.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, January 3, 2010

Excess baggage

ဒီနေ့ ချန်ဂီကို ရောက်တယ်။ စကာင်္ပူမှာ တစ်လနီးပါး နေသွားခဲ့တဲ့ ၀မ်းကွဲညီမကို လိုက်ပို့တာပါ။ အသွားအပြန် လေယာဉ်လက်မှတ်က ရန်ကုန်က ၀ယ်လာတာ။ လက်မှတ် ရဖို့ခက်တဲ့ ကာလမှာ လာတာဖြစ်လို့ ရက်ရဖို့ပဲ အဓိက ဦးစားပေး မှာခဲ့မိတော့ သယ်လို့ရတဲ့ အလေးချိန် ကီလိုကို ပြောဖို့ မေ့သွားတယ်။ စလုံးကို လာတုန်းက ၁၇ ကီလိုပဲ ပါလာတော့ အထွေအထူး မရှိခဲ့ဘူး။ အခုပြန်တဲ့အခါမှာ ၃၆ ကီလို ဖြစ်နေတော့ ကိစ္စရှိသွားရော။ အဘွားအတွက် ငှက်သိုက်ဗူးတွေ၊ ဒီမှာ ၀ယ်ထားတဲ့ အ၀တ်အစား တချို့ရယ်၊ ကိုစိုးထက်မှာတဲ့ စာအုပ်ရယ်။ ဖုန်းဘက္ထရီ နှစ်လုံးပါတယ်။ လက်ဆောင်ပစ္စည်းတွေနဲ့ချောကလက်တချို့ ပါတယ်။

ကောင်တာမှာ လက်မှတ်ကို ပြတဲ့အခါမှ လက်မှတ်မှာ ရေးထားတဲ့ ကီလိုက ၂၀ ပဲဖြစ်နေတယ်။ အဲဒီတော့ ၁၆ ကီလိုတောင် ပိုနေပြီပေါ့။ ၁ ကီလိုကို စင်္ကာပူဒေါ်လာ ၁၀ ဆိုတော့ ဆောင်ရမှာက ၁၆၀ ဒေါ်လာတောင် ဖြစ်နေပြီ။ ပစ္စည်းတွေ လျှော့ပြီး ပြန်ချိန်ဖို့ အကြံပေးတာနဲ့ ပစ္စည်းတွေကို ပြန်ယူပြီး နောက်ပြန်ဆုတ်ခဲ့တယ်။ ဒီမှာနေတဲ့ ညီမ၀မ်းကွဲက ပစ္စည်းသိပ်မပါတဲ့ တခြားခရီးသည်တွေနဲ့ ရောပြီး ချိန်ဖို့ အကြံပေးတယ်။ အဲဒါမျိုးကို လုပ်ဖို့တော့ စိတ်မ၀င်စားဘူး။ ပိုနေတဲ့ ကီလိုအတွက် ပိုက်ဆံပေးရတာက ပေးလိုက်ပြီးရင် ကိစ္စအေးရော။ ဟိုဟာကျတော့ သူတပါးကို အားနာနေရမယ်။ ကျေးဇူးလည်း တင်နေရမယ်။

အဲဒါနဲ့ အထုပ်သေးသေး နှစ်ထုပ်ပဲပါတဲ့ ခရီးသည်အမျိုးသမီးကို သူတို့ မေးကြည့်ကြတယ်။ သူတို့ရှေ့မှာ တန်းစီနေတဲ့ တစ်ယောက်ပေါ့။ ဟိုက ယဉ်ယဉ်ကျေးကျေးပဲ ငြင်းလိုက်ပါတယ်။ သူလည်း ကီလို ၂၀ ပဲ ရတာတဲ့။ ပြုံးပြလိုက်ရတာပဲ အဖတ်တင်တယ်။ ကိုယ်ကတော့ ခပ်ဝေးဝေးမှာ ရပ်နေတော့ သူတို့ပဲ ပြုံးပြရတာပါ။ မလိုအပ်ပဲ သူများဆီက အကူအညီ တောင်းရမှာကို စိတ်ကုန်တာ အမှန်ပဲ။ အဲဒါနဲ့ ပိုသမျှ အခွန်ဆောင်မယ်ကွာ ဆိုပြီး ကောင်တာထဲ ၀င်လိုက်တယ်။

ကောင်တာဝန်ထမ်းက အသစ်လို့ ထင်မိတယ်။ အသက်ငယ်ငယ် ကောင်လေးပဲ။ မလေးလူမျိုးပါ။ သူက ချိန်ဖို့ပစ္စည်းတွေလည်း အပြင်ထိ ထွက်လာပြီး ၀ိုင်းကူမပေးတယ်။ သူ့ဘောင်းဘီက ခါးပတ်ကြိုးတောင် အထုပ် မရင်း ပြတ်သွားရှာတယ်။ ပြန်မယ့်ညီမက အသက် ၁၈ နှစ် မပြည့်သေးလို့ သူက စိုးရိမ်နေသေးတယ်။ ကွင်းထဲဝင်ဖို့ လေယာဉ်မယ်တစ်ယောက် အဖော်အဖြစ် ထည့်ပေးရမလားတဲ့။ နောက်ပြီး မိန်းခလေးတွေပဲ ရှိတဲ့ ထိုင်ခုံအတန်းကို ရွေးပေးရှာတယ်။ အဲဒီလိုနဲ့ ပိုက်ဆံ တပြားမှ မပေးရပဲ အဆင်ပြေသွားပါတယ်။

ညီမကိစ္စကို ရေးရင်း ကိုယ်ပြန်တုန်းက ကိစ္စကို သတိရမိတယ်။ စလုံးကနေ ရန်ကုန်ကို သုံးခေါက် ပြန်ပြီးပြီ။ ၂၀၀၈ နာဂစ် မ၀င်ခင်မှာ တစ်ခါပြန်တယ်။ ၂၀၀၉ မှာ နှစ်ခါပြန်တယ်။ အဲဒီ သုံးခေါက်ထဲက တစ်ခေါက်မှာ အကူအညီ အတောင်းခံရတယ်။ အမျိုးသားတစ်ယောက်က သူ့ချစ်ချစ်မှာ သယ်စရာ အထုပ်တွေ များနေလို့ ကူသယ်ပေးပါလားတဲ့။ သူ့လက်ထဲမှာတော့ အိတ်နှစ်အိတ်ပဲ ကိုင်ထားတယ်။ သူ့ဘေးက ကောင်မလေးရဲ့ လက်ထဲမှာ ခရီးဆောင်အိတ်နှစ်လုံး တွေ့တယ်။ တခြားနေရာမှာများ အထုပ်တွေ ချထားသလားလို့ ဖြည့်ပြီး တွေးလိုက်သေးတယ်။

လေယာဉ်ပေါ် အတက်မှာ တစ်ယောက်ကို ၂ ထုပ်ထက်ပိုပြီး လက်ဆွဲ သယ်ခွင့်မရှိဘူးလေ။ ကိုယ့်မှာလည်း သယ်စရာက အိတ်တစ်လုံးပဲပါတော့... ရပါတယ် သယ်ပေးပါမယ်လို့ ဖြေလိုက်တယ်။ အဲဒါနဲ့ အိတ်နှစ်အိတ် လက်ထဲ လာထည့်သွားပါလေရော။ ကိတ်မုန့်တွေပါ။ ၀န်ကျယ်ပေမယ့် သိပ်တော့ မလေးပါဘူး။ ဒီလိုနဲ့ လူဝင်မှုကြီးကြပ်ရေးကို ဖြတ်ပြီး ကွင်းထဲ ၀င်လာခဲ့လိုက်တယ်။ သူတို့က ကောင်တာမှ တန်းစီနေတုန်းပဲ။ လေယာဉ်ပေါ် တက်ဖို့ မခေါ်သေးတော့ အထဲမှာ စောင့်နေခဲ့တယ်။ လေယာဉ် မထွက်ခင်မှာ မရွှေချောက ပေါ်လာပါတယ်။ ဘာအထုပ်မှ မပါဘူး။ လက်ထဲမှာ ပိုက်ဆံအိတ်ပဲ ကိုင်ထားတယ်။ အဲဒါဆို သေချာသွားပြီ။ သူ့မှာ ခရီးဆောင်အိတ်နှစ်လုံးပဲ ပါလာတဲ့ သဘောပေါ့။

ဘာဖြစ်လို့များ သူများတကာကို အကူအညီတောင်းပြီး ကိတ်မုန့်အိတ်တွေကို သယ်ခိုင်းရသလဲ ဆိုတာ စဉ်းစားရခက်လှတယ်။ လူပေါ်ကျော့ လုပ်ချင်တာလား။ ကိတ်မုန့်အိတ်နှစ်လုံးနဲ့ ကွင်းထဲမှာ လမ်းအဝေးကြီး လျှောက်ရမယ့် ချစ်သူတစ်ယောက် ပင်ပန်းမှာကို မကြည့်ရက်လို့ အခမဲ့ရတဲ့ တရုတ်ကူလီကို ငှားတာလား။ စိတ်ထဲမှာတော့ အကြည်ဓါတ်လေး ပျောက်သွားတယ်။ ဂျိုများထွက်လာသလား အမြီးများပေါက်နေသလား ဘို့များရှိနေသလား ပြန်ဆန်းစစ်ရတယ်။ ဥပဒေနဲ့ မလွတ်ကင်းတာတွေ မဟုတ်လို့ တော်သေးတာပေါ့။ ဒီက စပြီး နောက်ဆိုရင် အထုပ်ကူသယ်ဖို့ စိတ်မ၀င်စားတော့တာ အမှန်ပါပဲ။ ခဲမှန်ဖူးသွားပြီ။

မကူညီရင် မကူညီတဲ့သူကို အပြစ်မြင်တယ်။ မကူညီတဲ့သူရဲ့ နောက်ကွယ်မှာ ရှိခဲ့တဲ့ ဇာတ်လမ်းတွေကိုတော့ လူတိုင်းက မသိနိုင်ဘူးလေ။ စေတနာဟာ လူတိုင်းနဲ့ မထိုက်တန်ပါဘူး။ ဒါကြောင့် ကျွန်တော့်ကို မကူညီလည်း စိတ်မဆိုးပါဘူး။ မကူညီနိုင်ရင် မကူညီနိုင်ဘူးလို့ပဲ ဒဲ့ဒိုးပြောချလိုက်တာ အကောင်းဆုံးပါပဲ။ ပွင့်လင်းမှုက နည်းနည်းတော့ ခါးသီးပါတယ်။ ဒါပေမယ့် အဲဒီခါးသီးမှုကို ကျွန်တော် တကယ် တန်ဖိုးထားပါတယ်။

18 comments:

PAUK said...

တစ်နှစ်က ဒီကိုပြန်လာတုန်းက
ပစ္စည်းများတာနဲ့...မြေပဲတစ်ယောက်က
ဘာမှ မပါတာနဲ့ သူနဲ့ ပေါင်းချိန်လိုက်တာ..
ငါးပါးမှောက်ပါလေရော။။
မောင်မင်းကြီးသားက သူ့လက်ဖက်ခြောက်အထုပ်မှာ
လက်ဖက်ခြောက်မဟုတ်တာတွေ ထည့်လာတာကိုးး။။
သူနဲ့ တူတူချိန်တဲ့ ကိုယ့်ကို လာရှာနေသေးတယ်။။
ခရီးသည်တွေကြားထဲ။။
လေယာဉ်ဝန်ထမ်းအမျိုးသမီးလေးက..
ဟိုအစ်မနဲ့ မဆိုင်ဘူး။။ဒီရောက်မှ အကူအညီတောင်းတာလို့ဖြေရှင်းနေတာ တွေ့တယ်။။
ဟူးးး...
တခါသေဖူး..ပျဉ်ဖိုးနားလည်သွားပြီ။။

ကောင်းကင်ပြာ said...

လေဆိပ် လိုက်ပို့တိုင်း အဲ့လို အကူအညီတောင်းတဲ့ သူတွေ တွေ့ဘူးတယ်..

khin oo may said...

အစကတည်းက သေချာချိန်သွားပါတယ်။ လျော့ချိန်သွားတယ်။ မသယ်လို့လဲမဖြစ် ကိုယ်ကပေးချင်တာက များနေတာကိုး.။ သူများကိုတော့ ဒုက္ခမပေးလိုပါ။

khin oo may said...

ရုပ်ရျင်ထဲမှာတော့ ဘရက်ပစ်က အိတ်ကလေးတစ်လုံးဘဲဆွဲပြီးတက်သွားတာမြင်ဘူးတာဘဲ အားကျလိုက်တာ.

khin oo may said...

ခါးသီးတာ တစ်ခုများကျန်ခဲ့သေးလားလို့။

khin oo may said...

ကိတ်မုန့်သယ်ခိုင်းတာ မုန်းစရာကြီ. တို့သာဆိုရင်မသယ်ပေးဘူး. ဟင့်အင်းလို့ ပြောလိုက်မယ်။ ဖွင့်ကိုကြည့်ပြီးမှကို ပြောမှာ။ ဟိုမှာ ဝယ်စားလိုက်ပါ လို့တောင်ထပ်ပြောလိုက်ဦးမယ်။

ခြေလှမ်းသစ် said...

တချို့က နားလည်မှုကို အခွင့်ကောင်း ယူတတ်ကြတယ် ဗျာ

Rita said...

ကိုယ်လည်း တဖြည်းဖြည်းနဲ့ နားလည်လာခဲ့ရတာ။

တန်ဖိုးကို သိကိုသိအောင် ပြောပြမှ ရကိုရတဲ့လူတွေ ရှိကိုရှိတယ်။

စေတနာနဲ့ အဆင်ပြေပါစေတော့ရယ်လို့ လွယ်လွယ်လေး ပုံစံမျိုးနဲ့ လုပ်မပေးမိလိုက်စေနဲ့။ ကိုယ့်အနေနဲ့ကတော့ သူ့ကို စိတ်သက်သာရာ ရပါစေတော့လို့ လွယ်လွယ်ကူကူပုံစံနဲ့ ပေးမိတာ ဖြစ်ပေမဲ့ တကယ်ကို လွယ်တယ်ပဲ တောက်လျောက် ထင်သွားတော့တာ။

ကိုယ့်အတွေ့အကြုံ ပြောရရင် ကိုယ်ကတော့ မိဘပိုက်ဆံတောင် လခရတာနဲ့ အဦးဆုံးလတွေမှာ ဘာတခုမှ အပို မသုံးဘဲ မြန်မြန်ပြန်ပေးနိုင်အောင် ကြိုးစားခဲ့တယ်။

ဒါပေမဲ့ တချို့တွေရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်တွေကျတော့ အင်မတန်မှ အံ့သြစရာကောင်းတယ်။ အကြည်ဓါတ်တွေ တကယ်ပဲ ပျောက်လောက်တယ်။ ဗမာလူမျိုးတွေ အစုစပ်လုပ်ရင် ကွဲတာပဲ ဆိုတာ ဒါမျိုးတွေကြောင့် နေမှာ။

friendship က friendship, business က business ဆိုတာမျိုးမှ ရတဲ့သူတွေ တကယ် ရှိတယ်။

Unknown said...

Went back to Mym from SG four times. Never been over kg. So, I dont have any experience like that.

Anyway, You are so clever. You can talk and negotiate so well, bro. That's why the airline counter officer allowed you to settle the case needless to pay any cent. Bravo. =)

Nge Naing said...

တကယ်လို့ နောက်ထပ်အကူအညီ တောင်းလာတဲ့သူက တကယ် အကူအညီလိုနေရင် ဘယ်လိုလုပ်မလဲ။ မဟုတ်တဲ့ လူတွေနဲ့ တခါကြုံဖူးလို့ နောက်လူတွေကို ဒီလိုရှောင်လိုက်ရင် တကယ်ကူညီသင့် ကူညီထိုက်တဲ့သူတွေ နှစ်နာသွားမှာမျိုး ဖြစ်မှာစိုးလို့ လိုအပ်ရင်တော့ ဆက်ကူညီသင့်ပါတယ်။ ကိုယ့်ဘက်က ရိုးသားပြီး စေတနာပါဖို့က အရေးကြီးဆုံး ဖြစ်တယ်။ တကယ်လို့ ထပ်ခံရတယ်ဆိုရင်တောင်မှ ကိုယ့်ကံပဲ လို့သဘောထားတယ် ဘာမဟုတ်တဲ့ စိတ်ကောင်းမရှိသူ တယာက်ကြောင့်တော့ ရိုင်းပင်းကူညီတတ်တဲ့ ကောင်းတဲ့အလေ့အထ တခုကို မစွန့်ပစ်သင့်ဘူး။ ကူညီဖို့ လိုသူတွေကိုတော့ ဆက်ကူညီသင့်ပါတယ်။

sweetpeony said...

ဟုတ်ပါ့ကိုဂျူလိုင်ရယ်...
တချို့တချို့ဟာ အလိုက်ကန်းဆိုးမသိတာလို့ ပြောရမလား မျက်နှာပြောင်တိုက်တယ် ပြောရမလားပဲ....။ သူငယ်ချင်းတစ်ယောက်လာတုန်းက အဲလိုပဲ ကီလိုပိုလို့ဆိုပြီး လူတစ်ယောက်ကို အကူညီတောင်းလိုက်တာ.. ဟိုက လက်ခံပါတယ်.. အေးဆေးပဲ... ကီလို ပေါင်းချိန်ပေးတယ်.. သယ်ပေးတယ်.. ဒီစလုံးဘက်လဲ ရောက်ရော.. အဲလူကို ကျေးဇူးပါပဲပေါ့ဆိုတော့ မောင်မင်းကြီးသားက အဲတော့မှ မင်းသားခေါင်းကို ချွတ်တော့တာကိုး...။ ပစ္စည်းကိုမပေးဘူး.. သူသယ်လာရပေးတာမလို့ ပိုက်ဆံပေးပါတဲ့.. ပစ္စည်းက ကီလိုဘယ်လောက်ဆိုတော့ သူ့ကို ဘယ်လောက်ပေးဆိုပြီး...။ သူငယ်ချင်းကလဲ သူ့လက်ထဲမှာ ပိုက်ဆံမထုတ်ရသေးလို့ သိပ်မရှိပါဘူးဆို ပြီး ၂၀လားပေးလိုက်ရတယ်...။ တက္ကဆီခချန်ပြီး...။ သူကလဲ လူကြုံတွေကြောင့် ကီလိုပိုနေတာ...။ အဲလူကြုံတွေလဲ မပြောချင်လောက်အောင်ပဲ....။

chocothazin said...

ရန်ကုန်ကလာမယ့် အဒေါ်ကို လူကြုံထည့်ပေးတာက ဟင်းတွေပေါင်းလို့ ရတဲ့ pressure cooker စတီးအိုးကြီးပါတဲ့။
ခါးသီးတဲ့ ပွင့်လင်းမှုနဲ့ပဲ မသယ်ပေးနိုင်ပါဘူးပြောလွှတ်လိုက်ရတယ်။

chocothazin said...

ရန်ကုန်ကလာမယ့် အဒေါ်ကို လူကြုံထည့်ပေးတာက ဟင်းတွေပေါင်းလို့ ရတဲ့ pressure cooker စတီးအိုးကြီးပါတဲ့။
ခါးသီးတဲ့ ပွင့်လင်းမှုနဲ့ပဲ မသယ်ပေးနိုင်ပါဘူးပြောလွှတ်လိုက်ရတယ်။

Vista said...

ကီလို ၃၀ ရရင် အတိပဲသယ်တယ်ကွယ် ၂၉.၅ ကီလို အိမ်ကနေ ၅ ခါလောက်ချိန်သွားတယ် ဟဲဟဲ ..
တရုတ်ကူလီတဲ့ ဂျေဒီရယ် ..ငါ့မှာရယ်လိုက်ရတာ..

နေ့အိပ်မက် said...

မသယ်ပေးချင်ရင် ကိုဂျူလိုင်က အစကတည်းက ငြင်းသင့်တယ်.. သူ့မှာ အိတ်ပါပါမပါပါ ကိုဂျူလိုင် သယ်ပေးမယ်လို့ တွေးတယ်ဆိုရင် ဒီလောက်ကို သယ်သွားရမှာပဲလေ.. ဒီလောက်အလုပ်ရှုပ်တာကို သည်းခံနိုင်မယ်ထင်လို့ သယ်ပေးပြီးမှတော့ ဟိုဘက်က ကိစ္စကိုတွေးနေရင် ကိုယ်ပဲ စိတ်ပင်ပန်းမှာပေါ့ အလုပ်ရှုပ်မခံနိုင်ဘူးဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် စကတည်းက ငြင်းလိုက်ပေါ့...

WWKM said...

လာဖတ်သွားပါတယ် တရုတ်ကူလီလေးရေ.
ဖတ်ပြီးပြုံးပဲသွားတော့တယ်.း)

khet myint myint said...

အဲလိုမျိုး ကြုံဖူးတာ ဒီလိုရေးထားမိတယ်။
http://khet-yint-yint.freehostia.com/?p=49
လင့်ကြီးထိုးပေးလို့ စိတ်မရှိပါနဲ့။ သိချင်ဝယ်ဖတ် နှစ်ကျပ် မဟုတ်ရပါ။

Rita said...

နေ့အိပ်မက်ပြောထားတာ စဉ်းစားစရာကောင်းတယ်။

တကယ်တော့ အကူအညီဆိုတာ အလှူပေးသလိုပဲမို့ ကိုယ့်ဘက်က ပေးပြီးတာနဲ့ သူပြောသလို တဖက်ကို ထည့်မတွက်တော့ဘဲ စိတ်ပြတ်နိုင်ရင်တော့ ပိုကောင်းမှာ အမှန်ပါပဲ။