ဒီနေ့ ရုံးမတက်ဘူး။ ခွင့်ယူထားတယ်။ အစည်းအဝေးရှိတယ် ဆိုတာတောင် ရုံးမတက်ဘူး ခွင့်တင်ထားတော့ အစည်းအဝေးတောင် ရွှေ့သွားရတယ်။ မရွှေ့လို့လဲ မရဘူးလေ။ အဲဒီအစည်းအဝေးမှာ ကျွန်တော်နဲ့ဆိုင်တဲ့ အလုပ်တွေကိုပဲ အဓိက ဆွေးနွေးကြမှာဆိုတော့ တကယ်လုပ်ရမယ့်လူ ကျွန်တော်ကိုယ်တိုင်မှ ရုံးမလာတော့ ဘာဆက်လုပ်လို့ရမှာလဲ။ ဒီနေ့ ခွင့်ယူတယ်ဆိုတာလည်း ရုံးမသွားချင်လို့ ခွင့်ယူတာမဟုတ်ပါဘူး။ စင်္ကာပူမှာ အလုပ်လာရှာတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက် အလုပ်မရပဲ ပြည်တော်ပြန်မှာမို့လို့ ချန်ဂီလေယာဉ်ကွင်းကို လိုက်ပို့တာပါ။ နိုင်ငံခြားကို တစ်ခါမှ မလာဖူးတဲ့လူဆိုတော့ အပြန်ခရီးမှာလည်း ယောင်တောင်ပေါင်တောင် အူကြောင်ကြောင် မဖြစ်ရအောင်ဆိုပြီး အဖော်လိုက်ပေးခဲ့တာပါ။
သူဝယ်လာတဲ့ လေယာဉ်လက်မှတ်က MAI ဆိုတော့ ဗုဒ္ဓဟူးနေ့ပဲ လေယာဉ်ထွက်ပါတယ်။ အင်္ဂါနေ့မှာ မထွက်ပါဘူး။ နေထိုင်ခွင့်ရတဲ့ ၂ လ ကလည်း ဒီနေ့မှာ ပြည့်တာဆိုတော့ ကွက်တိပါပဲ။ အဲဒါနဲ့ပဲ နေ့လည် ၁၂ နာရီ လေယာဉ်နဲ့ပဲ မြန်မာပြည်ကို ပြန်ဖို့စီစဉ်ခဲ့ပါတယ်။ ဟိုဘက်မှာတော့ တနလာင်္နေ့က ပြန်သွားရတဲ့ သူ့မိတ်ဆွေတစ်ယောက် လာကြိုမှာပါ။ သူ့မိန်းမနဲ့ ကလေးတွေလည်း လာမယ်လို့တော့ သိထားရပါတယ်။
မနက် ၁၀ နာရီမထိုးခင် အိမ်ကထွက်လာပြီး တက်စီငှားပြီး လေယာဉ်ကွင်းကို ထွက်လာခဲ့ပါတယ်။ ပြီးတော့ လက်မှတ်ကောင်တာမှာ ပါလာတဲ့ အထုပ်အပိုးတွေကို ချိန်ပြီး ခုံနံပါတ်ယူပါတယ်။ MAI က ကီလို ၃၀ ပေးပါတယ်။ သူ့အထုပ်ကတော့ ၂၈ ကီလို ရှိတယ်ဆိုတော့ အိုခေပါပဲ။ လေယာဉ်ထွက်ဖို့လိုသေးတာနဲ့ လေဆိပ်က ဆိုင်တစ်ဆိုင်မှာပဲ အဆာပြေ ကော်ဖီသောက်ကြတာပေါ့။ ပြီးတော့ လေယာဉ်ထွက်ဖို့ မိနစ် ၂၀ အလိုမှာ လေဆိပ်အထဲကို ၀င်ခိုင်းလိုက်ပါတယ်။ သူ့ကလေးတွေအတွက် သယ်သွားတဲ့ ဖူဆယ်ဘောလုံးကို လေရှော့ခိုင်းတာက လွဲလို့ အားလုံး အဆင်ပြေ ချောမွေ့ပါတယ်။
အဲဒီအစ်ကိုက ဆောက်လုပ်ရေးဝန်ကြီးဌာနက အငယ်တန်း အင်ဂျင်နီယာတစ်ဦးပေါ့။ ဗိုလ်မြတ်ထွန်းတံတား၊ မကွေးတံတားတို့ကို ဆောက်လုပ်ခဲ့သလို ရခိုင်ပြည်နယ် တောင်ကုတ်-မအီလမ်းကို ပြုပြုထိန်းသိမ်းရတဲ့ စီမံချက်တွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ လုပ်သက်ကတော့ ၁၀ နှစ် အတိပါပဲ။ ဒါပေမယ့် စင်္ကာပူမှာ နေသွားတဲ့ ၂ လ အတွင်းမှာ ဆောက်လုပ်ရေးနဲ့ ပါတ်သတ်တဲ့ အလုပ်မှန်သမျှ လျှောက်ခဲ့ပေမယ့် အင်တာဗျူး ၃ ခုပဲ ရရှာပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လပိုင်းက သတင်းစာထဲမှာတော့ အင်ဂျင်နီယာအလုပ်တွေက ခေါ်နေကြတာပါပဲ။ စနေနေ့နဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာမှာဆို အလုပ်ခေါ်တာ အတော်များပါတယ်။ အခုနောက်ပိုင်းမှာတော့ သတင်းစာထဲမှာပါ အလုပ်ခေါ်စာတွေ နည်းလာပါပြီ။ အလုပ်တွေက ခေါ်တာ ခေါ်နေကြပေမယ့် အင်တာဗျူးတွေရော ရှိရဲ့လား မသိဘူး။ ဆောက်လုပ်ရေးကုမ္ပဏီတွေက ပရောဂျက်တင်ဒါတွေ လိုချင်လို့ အလုပ်ခေါ်စာတွေ သတင်းစာထဲမှာ ထည့်ကြေညာတာလို့လည်း တချို့ကတော့ ပြောတာပါပဲ။ ကျွန်တော်ကတော့ သိပ်နားမလည်ပါဘူး။
အမေရိကန်မှာဖြစ်နေတဲ့ စီးပွါးရေးအရှုပ်တော်ပုံကလည်း စင်္ကာပူနိုင်ငံရဲ့ စီးပွါးရေးကို အနည်းနဲ့အများဆိုသလို ထိခိုက်စေတာပါပဲ။ ဆောက်လုပ်ရေး လုပ်ငန်းဆိုတာကလည်း နိုင်ငံရဲ့စီးပွါးရေးအခြေအနေမှာ အများကြီး တည်မှီနေပါတယ်။ စီးပွါးရေးကျရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ အရင်ဦးဆုံး နားရပါတယ်။ စီးပွါးရေး အဆင်ပြေလာတော့လည်း ဆောက်လုပ်ရေးလုပ်ငန်းတွေက နောက်ဆုံးမှ ထောင်တက်ရတာပါ။ ကျရင် အရင်ဆုံးကျရပြီး တက်ရင် နောက်ဆုံးမှ တက်ရတာပေါ့။ ဒါကြောင့်လည်း အလုပ်တွေက အတော်ရှားကုန်သလို ခေါ်ထားတဲ့ အလုပ်တွေကလည်း တကယ်တမ်း အင်တာဗျူး မခေါ်နိုင်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်က ဒီဇင်ဘာလနား နီးနေပြီဖြစ်တော့ အများစုက အလုပ်မထွက်ပဲ နေကြပါတယ်။ ဒီဇင်ဘာမှ ရမယ့် နှစ်ထပ်ကွမ်းလစာကို စောင့်ကြတဲ့ သဘောပေါ့။ လစာ ၂၀၀၀ ရတဲ့လူက ဒီဇင်ဘာမှာ ၄၀၀၀ ရမယ်လေ။ အဲဒီတော့ အလုပ်မထွက်ပဲ သည်းခံနေကြတော့ အလုပ်နေရာလွတ်တွေ ရှားကြပါတယ်။ အဲဒီလိုပဲ spass quota တွေလည်း သိပ်မကျန်တဲ့ ကုမ္ပဏီတွေလည်း ရှိကြပါတယ်။ သူ့ရဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေလည်း ဒီမှာ အင်ဂျင်နီယာအလုပ်တွေ လာရှာကြပါတယ်။ တချို့ဆို အလုပ်ရပေမယ့် spass quota မရှိတဲ့အတွက် အဆင်မပြေပဲ ပြန်သွားရပါတယ်။ တချို့ကျတော့လည်း အခုအချိန်အထိတိုင် အင်တာဗျူး တစ်ခုတစ်လေမှ မရကြသေးပါဘူး။ အလုပ်ဈေးကွက်တစ်ခုလုံးမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အတိအကျ မသိရပေမယ့် သူ့အသိုင်းအ၀ိုင်းမှာတော့ အခုချိန်အထိ အလုပ်ရှာရ ခက်ခဲနေပါတယ်။
အလုပ်မရလို့ ပြန်သွားရတဲ့လူအဖို့ ငွေကြေးဆုံးရှုံးမှုအပြင် စိတ်ဓါတ်အင်အားတွေလည်း ကျဆင်းစေပါတယ်။ အားငယ်အားပျက်တဲ့စိတ်တွေ ရှိကြပါတယ်။ ကျွန်တော်ကတော့ သူ့ကို အားမလျှော့သေးပဲ နောက်တစ်ခေါက် ထပ်ကြိုးစားဖို့ မှာလိုက်ပါတယ်။ အင်္ဂလိပ်စာကို သေချာပြင်ဆင်ခဲ့ဖို့လည်း မှာရတာပေါ့။ တရုတ်နှစ်ကူးအပြီး မတ်လဆန်းလောက်မှ အလုပ်လာရှာဖို့ပေါ့။ အခု ရန်ကုန်ပြန်နေရတဲ့အချိန်မှာ မိသားစုနဲ့ ပျော်ပျော်ပါးပါး နေဖို့အခွင့်အရေး ရတယ်လို့ပဲ အကောင်းဘက်ကနေ မှတ်ယူခိုင်းထားပါတယ်။ ဒီမှာ အလုပ် စလုပ်ရပြီဆိုရင် ဒီမိသားစုနဲ့ နှစ်ကာလ အတိုင်းအတာတစ်ခုတော့ ခွဲခွာ နေထိုင်ရတော့မှာလေဗျာ။

11 comments:
စိတ်မငြစ်ပါနဲ့။ ပြန်လာပြီး ပြန် ရှာ လို့ ရပါတယ်။ wrong time ဖြစ်သွားလို့ပါ။ အင်ဂျင်နီယာ အလုပ် မရှားပါဘူး။ အဆင်ပြေမှာပါ။ အတွေ့ အကြုံ တွေ တထမ်းကြီးဘဲ ဥစာ
နှစ်သက်စွာ ဖတ်ရှုသွားပါတယ်။ လေးစားလျက်- ဝင်းဇော်
လေယာဉ်ပေါ်မှာ ဘောကန်မှာစိုးလို့နေမှာပါ။
ဖရဲသီးဆိုရင်တော့ လေလျှော့ခိုင်းလို့မရဘူး။ မသကာ အခုပဲခွဲစားလိုက်ပါလို့ပြောမလားဘဲ။း)
ဖြစ်တတ်ပါတယ်။ ဒီလိုပဲပေါ့။ ဒီတခါမရ နောက်တခါပေါ့။ ဒီနေ့ပဲ အသိတယောက်လဲ အလုပ်မရလို့ ပြန်သွားရတယ်။ သတင်းကြီးနေတဲ့ လူလိမ်ကုမ္ပဏီတခုဒဏ်လဲ ခံသွားရတယ်။ အဲ့ဒီကုမ္ပဏီက အလုပ်ခန့်တယ်။ S passလျှောက်ပေးတယ်။ တကယ်လဲ လျှောက်ပေးတယ်။ ငွေ ၁၀၀ လိမ်ယူသွားတယ်။ ဘယ်လိုလုပ် S pass ကျမလဲ။ အလုပ်က S pass ပေးလောက်တဲ့ အလုပ်မဟုတ်ဘူး။ ကိုတာတွေ ဘာတွေလဲ ရှိပုံမပေါ်ဘူး။ အဲ့ဒီ ကုမ္ပဏီမှာ မြန်မာတယောက်လဲပါတယ်။ ကိုယ့်လူမျိုးအချင်းချင်း ကိုယ်ချင်းမစာနာ ဖဲ့နေတာ။ သူတို့က ကလူသစ်ကိုမှ ကြိုမပြောပြတာ။ သတိမပေးလိုက်ရဘူး။ ဖြစ်ပြီးမှသိတယ်။ လိမ်တဲ့ မြန်မာကိုလဲ တော်တော်အံ့သြတယ်ဗျာ။
ဟုတ် မKOM ရေ... စိတ်မညစ်ဖို့တော့ ပြောပြလိုက်ပါတယ်။ သူ အလုပ်လာရှာတဲ့ အချိန်လွဲနေတာကို နော့်။
ကိုဝင်းဇော်ရေ...
နှစ်သက်စွာ ဖတ်ရှုသွားတာကို နှစ်သက်မိပါတယ် ခင်ဗျာ။
တောင်ငူသား
ရန်ကုန်ပြန်ရင် ဖရဲသီးယူသွားမလို့လား ခင်ဗျ။ အဲဒါဆို လေဆိပ်မှာ စမ်းကြည့်တာပေါ့။
ကိုလူသစ်ရေ...
သူ့ကိုလည်း စလုံးက အေးဂျင့်အလိမ်တွေနဲ့ ချိတ်ပေးမိခဲ့တဲ့ သူငယ်ချင်းတွေ ရှိကြပါတယ်။ သူငယ်ချင်းတွေက အလုပ်ရစေချင်လို့ ရိုးရိုးသားသား ချိတ်ပေးတာပါ။ ဒါပေမယ့် ကျွန်တော်က ဘလော့တွေ ဖတ်ဖြစ်တော့ အဲဒီ အလိမ်အညာတွေ ရှိကြောင်း ရေးထားတဲ့ ဘလော့ကစာတွေကို သူ့ကို ဖတ်ခိုင်းပါတယ်။ ဒါကြောင့် သူကတော့ အလိမ်မခံလိုက်ရပါဘူး ခင်ဗျ။
ဆောက်လုပ်ရေးအင်ဂျင်နီယာဆိုရင်..(စိတ်ဝင်စားရင်၊ အတွေ့အကြုံအတွက်ဆိုရင်..) ဒူဘိုင်းကို ကြိုးစားသင့်တယ် ထင်မိတယ်။ တစ်မြို့လုံး ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေချည်းပဲ။
ကျွန်တော်လည်း လာခဲ့မယ် ဟိုရောက်မှ မသိချင်ယောင်မဆောင်နဲ့နော် :-)
မရတနာရေ...
ဒူဘိုင်းက အလုပ် ဘယ်လို ရှာနိုင်မလဲ။ ဘယ်လို လျှောက်ရမလဲ အသေးစိတ်လေး သိချင်မိပါတယ်။
ကိုဖားကြီးရေ...
ကျွန်တော် သိသလောက် ကူညီပေးပါမယ် ခင်ဗျ။
ဟယ်..စောစောကပြောရင် ဒူဘိုင်းသွားမှာပေါ့။
စလုံးမှာမနေပေါင်။
မမွန်က ဒူဘိုင်းမှာ ဘာသွားလုပ်မလို့လဲ ခင်ဗျ။
Sg construction sector is in declining trend.
so....
Post a Comment