ဒေါ်ကျော့မြိုင်
အသက် (၅၅)နှစ်
အမည်က "ကျော့" ပေမယ့် လူကတော့ဖြင့် ကျော့ကျော့မော့မော့ကလေးထဲက မဟုတ်တာ သေချာပါသည်။ ထိုဈာပန ကိစ္စကို သဂြိုဟ်ပေးရန် သွားရောက် သယ်ဆောင်ရသော ကျွန်မတို့ပင်လျှင် စိတ်မောလူမောနှင့် ဇောချွေး ဖြိုင်ဖြိုင် ကျခဲ့ရသည့်အဖြစ်၊ သူတို့ဆက်သွယ် အကြောင်းကြားထားသော လမ်းညွှန်အတိုင်း မြို့သစ်ကလေးတစ်ခု၏ အစွန်အဖျားသို့ ရောက်သည့်တိုင်အောင် ချိန်းဆိုထားသော နာရေးရှင်နှင့် အတန်ကြာ လွဲချော်နေခဲ့ရာမှ တွေ့ကြပြန်သောအခါတွင်လည်း ထိုနေရာထက်ပိုဝေးပြီး ကားဝင်၍မရသော လမ်းရှည်ရှည် ကျဉ်းကျဉ်းကလေးထဲမှာမို့ ခေါင်းအလွတ်ကို သယ်ကာ ခြေလျင် လျှောက်ခဲ့ရသော ခရီးကလည်း မနီးလှပါ။
နေ့ချင်းသဂြိုဟ်ပေးရန် အကြောင်းကြားထားသော နာရေးအိမ်သို့ ရောက်သောအခါတွင်မူ လူရိပ်လူယောင်က ရှားပါးလှချေသည်။ ကျွန်မနှင့် အတူပါလာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မောင်လေးနှစ်ယောက်က ဒေါ်ကျော့မြိုင်၏ ရုပ်ကလာပ်အား ဂရုတစိုက် အောက်ခံကပ်ထဲသို့ ထည့်ပြီး အပေါ်မှ အလူမီနီယံ ခေါင်းဖုံးဖြင့် အုပ်လိုက်ပြီးသောအခါတွင်တော့ ကားဆီရောက်အောင် သယ်ယူဖို့ရန် ကျွန်မ အကူအညီ တောင်းရတော့သည်။
"ယောကျာ်းလေး သုံးလေးယောက်လောက် ကျွန်မတို့ကို ကူညီပါဦး၊ လမ်းထိပ်ရောက်တဲ့အထိ ကျွန်မတို့ချည်း နိုင်လို့ပါ။"
"ယောကျာ်းဆိုလို့ မြင်တဲ့အတိုင်းပဲ ဟိုမှာ ထိုင်နေတဲ့ မျက်မမြင် အဘိုးကြီးတစ်ယောက်ရယ်၊ ဟောဒီ ကလေးနှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပဲ ရှိတာ၊ ဒီအိမ်က သားအဖ နှစ်ယောက်ထဲနေတာ။ သူတို့က အိမ်နီးချင်းတွေ လာဝိုင်းကူပေးနေကြတာ၊ ဟိုမှာ ထိုင်နေတာ အဒေါ်ရဲ့ အဖေပေါ့။"
ဆယ့်ငါးနှစ်သာသာ ကလေးနှစ်ယောက်ကို ညွှန်ပြရင်း ပြောလိုက်သည့် စောစောက ကျွန်မတို့ကို လာကြိုသည့် လူရွယ်၏ စကားကြောင့်...
"ဒါဆို နာရေးရှင်က ဘယ်သူလဲ၊ ရှင်မဟုတ်ဘူးလား။ ကျွန်မတို့အသင်းကို စာရင်းပေးထားတဲ့ မိသားစုဝင် နာမည်က ရှင့်နာမည်ဆို"
"ဟုတ်ပါတယ်၊ ကျွန်တော်က ခုဆုံးသွားတဲ့ အဒေါ်ရဲ့ ယောကျာ်းဘက်က တော်တဲ့ တူပါ။ ကျွန်တော့်ဦးလေးက ပြီးခဲ့တဲ့ ခြောက်နှစ်လောက် ကတည်းက ဆုံးသွားတာမို့ အဒေါ်နဲ့ မျက်စိမမြင်တဲ့ အဘိုးအိုဆီကို တစ်ခါတစ်ခါ လာကြည့်ရင်း အဒေါ်ဆုံးတာနဲ့ ကြုံလို့ပါ။ ကျွန်တော်က စက်မှုဇုန်က တွင်ခုံမှာ အလုပ်လုပ်ပြီး အလုပ်ရှင်နဲ့ နေရတာပါ"
သူ့စကားကြောင့် ကျွန်မ စိတ်မကောင်းဖြစ်သွားသည်။
"သြော် ဟုတ်လား... တော်သေးတာပေါ့ကွာ၊ မင်းရောက်လာလို့၊ ကဲ ကဲ... သယ်ကြရအောင်။ ရှိတဲ့လူနဲ့ပဲ ဖြစ်အောင် သယ်ကြတာပေါ့။ ဒီလမ်းထဲကို ကားမှ ဝင်လို့ မရဘဲ။ သားလေးတို့လည်း ဝိုင်းကူပေးနော်"
ပြောပြောဆိုဆိုနှင့် ကျွန်မတို့ လှုပ်ရှား စ ပြုချိန်တွင် အနားမှ အသက်ငါးဆယ်ကျော် အမျိုးသမီးကြီး တစ်ယောက်က...
"ခဏ... ခဏလေးပါ ဆရာမရယ်။ တစ်ခုလောက် ပြောပါရစေ"
"ဟုတ်ကဲ့ ပြောပါ"
သူက တစ်ခုခုကို ချိန်ဆနေသလို အနည်းငယ် တုံ့ဆိုင်းနေပြီးမှ... "ဒီ ဒီအဘကိုပါ ခေါ်သွားလို့ မရဘူးလား ဟင်" တဲ့။
"ရပါတယ်၊ အဘက သူ့သမီး အသုဘကို လိုက်ပို့ချင်မှာပေါ့။ ကျွန်မတို့ကားက နောက်ခန်းမှာ မိသားစုနှစ်ဦး လိုက်ခွင့်ရှိပါတယ်" ဟု ကျွန်မဆိုတော့...
"အသုဘ ပို့ဖို့ မဟုတ်ပါဘူး၊ သူ့သမီး မရှိရင် အဘကို ဘယ်သူမှ ရှာဖွေ ကျွေးမွေး ပြုစုမယ့်လူ မရှိပါဘူး၊ ဒီကောင်လေးကလည်း သူ့ဟာသူတောင်မှ အနိုင်နိုင်ရယ်၊ ကျွန်မတို့မှာလည်း ကိုယ့်မိသားစုနဲ့ ကိုယ်မို့ လာလည်း ကြည့်မပေးနိုင်၊ ကျွေးဖို့လည်း မတတ်နိုင်လို့ တစ်ခါတည်းသာ ခေါ်သွားပေးပါလား ဆရာမရယ်"
"ရှင် ကျွန်မက ဘယ်ကို ခေါ်သွားပေးရမှာလဲ"
"တစ်နေရာရာကိုပေါ့၊ ဘယ်နေရာပဲ ဖြစ်ဖြစ်ပါ။ သူ့ကို ကြည့်မယ်လူ မရှိလို့ ကူညီပါနော်"
"ဟုတ်ပါတယ် ဆရာမရယ်၊ ကျွန်တော်လည်း တောင်းပန်ပါတယ်၊ အဒေါ်ရှိတုန်းကဆို အဘကို ထမင်းက အစ ခွံ့ကျွေးရတာပါ၊ အခု အဒေါ်က ချက်ချင်းကြီး ကောက်ခါငင်ခါ ဆုံးသွားတော့ အဘအတွက် ကျွန်တော်တို့ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ မျက်စိမမြင်တဲ့အပြင် နားကပါ မကြားတော့ သနားစရာပါ"
ဘုရားရေ..... ဒုက္ခပါပဲ။
ကျွန်မတို့ ပြောနေကြတာတွေကို ဘာမှ မမြင်ရ မကြားရဘဲ မျက်နှာငယ်လေးဖြင့် ထိုင်နေသော အဘိုးအိုကို တစ်လှည့်၊ သနားကြင်နာခြင်းမှ လွဲ၍ ဘာမှ မပေးနိုင်သော ပုဂ္ဂိုလ်များကို တစ်လှည့်ကြည့်ကာ သက်ပြင်းကိုသာ အခါခါ ချနေရုံမှတစ်ပါး၊ ကျွန်မကရော ဘာများ တတ်နိုင်ပါလိမ့်ဦးမည်နည်း။
သန်းမြင့်အောင်
~~~
ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အတွက် မေတ္တာဖြင့် ထုတ်ဝေထားတဲ့ တွယ်ရာမဲ့ရှင်သန် ကျန်ရစ်သူများ စာအုပ်လေးမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။