.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, January 28, 2010

Recent life style

အခုတလော ရုံးမှာ အတော်ကို အလုပ်များပါတယ်။ အရင်က များတာထက် ပိုပြီး များလာတယ်။ တာဝန်တွေကို ခွဲဝေပေးလိုက်ပါ ဆိုလို့ ခွဲဝေပေးကာမှ အလုပ်က ပိုပြီးများလာတယ်။ နောက်ပိုင်းမှာတော့ တချို့အလုပ်တွေကို လုပ်စရာ မလိုလောက်တော့ဘူးလို့ မျှော်လင့်ရတာပါပဲ။ အဲဒါတွေ မလုပ်ရလို့ အားသွားမယ်တော့ မထင်ပါဘူး။ တခြား အလုပ်တွေကို လုပ်ရတော့မယ့် သဘောတွေကို မြင်နေရပါတယ်။

အလုပ်များတော့ ညဘက် မအိပ်ရတဲ့ ရက်တွေလည်း များလာတယ်။ မနိုင်ဝန် ဖြစ်လာတော့ အချိန်ပိုရှိရှိသမျှ အလုပ်ပဲ လုပ်နေရတယ်။ အရင်တုန်းက ညဘက် အလုပ် လုပ်ရရင် နောက်နေ့ ရုံးမသွားတော့ဘူး။ အိမ်ကနေပဲ လုပ်တယ်။ အခုများမှာတော့ ရုံး မသွားလို့ကို မဖြစ်လို့ ရုံးသွားနေရတယ်။ အဲဒီတော့ အိပ်ရေးပျက်တဲ့ဒဏ် လိမ့်ကာခံပေါ့။ အသက်တိုမယ့်ကိန်းပဲ။ ကြာတော့လည်း မျက်ကွင်းလေးတွေ ညိုလို့။

မျက်ကွင်းလေးတွေ ညိုလို့ သနားကမားရုပ်လေးများ ဖြစ်နေမလားဆိုပြီး ကရုဏာထား မထင်ကြပါနဲ့လေ။ မထားစဖူး ထားထားတဲ့ ဆံပင်ကလည်း အတော့်ကိုရှည်နေပြီ။ ဆီမလိမ်း ခေါင်းမဖြီး ဘိုသီဖတ်သီပုံစံနဲ့ ရုံးသွားတဲ့ ရက်တွေလည်း မနည်းတော့ဘူး။ စတိုင်အသစ် ပြောင်းလိုက်တာလားလို့တောင် မေးကြတယ်။ မုတ်ဆိတ်မွေးကလည်း မရိတ်ပဲ ထားတာ လနဲ့ချီ ကြာလှပြီ။ မုတ်ဆိတ်ကို လက်နဲ့တောင် ဆုပ်ကိုင်လို့ရတယ်။ အခုဆို နှုတ်ခမ်းမွေးတောင် မရိတ်တော့ဘူး။ ငုတ်စိလေးတွေ ရှည်လာတဲ့အထိ ထားလိုက်အုံးမယ်။ အဲဒီတော့ အားလုံး ခြုံငုံကြည့်ရင် လူကြမ်းရုပ်တော့ ထွက်နေပါပြီ။

လူကြမ်းက လူကြမ်းရုပ် ထွက်တာ ဘာများဆန်းလို့လဲ လူကြမ်းရယ်... ဆိုရင် ဟုတ်တယ် ဘာမှ မဆန်းပါဘူး။ လူကြမ်းဖြစ်ခဲ့တာ ကြာလှပါပြီပဲလေ။ ဓါးခုတ်ရာ လက်ဝင်လျှိုခဲ့တဲ့ ဇာတ်လမ်းရဲ့ ရလာဒ်က လူကြမ်းဘွဲ့ပေါ့။ ရှဉ့်လည်း လျှောက်သာ ပျားလည်း စွဲသာ... ဖြစ်စေချင်တဲ့ မေတ္တာရှင်က သဘောထား ပြည့်ဝကြောင်း ပြဖို့ ဇာတ်ရှိန် အတိုးအလျှော့ လုပ်တော့လည်း လူကြမ်းမှာတော့ ရှဉ့်လိုလျှောက်ကြည့်မိရင်း ပျားတုပ်ခံရတာပဲ အဖတ်တင်လိုက်တယ်။ ပျားတုပ်တော့လည်း ထုံးတို့ရပြန်ပြီ။ ထုံးတို့ထားတာကို မြင်တော့ ပျားတုပ်ခံခဲ့ရတာ အမှတ်ရစေတာပေါ့။

အခုချိန်ထိ ရွှေပွဲလာပရိသတ်ကတော့ အုတ်နီခဲကျိုးတွေ ပြောင်းဖူးရိုးတွေ ပစ်မပေးသေးပါဘူး။ အကယ်လို့များ အုတ်နီခဲကျိုးတွေ ပေးရင်လည်း လမ်းခင်းပစ်ဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ အဲဒီလို လမ်းခင်းပေးတဲ့ ကုသိုလ်နဲ့ ဦးမာဃတောင် သိကြားမင်း ဖြစ်သွားသေးတာပဲလေ။ ပြောင်းဖူးရိုးတွေ ပစ်ပေးရင်လည်း ဝမ်းပိတ်ဆေး ဖော်ပစ်လိုက်မှာပါ။ ဆေးဆရာကြီး ဇီဝကလိုမျိုး ထင်ရှားကျော်ကြားလာမှာ မဟုတ်ပေမယ့် ဇူလိုင်ဂွတော့ ဖြစ်လောက်ပါတယ်။ လူချစ်များအောင် မနေပြန်ဘူးဆိုလာရင် ဖြေစရာအဖြေက အဆင်သင့်ပါပဲ။ ချစ်သူက သူ့မှတစ်ပါး အခြားသူတွေ မချစ်ရဆိုလို့ တခြားသူတွေရဲ့ အချစ်တွေ မဝင်လာရလေအောင် ရည်ရွယ်ပြီး မုန်းဆေးဖော်နေတာပါ။ အထူးသဖြင့် မိန်းမတွေ အမြင်ကတ် မုန်းလောက်အောင် နေတတ်ပါတယ်။

ဘာမဆိုင် ညာမဆိုင် လောလောဆယ်မှာ အယ်လ်လွန်းဝါရဲ့ သီချင်းထဲက စာသားတစ်ခုကို သဘောကျမိလို့ ကူးထားလိုက်အုံးမယ်။ ခံစားချက်နဲ့ တိုက်ဆိုင်မှု ရှိတာလည်း ပါပါတယ်။

ဘဝကို အိပ်မက်လုပ်ပြီး
မနက်ဖြန် ရောက်ချင်နေသူ
လပြာည အရိပ်ခို
အခုထိ အိပ်မပျော်ဘူး...

အင်း... တောင်စဉ်ရေမရတော့ ရေးပြန်ပြီ။ ဖတ်ချင်တဲ့သူတွေ ဖတ်သွားကြပါ။

7 comments:

သစ်သစ် said...

အေးဟာ ဘွ...ဘွ....

ခြေလှမ်းသစ် said...

ချစ်သူက နောက်တယောက် လုသွားမှာ စိုးလို့ စတိုင်လ် အသစ်ပြောင်းခိုက်လိုက်တယ်နဲ့တူတယ်

Rita said...

ဓါးခုတ်ရာ လက်ဝင်လျှိုတယ် ဆိုလို့ ကိုယ့်များ စောင်းပြောသလား ထင်မိသေးတယ်။

ဘိုသီဖတ်သီနေနေတာတော့ ကိုယ်လဲပဲ။ ရန်ကုန်ပြန်ရောက်မှပဲ ရှိုင်းတော့မယ်။ (တလွဲမတွေးပါနဲ့။ ဈေးသက်သာလို့ပါ။)

Anonymous said...

ပန်ဒါလေး ချစ်စရာလေးနေမှာ :P

နေ၀သန် said...

ပြုံးသွားတယ်.. ဆာဒူးကြီးနဲ့ တူနေရောပေါ့....

Younggun said...

အစ်ကိုတော်ရဲ့ Recent life style က ကျွန်တော့်ရဲ့ Daily Life Style ဖြစ်နေတယ်ဗျ။ ဘယ်သူ့အထိုးမှ မခံရပါဘဲနဲ့ မျက်ကွင်းက ညိုနေတာ၊ ခေါင်းကလဲ ဖြီးစရာ မလိုအောင် ကတုံးတုံးထားတာနဲ့ ဘိုးတော်မဟုတ်ပါဘဲ မုတ်ဆိတ်တွေကို မေ့ထားတာ.. တူသဗျာ။

နွေဆူးလင်္ကာ said...

ဦးမာဃက လမ်းခင်းလို့ သိကြားမင်း ဖြစ်သွားတယ်ဆိုရင် နန်းတော်ဖျက်ပြီး တံတားဆောက်ခဲ့တဲ့ ဦးပိန်လည်း ဘာဖြစ်သွားလည်း သိချင်လိုက်တာဗျာ။