.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, May 10, 2009

Beauty of Mother

အမေ့ရုပ်ရည်

မလွန်ဆန်နိုင် သင်္ခါရ အမေ့ရဲ့ဘဝ
ဒီအချိန်မှာ ဇရာထောင်းခဲ့ပြီ
အရွယ်အိုပြီ ဆံဖြူပြီး သွားကျိုးလို့
ပါးရည်နားရည်တွေလည်း တွန့်လိပ်နေ
အမေ ဒီအရွယ်ထဲ အလှပျက်နေပြီလား
ဒီအတွေးတွေ တွေးမိတော့လေ
မီးဖိုချောင်ထဲ အိုးမဲပေနေတဲ့
အမေအကဲတွေ လှမ်းကြည့်နေတုန်း...

ဆံပင်တွေဖြူ သွားကျိုးပါစေ
ပါးရည်နားရည်တွေ တွန့်လိပ်ပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်
ဆံပင်တွေဖြူ သွားကျိုးပါစေ
ပါးရည်နားရည်တွေ တွန့်လိပ်ပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

လူပုံအလယ် အမေလှုပ်ရှားရုန်းခဲ့တဲ့
ဒဏ်တွေရဲ့ ဖိစီးချက်တွေ
ပိန်လှီနေ အရေတင်တဲ့အရိုးရုပ်နဲ့
အသံတွေတုန် ခါးလည်းကိုင်းခဲ့ပြီ
အမေ ဒီအရွယ်ထဲ အလှပျက်နေပြီလား
ဒီအတွေးတွေ တွေးမိတော့လေ
အ၀တ်ထိုင်လျှော်ရင်း မမောပန်းနိုင်ရှာတဲ့
အမေ့အပြုံးတွေ ငေးကြည့်နေတုန်း...

အရေတင်တဲ့ အရိုးဖြစ်ပါစေ
အသံတွေတုန် ခါးကိုင်းပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်
အရေတင်တဲ့ အရိုးဖြစ်ပါစေ
အသံတွေတုန် ခါးကိုင်းပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

မပြင်ဆင်နိုင် အမေအ၀တ်အစားလေးရှိတဲ့
ဖျင်ပင်နီ ရင်ဖုံးအင်္ကျီ
အရောင်မှိန်မှိန် မာစရိုက်ပွင့်ရိုက်နဲ့
ထမီအဆင်ဟာ မွဲလို့နွမ်းလွန်းပြီ
အမေ ဒီအရွယ်ထဲ အလှပျက်နေပြီလား
ဒီအတွေးတွေ တွေးမိတော့လေ
ဘုရားစင်ရှေ့နား ၀တ်ပြုနေတဲ့
အမေ့တရားသံ နားစိုက်နေတုန်း...

အရွယ်အိုနေဆဲ တဖက်မှာ
ပျိုရွယ်နေဆဲပဲလေ
အမေ့ရုပ်ရည် အမြဲလှနေတယ်
အရွယ်အိုနေဆဲ တဖက်မှာ
ပျိုရွယ်နေဆဲပဲလေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

ဆံပင်တွေဖြူ သွားကျိုးပါစေ
ပါးရည်နားရည်တွေ တွန့်လိပ်ပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

အရေတင်တဲ့ အရိုးဖြစ်ပါစေ
အသံတွေတုန် ခါးကိုင်းပါစေ
အမေ့ရုပ်ရည် အမြဲလှနေတယ်

အရွယ်အိုနေဆဲ တဖက်မှာ
ပျိုရွယ်နေဆဲပဲလေ
အမေ့ရုပ်ရည် အမြဲလှနေတယ်။

တေးဆိုက ဘိုဘိုပါ။ တေးရေးဆရာကိုတော့ ကျွန်တော် မသိပါ။ အနန္တမေတ္တာ အကောင်းဆုံးမိဘဘွဲ့တေးများ ဆိုတဲ့ စီးရီးထဲမှာပါတဲ့ ပထမဦးဆုံး သီချင်းပုဒ်ပါ။ အဲဒီအခွေထဲမှာ ညီပုလေး၊ ထူးအိမ်သင်၊ စိုင်းထီဆိုင်၊ ဟယ်ရီလင်း၊ ဂျေမောင်မောင်၊ ဇော်ဝင်းထွဋ်၊ စည်သူလွင်တို့လည်း ပါပါတယ်။ ထူးအိမ်သင်ရဲ့ အမေ(သို့) အကြွင်းမဲ့မေတ္တာတော်သီးချင်း စီးရီး မထွက်ခင်မှာ ဘိုဘိုတို့ရဲ့ အနန္တမေတ္တာ အခွေ အရင်ထွက်ခဲ့တယ်လို့ မှတ်မိနေပါတယ်။ အဲဒီအခွေ ထွက်တဲ့အချိန်တုန်းက ကျွန်တော် ဆယ်တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ပြာသိုလပြည့်နေ့ မတိုင်ခင် အခွေထွက်တယ်လို့ ထင်ပါတယ်။

အဲဒီအခွေရဲ့ အဖွင့်အမှာစကားကို ဆရာကြီးဦးသုခ ပြောပေးခဲ့ပါတယ်။ ဦးသုခ ပြောသွားတဲ့ စကားထဲမှာ မှတ်မိနေတာက စကားရဲ့ နိဂုံးပိုင်းမှာ ပြောသွားတဲ့ အမေဆိုတာ -----ကြီးပဲ ဖြစ်နေပါစေ အမေဟာ အမေပါပဲ ဆိုတာပါပဲ။ အဲဒီစာသားကို ဆရာကြီးက အသံတုန်တုန်လေးနဲ့ ပြောသွားတာလို့ မသဲမကွဲ ကြားရတာတွေ အများကြီးပါ။ ကွက်လပ်နေရာလေးမှာ သေချာဂရုတစိုက် နားထောင်တော့ ကြားမိတာက ပြည့်တန်ဆာလို့ ကြားမိလိုက်ပေမယ့် ကျွန်တော် နားကြား မှားကောင်း မှားနိုင်ပါတယ်။ ဆရာကြီးရဲ့ အမှာစကား လာပြီးတာနဲ့ တဆက်တည်း ဘိုဘိုရဲ့ အမေ့ရုပ်ရည် သီချင်းလေး လာပါတယ်။ အမေ့ရုပ်ရည်သီချင်းကို ကြိုက်လွန်းလို့ ခဏခဏ နားထောင်ဖြစ်ခဲ့တယ်။ အဲဒီသီချင်းကို နားထောင်ဖို့အတွက် အခွေရဲ့ရှေ့ဆုံးကို ပြန်ရစ်လိုက်တိုင်း ဆရာကြီးဦးသုခရဲ့ စကားတွေကို အခါခါ ပြန်နားထောင်ဖြစ်ခဲ့ပါတယ်။

သီချင်းလေး နားထောင်ဖြစ်တဲ့ အကျိုးကျေးဇူးပဲ ဆိုရမလားပဲ။ မာမားကို အတော်လေး နားလည်စာနာတတ်ပြီး ချစ်မြတ်နိုးမိပါတယ်။ ဆယ်တန်းဖြေပြီး အောင်စာရင်းမထွက်ခင် ကြားကာလတွေမှာ မာမားကို အတော်လေး ကူဖြစ်ခဲ့တယ်။ မီးဖိုချောင်ထဲမှာ ထမင်းဟင်းချက်နေတဲ့ မာမားကို နိုင်သလောက် ၀ိုင်းကူပေးဖြစ်ခဲ့တယ်။ ဆန်ဆေးပေးတယ်။ ထမင်းအိုး တည်တယ်။ ထမင်းရည် ငှဲ့တယ်။ ကြက်သွန်နီ အာလူး ဂျင်း အခွံနွာဖြစ်တယ်။ ငရုတ်သီးထောင်းဖြစ်တယ်။ ဈေးသွားတဲ့အခါ ဈေးခြင်းတောင်း ၀ိုင်းသယ်ပေးခဲ့တယ်။

အိမ်မှာ အ၀တ်လျှော်စက် ရှိရဲ့သားနဲ့ စက်လျှော်တာ မပြောင်ပါဘူး အားမရပါဘူး ရေကုန်ပါတယ် ဆိုတဲ့ မာမား သူကိုယ်တိုင်လက်နဲ့ပဲ လျှော်ခဲ့လို့ ခြေဖ၀ါးတွေလည်း ရေ၀ဲစားထားတာ မနည်းပါဘူး။ ကျွန်တော်တို့တော့ ဆပ်ပြာရည် ပြောင်သွားအောင် ရေနဲ့လျှော်တဲ့အပိုင်းမှာ ၀ိုင်းကူပြီး ရေနယ်ပေးခဲ့တယ်။ အ၀တ်လျှော်ပြီးရင် အ၀တ်ရေညှစ် အ၀တ်လှန်းတာ ကျွန်တော်တို့ ညီအစ်ကိုတွေ အလှည့်ပေါ့။ နောက်ပိုင်း သားတွေအားလုံး ကိုယ့်အ၀တ် ကိုယ်လျှော်ဖြစ်တော့ အ၀တ်အစားတွေ လျှော်ရတာ နည်းသွားတယ်။ မီးပူတိုက်တာလည်း ညီအစ်ကိုတွေ အဆင်ပြေသလို ကူလုပ်ဖြစ်ကြတယ်။ အခုတော့ ကျွန်တော်က အဝေးရောက်နေပါပြီ။

တကယ်တော့ မာမားဟာ ပါပါးနဲ့ယှဉ်ရင် မချောပါဘူး။ ပါပါးက အများကြီးသာပါတယ်။ မာမားက အိမ်မှာနေရင် အ၀တ်အစား အဟောင်းတွေပဲ ၀တ်လေ့ရှိတော့ ပုံစံက မတောက်မပြောင်ပါပဲ။ အိမ်မှာက ၁ လမှာ ရက် ၃၀ လောက် နေလေ့ရှိတော့ ဘယ်အချိန်ကြည့်ကြည့် အရောင်မထွက်သလို ဖြစ်နေတာပေါ့။ ပွဲနေပွဲထိုင်ကလွဲလို့ လက်ဝတ်လက်စားတွေလည်း ဘာမှ ၀တ်ထားလေ့မရှိဘူး။ နားပေါက်ပိတ်သွားမှာ စိုးလို့ နားကပ်တစ်ရံတော့ ၀တ်ထားတယ်။ အိမ်မှုကိစ္စတွေနဲ့ တနေ့လုံးနီးပါး အလုပ်ရှုပ်နေတတ်တဲ့ မာမားတစ်ယောက် ရေမိုးချိုးပြီးတဲ့ အချိန်မှာ သနပ်ခါး ပါးကွက်ကြားလေး လိမ်းထားတတ်လို့ပဲ တော်ပါသေးရဲ့။

ဘယ်လိုပုံစံပဲ ဖြစ်နေပါစေ အမေ့ရုပ်ရည်ကတော့ ကျွန်တော့်တို့ ရင်ထဲမှာ အမြဲလှနေပါတယ်။

Mother's Day 2009 အမေနေ့ အမှတ်တရပါ...

မာမားအတွက် ပို့စ်ကဒ်တစ်စောင်တော့ ဒီလဆန်းပိုင်းလောက်က ပို့ထားခဲ့ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ အိမ်ကို ရောက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်လေ။

15 comments:

Anonymous said...

ကိုဂျူလိုင်ရေ....
အမေ့အကြောင်းလာဖတ်ပါတယ်
ကောင်းပါတယ်.အမေ့ရုပ်ရည်သီချင်းကို
တေးရေး -အုန်းမောင်(တောင်ကြီး ) ကရေးထား
တာပါရှင့်.........မှန်လားသိဘူးးးးးးးးးးးးးး
မြူးနေ့ တိုင်းလိုလိုနားထောင်ပါတယ်
မှန်မှာပါနော်

JulyDream said...

တေးရေးဆရာကို ကျွန်တော်လည်း သေချာ မသိဘူးခင်ဗျ။ ကျွန်တော့်ရဲ့ အားနည်းချက်က တေးသီချင်း အတော်များများရဲ့ တေးရေးဆရာကို မသိတာပါပဲ။ တကယ်တော့ တေးရေးဆရာတွေဟာ သီချင်းကို မွေးဖွားပေးလိုက်တဲ့ ဖန်ဆင်းရှင်တွေပါပဲ။ ဒါပေမယ့် လူသိများတာက တေးဆိုတွေပဲ ဖြစ်နေတတ်ပါတယ်။

Rita said...

သားယောက်ျားလေးဖြစ်ပြီး အမေချစ်တတ်တာ သတိတရရှိတတ်တာကို ချီးကျူးပါတယ်

Anonymous said...

အမေဟာ မိန်းမရွှင်ဖြစ်နေပါစေလို့ ဆရာကြီးက ပြောခဲ့တာ ကြားယောင်မိတယ်။

JulyDream said...

အင်း ဟုတ်တယ်။ မိန်းမရွှင်လို့ ပြောသွားတာ။ ပြည့်တန်ဆာနဲ့ မိန်းမရွှင် တူသလိုလို ဖြစ်နေတော့ ကျွန်တော် အမှတ်မှားနေခဲ့တာ ဖြစ်မယ်။ အမှန်က မိန်းမရွှင် လို့ ပြောသွားတာပါ။

ရွာသားကြီးက တော်တယ်နော်။ မှတ်မိတဲ့ ဥာဏ် စပါယ်ရှယ် ကောင်းတယ်။ ဘာဆေးတွေ စားခဲ့လို့လဲ မသိဘူးနော်။ အဟား...

MieMie said...

ကျမအမေနဲ့ july အမေနဲ့ အဝတ်လျော်တဲ့ နေ၇ာမှာ အတူတူဘဲ....သတိ၇တယ်ဗျို့ !

khin oo may said...

ကိုဂျုလိုင်အပြောကောင်းလို့ အမေ့ကိုမြင်ယောင်လိုက်တာ....

Nge Naing said...

အမေပို့စ်လေးအတွက် ကျေးဇူးပါ ကိုဂျူလိုင်။ အမေကျေးဇူးကို သိတတ်တဲ့သားဟာ ဘယ်တော့မှ နှိပ်ကျတဲ့ဘ၀ကို မရောက်ဘူး။ ကျွန်မသားလေးကလည်း ကျွန်မကို ဒီလိုပဲထင်တယ်။ ငယ်ငယ်ကဆို ကျွန်မက အိမ်မှာ အသားညိုဆုံး ဒါပေမယ့် အစားအသောက်ကျတော့ အသန့်သိပ်ကြိုက်တယ် ဒါကြောင့် ညီအစ်ကို မောင်နှမတွေကြားမှာ ရုပ်ဆိုးသလောက် အသန့်ကြိုက်တယ် ဆိုပြီး ကျွန်မက အနှိမ်ခံရဆုံးပဲ။ ကြီးလာပြီး အိမ်ထောင်ကျတော့လည်း ကျွန်မယောက်ျားက ကျွန်မထက် ရုပ်ရည်၊ အရပ်အမောင်း အများကြီးသာတော့ ကျွန်မကို ဗမာလူမျိုး မဖြစ်နိုင်ဘူး ဘင်္ဂလားဒေ့ရှ်က သဘောင်္ပျက်ပြီး မြန်မာပြည်မှာ လာတင်လို့ ဗမာဖြစ်နေတယ်လို့ စသလိုလို ကဲ့ရဲ့သလိုလိုနဲ့ ယောက်ျားက မကြာခဏ ပြောတတ်တယ်။ ဒါပေမယ့် ကျွန်မသားလေး စကားပြောတတ် လူမှန်းသိတတ်စ၊ အရွယ်ကစပြီး ကျွန်မကို သူ့အဖေနဲ့ပဲ ယှဉ်ယှဉ် တခြားဘယ်သူနဲ့ပဲ ယှဉ်ယှဉ် ကျွန်မကို ပိုလှတယ်လို့ ပြောတော့ မဟုတ်ဘူးဆိုတာ သိပေမယ့် ကျေတော့ ကျေနပ်သား။ ကျွန်မကတော့ ကျွန်မသားလေး ပြောတာ မဟုတ်ဘူးဆိုတာ သိပေမယ့် သူကျွန်မကို လိမ်တာမဟုတ်ဘူး သူ့မျက်စိထဲမှာ တကယ်လှလို့ လှတယ်လို့ ပြောတယ်ဆိုတာ ယုံသွားပြီ။ တကယ်တော့ အလှဆိုတာကို မေတ္တာနဲ့သာ တိုင်းတာမယ်ဆိုရင်တော့ သားသမီးတွေအတွက် အလှဆုံးဟာ အမေတွေပဲ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။

Unknown said...

အရေးကောင်းတာ နဲ့ တင် အမေ့ ကို ပိုး ပြီး ချစ် လာ တယ် ဗျာ

ဦးဂင်ကြီး said...

ဟုတ်တယ်ဗျ ဒီသီချင်းက အနှစ် ၃၀ လောက်ရှိပါပီ တေးရေးဆရာက တောင်ကြီးက (ဂီတာ အုန်းမောင်) ပါ။ အရင်က ခွန်ပေါရန်း ဆိုတဲ့ ပအိုဝ် အဆိုတော်တယောက် ဆိုခဲ့ဘူးပါတယ်။ သိတ်ကောင်းတဲ့သီချင်းလေးပါဗျာ။

ဂျူနို said...

ိနိဟောင် ဂျူလှိုင်ကော

မားမားကို ချစ်တဲ့သားသမီးတွေ
သားသမီးကို ချစ်တဲ့ မားမားတွေ
အားလုံး လိုရာဆန္ဒ ပြည့်ဝကြပါစေ။
ရန်ကုန်ရောက်ရင်လည်း ကျိကျိအယ်ဇီက မေးတယ်လို့ မားမာကို နိဟောင်လို့ ။ပါးပါးတို့ တယ်တယ်တို့ ရှို့ ပေ့တို့ ကိုလည်းပေါ့။
မားမားနဲ့ ဂျူလှိုင်ကောတို့ မန်မန်စွတ်ကြရင် ငတ်နေတဲ့ ကျိကျိကို သတိရလိုက်ပါ။
ချစ်သူလေးကိုလည်း ၀အိုင့်နီ အကြိမ် တစ်သိန်းလောက်ပြောခဲ့ပါ။

လာလည်တဲ့ အတွက် ရှဲ့ ရှဲ့ ပါ။
မှားတာပါရင် သူ့ ပွတ်ချီပါ။

ဟောင်ဟောင်။




ကျိကျိအယ်ဇီ

မမသီရိ said...

ဒီလောကကြီးထဲမှာ
မေမေ မရှိတော့ပေမဲ့
ဒီပို့စ်လေးကြောင့်
မေမေ့ ကို ပိုသတိရမိတယ်..

ဦးသုခပြောခဲ့တဲ့စကားက
မိန်းမရွှင်တဲ့..

Anonymous said...

ဒီလိုချစ်တတ်တဲ့သားမျိုးရှိတဲ့အတွက် အမေက ဂုဏ်ယူမှာပါ။
မားမား ဆိုတဲ့ အမေရဲ့ ပီတိတွေ ကို
ပါဝင်ခံစားကြည့်သွားတယ်။

ညခင်း

နေ့အိပ်မက် said...

အမေ့ကိုချစ်တတ်တဲ့သားနဲ့ အမေ မြန်မြန်အတူတူချစ်ချစ်ခင်ခင်နဲ့ နေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်နော်.. :)

Anonymous said...

သီချင်းစာသားလေးနဲ့ အတူ ခံစားဖတ်ရူသွားပါတယ်ဗျာ