.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, May 4, 2009

Joys over Nargis - 2

နာဂစ်ဖြစ်ပြီး မီးတွေပျက်... လမ်းတွေပိတ်... ဒီလိုနဲ့ပဲ အင်တာနက် မသုံးနိုင်တဲ့ဘ၀ဆိုတော့ နိုင်ငံခြားက သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြတ်သွားခဲ့ပါလေရော။ နိုင်သလောက်လေး ဟိုဟိုဒီဒီ လုပ်နေတဲ့အချိန်မှာ ကိုမင်းအိုက လှမ်းခေါ်လို့ သူ့ရုံးခန်းမှာ အင်တာနက် သုံးဖြစ်ခဲ့တယ်။ အဲဒီလို အင်တာနက် သုံးဖြစ်တော့ အဆက်အသွယ်တွေ ပြန်ရပြီး ဆန်အိတ်တွေလှူဖို့ ကျွန်တော့်ဆီကို စင်္ကာပူကနေ ငွေလွှဲပေးကြတယ်။

အဲဒါနဲ့ ထမင်းအတွက် ဆန်အိတ်တွေ သွားဝယ်၊ ဟင်းအတွက် ပဲအိတ်တွေဝယ်ပြီး ကယ်ဆယ်ရေးစခန်းတွေ ဖွင့်ထားတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျ သွားလှူဖို့ စီစဉ်ခဲ့ကြတယ်။ သက်ဆိုင်ရာကို လက်လွှဲပေးလိုက်ရင် ရပေမယ့် အဝေးရောက်နေတဲ့ သူငယ်ချင်းတွေကို စိတ်မပျက်စေချင်ဘူးလေ။ အဲဒါကြောင့် ကားတွေ စီစဉ်၊ လုပ်အားပေး လူငယ်တွေ စုပြီး ချီတက်ခဲ့ကြပါတယ်။ ဆန်ဝယ်ဖို့အတွက် ကိုမင်းအိုက ချိတ်ဆက်စီစဉ်ပေးလို့ ဆန်ဂိုဒေါင်မှာ ကားရပ်လိုက်ရုံပါပဲ။ ဆန်တွေလည်း ရေမစိုတာတွေ အရည်အသွေးကောင်းတာတွေ ဖြစ်အောင် လုပ်ပေးထားပါတယ်။ အဝေးမြေရောက် ရွှေမြန်မာတွေရဲ့ စေတနာနဲ့ ပြည်တွင်းက ချိတ်ဆက်စီစဉ်ပေးတဲ့ ခြေတံလက်တံရှည် မိတ်ဆွေတွေကြောင့် တကယ့်ကို အကူအညီ လိုအပ်နေတဲ့နေရာမှာ လိုအပ်နေသူတွေရဲ့ ကမ်းလင့်လက်တွေ လက်လှမ်းပေးနိုင်ခဲ့ပါတယ်။
မိုးသည်းသည်းနဲ့ လမ်းကြမ်းကြမ်းမှာ ဆန်အိတ်တင်တဲ့ကားပေါ်မှာ လိုက်လာခဲ့တဲ့ လုပ်အားပေးလူငယ်တွေ၊ သူငယ်ချင်းတွေ အားလုံး ဆီးဖြူသီး စကောထဲထည့်လိမ့်သလိုမျိုး ဖြစ်နေပေမယ့် တက်တက်ကြွကြွပါပဲ။ ရှေ့ပြေးကားလည်း နောက်က ဆန်ကားကြီးကို စောင့်ပြီး ဖြေးဖြေးမောင်းခဲ့ရသေးတယ်။ လမ်းတလျှောက်မှာ အလှူရှင်ကားတွေ ဟိုဟိုဒီဒီ ပျားပန်းခပ်နေတာကို မြင်ရတော့လည်း ပီတိဖြစ်မိပါတယ်။ ဆန်လှူမယ်ဆိုတာ ကြားတာနဲ့ ပြေးထွက်လာတဲ့ ကလေးတွေများ... မြင်မိရင် စိတ်ထဲမှာ ဘယ်လို ခံစားရတယ်ဆိုတာ ဖော်ပြဖို့ မလွယ်လှပါဘူးဆိုတာ အသေအချာပါပဲ။ ရေခွက်လေးတွေ၊ ပန်းကန်ပြားတွေ၊ ဒန်အိုးတွေ၊ ကျွပ်ကျွပ်အိတ်တွေ ကိုယ်စီနဲ့ ပြေးထွက်လာတဲ့ ကလေးအုပ်ကြီးက မနည်းမနောပါပဲ။ သူတို့တွေအတွက် လတ်တလောကာလ အစာရေစာ ဖူလုံအောင် ပံ့ပိုးပေးနိုင်မှာကို မြင်ယောင်ကြည့်ရင် ပီတိဖြစ်စရာပါပဲ။

မလိုလားအပ်တဲ့ကိစ္စတွေ မဖြစ်ရအောင် ဆန်အိတ်တွေကို ကယ်ဆယ်ရေးစခန်းတွေဆီ အရောက်ပို့ဖို့အတွက် သစ်ပင်အကျိုးအပဲ့ ဓါတ်တိုင်အရွဲ့အစောင်း ဗလပွနဲ့ ရွှံတွေနွံတွေ ဒင်းကြမ်းဖြစ်နေတဲ့ လမ်းကြိုလမ်းကြားမှာ ဒီဆန်ကားကြီး အိပဲ့အိပဲ့ မောင်းဖို့ကို မနည်း ကြိုးစားယူခဲ့ရတယ်။ ကားအမိုးပေါ်တက်ပြီး ၀ါးလုံးတွေနဲ့ ဓါတ်ကြိုးတွေကို ဖယ်ရသေးတယ်။ လမ်းဘေးမြောင်းထဲ ကားဘီး မရောက်ရလေအောင် လည်တဆန့်ဆန့် ဖြစ်ကြရသေးတယ်။ ကယ်ဆယ်ရေးစခန်းတွေရှေ့ ဆန်ကားကြီးရောက်မှပဲ အသက်၀၀ရှုရဲကြတယ်။ ဘယ်လိုပဲ ပင်ပန်းဆင်းရဲပါစေ... ဆန်အိတ်တွေကို ကယ်ဆယ်ရေးစခန်းထဲအရောက် ပြုံးပြုံးရွှင်ရွှင်နဲ့ ထမ်းပို့ကြတဲ့ လုပ်အားပေးလူငယ်တွေရဲ့ အားမာန်ကို လေးစားဂုဏ်ယူမိပါတယ်။ မနက်မိုးလင်းက ထွက်ခဲ့တဲ့ ခရီးဟာ ညမိုးချုပ်တဲ့အထိ မပြီးဆုံးနိုင်သေးပါဘူး။ ရန်ကုန်ကို ပြန်ရောက်တဲ့အချိန် ညမိုးချုပ်နေပေမယ့် မနက်ဖြန်တွေ များစွာအတွက် သူတို့အဆင်သင့် ရှိနေတယ်ဆိုတာကို ယုံကြည်ကြတယ် မဟုတ်လား။

ကယ်ဆယ်ရေးစခန်းတွေကို ဆန်အိတ်တွေ လှူပေးပြီးတဲ့ နောက်ပိုင်းရက်တွေမှာ အစာအစား လှူဒါန်းပေးတဲ့ သူငယ်ချင်းတွေကိုယ်စား မုန်တိုင်းဒဏ်ခံရတဲ့ ရွာတွေထဲအထိ ၀င်ပြီး လှူဒါန်းတာမျိုး လုပ်ပေးခဲ့ပါတယ်။ အိမ်တိုင်း အိမ်တိုင်းကို ဆန်အိတ်တွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ငပိထောင်းဗူးတွေ၊ အိုင်အိုဒင်းဆားထုပ်တွေ လှူပေးခဲ့ပါတယ်။ အဲဒီလို လှူနိုင်ဖို့ ချိတ်ဆက် စီစဉ်ခဲ့တာလည်း မလွယ်လှပါဘူး။ ဆိုင်ရာဆိုင်ရာ အဆင့်ဆင့် သွားရလာရပါသေးတယ်။ ရွာရိုးကိုးပေါက် လျှောက်ပြီး အိမ်ပေါက်စေ့ သွားရတာ မလွယ်လှပေမယ့် ကိုယ်တွေ ပေးလှူတဲ့ ပစ္စည်းတွေကို လက်ခံနေတဲ့ သူတွေရဲ့ အပြုံးက အမောပြေစေသလားပဲ။

တချို့ရက်တွေမှာ ထမင်းအိုးလိုက်ကြီး ချက်ပြီး ကုလားပဲသီးစုံဟင်းနဲ့ ထမင်းထုပ်တွေ ဝေပေးခဲ့ကြသေးတယ်။ ပဲဟင်းနဲ့ တွဲဖက်စားဖို့ ငပိထောင်းဗူးတွေလည်း ပါခဲ့သေးတယ်။ မနက်စောစောထ ထမင်းတွေ ဟင်းတွေ ချက်ပြီး ကားပေါ်တင်... ရန်ကုန်အနီးအနားက ရွာတွေထဲကို မောင်း.. ရွာခံတစ်ယောက်အိမ်မှာ ခွင့်တောင်းပြီး ထမင်းထုပ်ဝေပွဲကြီး ၀ှဲချီးကျင်းပတာများ မြင်လိုက်ရရင် အဲဒီနေရာမှာ ကိုယ်တိုင်ကိုယ်ကျ ၀င်ကူလိုက်ချင်တဲ့ စိတ်တွေ တဖွားဖွား ပေါ်လာပါလိမ့်မယ်။ ဘယ်လောက်ပဲ ထမင်းဟင်းတွေ အများကြီး ချက်သွားပေမယ့် မကုန်ဘူးဆိုတာ တစ်ရက်မှ မရှိခဲ့ပါဘူး။ အလှူရှင်တွေ ပီတိဖြစ်စေခဲ့ပါတယ်။

ကြုံတုန်းလေး တစ်ခါတည်း ဆက်ပြောရမယ်ဆိုရင် ကျွန်တော် ရန်ကုန်မှာ ခေတ္တတည်းခိုခဲ့တဲ့ ယောက်လမ်းက အိမ်ဆိုတာ နာဂစ်ကယ်ဆယ်ရေး အလှူအတန်းလုပ်ငန်းတွေမှာ တောက်လျှောက် ဓါတ်ပုံလိုက်ရိုက်ပေးခဲ့တဲ့ သူငယ်ချင်းရဲ့အိမ်ပါ။ သူ့ရုံးရှိတဲ့ ထိုင်းကို မပြန်သေးတဲ့အချိန်အထိ ဓါတ်ပုံတွေ ရိုက်ပေးခဲ့ပါတယ်။ ကျွန်တော် ရန်ကုန်ပြန်လာတဲ့ ကိစ္စက သူငယ်ချင်းတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို ပွဲတက်ဖို့ပါ။ သူ့ပွဲ့က မန္တလေးမှာ လုပ်မှာပါ။ နာဂစ်ဖြစ်ပြီး သူ့မင်္ဂလာဆောင် မသွားနိုင်ခဲ့ပေမယ့် ဒီဇိုင်နာဖြစ်တဲ့ သူကတော့ အဖွဲ့တီရှပ်ဒီဇိုင်းကို အချိန်မှီ ဒီဇိုင်းထုတ် လက်စသပ်ပေးခဲ့ပါတယ်။ သူ့ကြောင့် လုပ်အားပေးလူငယ်တွေ အားလုံး တီရှပ်ကိုယ်စီနဲ့ တက်တက်ကြွကြွ ဖြစ်နေခဲ့ကြတာပါ။

Photo Credit: RAVEN Blood Donor Club

14 comments:

ဖိုးသင်္ကြန် said...

သာဓုပါဗျာ။
တစ်နှစ်ပြည့်ပြီဆိုတော့ သူတို့တွေ ဘယ်လောက်အထိ ပြန်ထူထောင်လာပြီလဲ၊ ဘာတွေလိုအပ်နေသေးလဲ၊ ဘာတွေခံစားနေရဆဲပဲလဲ...ဆိုတာလေး
ဆက်ရေးပါလားအကို။
ဖတ်ချင်လို့ပါ။

JulyDream said...

ဟုတ်ကဲ့ ကျွန်တော်လည်း အဲဒါတွေကို သိချင်ပါတယ်။ ဒါပေမယ့် ကျွန်တော် လုပ်နိုင်တဲ့ နေရာမှာ မရှိဘူး ဖြစ်နေတော့ ရန်ကုန်က သူငယ်ချင်းတွေ အဲဒီဘက်တွေကို သွားနိုင်ကြမလား အပေါ်မှာ မူတည်ပါတယ်။

Anonymous said...

၁နှစ်တောင် ပြည့်သွားပါပကော.... လှုးဒန်းခဲ့တာတွေအတွက် သာဓုခေါ်ပါတယ်ဗျာ
ခုဆိုရင်တော့ အစိုးရသတင်းတွေအရ အားလုံး
နေသားတကျဖြစ်နေပြီလို့ရေးနေပြောနေကြတာ
ပဲ.... ဒါပေမဲ့လဲ....... ပေါ့နော်.......
ဖိုးသူတော်ကြီးကြေးစည်ထုသလို မထင်...မထင်

Nge Naing said...

သာဓုခေါ်သွားပါတယ် ကိုဂျူလိုင်။ တနှစ် ပြည့်တဲ့အချိန်မှာ ဘယ်လောက်ပဲ အဆင်ပြေ အနေသားတကျ နေပြီပြောနေပေမယ့် နာဂစ်လွန် နောက်ဆက်တွဲ ဒုက္ခတွေကတော့ နားနှင့်မဆံ့အောင်ာကားသိနေရဆဲပါပဲ။

နွေးနေခြည် said...

ပီတိလည်း ဖြစ်မိသလို ၀မ်းလည်းနည်းမိတယ်။
အကူအညီတွေလိုနေဆဲပဲ ဖြစ်မယ်ဆိုတာ သေချာပါတယ်။ အကို့ဆီမှာ အဝေးရောက်မြန်မာတွေက ကူညီပေးနိုင်တာတွေ ရှိရင်လည်း ဘလော့မှာကြေငြာပေးပါဦး.. ကူညီချင်လို့ပါ

မိုးခါး said...

သာဓုခေါ်ပါတယ် ကိုဇူလိုင်
ဒီပုံ ဒီစာတွေကို မြင်ရ ကြားရ ဖတ်ရတာ ရင်ထဲ ဆို့ဆို့သွားတယ်
ဒီခံစားချက် ဘယ်တော့မှ ဟောင်းလိမ့်မယ်မထင်ဘူး

မေငြိမ်း said...

မျက်ရည်လည်လည်နဲ့ တကယ်ကို လှိုက်လှိုက်လှဲလှဲ သာဓု.. သာဓု.. သာဓု.. ခေါ်ပါတယ်။

may16 said...

သာဓုပါရှင် တကယ်ကို စွမ်းဆောင်နိုင်ပါပေတယ်..

Anonymous said...

ဒီလိုဓာတ်ပုံလေး၊ စာလေးကြည့်လိုက်ရတာတော့ အရမ်းလွယ်ပေမယ့် တကယ်တမ်း ကိုယ်တိုင်ပါဝင် စွမ်းဆောင်ကြရတဲ့ လူတွေ ဘယ်လောက်ထိ ခက်ခက်ခဲခဲ အားထုတ်ခဲ့ရမယ်ဆိုတာ ကိုယ်ချင်းစာလို့ရပါတယ် ကိုဇူလိုင် ... ဝမ်းသာမိပါတယ်ဗျာ .. ဂုဏ်လည်း ယူပါတယ် .. လိုအပ်ချက်ပေါင်း မြောက်များစွာထဲက အဓိကကျတဲ့ လစ်ဟာမှုတစ်ခုကို ဖြည့်ဆည်းပေးခဲ့ကြတာပါပဲ .. စေတနာရှင်တွေကိုရော .. လှူဒါန်းကြသူတွေရော ... လုပ်အားဒါနပြုကြသူတွေကိုရော သာဓုခေါ်ခဲ့ပါတယ် .. အားလုံး ဆထက်တစ်ပိုး စွမ်းဆောင်နိုင်ကြပါစေ ...

ဖိုးဂျယ် said...

သာဓု ထပ်ခေါ်ပါတယ် အကိုရေ
သူတို့လေးတွေ အရာရာ ပြည့်ုစုံပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

khin oo may said...

သူ..အကျိုးတွေ များနေပြီ.. ကိုယ်ကျိုးအောင်ပါစေ။

မေ့သမီး said...

သာဓု၊ သာဓု၊ သာဓု။ ၀င်ကူချင်စိတ်လည်း ပေါက်တယ်။ ထမင်း၊ ပဲဟင်းနဲ့ ငါးပိထောင်းစားချင်စိတ်လည်း ပေါက်သွားတယ်။ :P

♣♣♣အိမ်မက်ချို♣♣♣ said...

သာဓုပါရှင်....
သူများအကျိုးဆောင်... ကိုယ့်အကျိုးအောင်......

Rita said...

အားကျပါတယ် ကို JD