မြန်မာပြည်က စားစရာတချို့တလေကို ချင်ခြင်းတမိနေတယ်။ တချို့ဟာတွေက ဒီမှာ ၀ယ်စားလို့ရတယ်။ တချို့ဟာတွေက ခပ်ဆင်ဆင်တူတယ်။ တချို့ဟာတွေက ဒီမှာ လုံးဝရှာလို့ကို မရဘူး။ ချင်ခြင်းတပေမယ့် ရိုးရိုးသားသားပါ။ မစားရတာ ကြာလို့ လွမ်းမိတာမျိုးပါ။ သတိရတယ် ဆိုတဲ့ အဆင့်ထက်တော့ ပိုတာပေါ့။ လွမ်းတယ်ဆိုတာ သတိရတယ်... ဆိုတာထက် ပိုတယ်ဆိုတာကို ချစ်သူရှိတဲ့သူတွေ သိကြမှာပါ။ ဒါကြောင့် ကျွန်တော်လည်း သိပါတယ်။
မနက်ပိုင်း ရုံးသွားရင် ခရီးဆုံးဘူတာအောက်မှာ မုန့်လာဥကိတ် ရောင်းတယ်။ မနက်တိုင်း အဲဒီဆိုင်က အနံ့လေးကို ပိုက်ဆံမပေးရပဲ အခမဲ့ ရှူနေတာ အတော်ကြာလှပေါ့။ မုန့်လာဥကိတ် ဆိုတာ ရန်ကုန်က အော်ကေ့ကြည်နဲ့ အတော်တူတယ်။ ဒီတော့ စလုံးမုန်လာဥကိတ် ညီမျှခြင်း အော်ကေ့ကြည်။ စင်္ကာပူမှာ အော်ကေ့ကြည်က ကြော်ထားတာမျိုး မဟုတ်ဘူး။ ဖြူဖတ်ဖြူရော်ကြီး။ ရန်ကုန်မှာတုန်းက အော်ကေ့ကြည်ကို အတော်ကြိုက်တယ်။ ငယ်ငယ်တုန်းက နေခဲ့တဲ့ အိမ်ဘေးမှာ အော်ကေ့ကြည် ဆိုင်ရှိတော့ မနက်စာသည် အော်ကေ့ကြည်ပဲ။ ဆိုင်ဖွင့်တဲ့ မိသားစုက မွန်လူမျိုးတွေ။ အိမ်နီးနားချင်းတွေဖြစ်တော့ ကိုယ်လိုချင်တဲ့ပုံစံမျိုး လုပ်ခိုင်းလို့ရတယ်။ အော်ကေ့ကြည်ကို သေးသေးလေး ညှပ်ပေးပါဆို ညှပ်ပေးတယ်။ ကျွတ်ကျွတ်လေး ကြော်ပေးပါ ဆိုလည်း နီရဲတွတ်နေအောင် ကြော်ပေးတယ်။ အချဉ်ရည် ရွှဲရွှဲလေး များများစမ်းပေးပါဆို အိုင်ထွန်းနေအောင် စမ်းပေးတယ်။ အဲဒီ အော်ကေ့ကြည်ကို လွမ်းမိတယ်။
ရုံးမတက်တဲ့ စနေ တနင်္ဂနွေ မနက်တွေဆို အိမ်နားက မလေးဆိုင်မှာ ကြာဇံစွန်တို စားလေ့ရှိတယ်။ သူက ခေါက်ဆွဲနဲ့လည်း ရတယ်။ ခေါက်ဆွဲနဲ့ဆိုရင် မီစွန်တိုလို့ ခေါ်တယ်။ ခေါက်ဆွဲ ကြာဇံမှာ ပဲပင်ပေါက်တွေနဲ့ ကြက်သားဖတ်တွေ ပါတယ်။ ပြီးရင် ဟင်းအရည် လောင်းထည့်ပေးတယ်။ ငရုတ်သီး စပ်စပ်လေးနဲ့ ရောမွှေပြီး စားလိုက်ရင် ရှူးရှဲပဲ။ မြန်မာပြည်က မုန့်ဟင်းခါးနဲ့ ခပ်ဆင်ဆင် တူတယ်လို့ မြန်မာပြည် ရောက်ဖူးတဲ့ စလုံးတွေက ပြောကြတယ်။ ပုံစံချင်း ခပ်ဆင်ဆင် တူတာမျိုးပါ။ အရသာက မတူပါဘူး။ မုန့်ဟင်းခါး မရှိတဲ့အရပ်မှာ အဲဒီစွန်တိုလေးပဲ ရသေ့စိတ်ဖြေ စားရတာပေါ့။ မုန့်ဟင်းခါးက ပိုပြီး စားလို့ ကောင်းတယ်။ အခုတလော မုန့်ဟင်းခါးကိုလည်း လွမ်းမိနေတယ်။ အလွမ်းပြေအောင် ပင်နီဇူးလားမှာ သွားစားပါလားလို့ အကြံမပေးကြပါနဲ့။ အလွမ်းမပြေတဲ့အပြင် မြန်မာပြည်က မုန့်ဟင်းခါးကို ပိုတောင် လွမ်းသွားပါမယ်။
အိုးချန်းကီးလို့ အမည်ပေးထားတဲ့ ဆိုင်မှာ အကြော်တွေ ၀ယ်စားလို့ရတယ်။ အဲဒီဆိုင်တွေက ဘူတာတိုင်းမှာ ရှိတတ်ပါတယ်။ ကော်ပြန့်ကြော်၊ ပုစွန်ကြော်၊ ဂဏန်းသားကြော်တွေ ရတယ်။ ပူပူနွေးနွေးလေး ဖြစ်အောင် လုပ်ထားတော့ အကြော်တွေက စားလို့ ကောင်းပါတယ်။ ဆိုင်ကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းပါ။ ဒါပေမယ့် ရန်ကုန်က လမ်းဘေးအကြော်ဆိုင် ညစ်ညစ်ပတ်ပတ်လေးကို ပိုပြီး လွမ်းနေမိတယ်။ လက်သုတ်ဝတ် မဲချိတ်ချိတ်၊ နှုတ်ခမ်းပဲ့နေတဲ့ ရေနွေးပန်းကန်၊ ပိန်ရှုံ့နေတဲ့ ရေနွေးအိုးက စားပွဲခုံလေးတွေပေါ်မှာ။ အကြော် ပူပူလေးကို ငရုတ်သီးစိမ်းတွေ ပါတဲ့ အချဉ်ရည်နဲ့ တို့ပြီးစား။ ဆလပ်ရွက်၊ ဂေါ်ဖီဖတ်တွေ ပေးတဲ့ဆိုင်ဆိုရင် တကယ်ကို ရှလွတ်ပဲ။ မြန်မာပြည် ပြန်တဲ့အခေါက်တိုင်း အကြော်ဆိုင်တွေမှာ မစားဖြစ်သေးဘူး။ ဘူးစို့ ဆောင်နေရမှာ စိုးလို့။ နာဂစ်ဝင်တဲ့ တခေါက်တုန်းက ငတ်ငတ်နဲ့ပဲ ဖြစ်ချင်ရာဖြစ်ဆိုပြီး စားဖြစ်လိုက်တယ်။
အီကြာကွေး၊ စမူဆာ၊ ပလာတာ... အဲဒါတွေလည်း ဒီမှာ ရပါတယ်။ ဒါပေမယ့် ရန်ကုန်က လက်ရာနဲ့ ကွာတယ်။ ရန်ကုန်မှာက ဆီရွှဲရွှဲနဲ့ ကြော်တာဆိုတော့ ပိုစားကောင်းသလိုပဲ။ ကျန်းမာရေး ရှူထောင့်က ကြည့်ရင်တော့ ဆီများတာ မကောင်းပါဘူး။ ဒီလိုနေရာမှာ ဒီလောက် ဆီလျှော့ထားတဲ့ အစားအစာတွေကို စားတာတောင် လူက ကိုယ်ဝန်ကြီး ဗိုက်နဲ့ ဖြစ်နေပြီ။ ချင်ခြင်းတမိမှတော့ တခါတလေ စားတာပါဆိုပြီး ဆင်ခြေပေးဖို့က အသင့်ပါပဲ။ ရန်ကုန် ပြန်တဲ့အခါ အဲဒါတွေတော့ စားအုံးမယ်လို့ စိတ်ထဲမှာ တေးမှတ်ထာလိုက်မယ်။
အခုတော့ ချစ်သူကိုလည်း လွမ်း၊ ရန်ကုန်က အစားအစာတွေကိုလည်း လွမ်း။ မိုးကလည်း တဖွဲဖွဲလေးရွာ။ အပြင်ကလည်း သိပ်မထွက်ချင်။ အဲဒီတော့ လွမ်းပြီးရင်း လွမ်းနေမိတာ ကျွန်တော့်အလွန် မဟုတ်ဘူးဆိုတာ သိလောက်ပါပြီနော်။

19 comments:
(လွမ်းတယ်ဆိုတာ သတိရတယ်... ဆိုတာထက် ပိုတယ်ဆိုတာကို ချစ်သူရှိတဲ့သူတွေ သိကြမှာပါ။ ဒါကြောင့် ကျွန်တော်လည်း သိပါတယ်။)
ထို့ကြောင့် ကျွန်တော့်မှာလည်း ချစ်သူ ရှိပါတယ်။
(မုန့်ဟင်းခါးကိုလည်း လွမ်းမိနေတယ်။ အလွမ်းပြေအောင် ပင်နီဇူးလားမှာ သွားစားပါလားလို့ အကြံမပေးကြပါနဲ့။ အလွမ်းမပြေတဲ့အပြင် မြန်မာပြည်က မုန့်ဟင်းခါးကို ပိုတောင် လွမ်းသွားပါမယ်။) မှန်လိုက်လေ။
ကိုယ်ကတော့ မုန့်ဟင်းခါးနဲ့ ကြာဇံချက်ကို အိမ်ပြောင်းပြီးမှ မလွမ်းတော့ဘူး။ အခန်းဖော်တွေ ခဏခဏချက်တာ ကပ်စားနေရလို့။
အိုးကြီးချက် ဆရာ! ရှယ်ပဲ!
ကိုယ်ဝန်ကြီး ဗိုက်နဲ့ >>>>
အဟိ.. လူကြမ်းဂိုက်နဲ့ ဗိုက်ကြီးသည်ကို မြင်ဖူးချင်ထှာ ။
သိပါတယ် ဒါက ကိုဇူလှိုင့် အလွန် မဟုတ်ပါဘူး၊ ပရောဂ ကိုင်တယ် ခေါ်တယ်။ :))
မအယ်
စားစရာတွေ လွမ်းထှာ မဗိုက်ရယ် အဲ ဂျူလိုင်ရယ်..
လွမ်းသွားတယ် စားစရာတွေကို သူပြောမှ ပိုလို့လွမ်းမိတယ် အိုးဘဲဥရယ် အဲယောင်လို့ ကိုဗိုက်ရယ် အဲမှားပြန်ပေါ့ ကိုဂျူလိုင်ရေ...
လေးစားလျက်
တောင်ပေါ်သား
ဘာများစားချင်နေလို့လဲ။
လွမ်း……….အင်း...... Default setting ကပါလာပြန်ပြီ။
ဆိုင်နားသွားကပ်ကပ်ရှူ................အော်..........သူကိုး.........
အော့်ကေ့ကြည်အကြောင်းနားထောင်လိုက်တာ ဂလုဖြစ်သွားတယ။်
ကြာဇံစွန်တို.........မီးစွန်တို...............တို့သိတာ မီးဆိုတိုပါ။ အင်းသိပြီး. သူက အသံနဲနဲဝဲတယ်။
မုန့်ဟင်းခါလွမ်းရင် မြောင်းမြဒေါ်ချိုတို့.. ခင်တွေးရီတို့စားပါလား.ကောင်းပါတယ။် အကြော်လေး တစ်ထုတ် ပဲကြော်ထုတ် ပါဝယ်ခဲ့။ ငှက်ပျောအူလည်းတစ်ကျပ်ဘိုး.ဝယ် ရှယ်ဘဲ။ တို့ကို ဖိတ်ပါ။
လမ်းဘေးဆိုင်ထိုင်ခဲ့တုံးကတော့ပန်းကန် အစုတ်ကလေးတွေ ကြည့်ပြီး ရေခွက်ထဲစိမ်ထားတာကြည့်ပြီးအ တော်အသည်းယားခဲ့မိတယ်။
ဘူးစို့………….ဝမ်းပိတ်ဆေးလား။
ရန်ကုန်က ပလာတာ လား ဆီရွှဲနေတာဘဲ သတင်းစားနဲ့ညှစ်ပြီး ဆီ ကို စုပ်ထုတ်ပြီးမှ စားရဲတယ်။
ချဥင်္ချင်းတက်နေတယ်ဆိုလို့မသင်္ကာဖြစ်နေတာ. အဆုံးသတ်မှ သိ့ရတယ်။
Conclusion
လေနဲ့သွားရင် လေဘဲရမယ်သူငယ်ချင်း.။
စားချင်တာတွေ သတိရတာတွေ..လွမ်းတာတွေ ချစ်တာတွေ ဖတ်သွားပါတယ်..(တော်သေးတယ်..ဆွေးတာ မပါသေးလို့..မဟုတ်ပြိုကျနေဦးမယ်)
ဘာစားမလဲ ကို..။ လို့ နောက်ချင်ပါတယ်။ ဒါပေမယ့် အတည်လွမ်းနေတယ်ဆိုတော့ မနောက်တော့ပါဘူး။
မဟုတ်ပါဘူး.. အလွန်မဟုတ်ပါဘူး..း)))....
မီးရုဘု Meerubu စားကြည့်ပါလား ငါးနဲ့ ချက်တာ မုန့် ဟင်းခါးနဲ့ တူတယ်
အစားအသောက်စိတ်မဝင်စားဘူးဆို.. ခုတော့ ဗိုက်ကြီးသည်လုံးလုံးပါလား
ဟုတ်ပါတယ် ဟုတ်ပါတယ် အလွမ်းအပြစ်ပါ :)
ဂျူလိုင် လည်းအတော်ကိုလွမ်းနေတာပါလား။ စားချင်တာ တွေကိုစာရင်းလုပ်ထားပြီး ပြန်လာမှအတိုးချစားပေတော့ ဂျူလိုင်ရေ။ အဆင်ပြေပျော်ရွှင်ပါစေနော်။
ကိုဂျူလိုင်ရေ.. အလွန်အကျွံတော့ မလွမ်းမိစေနဲ့ဗျ..ဟဲဟဲ လွမ်းတတ်တဲ့ သူချင်းမို့.. အတူတူ လာလွမ်းတာ
အော်ကေ့ကြည်..စာဖတ်ရင်းစားချင်စိတ်ပေါက်သွားတယ်
မုန့်ဟင်းခါးကိုလွမ်းနေတယ်လား၊?
မသိလို့ .....တစ်နေ့ကတောင်
မုန့်ဟင်းခါးတွေချက်စားသေး
တကယ့်ရှယ်ကို ကျကျနနချက်စားတာ
အဲလိုမှန်းသိ ဘလော့ဂါဘော်ဒါကြီးကိုလာပို့တာပေါ့။
စမူဆာဆိုတော့လဲကူလွမ်းသွားတယ်
ရန်ကုန်က လမ်းဘေးအကြော်ဆိုင် (အပြိုင်ကိုလွမ်းသွားတယ်)
အဟဲ..ချစ်သူကိုတော့ကူမလွမ်းပေးတော့ဘူး :P
Merry Christmas to you and your family.
ဗိုက်ဆာနေတဲ့အချိန်မှာ ဒီပို့စ်ကို ဖတ်မိလို့ ပိုပြီး ဗိုက်ဆာသွားပြီ။ တခုခု သွားစားမှ ဖြစ်တော့မယ်။
စားစရာတွေထဲမှာ အော်ကေ့ကြည် ကို ကြွပ်အောင်ကြော်ပြီး ဆိုးဆေးပါတဲ့ အချဉ်ရည်
နီနီရဲရဲနဲ့ စားရတာ အလွမ်းဆုံးပဲ...
ဒီမှာ ကျန်တာတွေ ဘယ်လို ရရ ဘယ်လောက်တူတူ ဆိုးဆေးအချဉ် နီနီကတော့ ဘယ်လိုမှ မတူနိုင်ဘူး...
မြန်မာပြည်က စားစရာတွေကို လွမ်းနေတာ ကိုယ်တယောက်တည်းမဟုတ် ကိုယ့်လိုပဲ လွမ်းနေကြသူတွေ အများကြီး ရှိနေပါသေးလားလို့ တွေးပြီး စိတ်ကို ဖြေပါလေ...
ဖတ်ပြီး ကျနော်တောင် လွမ်းသွားပြီ
အခုမှ မုန့်ဟင်းငါး ဗူးငါးဖယ် အိုးဘဲဥ နဲ့ အဝစားလာတာ
သနားပါတယ်ဗျာ
Post a Comment