ရည်ရွယ်ရာ အိပ်မက်လမ်းကို ပြောပါဆိုရင် သမိုင်းကြောင်း ကောင်းဖို့ တစ်ခုခု လုပ်ချင်တယ်လို့ ဖြေမိမယ်။ ယုံကြည်ရာက ဘာလဲဆိုရင် သေခြင်းတရားပဲ။ မြစ်တွေရဲ့ ဆုံစည်းရာက ပင်လယ်ပြင်ပါ။ လူသားတွေအတွက် အဆုံးသတ်က သေခြင်းတရားပဲ။ ဒါကြောင့် ခဏတာ နေခွင့်ရတဲ့ လူသားဘ၀မှာ တန်ဖိုးရှိချင်တယ်။
တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင် ဘာတွေ လုပ်ရမလဲ။ အဲဒီအတွက် ပြဌာန်းချက်တွေ အများကြီးပဲ။ စံသတ်မှတ်ချက် အမျိုးမျိုးအတွက် တိုင်းတဲ့ ပေတံတွေ အစုံအလင်ပဲလေ။ ကြည့်တဲ့ရှုထောင့်တွေ ကွာရင် အမြင်တွေလည်း ပြောင်းလဲနိုင်တယ်။ လူဆိုးကို သူတော်ကောင်း ထင်ပြီး လူတော်ကို လူနုံလူအလို့ မြင်သွားနိုင်တယ်။ အဲဒီတော့ တန်ဖိုးရှိတဲ့လူဖြစ်ဖို့အတွက် လောကကြီးအတွက် ဖြစ်သင့်တယ် မှန်တယ်လို့ လက်ခံထားတဲ့ အရာတွေကို ခေါင်းမာမာနဲ့ တဇွတ်ထိုး လုပ်ခဲ့မိတယ်။ ရလဒ်ကတော့ ချီးကျူးသံတွေ ကဲ့ရဲ့သံတွေ။ အားပေးသံတွေ ပြစ်တင်သံတွေ။ အပြုံးတွေ အမုန်းတွေ။ ဒီလိုနဲ့ ဖြူစင်တဲ့ စေတနာတွေ နီဆွေးတဲ့ ဝေဒနာဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး လျှောက်ဆဲပါ။
စမ်းတ၀ါးဝါး လမ်းဆိုတဲ့အထဲမှာ နိုင်ငံရေးဆိုတာ ပါနေတယ်။ နိုင်ငံရဲ့ အရေးကို လုပ်သမျှ နိုင်ငံရေးပဲလို့ ဖတ်ဖူးတယ်။ နိုင်ငံရေးမှာ နိုင်ငံသားတိုင်း ပါရမယ်ဆိုတဲ့ သဘောတရားကို လက်ခံတယ်။ ဒါပေမယ့် နိုင်ငံရေး ဆိုတဲ့ စကားလုံးရဲ့ ကြီးကျယ် မြင့်မြတ်မှုအောက်မှာ ကျွန်တော် ပိပြားနေတယ်။ ခေါင်းတောင် ဖော်ခွင့် မရလိုက်ဘူး။ အဲဒီလိုနဲ့ နိုင်ငံရေးကို ကျွန်တော် ဝေးဝေးနေလာခဲ့တယ်။ နိုင်ငံရေးလုပ်နေတဲ့ သူတွေဆိုတာ ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်နေတဲ့သူတွေ ဆိုတာ သိလိုက်ရတော့ တတ်နိုင်သမျှ ရှောင်နေလိုက်တယ်။ ထောင်ထွက်ဆိုတာ နာမည်ဆိုးတယ်လေ။ လူအထင်ကြီးမှာမှ မဟုတ်တာ။ ကျွန်တော်ဟာ အတ္တကြီးတဲ့ လူသားတစ်ယောက် မဟုတ်ပေမယ့် အတ္တတော့ ရှိနေတယ်ဆိုတာ အကြွင်းမဲ့ ၀န်ခံပါတယ်။
ကိုယ်ကသာ ရှောင်နေတာ နိုင်ငံရေးက ကျွန်တော်ဆီ တည့်တည့်ဝင်လာနေတယ်။ ဒါပေမယ့် အဲဒီလို ၀င်လာနေတယ် ဆိုတာကို မသိလိုက်ဘူး။ သတိမထားမိတာလည်း ဖြစ်မယ်။ အသိ မကြွယ်တာလည်း ဖြစ်မယ်။ ဦးနှောက်ထဲမှာ ရှိနေတဲ့အသိက နှစ် ၂၀ နီးပါး ဖတ်ထားတဲ့ သတင်းစာက ဆောင်းပါးတွေ။ ပုဆိန်ရိုးတွေ၊ ပြည်ပအားကိုးတွေ၊ ဆူပူလှုံ့ဆော် မြေပေါ်မြေအောက် အဖျက်သမားတွေ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကိုတောင် အသားလွတ် အမြင်ကပ်နေခဲ့တယ်။ ဗိုလ်ချုပ်မျက်နှာကိုမှ မထောက်... တိုင်းပြည်ကို ကျွန်ပြုခဲ့တဲ့ မျက်နှာဖြူကောင်ကိုမှ လင်လုပ်တဲ့သူ ဆိုပြီး မျက်မုန်းကျိုးနေခဲ့ဖူးတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဆိုတာ ဘယ်သူမှန်းတောင် မသိဘူး။ သိခဲ့တာက နိုင်ငံခြားက အထောက်အပံ့ ဒေါ်လာတွေကို ယူပြီး တိုင်းပြည်ကို ချောက်ထဲ တွန်းချနေတဲ့ လူတစ်စုပေါ့။ အာဏာကို ဖြတ်လမ်းကနေ ယူဖို့ ကြိုးစားနေတဲ့ လူတစ်သိုက်ပေါ့။ နိုင်ငံပိုင် သတင်းစာထဲမှာ အဲဒီလိုတွေပဲ ရေးထားခဲ့တာလေ။
၈၈ အရေးအခင်း ဖြစ်တုန်းက ကျွန်တော်က မူလတန်းကျောင်းသား ချာတိတ်။ ဘာကြောင့် ဒီအရေးအခင်း ဖြစ်ရသလဲဆိုတာ လုံးဝ မသိခဲ့ဘူး။ လူကြီးမိဘတွေကလည်း မသိလေ ကောင်းလေဆိုပြီး ဘာမှကို မပြောပြခဲ့ဘူး။ အဲဒီမှာ ဘာတွေ မှတ်မိသလဲဆိုရင်... ခွပ်ဒေါင်းအလံ၊ ခွပ်ဒေါင်းနှဖူးစည်း၊ လမ်းမပေါ်က လူအုပ်ကြီးတွေ၊ ဒို့အရေး ဒို့အရေး အော်သံတွေ၊ အလံဇောက်ထိုးတွေ၊ ဂိုဒေါင်ဖောက်ပြီး ပစ္စည်းတွေ သယ်လာတဲ့လူအုပ်ကြီးတွေ၊ ဗြောက်အိုးဖောက်သံလို့ ထင်ထားတဲ့ သေနတ်သံတွေ၊ အိမ်အောက်ထပ် မြေအောက်ခန်းမှာ ပြားပြားဝပ်ခဲ့ရတဲ့ အချိန်တွေ၊ ဂျင်ဂလိနဲ့ ၀ါးကပ်တွေ၊ ငှက်ကြီးတောင်ဓါး လွယ်ထားတဲ့ ကင်းသမားတွေ။ အဲဒီတုန်းက ဘာလုပ်ခဲ့သလဲ ဆိုရင် အိမ်က ဟိုင်းလတ်ကား ခေါင်မိုးအပေါ်တက်ပြီး ဒို့အရေးအော်ပြီး မျောက်ရှုံးအောင် ဆော့ခဲ့ဖူးတယ်။ အိမ်က အဒေါ် ခေါ်သွားလို့ အစာငတ်ခံဆန္ဒပြတဲ့ နေရာမှာ သွားထိုင်ဖူးတယ်။ အဲဒီတုန်းက အစာမငတ်ပေမယ့် ရေငတ်တာတော့ အမှန်ပဲ။
ဒီမိုကရေစီမှ ဒီမိုကရေစီဖြစ်နေတဲ့ အရင်းနှီးဆုံး ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့မိဘတွေလည်း ဒီမိုသမားပဲ။ သူက ခမောက်ဆောင်းချိန် ကျွန်တော်က တူတံစဉ်နဲ့စပါးနှံ ကိုင်ထားတယ်။ သူက ရွံ့လို့ဆိုပြီး သတင်းစာ မဖတ်ဘူး။ အင်္ဂလိပ် မဂ္ဂဇင်းတွေ ဖတ်တယ်။ ကျွန်တော်မှာ ဖတ်စရာက သတင်းစာပဲ ရှိတယ်။ သူက အစိုးရ မကောင်းကြောင်း ပြောတိုင်း ကျွန်တော်က အစိုးရ ကောင်းကြောင်းတွေ ရှာပြီး ပြောတယ်။ မြန်မာပြည်အနှံ့ တိုးတက်မှုတွေကို မြင်အောင် ကြည့်စမ်းပါအုံး။ မြစ်ကူးတံတားကြီးတွေ၊ ဆည်တွေ၊ ရေတွင်းရေကန်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ။ တစ်သီးစား လယ်တွေကနေ သုံးသီးစား လယ်တွေ ဖြစ်ကုန်ပြီ။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ ငြင်းခုန် သတ်ပုတ်နေခဲ့ကြတာ ၁၀ နှစ်လောက်ရှိခဲ့ပြီပေါ့။ အခင်အမင်တော့ မပျက်ပါဘူး။ အမြင်တွေ မတူတိုင်း ရန်သူမှ မဟုတ်တာဗျာ။
ဒီလိုနဲ့ တက္ကသိုလ် ရောက်ခဲ့တယ်။ ကျောင်းတော်ကြီးမှာ ပြောလို့ မကုန်နိုင်တဲ့ သမိုင်းတွေ ရှိနေတာကို ရိပ်မိလာတယ်။ စွယ်တော်အဖြူမှာ သွေးနီနီ စွန်းခဲ့တဲ့အကြောင်း သိလာရတယ်။ ကျောင်းတော်ကြီးမှာ ဆရာ ဆရာမ တချို့တလေက ဟိုနည်းနည်း ဒီနည်းနည်း ပြောပြတယ်။ သူတို့ရင်ထဲမှာ နှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ ခံစားချက်တွေ ပွင့်အန်လျှံကျလာတယ်လို့ မြင်မိတယ်။ ဒီလိုနဲ့ပဲ လျှံကျလာသလောက် သိခွင့်ရလိုက်တယ်။ မိခင်ကျောင်းတော်ကြီးမှာ မတက်ရပဲ မြို့ပြင်က ကျောင်းကို သွားတက်ရတော့ စိတ်ထဲမှာ မိဘသဖွယ် အုပ်ချုပ်နေတဲ့ အစိုးရမင်းကို မကြည်မလင် ဖြစ်လာမိတယ်။ မကြည်မလင် ဖြစ်ရတဲ့အထဲမှာ အိပ်ရေးမ၀တာလည်း ပါပါတယ်။ ရင်ဝယ်သားသဖွယ်အုပ်ချုပ်တယ်ဆိုပြီး ဒီလောက်ခန့်ညားတဲ့ ရုပ်ရည်ပိုင်ရှင် တက္ကသိုလ်ကျောင်းသားကြီးကို ဘာလို့ မျက်တွင်းဟောက်ပတ် ပိန်ညောင်ရှိုက်ကုန်း ဖြစ်စေချင်သလဲပေါ့။ အဲဒီမိဘကို စိတ်ကောက်ချင်စိတ် ပေါက်သွားတယ်။ နည်းနည်း အမြင်ပြောင်းသွားတယ်။
တတိယနှစ်အပြီးမှာ အတန်းထဲက တချို့ စာမေးပွဲကျပြီး ကျောင်းထုတ်ခံရတယ်။ သူတို့က ဆူးလေတ၀ိုက်မှာ စာကပ်တယ် ဆိုလား စာဝေတယ်ဆိုလားပဲ။ သူတို့ကို ညဘက်ကြီး တံခါးခေါက်ပြီး ခေါ်သွားတယ်။ နှစ်ပတ်လောက် ပျောက်သွားတယ်။ ကျောင်းမှာ ပြန်ပေါ်လာတော့ မျက်လုံးတွေ ဖူးယောင်နေတာပဲ။ လက်မှာလည်း ပတ္တီးနဲ့။ သွားတွေလည်း ကျိုးလို့။ အတော်လေး အတီးခံထားရပုံပဲ။ ကျောင်းမမှန်တဲ့သူ အချင်းချင်းဆိုတော့ သူတို့နဲ့က အဆက်အဆံ မရှိသလောက်ပဲ။ ဒါဝင်ရဲ့သီအိုရီ ဆိုတဲ့ ကဗျာစာအုပ် ထုတ်တုန်းကတော့ အားနာလို့ ၀ယ်ဖူးတယ်။ အဲဒီကဗျာစာအုပ်မှာ အစိုးရကို သရော်ထားတာ ပါတယ်ဆိုပဲ။ ဖတ်တာ ဖတ်ကြည့်တယ်။ တစ်လုံးမှ နားမလည်ဘူး။ သူငယ်ချင်းတွေက စကားပြေ ပြန်ပေးရတယ်။ အဓိပ္ပါယ် သိသွားတော့လည်း ဟုတ်နေတာပဲ။ စိတ်ထဲကနေ ကျိတ် ချီးကျူးလိုက်တယ်။ ကျွန်တော်ဆို အဲဒီလို မတွေးမိသလို ရေးရဲမှာလည်း မဟုတ်ဘူး။ စာကပ်ဖို့ စာဝေဖို့ဆို ဝေလာဝေးပဲ။ ခေါင်းထဲမှာ ဘွဲ့ရဖို့ပဲ ရှိတယ်။
ဗိသုကာ တတိယနှစ်မှာပဲ အီကိုကျောင်းသား ရာဟု ဆိုတဲ့သူနဲ့ တွေ့ဖူးတယ်။ သူငယ်ချင်းတွေနဲ့ စုငှားထားတဲ့ အိမ်မှာပေါ့။ အဲဒီတုန်းက အီိကိုကျူရှင်ကို အဲဒီအခန်းမှာပဲ ဖွင့်ထားတယ်။ သူက ကျူရှင်တော့ မတက်ပါဘူး။ ကျူရှင်က သူငယ်ချင်းဆီ လာလည်တာပါ။ အဲဒီမှာ သူနဲ့ စကားစမြည် ပြောဖူးတယ်။ သူအများဆုံး ပြောသွားတာက လူမှုရေးလုပ်ငန်းတွေပေါ့။ သူနဲ့ နှစ်ခါ သုံးခါလောက် ဆုံဖြစ်တယ်။ စက်တင်ဘာမှာ သူ ဓါတ်ပုံကြီး မြင်လိုက်တော့ ဒီလူကို မြင်ဖူးပါတယ်ပေါ့။ သတင်းတွေမှာ ရေးထားတာက ဗကသခေါင်းဆောင် ကျော်ကိုကိုဆိုပဲ။ သိထားတာက ရာဟုပါ။ ဒီကောင်မှ ဒီကောင် အသေအချာကြီးပါ။ စိတ်ထဲမှာ ၀ိုးတိုးဝါးတား မသေချာလို့ အီကိုက သူငယ်ချင်းဆီ ဖုန်းဆက်မေးကြည့်တော့ သူက ရာဟု ဆိုတာ သိလိုက်ရတယ်။ ဗကသခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ထင်တောင် မထင်ထားဘူး။
ဒီလိုနဲ့ပဲ အက်စ်ဝမ်းနဲ့လည်း ကျောင်းမှာ ဆုံခွင့်ရလိုက်တယ်။ အက်စ်ဝမ်းနဲ့ ပတ်သက်ပြီး သတိထားမိတာက အစိုးရကို ခါးခါးသီးသီး မုန်းတာပဲ။ ဘယ်တော့မှ အကောင်းမပြောဘူး။ သူမှာ နာကျည်းချက်တွေ ရှိမှာပါ။ ကိုယ်တိုင်မှ မခံစားဖူးတော့ သူ့လို နာကျည်းချက်မျိုး မရှိတာ မဆန်းလှပါဘူး။ လူဆိုတာကလည်း ထိမှ နာတဲ့အမျိုးပါ။ မထိသရွေ့ နေသာသလို အေးဆေးနေတတ်ကြပါတယ်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်က ရဲရဲတောက်တွေကတော့ အတော်လေးကို ထိချက်နာခဲ့သူတွေပါ။ ကိုယ်တိုင်ကိုယ်ကျ ခံစားရတဲ့သူ ရှိသလို မိဘဆွေမျိုး အသိုင်းအ၀ိုင်း ပြိုလဲ ပျက်ဆီးခဲ့ရသူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအချိန်အထိ စာနာနားလည်မှုပဲ ရှိခဲ့သေးတယ်။ ကျန်တာကတော့ အရာရာ အေးဆေးပါ။ အားလုံး ကောင်းပါသည်ပေါ့ဗျာ။ ဒါပေမယ့် ကောင်းတော့ ကောင်းတယ်... မျက်စိစပ်တယ် ဆိုသလိုမျိုးပဲ ၄ လ တစ်တန်း ကျောင်းစာကို လျှာအတောင့်လိုက် ထွက်လုနီးပါး ဖင်တရွတ်တိုက် လိုက်ပြီး စာမေးပွဲအောင်အောင် ဖြေခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀ကို မှောက်အိပ်မိလို့ နာတဲ့ရင်မျိုးမဟုတ်တဲ့ ရင်နာမှုတွေ ရရှိခဲ့လိုက်တယ်။
ဒီလိုနဲ့ပဲ အထဲမှာ နေစရာ မရှိတော့လို့ အပြင်ရောက်လာတယ်။ မြို့တော်ကြီးမှာ မီးခဏ ခဏ ပျက်တော့ လူလည်း ဘ၀ပျက်လာပြီ။ မဖြစ်တော့ဘူးဆိုပြီး ပင်လယ်ပြင်ကို ဖြတ်ခဲ့လိုက်တယ်။ စွန့်စားခန်းအသစ်တွေ ဖွင့်ကြည့်လိုက်တယ်။ ရလဒ်ကတော့ စာအသစ်တွေ ဖတ်ခွင့်ရလိုက်တယ်။ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရတာ သိလိုက်ရတယ်။ ဦးသန့်အရေးအခင်း သိလိုက်ရတယ်။ စွယ်တော်နန်းက နောင်တော်ကြီး ဘုန်းမော်အကြောင်း ပိုသိလိုက်ရတယ်။ မိုးပေါ်ကို ထောင်မပစ်ဘူးဆိုတဲ့ စကားကို ကြားခွင့်ရလိုက်တယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးကို စောင်းငဲ့ကြည့်မိတော့ ၀ါးလုံးခေါင်းထဲ လသာခဲ့တဲ့ ဘ၀ကို မြင်လာမိတယ်။ ကိုယ်နေခဲ့တဲ့ ရေအိုင်လေးကို ပင်လယ်ကြီးလို့ ထင်ခဲ့မိတဲ့ ကျွန်တော်ဟာ ဖားတစ်ကောင်ပဲဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ ကုလားမယားဆိုတဲ့ အဘွားကြီးဆိုတဲ့ ဘိုကတော်ဆိုတဲ့ ဂုဏ်တင်ခံထားရတဲ့ ဇွဲမာန်အပြည့်နဲ့ အချိန်နဲ့ နုပျိုမှုတွေကို စတေးနေရတဲ့ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရတယ်။ အပျော်လမ်းထွက်လျှောက်တာမျိုး မဟုတ်တဲ့ ကျောင်းသားကြီးတွေကို မြင်လိုက်ရတယ်။ သူတို့တွေက ကျောင်းသားအရွယ် မဟုတ်တော့ပါဘူး။ ဆံပင်တောင် ဖြူနေပါပြီ။ သူတို့နဲ့ ပတ်သက်ပြီး သိလာရတာတွေ ရှိလာတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူးပေါ့။ မသိသေးတာတွေလည်း အများကြီး ရှိနေသေးပါတယ်။
အခုချိန်ထိ ကျွန်တော်ဟာ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး လှမ်းလျှောက်နေဆဲပါ။ အရင်ကထက်တော့ အလင်းရောင်လေး ပိုမြင်ခွင့်ရလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်တွေ၊ ကျွန်တော်တို့ရဲ့ နောက်က မျိုးဆက်တွေ အမှောင်လမ်းမှာ လျှောက်လှမ်းနေဆဲပါ။ ကျေးဇူးပြုပြီး အဲဒါကို အပြစ်တင် မစောကြပါနဲ့။ ကျွန်တော်တို့တတွေ ကန်းချင်လို့ ကန်းနေတာ မဟုတ်ပါဘူး။ မြင်ခွင့်မရလို့ ကန်းနေတာပါ။ မကြားချင်လို့ နားတွေ ပင်းနေတာ မဟုတ်ပါဘူး။ ကြားခွင့်မရှိလို့ နားတွေ ပိတ်ကုန်တာပါ။ မပြောရဲ မဆိုရဲတာကိုလည်း ခွင့်လွှတ်ပါ။ ပြောခွင့်မရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒါမျိုးတွေကို ပြောရမှန်းတောင် မသိခဲ့ပါဘူး။ ဒါကြောင့် မှောင်နေရင် မီးထွန်းပေးကြပါ။
ကျွန်တော်ဟာ ယုံကြည်ရာ အိပ်မက်လမ်းကို ရောက်အောင်သွားဖို့ ဆက်လက်ချီတက်ဆဲပါ။ ကျွန်တော် ၀ါသနာပါရာ လူမှုရေးလုပ်ငန်းတွေမှာ အချိန်ပေး လုပ်ကိုင်နေဆဲပါ။ တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပဲ ဖြစ်ချင်ပါတယ်။ အုတ်တံတိုင်းကြီးနဲ့ သဲမုန်တိုင်းကြီး မဖြစ်ချင်ပါဘူး။ အချိန်တန်ရင် အားလုံး သေရမှာပါပဲ။ ဒါကြောင့် လောကကြီးအတွက် ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာ စဉ်းစားရင်း တန်ဖိုးရှိတဲ့ အတ္တသမားတစ်ယောက် မနာလိုသူရဲ့ အမုန်းတွေကို အပြုံးတွေနဲ့ ရင်ဆိုင်နေမှာပါ။
အခုတော့ ဇူလိုင်အိပ်မက်ရဲ့ သမိုင်းကြောင်းကို တွေးတောရင်း နေ့အိပ်မက်အတွက် ယုံကြည်ရာလမ်းကို ဖောက်ရင်းပေါ့ဗျာ။

29 comments:
ယုံကြည်ရာဆိုတာ ဘာလဲ ဆိုတာတွေနဲ့အတူ အများကြီး အများကြီး သိလိုက်ရပါတယ်..
ကိုယ်ယုံကြည်တာတွေဟာ ကိုယ့်လျှောက်လှမ်းနိုင်မယ့် လမ်းဖြစ်လာမှာပါ။ အမှန်အတိုင်းတင်ပြထားတဲ့ပိုစ့်လေး တစ်ပုဒ်မို့ဖတ်ရတာ ကျေနပ်မိပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ။
မှောင်နေရင် မီးထွန်းပေးကြပါ...
မီးနဲ့တော့ မတို့ကြပါနဲ့
အလင်းရောင်ဆိုတာက ရှိနေပြီးသားပါ.. တခါတခါ ကိုယ်ကသူ့ကိုတွေ့ဖို့ ကိုယ်တိုင်ရှာရတာမျိုး...
ကိုဇူလှိုင်ရယ် ဖတ်ရင်း မအယ် တော်တော် စိတ်မကောင်း ဖြစ်မိတယ်။ လောကကြီးနဲ့ အဆက်ပြတ်သွားတယ်ဆိုတာ ဒါမျိုးနေမယ် လို့လည်း တွေးမိပါရဲ့။
မိဘတွေကတော့ သူတို့သားသမီး နိုင်ငံရေးနဲ့ပတ်သက်ပြီး ကျောင်းတို့လို့တန်းလန်းမှာ ဒုက္ခရောက်မှာ စိုးကြတာချည်းပါပဲ။
အစိုးရကလည်း အမှန်တွေကို အတင်းပိတ်ထား အိမ်မှာလည်း မသိလေ ကောင်းလေဆိုပြီး ပိတ်ထားခံရသလိုဆိုတော့ တော်ရုံ ဘယ်သိနိုင်ပါ့မလဲ ဒိတွက် ရှေ့ကလူရော နောက်က လူရောကို အပစ်မတင်ပါဘူး။ မိဘတွေကိုလည်း အပစ်မတင်ပါဘူး။
နောင်ဆိုရင်တော့ အနည်းဆုံး ဘီဘီစီလေး နားထောင်ပါ။ မိသားစုထဲတော့ အမှားအမှန် ကွဲကွဲ ပြားပြား သိအောင် ပြောကြ ဆိုကြပါ လို့ ဆိုရမလားပါပဲ။
ရေဒီယို သတင်းတွေက သတင်းစာတွေ ဂျာနယ်တွေထက် ပိုပြီး ခိုင်မာတယ် မှန်ကန်တယ်လေ။ ဘယ်နိုင်ငံမှာ မဆိုပါ။
မအယ်လည်း အစိုးရကို ပစ်တင်ဝေဖန်တာတို့ ဆန့်ကျင်တာတို့ပဲ နိုင်ငံရေးလို့ ထင်နေခဲ့တာပါ။ ခုနက ကိုဇူလှိုင် အစိုးရ ကောင်းကြောင်း ပြောတာလည်း နိုင်ငံရေးပဲ ဆိုတာ မအယ် မသိခဲ့ပါဘူး။ အစိုးရက သူတို့ကို ဝေဖန်ချင်း မပြုရလို့ ဆိုချင်တာကို လူကြားကောင်းမယ်ထင်လို့ နိုင်ငံရေး မလုပ်ရလို့ ပြောနေတယ်ဆိုတာ ဒီရောက်မှ သိတာ။
ဒါတောင် မအယ် သိတတ်စကတည်းက အိမ်မှာ bbc 24 hr ကို တချိန်လုံး ဖွင့်ထားတာ။ ဖေဖေက လမ်းသွားရင်တောင် လက်ထဲမှာ ရေဒီယိုနဲ့။ ပြီးတော့ သူသိတာ ကြားတာ တော်တော်များများ အိမ်သားတွေကို ပြန်ပြန် ပြောပြတတ်သေးတာလေ။
အဖေတို့က တောင်ပေါ်သားတွေမို့လား မသိဘူး။ အစိုးရကို ဘယ်တုန်းကမှ မယုံကြဘူး။ သူတို့မှာ ပေါ်တာလည်း ကြောက်ရ သူပုန်လည်း ကြောက်ရလေ။ မအယ်တို့လည်း ငယ်ငယ်က သိပ် ကြောက်ခဲ့ရတာ။ အဒေါ်တွေဆို ကြံခင်းထဲ သွားသွားပုန်းရတယ်။ အိမ်မှာက ပြောရင်တောင် ဗမာ အစိုးရလို့ ပြောကြတယ်။
ကြီးပြင်းခဲ့ရတဲ့ ပုံစံတွေလည်း မတူလို့ မသိခဲ့ရ တာတွေကို နားလည် ပေးနိုင် ပါတယ်။ မအယ်တို့အားလုံးက အချင်းချင်းတွေပါ မောင်နှမတွေပါပဲ။
မအယ်
မအယ်
ကျနော်လဲ မြန်မာပြည်မှာတုန်းက ကိုဂျူလိုင့်နီးပါးပဲဗျ..
အပြင်ရောက်မှ ဟိုဖတ်ဒီဖတ်နဲ့ သိရတာ..
ရိုးသားတဲ့ ပိုစ့်လေးမို့ တော်တော်သဘောကျမိတယ်။
နဲနဲတော့ဆင်တယ်.. ဒါပေမဲ့ နဲနဲကွဲတယ်..
နောက်မှ..
ကျွန်မနဲ့ အတွေ့အကြုံတွေ သိပ်ပြီး ဆင်တူတယ်။ ၈၈ မတိုင်ခင်ကဆို အစိုးရမကောင်းကြောင်း ပြောတဲ့သူတွေကို ကျွန်မက ဘာမှနားမလည်ပဲ ကျွန်ပြန်ဖြစ်ချင်နေတဲ့သူတွေအဖြစ်ပဲ သတ်မှတ်ထားတယ်။ တကယ်တမ်း ဘာမှနားမလည်သူက ကိုယ်တိုင် ဖြစ်နေတာ ၈ ရက်နေ့မတိုင်ခင် ကျောင်းမှာ လာဝေတဲ့ ကိုမင်းကိုနိုင်ရေးတဲ့ လက်ကမ်းစာစောင် တစောင်တည်းနဲ့ စသိလိုက်ရတာ အဲဒီအချိန်ကစပြီး ဘယ်သူမှ တားလို့မရတော့ဘူး။
မှန်တာပြောရင် ကျွန်တော်လည်း နကန်းတလုံးမှ မသိခဲ့ပါဘူးဗျာ.. ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါးထက် မှောင်သောလမ်းမှာ မှောက်ရက်လဲနေဆဲပါ....
Nothing to say for your post!
ဒါပေမဲ့ ဒါမျိုးတွေ ရှိတယ် ပြောတော့ ထွက်လာတဲ့ အစ တစ်ခုပဲ ဆွဲနင်းပြီး ဆက်ငြင်းမယ်။ လိုရင်းက ပျောက်ရော။
ဒါမျိုးက မရှိတဲ့လူမှာ မရှိပါဘူး။ ရှိတာဟာ တစ်ယောက်ချင်းနဲ့ ဆိုင်တာပါလို့ ဘူးတခါခါ ငြင်းမယ်။ ငြင်းတော့ ဘာဖြစ်လာမှာလဲ။ မရှိတဲ့လူ မရှိပေမဲ့ ရှိတဲ့လူ ရှိနေတာပဲ မဟုတ်လား။
တစ်ယောက်ချင်းဆိုလို့ ပြောရရင် တစ်ယောက်ချင်းမှာတောင်မှပဲ ခုချိန်ထိ မလဲပါဘူး ဆိုတဲ့ အလံကြီးကို ထောင်လိုက် လှဲလိုက်၊ ကိုင်ထားလိုက် လွှတ်ချလိုက် လုပ်နေကြတာပဲ မဟုတ်လား။ အဓိက ပြောချင်တာက ဒီလိုမျိုး ရှိပါတယ် ဆိုတာပဲ။ ဒါကိုပဲ မရှိပါဘူးချည်း စွတ်တင်တာ ဘာသဘောလဲ နားကိုမလည်ဘူး။ ရှိလား မရှိလား ကိုယ့်ဘာသာကိုယ် အရင် ပြန်ကြည့်ဖို့ ကောင်းတယ်။ စတည်းက မရှိတဲ့ လူ မပြောနဲ့။ စတည်းက ရှိလာတဲ့ လူတောင် ခု ဘာလုပ်နေလဲ။ (ဘာလုပ်နေနေ ကိုယ် အပြစ်တင်ဖို့ စိတ်မဝင်စားဘူး ဘာမှ မပြောရင်။ ဒါပေမဲ့ ပြောလာခဲ့လို့သာ ဆက်ပြောရတာ။ ကိုယ့်ဘာသာပဲ ဝင်လိုက် ထွက်လိုက်လုပ်နေသေးတာ။ အဲဒါလဲ တယောက်ချင်းကိစ္စပဲ လို့ နားလည်ရမှာ။)
မသိလို့ မေးတာနော်။
ကြုံတုန်း မငယ်နိုင် ကို appreciate လုပ်ပါရစေ။ ဟို မှာတုန်းက ဘာဆို ဘာမှ ရေးချင်စိတ် မရှိလို့ July ဆီ ရောက်မှ ရေးလိုက်တာပါ။
မငယ် ပြောတာတွေကို လေးစားမိပါတယ်။ ဟိုမှာတည်းက ရေးချင်ခဲ့တာပါ။
အဓိကက ဝေါဟာရပဲ ငြင်းနေလို့ လိုရင်း မရောက် ဖြစ်နေတာ။ ဒါတွေနဲ့ ဆန့်ကျင်တာ ရှိကို ရှိနေသလို၊ ဒါမျိုးတွေ ရှိတာကလည်း အသေအချာပဲ။
တဂ်ပို့စ်ရေးပေးထားတဲ့စာတွေလိုက်ဖတ်ပြီး ကိုယ့်ဟာကိုယ်တောင် ပြန်မဖတ်ရဲတော့ဘူး..
ကျေးဇူးအများကြီးတင်ပါတယ် ကိုဂျူလိုင်.. နေ့အိပ်မက်ကတော့ နိုင်ငံ့ရဲ့အရေးကို အခုခေါင်းဆောင်တွေလုပ်လို့မပြီးဘဲ အနာဂတ်ခေါင်းဆောင်တွေပါဝင်မှ အောင်မြင်မယ်လို့ ယုံပါတယ်.. ခက်တာက............... (ခက်တာပေါ့နော်..) :)
တော်တော် တူတယ်။
အကိုရေ ခံစားချက်တွေ တူနေတယ် တချိန်ချိန်ပေါ့ မြင်ကြရမှာပါ တိုးတက်တဲ့ ကျနော်တို့တိုင်းပြည်ကို.. နိုင်ငံရေးကို စိတ်မ၀င်စားပါဘူး ဒါပေမဲ့ တိုင်းပြည်ကို ချစ်တယ်... အမြင်တွေ မတူတိုင်း ရန်သူမှ မဟုတ်တာဗျာ ဒါလေးတော့ ကြိုက်တယ်ဗျာ
လေးစားလျက်
တောင်ပေါ်သား
ကိုဂျူလိုင်ရေ ရေးထားတဲ့ ပိုစ့်လေးက အရမ်းဖတ်လို့ ကောင်းဗျ ... အရှိကို အရှိအတိုင်းရေးထားတာလို့လည်း ခံစားရတယ် ..
မြန်မာနိုင်ငံသားတွေက အကြောက်တရားတွေ ဖုံးလွမ်း ရင်း အမှန်တရားတွေနဲ့ ကင်းကွာအောင် နေခဲ့ကြလို့ နိုင်ငံရေးဆိုတဲ့ ဝေါဟာရကို ခါးသီးနေကြတာပါ ... အနောက်နိုင်ငံမှာဆို အူဝဲဆိုတာနဲ့ လူ့အခွင့်အရေးကို သိပြီးသား .. ဒါကြောင့် မြန်မာနိုင်ငံသားတွေ ပြည်ပကို ရောက်လာတာနဲ့ အိုးချင်းထားတော့ အိုးချင်းထိပေါ့ဗျာ အရသာတွေကို သိရင်းနဲ့ အမှန်တရားတွေကို မြင်လာကြတယ် ဒီမှာပဲ ကိုယ့်တိုင်းပြည် ချောက်ထဲ ကျနေမှန်း သိသွားကြတယ် .. ပြီး အမှန်တရားဘက်က ရပ်တည်လာကြတယ် ... ဒါပေမယ့် မျက်လုံးအတင်းစုံမှိတ်ထားတဲ့ လူတွေကတော့ သေရွာထိ မျက်လုံး ပိတ်ပြီး ဆက်လျှောက် နေကြအုံးမှာပါပဲ .....
ထပ်တူနီးပါးပါပဲ။ မကောင်းတာတွေလဲ သိသွားပီဆိုတော့ ကောင်းလာနိုင်မယ့် နည်းလေးကို အဘက်ဘက်က ရောက်အောင် ဆောင်ကျဉ်းကြတာပေါ့ဗျာ။
(ရည်ရွယ်ရာ .. အိပ်မက်လမ်း ဆိုတဲ့ သီချင်းလေးကို ဟိုလို ဒီလိုတွေစိုးရိမ်လို့ ပိတ်ပစ်လိုက်တာ ဆိုလား)
ွှTGRmg
ဒါပေမဲ့ ကျေးဇူးတင်တယ် ဂျူလိုင်။ အဲဒီ post အတွက်။ အဲဒီကျေးဇူးကို တင်ဖို့ မလိုဘူးထင်ရင် မယူနဲ့။ လိုတယ်ထင်ရင် ယူလိုက်။ ကိုယ်ကတော့ မင်းယူရင် ဝမ်းသာတယ်။ မယူလဲ ဝမ်းမနည်းဘူး။
(မမ kom စီဘောက်မှာ ပြောခဲ့တာလေး ပျောက်မသွားခင်။ အမိုးကိစ္စကတော့ မဆိုင်လို့ ချန်ခဲ့တယ်။)
ရိုးသားဖြူစင်စွာနဲ့
ပွင့်ပွင့်လင်းလင်း
ဖွင့်ပြထားတာပဲ။
တော်တော်များများ
တိုက်ဆိုင်တယ်။
ကိုယ်က သတင်းစာကို
ကန့်ဖတ်တယ်။
ကိုယ့်အမြင်နဲ့ ကတော့
ဂုဏ်သိက္ခာမရှိတဲ့
နိုင်ငံ့ဂုဏ်ကို ကျစေတဲ့
နိုင်ငံပိုင်သတင်းစာလို့ 
သတ်မှတ်ထားပီးသား။
သတင်းစာက “အေ” ဆို ကိုယ်က
ဘာလို့ “အေ” ဖြစ်သလဲ
လိုက်တွေးတယ်။
ဒီတော့ ပိုမြင်တယ်။
နိုင်ငံခြားအသံလွှင့်ဌာနကို
နားမထောင်ရဘူး။
နားထောင်ခွင့် မရှိဘူး။
ဒါပေမယ့် သူတို့ လွှင့်တာ
ကိုယ်သိတယ်။
ဘာလို့ လဲဆိုတော့
အဲဒီ သတင်းစာက ပြောလို့ ။
အန်တီစုကို သတင်းစာလက်ချက်နဲ့ 
နားမလည်ဖြစ်ဖူးတယ်။
ဒါပေမယ့် အချစ်မလျော့ခဲ့ဘူး။
ဗိုလ်ချုပ်သမီးမို့ လို့  ချစ်သလို
အခုတော့ အန်တီစုကို
အန်တီစု ဖြစ်နေလို့ 
ပိုချစ်တယ်။ ။
မှန်တယ်။ ရေအိုင်အတွင်းမှာနေခဲ့တယ်။ မှိုင်းတိုက်တဲ့ အာဘော်တွေပဲဖတ်ခွင့် ရခဲ့တယ်။(primary II) အရွယ် က တွေ့ ခဲတဲ့ 88 ဆိုတာရယ် 88 အရင် စနစ် ဆိုးဆိုတာရယ် က ထိတွေ့ ခွံင့် ကြားမြင် ခွင့် မှ မရခဲ့ တော လေ့။ gap ဖြစ်သွားတာကတော့ စာတွေလိုက် ဖတ်တဲ့ အရွယ် နဲ့ကော လိပ်တက်တဲ့အရွယ် တွေမှ မြင် ရ ထိတွေ့ ခွင့် ရတဲ့ စာရယ် ဝန်းကျင်ရယ်(လက်ဆင်မ့ ကမ်းနိုင်တဲ့ ) နဲ့ ဆိုင်ပါတယ်(အမှန်ကိုမြင်နိုင်တဲ အသိမျိုး၊အမြင် မျိုးကျွန်မတို့ မရခဲ့ ပဲ)။အပြင်ရောက်မှ သိ ခဲ့ ရတာပါ.ကိုယ့် လူမျိုး(ခေါင်းမရှိတဲ့ )ခေါင်းဆောင်တွေ က အတ္တကြီး စွာ အာဏာအတွက် ကိုယ်ကျိုး အတွက်အုပ်ချုပ်နေတယ် ဆိုတာ။
သင် တင့် တဲ့အခက်တွေနဲ့ ထောက်ပြလိုက်တဲ့ post ကောင်းလေးတခုပါ။
အရမ်းကောင်းတဲ့ ပို့ စ်လေးပဲ
များများရေးပေးပါ
အမြင်လေးတွေ မှန်ပါစေလို့ ဆုတောင်းပါတယ်ဗျာ။ ကျနော်ကတော့ ပင်လယ်လည်း မဖြတ်ဖူးပါဘူး။ တံတိုင်းလည်း မကျော်ဖူးပါဘူး။ ကျနော် ၀ါးလုံးခေါင်းထဲမှာပဲ နေတယ်။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကျနော် အပြင်ဘက်ကို မြင်အောင်ကြည့်တယ်ဗျာ။ မြူခိုးမြူနှင်းဆိုတဲ့ အကြောက်တရားကို ထွင်းဖောက်ကြည့်မြင်နိုင်မှ ရွှေရောင်တောက်ပတဲ့ မြို့တော်ကို မြင်ရလိမ့်မယ်။
မင်ခွင့်မရလို့ ကန်းနေတာပါ။ မကြားချင်လို့ နားတွေ ပင်းနေတာ မဟုတ်ပါဘူး။ ကြားခွင့်မရှိလို့ နားတွေ ပိတ်ကုန်တာပါ
တော် လိုက်တာ ဗျာ..Great!
(((ကြုံတုန်း မငယ်နိုင် ကို appreciate လုပ်ပါရစေ။ ဟို မှာတုန်းက ဘာဆို ဘာမှ ရေးချင်စိတ် မရှိလို့ July ဆီ ရောက်မှ ရေးလိုက်တာပါ။
မငယ် ပြောတာတွေကို လေးစားမိပါတယ်။ ဟိုမှာတည်းက ရေးချင်ခဲ့တာပါ။
အဓိကက ဝေါဟာရပဲ ငြင်းနေလို့ လိုရင်း မရောက် ဖြစ်နေတာ။ ဒါတွေနဲ့ ဆန့်ကျင်တာ ရှိကို ရှိနေသလို၊ ဒါမျိုးတွေ ရှိတာကလည်း အသေအချာပဲ။)))
အစ်မက ဘာကိုပြောထားလို့ Rita က ဘာကို ဆိုလိုတယ်ဆိုတာ မမှတ်မိတော့ဘူး။ လိုက်ဖတ်တဲ့ ဘလော့ဂ်တွေကလည်း ခပ်များများ ဆိုတော့ ဘယ်တုန်းက ဘယ်ပို့စ်မှာ ဘာမှတ်ချက်တွေ ပေးခဲ့တယ်ဆိုတာ အကုန်လုံး မမှတ်တော့ဘူး။ အသက်ကြီးပြီလေ မေ့တတ်နေပြီ။ ဒီကြားထဲ ဘာသာစကားကလည်း အားနည်းတော့ စကားကို ဒဲ့ဒိုးပြောရင်တောင်မှ တခါတလေ နားလည်တာမဟုတ်ဘူး။ ရီတာ ဘာအကြောင်းကို ပြောတယ်ဆိုတာ နားမလည်တာ အမှန်ပါ။
ကိုဂျူလိုင်ရေ ဆောရီး- အစ်မတို့က ပို့စ်နဲ့ ဘာမှမဆိုင်တာတွေ လာရေးနေလို့ စိတ်မတိုနေနဲ့နော့်။
ပြည်ချစ်တော်လှန်ရေးတွေ ပြည်ပြေးလုပ်ကုန်ကြတော့ အစ်မအနေနဲ့ သူတို့ကို အထင်မကြီးမိဘူး။ ခုတော့ ကိုယ်က သူတို့ နေရာရောက်နေပြီ... ဆိုတာလေး အစ်မ။
ဂျူလိုင်ကို ကျေးဇူးတင်တာလဲ ထပ်ရေးပါရစေ။ အပေါ်က comment တွေမှာ ကိုယ်ရေးခဲ့တာ ချဉ်စုတ်စုတ် ဖြစ်နေသလားလို့။ ပထမဆုံး comment ကလည်း ဟိုမှာ မရေးချင်လို့ ဒီမှာ လာရေးတဲ့ သဘောဖြစ်နေတယ်။ အကြာင်းရင်းကို မသိရင် (သို့) ဦးနှောက်သုံးဖို့ ပျင်းနေရင် ကိုယ်ကပဲ ဂျူလိုင်ကို ဖိုက်ထား သလိုလို ဖြစ်နေတယ်။
တချို့တွေ သူများ မျက်စေ့စုံမှိတ်တာပဲ မြင်တယ်။ သူတို့ ဘာသာ စုံမှိတ်နေတာ မမြင်ဘူး။ ဒီ post ကို ဘယ်လို သဘောနဲ့ တင်သလဲတောင် သိမယ် မထင်ဘူး။ လိုရာ ဆွဲတွေးနေကြတာနဲ့ပဲ။
ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ July ဒီ post ကို ဘာလို့ ချက်ချင်း တင်သလဲ သိပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။
AFTER READING YOUR POST.. I CRIED..FOR....
I REALLY APPRECIATE..
I MISS OUR UNIVERSITY...RIT/YIT/YTU
AND MY FRIENDS..
ဖတ်ပြီး ထပ်တူ ခံစားရပါတယ်ဗျာ။ ရေးထားတာတွေ မှန်လွန်းနေတော့ ဘာပြောရမှန်းတောင် မသိတော့ဘူးဗျာ... စိတ်ပျက်မိတာတော့ အမှန်ပဲ၊ ဒါပေမဲ့လည်း ရှေ့ဆက် ဘာလုပ်ရမှန်း မသိတော့ ဒီအတိုင်းပဲ ထိုင်ကြည့်နေမိတယ်ဗျာ၊ အာဏာတောင် မရသေးဘူး သူတလူ ငါတမင်း ဖြစ်နေကြတဲ့ ကျနော်တို့ နိုင်ငံမှာ ဒီလိုပုံစံနဲ့တော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေကြဦးမှာပါပဲဗျာ။
ကျနော်တို့ တခုခု လုပ်ကြရအောင် ဆိုတာထက် ခေါင်းဆောင်းကောင်း တယောက်၊ ဗိုလ်ချုပ်လိုလူမျိုး လိုအပ်နေတာတော့ ဘယ်သူမှ ငြင်းမယ် မထင်ပါဘူး။ ဒီလိုမှမဟုတ်ရင်တော့ နေဝင်းပြောသလို ဓါး၊ဓါးခြင်း၊ လှံလှံခြင်း ချဖို့ပဲ ရှိတော့တယ်ဗျ၊ လက်ရှိအခြေအနေအတိုင်းသာ ဆက်လက် ချီတက်ကြမယ်ဆိုရင်တော့ဖြင့်....... .... ထင်သာထင် တင်မယ်မထင်ဘူး ကျောင်းအမရေ ဆိုသလိုပေါ့ဗျာ...။
ထွေထွေထူးထူးတော့ မမန့်တော့ပါဘူး။ ၅ နှစ်သားလေး ဆိုပေမယ့် အနီရောင် ဘယ်လောက်လှတယ်ဆိုတာ ကိုယ်တိုင်ခံစားခဲ့ဖူးပါတယ်။ အမြင်ကနေ၊ ယုံကြည်ရာကို ရဲရင့်စွာ ရွက်လွှင့်နိုင်ပါစေလို့ပဲ။
လေရူးလည်း အရင်တုန်းက နကန်းတစ်လုံးမှ မသိခဲ့ရပါဘူး ။
၈၉ နောက်ပိုင်းဖွား ဒါမှမဟုတ် မြန်မာမှာ တက္ကသိုလ်မတက်ခဲ့ရတာနဲ့ ဆိုင်မလားတော့ မသိဘူး ။
ဒီရောက်တော့မှ ဝါးလုံးခေါင်းထဲ လသာနေမိမှန်း ရေးရေး ရေးရေး တဖြည်းဖြည်းနဲ့ သဘောပေါက်မိလာတယ် ။ ^_^ !
အင်း....
ဒါလေးဖတ်ပြီး ကျော်ကို. ကို သတိရတယ်
သူနဲ. နောက်ဆုံးဖုန်းပြောလိုက်ရတဲ့အချိန်တုန်းက
သူနေတဲ့ နေရာကို ပြောပြလို. မရဘူးတဲ့..
သူ.ကလေးတွေ လွတ်လိုက်ပါ့မယ် တဲ့
နောက်တော့... မကြာပါဘူး
သူ အထဲဝင်သွားတယ်
အခုချိန်ထိ သူ.အတွက် ဘာမှ မလုပ်ပေးနိင်သေးဘူး
ဒီပို့စ်လေး ကြိုက်တယ်..
Post a Comment