆွဲပြီး သူ့ကျောင်းသားတွေဘက်က ၀င်ရိုက်ပေးသေးတယ်။ ကိစ္စအားလုံးပြီးမှ ကျောင်းက ဆိုးပေတွေကို ကျောင်းရှေ့ကွင်းထဲမှာ ကြိမ်လုံးနဲ့ ဆော်ပလော်တီးတာ။ ကျောင်းက သူငယ်ချင်း ဆိုးပေတွေကလည်း ဆရာကြီးကို ချစ်ကြောက်ရိုသေပါတယ်။ အဲဒီဆိုးပေတွေ သိပ်ချစ်ကြတဲ့ ဆရာကြီး အခုတော့ မရှိရှာတော့ပါဘူး။

အခုတော့ ကျောင်းတုန်းက သူငယ်ချင်းတွေလည်း အိမ်ထောင်ကျတဲ့လူလည်း ကျကုန်ပါပြီ။ တချို့တွေများ အိမ်ထောင်ကျတောင် တစ်ဆက်တည်းမဟုတ်ဘူး အိမ်ထောင်သုံးဆက်တောင် ကျပြီးပြီ။ ကိုယ်တွေများတော့ သူတို့လို့ အိမ်ထောင်တစ်ဆက်ကျဖို့ မပြောနဲ့ အဲဒီဘက်အခြမ်းမှာ ဘာတစ်ခုမှကို အဖြစ်မရှိသေးဘူး။ သေတဲ့လူလည်း သေကုန်ပါပြီ။ အရက်တွေ ဆေးလိပ်တွေ သောက်လွန်းတာကိုး။ ကျောင်းဆရာမ လုပ်နေတဲ့ သူငယ်ချင်းတွေတော့ ဘယ်ဒေသတွေမှာ ရောက်နေလဲဆိုတာ သတင်းအစအနတောင် မကြားရတော့ဘူး။ ၀န်ထမ်းလုပ်နေတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ အပူပိုင်းဒေသတစ်ခုမှာ တာဝန်ထမ်းဆောင်နေရင်း မျက်လုံးကွယ်သွားတယ်လို့ ကြားမိလိုက်သေးတယ်။

ဘ၀တိုက်ပွဲတွေ ဆင်နွှဲနေရင်း အခုတော့လည်း တစ်နယ်တစ်ကျေး အဝေးကပဲ သတိရ ဆွေးရတာပေါ့ဗျာ။

6 comments:

မသက်ဇင် said...

လာလည်ပါတယ်ရှင်---
စာဖတ်ရင်း သတိရမိတယ်လေ---အမေနဲ့အဒေါ် ရန်ဖြစ်ရင်--အမေဘက်ကပါတယ်ပေါ့ သွေး
အရင်းကြီးကိုး--နောက်တခါ အဒေါ်နဲ့ တစိမ်းနဲ့
ရန်ဖြစ်ပြန်တော့---အဒေါ်ဘက်က ပါပြန်တယ်--တစိမ်းနဲ့ယှဉ်တော့ အဒေါ်က သွေးသားလေ---။

အတန်းပညာ--အသိပညာကြွယ်ဝလာတော့---
အကျိုးမဲ့ရန်ဖြစ်တာမြင်ရင် ဝင်မပါတော့ဘူး---

မိမိအမျိုးဘာသာ-- သာသနာနဲ့ တိုင်းပြည်အတွက်ဆိုရင်---
စော်ကားလာသည့်
အခြားနိုင်ငံခြားသားတွေ ဖြစ်လို့ကတော့----ဆိုတဲ့အတွေးတွေလည်း ဝင်လာခဲ့ပေါ့ရှင်-----

puluque said...

ဘရားသားရေ.. ဒီသီချင်းလေးနဲ့ ကျတော်လဲ ငယ်ငယ်က တေးသရုပ်ဖော်ကဖူးတယ်ဗျ. ငယ်ငယ် တုန်းက ကလေးဘ၀ကို ပြန်တမ်းတမိတာပေါ့။

ဖားကြီး said...

ဟုတ်ပါ့ဗျာ... ကျွန်တော်လည်း ကဖူးတယ်ဆိုရင် လူတွေများနေပြီလား မသိ :-)

GreenGirl said...

သတိရသွားပြီ :(

JulyDream said...

မသက်ဇင်ရေ...
ဒီလိုပါပဲ။ သွေးက စကားပြောပါတယ်။

ပုလုကွေးရေ...
သျှောင်ပေစူး ကခဲ့ဖူးတယ် ဆိုတော့ တစ်ခါလောက် ပြန်ကပြပါလား ခင်ဗျ။

ကိုဖားကြီးရေ...
ကိုပုလုကွေးနဲ့ တွဲပြီး တေးသရုပ်ဖော် တစ်ပွဲလောက် ကကြရအောင်။

မအစိမ်းရောင်ရေ...
ဘာတွေကို သတိရသွားတာလား ခင်ဗျ။

tututha said...

သျှောင်ပေစူးကို ဖတ်ရင်း အထက်တန်းကျောင်းကို အရမ်းလွမ်းသွားတယ်။ ၇ တန်းတုန်းက သူငယ်ချင်းကောင်လေးတွေ အဲဒီသီချင်းနဲ့ ကတာလေ။ အဲဒီထဲက တယောက်ကတော့ လောကကြီးထဲက ထွက်ခွာသွားရပြီ။ သီချင်းကိုကြိုက်လွန်းလို့ အလွတ်ကျက်ထားပေမယ့် အလယ်က ၁ ပိုဒ် ၂ ပိုဒ် မေ့နေတာ။ ကိုဂျူလိုင့်ကျေးဇူးကြောင့် ပြန်သတိရပြီ။ ကျေးဇူးပါ။