ရန်ကုန်နည်းပညာတက္ကသိုလ်က နောက်အဆုံးအသုတ်တွေရဲ့ ဘွဲ့နှင်းသဘင်ကျင်းပမယ့် နေ့ရက်တွေကို သတင်းစာမှာ ကြေညာတော့ မာမားက မေးတယ်... ဘွဲ့တက်ယူမှာလား တဲ့။ အဲဒါက ထပ်ပြီး မေးတဲ့စကားပါ။ သတင်းစာမှာ ကြေညာချက် မပါခင်ကတည်းက အဲဒီမေးခွန်းကို မကြာခဏ မေးဖူးပါတယ်။ မိသားစုမှာ ကျွန်တော်က သားဦးဆိုတော့လည်း မိဘတွေအနေနဲ့က ဘွဲ့နှင်းသဘင် တက်ချင်တာပေါ့။ နောက်ဆုံးနှစ် စာမေးပွဲကို အောင်တာကလည်း ထိပ်ဆုံး ၁၀ ယောက်ထဲကနေ အောင်ထားတာကိုး။ ကြွားတာတော့ မဟုတ်ပါဘူး။ ဆိုလိုချင်တာက ဖြစ်သလို အောင်လာခဲ့တဲ့သူ မဟုတ်ကြောင်း အသားပေး သိစေချင်တာပါ။ ဒါပေမယ့် ဘယ်အချိန်မေးမေး အဖြေက တစ်ခုတည်းပါ။ ဟင့်အင်း... မယူပါဘူး။
ငယ်ငယ်ကတည်းက အင်ဂျင်နီယာကြီးဖြစ်ချင်တယ်။ အဲဒီတိုင်လုံးကြီးတွေနဲ့ ကျောင်းကြီးကို တက်ချင်တယ်။ အဲဒါပဲ သိတယ်။ ဆရာညီညီ(ဓါတု) မှာ ဆယ်တန်းကျူရှင် တက်တော့ ဆရာက စက်မှုဝင်ချင်တဲ့လူတွေ တစ်ဘာသာကို ပျဉ်းမျှ အမှတ် ၇၀ ကျော် ရမှဖြစ်မယ်ဆိုလို့ ဘာသာစုံကို အမှတ် ၇၀ ကျော်လေးတွေ ဖြစ်အောင် ဖြေခဲ့ရတဲ့ ဆယ်တန်းကျောင်းသား ဘ၀ကလည်း အမှတ်တရပါပဲ။ ၀ိုင်တီယူ ကျောင်းဝင်ခွင့်ရတဲ့ အမည်စာရင်းကို ကြို့ကုန်းကျောင်းဝင်းကြီးထဲက ပင်မကျောင်းဆောင်ကြီးမှာ ကြေညာတော့ အမည်စာရင်းရဲ့ အလယ်နားမှာ ကျွန်တော်အမည်လေး တွေ့လိုက်ရတော့ စက်မှုကျောင်းသား ဖြစ်ပြီဟေ့ဆိုပြီး ကြည်ကြည်နူးနူး လက်ခမောင်းခတ်ခဲ့သေးတယ်။ ဒီလိုနဲ့ပဲ ၀ိုင်တီယူကို ကျွန်တော် ရောက်ခဲ့တာပေါ့။
ဒါပေမယ့် တကယ်တမ်း ကျောင်းတက်ရတော့... သန်လျှင်ဂျီတီစီ သီဟိုဠ်တောမှာ။ ပထမနှစ် ဒုတိယနှစ် ဂျီတီစီမှာ ဧည့်သည်ကျောင်းသားတွေဖြစ်တဲ့ ၀ိုင်တီယူကျောင်းတော်သား ကျွန်တော်တို့ ဘေးမဲ့ပေးခံရတယ်။ စိတ်ကူးထဲက ဂျီဟောတို့ ဦးလူပေါဂိတ်တို့ နွေအေး ကန်သာယာ မေတ္တာပေါင်းကူးတို့ ဘယ်မှာလဲ။ အခုတော့ ကျောင်းတစ်ခါ သွားဖို့အရေး မနက်စောစော အိပ်ရထပြီး သန်လျှင် လိုင်းကားကို တွယ်စီးရတာနဲ့ လူလည်း ယိုင်တိုင်တိုင်။ သောင်းပြောင်းထွေလာ ဆိုတာ ဒါမျိုးနေမှာပါ။
ကျောင်းကို အဝေးမှာ ထားလို့ စာကိုများ တင်းပြည့်ကျပ်ပြည့်များ အဆင့်အတန်း မှီမှီ သင်ရမလားဆိုတော့ စာသင်ကာလက တစ်တန်းကို ၄ လတဲ့ဗျာ။ ပြက္ခဒိန် တစ်နှစ်မှာ စာသင်နှစ်က ၂ နှစ်ပေါ့။ ဂျီတီစီမှာ သင်ပြခဲ့တဲ့ ဆရာအချို့ကတော့ အသင်အပြ ကောင်းသလို စေတနာလည်း ပါကြပါတယ်။ ဒါပေမယ့်ဗျာ တစ်နှစ်စာ သင်ရိုးတွေကို ၄ လနဲ့ အပြီးသင်ပြနိုင်တဲ့ ဆရာတွေ ရှိရင်တောင် ဒီက ကောင်တွေက ဘယ်လို ဦးနှောက်မျိုးနဲ့ စာတွေကို ထုံးလိုချေ ရေလိုနှောက်နိုင်မလဲဗျ။ ဒီလိုနဲ့ ၆ နှစ်စာ သင်ရိုးကို ၃ နှစ်နဲ့ အပြီးသင် အပြီးဖြေ ကမ္ဘာ့မှာ အပင်ပန်းဆုံး အကြိုးစားဆုံး ကျောင်းသားတွေအဖြစ် ကျွန်တော်တို့ စက်မှုကျောင်းသားတွေ စံချိန်တင် မှတ်တမ်းဝင်ခဲ့ကြတယ်လေ။ နောက်ဆုံးမျိုးဆက် ဖြစ်တဲ့အတွက် စာမေးပွဲမှာ ကျခဲ့ရင် နောက်မှာ တက်စရာ အတန်းမရှိတဲ့အတွက် မဖြစ်မနေ အောင်အောင် ကြိုးစားရပါတယ်။ ဒီလိုနဲ့ပဲ ဖုတ်လိုက်ဖုတ်လိုက် အင်ဂျင်နီယာ ပညာရေးမှာ တရွတ်တိုက် လိုက်ခဲ့ရတာပေါ့။ မှားပါတယ် ကိုသောင်းရယ်။
ဒီိလိုနဲ့ နောက်ဆုံးနှစ်ရောက်ပြီး စာမေးပွဲတွေ အောင်တော့ သူငယ်ချင်းအချို့ အောင်စာရင်းမှာ ပါမလာကြဘူး။ မေဂျာအစုံကပါပဲ။ ဒီလူတွေ ဒီလောက် စာကြိုးစားပြီး ကျောင်းမှန်မှန်တက်တာ ကျစရာအကြောင်း လုံးဝ မရှိပါဘူး။ ကျောင်းလခလည်း ပုံမှန်ပေးခဲ့ပါရဲ့နဲ့ ဘာကြောင့်များ အောင်စာရင်းမှာ မဖော်ပြတာလဲ။ ကွန်ပျူတာ စာစီတဲ့သူများ မတော်တဆ ကျန်ခဲ့တာလားပေါ့။ နောက်ဆုံးမှာ အဖြေထွက်လာတာက... သူတို့တွေက နိုင်ငံသား မဟုတ်တဲ့အတွက် ဘွဲ့မပေးနိုင်ဘူးလို့ ၀န်ကြီးရုံးက အမိန့်ထုတ်လိုက်တယ်တဲ့။ ဟား ဟား ဟား....
အရမ်းရီရတယ်ဗျာ။ လွှတ်ကောင်းပဲ။ ကျောင်းဝင်ခွင့် လျှောက်ထားကတည်းက မစစ်ဆေးပဲ ၀င်ခွင့်တွေ ပေးခဲ့။ နောက် ကျောင်းအပ်တော့လည်း လက်ခံတယ်။ စာသင်နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် အောင်မြင်လာပြီး နောက်ဆုံးနှစ်အထိ ရောက်လာတာတောင် နိုင်ငံသား ဟုတ်မဟုတ် ဘာတစ်ခုမှ မစစ်ဆေးခဲ့ဘူး။ အခုတော့ အင်ဂျင်နီယာ နောက်ဆုံးနှစ် စာမေးပွဲကို အောင်မြင်ပြီးကာမှ နိုင်ငံသား ဟုတ်မဟုတ် ပြန်စစ်ပြီး ဘွဲ့ပေးလို့ မရဘူးတဲ့ဗျာ။ အဲဒါနဲ့ပဲ တကယ်တော်ပြီး တကယ်ကို အင်ဂျင်နီယာဖြစ်ချင်ခဲ့တဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေ ဘွဲ့မရလိုက်ပါဘူး။ ငယ်ဘ၀ အိပ်မက်တွေကို ရိုက်ချိုးပစ်လိုက်သလိုပဲ။
သားသမီးချင်း ကိုယ်ချင်းစာပါတို့... ကုန်ခဲ့တဲ့ အချိန်တွေ ငွေတွေကို နှမြောကြပါတို့... ဘာတို့ ညာတို့ ပြောရင်လည်း နွားကို ပလာတာ ကျွေးသလို... ကျွဲပါးစောင်းတီး ဒင်ဒေါင်ဒင်ဒေါင်ပဲ ဖြစ်မှာပါ။ အဲဒီတော့ ပြောမနေတော့ပါဘူး။ ဒီတော့ ဘာလုပ်စရာ ရှိလဲ??? ဒင်းတို့ပေးတဲ့ဘွဲ့ တက်မယူဘူးပေါ့ကွယ်။ ကိုယ်တွေ ၆ နှစ်စာကို ၃ နှစ်နဲ့ အပြီး ကုန်းရုန်းကြိုးစားခဲ့ရတာကို ဒင်းတို့မှ တန်ဖိုးမထားတာ ဒင်းတို့ ပေးတဲ့ဘွဲ့လည်း ဘာလုပ်ရမလဲ။ ချီးကုန်းစက္ကူတစ်စောင်ထက် ပိုပြီးတန်ဖိုး မရှိပါဘူး။ ရှင်းရှင်းလေးပဲပေါ့။
ဒီလိုနဲ့ ကျွန်တော်တို့ ယောကျာ်းလေးတစ်ဖွဲ့ ဘွဲ့တက်မယူခဲ့ကြပါဘူး။ အီးစီမေဂျာက သူငယ်ချင်းတွေနဲ့ပေါ့။ ဒါကြောင့် ဘွဲ့ဘယ်လို ယူလဲဆိုတာ ကျွန်တော် မသိသလို အဓိပတိလမ်းပေါ်က ဘွဲ့နှင်းဘဘင်ထဲကိုလည်း တစ်ခါမှ မရောက်ခဲ့ပါဘူး။ ဒီဘ၀ ဒီမျှပါပဲ။ သာဓု သာဓု သာဓု...
21 comments:
ပထမဆုံးကွန့်မန့်ပေးခွင့်ရပြီဗျို့ ။ ဟုတ်ပါ့ဗျာ.... ပြောရရင် စိတ်နာစရာတွေကလည်း အများသား၊ မှော်ဘီလည်း ထိုနည်းလည်းကောင်း
စုကတော့ ဘွဲ့တက်ယူခဲ့တယ်။ အိမ်က တစ်ယောက်မှ မပါဘူး။ ကိုယ့်ဘာကိုယ် တက်ယူတာ။ အဖေက ၀င်ပို့ပေးပြိး အလုပ်ကို ဆက်သွားတာပဲ။ တကယ်တော့ ဘာမှလည်း မဟုတ်ပါဘူး။ ဟိုကြည့်ဒီကြည့် အုန်းဝုန်းဆိုပြီး ဆိုင်းဝိုင်းကြီးတီးရင် နားခဏပိတ်ထားပြီး သည်းခံ၊
ပြီးတော့ ပက်ကျိနှုန်းနဲ့ တက်ယူ၊ ပြီး ပြန်ဆင်း၊ ပြီးတော့ ပင်ပန်းငြောင်းငြာ အိပ်ရေးမ၀တဲ့ မျက်တွင်းဟောက်ပက်နဲ့ အကြောဆွဲနေသလိုလို မျက်နှာပေးလုပ်ပြီး အ၀ကဓာတ်ပုံရိုက်နေတဲ့နေရာမှာ ရယ်ပြပြီးရင် ပြိးရော။ ခန်းမ အပြင်လည်း ရောက်ရော သရဲဝိုင်းခြောက်သလား အောက်မေ့ရအောင် လူတွေက ကြောင်ချီးရုပ်တွေ၊ ဘယ်သူမှလည်း တစ်ယောက်နဲ့ တစ်ယောက် မမှတ်မိကြဘူး။ အမေတွေကလည်း သမီးတွေနဲ့ အပြိုင် ကဲထားလိုက်ကြတာ.. နောက်ဆုံးနေ့ လိမ်းပေးထားတာ ကျနေတာပဲ
ဟီး :D ...
အဲတာ ကိုယ်တွေ့ ဖြစ်ရပ်မှန်။
အကုန်လည်း ပြီး သူများတွေလည်း ဓာတ်ပုံရိုက်လို့ဝရော ၀တ်ရုံကြီး ပြန်အပ်တဲ့ဆိုင်ကို သွားအပ်၊ အင်္ကျီလဲ ၇န်ကုန်မြို့ထဲပတ်၊ အမ်သရီးသွား မိုက်ခဲပြီးမှ ပြန်ခဲ့တယ်။ အိမ်ကလည်း ဘယ်သူမှ မနက်ကတည်းက ပါမလာတော့ အတော်ပဲ.. ဟဲ.. :P
တော်တော်ရင်နာစရာကောင်းတာပဲဗျာ။ နောက်ဆုံးနှစ်အောင်ပြီးမှ ဘွဲ့မပေးဘူးဆိုတာ ခုမှသိရတော့တယ်။ ကျောင်းနဲ့လဲ အလှမ်းကွာသွားတာကိုး။ မိုက်ရိုင်းချက်က ကမ်းကုန်ကိုးဗျ။
အစ်ကိုတို့လုပ်ရပ် လုံးဝမှန်ပါ၏ ဖြစ်နိုင်ရင် ဘွဲ့နှင်းသဘင်ကို ခဲနဲ့ပါ ထုသင့်ပါသည်။ ဘွဲ့မယူမီထိုင်ရသည့် ထိုင်ခုံများကို ခွေးလှေးယားသီးများ ပွတ်ထားသင့်ပါသည်။
That Nga Thaung is a sucker and so are his bosses and colleagues.
မင်္ဂလာပါ ကိုဂျူလိုင်
မျှော်လင့်ခြင်း တစ်ခု ပျောက်ဆုံးခဲ့ရတာပေါ့.။ စိတ်မကောင်းပါဘူး။
သူ မပေးရင်လည်း မယူနဲ့ပေါ့။ သူတို့က လူမှ မဟုတ်တာ၊ လုပြီး လူးနေတဲ့သူတွေလေ။
ရွှင်လန်းချမ်းမြေ့ပါစေ...
ကိုယ်ချင်းစာပါ၏
မလုပ်သင့်တဲ့ လုပ်၇ပ်
ရိုက်ချိုးခံလိုက်၇ပေမဲ့.. တိုးတက်အောင် လုပ်နိုင်ခဲ့တာ
ချီကျူးပါ၏
ကျုပ်တို့လည်း GTI ကျောင်း သံတိုင်ကြားက လက်မှတ်ပေးတဲ့စနစ်ကို အပီအပြင် တိုက်ခိုက်ခဲ့ကြတဲ့ထဲ ထိပ်ဆုံးပေါ့။ တကယ်လည်း အခန်းအနားနဲ့ ပေးရော ၇ ရက်သားသမီး သယ်ယင်း တဖွဲ့လုံး လုံးဝသွားမယူဘူး။ ဂုဏ်ယူလိုက်ပါ ဂျူလိုင်ရာ။
အကိုရေ ဒီကောင်တွေ က ဒီလိုပါပဲဗျာ.. စိတ်လျှော့လိုက်ပါဗျာ.. ကျနော်တုန်းကဆိုလဲ ဒီလိုပါပဲ အထက်လူကြီးက မကောင်းပါဘူးဆို အောက်က ဘာမဟုတ်တဲ့ ရုံးစာရေးတွေကလဲ တမျိုး ကောင်းလိုက်တဲ့ ပညာသင်စနစ်လေ...
“ဟုတ်တယ် ၀ိုင်တီယူ က အစ်ကိုတွေတော်ကြတာ ။ မောင်သောင်းကို ကြည့်မရတာတော့ တူနေပြီး ဗိုက်ပူပူနဲ့  ငနဲကြီး စနစ်ခဏခဏပြောင်းနေတာ သူစာမကျက်ရတိုင်း စိတ်နာတယ် ။သူတို့ ခေတ်ကိုးး ဘယ်တက်နိုင်မလဲနော့်
ပြောစရာမရှိအောင်ကိုး စိတ်ပျက်ဖို့ကောင်းသဗျ။
ကိုဖားကြီးရေ...
သန်လျှင် မှော်ဘီ အားလုံးက ဘ၀တူတွေပါပဲ။ Regular တွေအတွက်တော့ နာကျည်းစရာ ခံစားချက်တွေပဲပေါ့။
မိစုရေ...
ပိတ်ကန်နဲ့ နဲပညာဝန်ကြီးဌာန လက်အောက်က ညည်းတို့ ကွန်ပျူတာကျောင်းက ဘွဲ့ယူတဲ့ အခမ်းအနားကို အခုလို ပယ်ပယ်နယ်နယ် ချီးမွမ်း ထောပနာ ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ကွယ်။
ကလူသစ်ရေ...
အဲဒီလို ဘွဲ့မရတာ ၁၀ ယောက်မကဘူး ခင်ဗျ။ အများကြီးပဲ။ ကျွန်တော်တို့ ရှေ့နှစ်က စီနီယာအချို့လည်း ဘွဲ့မရကြပါဘူး။
ဗေဒင်ဆရာလေးရယ်
ဘွဲ့နှင်းဘဘင်ကိုတောင် မရောက်တဲ့ဟာကို ခုံတွေကို ဘယ်လိုလုပ် ခွေးလယားသီး ပွတ်နိုင်မလဲကွယ်။ အဲဒီ ဘွဲ့ပေးတဲ့ နေ့တောင် သိခဲ့တာ မဟုတ်ဘူး။ မေ့ကို ထားလိုက်တာဗျ။
ဂျိုးကြီးဆိုပဲ။ ဟုတ်မှာပါ ဂျိုးကြီးလို့ပဲ ပေါင်းထားတာ။ သောင်းသောင်းကတော့ ဒီလိုပါပဲ။ သူက သောင်းသောင်းပဲလေဗျာ။ အဟက်...
ကိုလူလှရေ...
သူတို့က ကျွန်တော့်ကို ပေးပါတယ်။ ကျွန်တော့် သူငယ်ချင်း အချို့ကို မပေးတာပါ။ ဒါပေမယ့် ကျွန်တော်လည်း သွားမယူတော့ပါဘူး။
မမြတ်နိုးရေ...
မလုပ်သင့်တာကို သိသိရဲ့နဲ့ သူတို့ လုပ်ခဲ့တာပဲဗျာ။ ဒါကြောင့် စိတ်နာခဲ့တာပေါ့။
မတူးတူးသာရေ...
ဒါဆို ကျွန်တော်တို့က ဂိုဏ်းတူတွေပဲဗျို့။
တောင်ပေါ်သားကြီးရေ...
ပညာရေးစနစ်ကတော့ အသက်ငင်နေတာ ကြာလှပါပြီ။ ဟိုးအရင်က အရှေ့တောင်အာရှမှာ အကောင်းဆုံး ပညာရေးစနစ် ရှိခဲ့တယ်ဆိုတာ အတိတ်မှာ အရိပ်လို ကျန်ခဲ့ပါပြီဗျာ။
မောင်မျိုးရေ...
ဟုတ်ပဗျာ။ အဲဒီလူကြီး ပညာမတတ် စာမကျက်ရတိုင်း သူများတကာ ၆နှစ်စာ ကြိုးစားခဲ့တာကို တမင်တကာ ဖျက်ဆီးတယ်ကွယ်။ တကယ့်ကို စာမကျက်ဘူးမှန်း သိသာလွန်းတယ်။
ကိုဗီလိန်ရေ...
ပြောစရာ မရှိအောင် စိတ်ပျက်ဖို့ ကောင်းပေမယ့် ပိုးစိုးပတ်စတ် ဆဲစရာတွေကတော့ တောင်ပုံရာပုံပဲဗျ။ အဟဲ...
ဟယ်၊ အရမ်းမိုက်ရိုင်းတာပဲနော်။ နောက်ဆုံးနှစ်ပြီးမှ နိုင်ငံခြားသားဖြစ်လို့ ဘွဲ့မပေးဘူးတဲ့။ သူတို့ရဲ့ နိုင်ငံခြားသားနဲ့ နိုင်ငံသားကို ဘာနဲ့ ခွဲတာလဲမသိဘူးနော်။ မန္တလေးမှာ မြန်မာစကားတလုံးမှ မတတ်တဲ့ နယ်စပ်က တရုတ်တွေ အများကြီး နိုင်ငံသားမှတ်ပုံတင်ကိုင်နေကြတာတွေ့ဖူးပါတယ်။ နိုင်ငံသားလား၊ နိုင်ငံခြားသားလားလို့ ဘယ်လိုနည်းနဲ့ ခွဲနေတာလဲမသိဘူးနော်။ မြန်မာနိုင်ငံမှာ တသက်လုံးနေလာခဲ့ပြီးမှ နိုင်ငံသားမဟုတ်ဘူးလို့ သတ်မှတ်ခံရတာတော့ ရင်နာဖို့ကောင်းပါတယ်။ ဘွဲ့မရလည်း ပညာရခဲ့တဲ့ သူတို့အတွက် စိတ်မကောင်းပေမယ့် ဂုဏ်ယူပါတယ်။
အင်း...
ဘ၀တူအချင်းချင်းမှာမှ ခင်ဗျားက ပုလင်းဖွင့်နေတော့...
`ချီးယားစ်... ချီးယားစ်... ချီးယားစ်...´ ဗျာ။
အနိစ္စသဘောတရားအရ တချိန်ကျရင်တော့ လွန်မြောက်လိမ့်မယ် ထင်ပ။
သစ်ခွရေ...
ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ် ခင်ဗျ။ အဘိုးအဘွားတွေ လက်ထက်ကတည်းက မြန်မာနိုင်ငံမှာ နေလာခဲ့ပေမယ့် ကြိုးနီစနစ်တွေကြောင့် နိုင်ငံသား မဖြစ်သေးတဲ့ လူတွေ အများကြီးပါပဲ။ သူတို့အတွက် ဂုဏ်ယူတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ဆရာသမား ဟန်သစ်ငြိမ်ရေ...
ပုလင်းဖွင့်တယ်လို့ မဟုတ်ပါဘူးဗျာ။ ကျွန်တော်ကမှ မသောက်တတ်တာ။ ဒီလိုပါပဲ..ဗျ။
အနော်တို့ရဲ့ ရင်ထဲမှာ အမုန်းကမ္ဘာမကြေပေါ့နော်။ ပြောမယ်ဆိုရင်တော့ ပြောစရာတွေရင်ထဲမှာ အပြည်။ မောင်သောင်း မကောင်းကြောင်းတွေပေါ့။ ဒါပေမဲ့တော်ပါပြီ။
my idea is same to u.
ဒီပိုစ့်အတွက် ကျွန်တော်လည်း ထပ်လောင်းလို့ သာဓုခေါ်ပါတယ်။
`သာဓု၊ သာဓု၊ သာဓု´
သုခမိန်(E-Journal)
Post a Comment