.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, March 22, 2010

Dear Yesterday - 13

မနေ့က အလုပ် လုပ်စရာ ရှိပေမယ့် သွေးလှူရှင်အသစ်တွေ ရှိနေတာနဲ့ အပြင်ထွက်ဖြစ်တယ်။ အိပ်ရာကနေ ၈ နာရီခွဲလောက် ထပြီး သူငယ်ချင်းတွေနဲ့ အိမ်နားကဆိုင်မှာ မနက်စာ ထွက်စားတယ်။ ချိန်းထားတဲ့ အနီလိုင်းက တောအုပ်ဘူတာကို ၁၀ နာရီကျော်လောက် ရောက်အောင် လာခဲ့တယ်။ သွေးလှူရှင်အသစ် နှစ်ယောက်ထဲမှာ ဖိုးဝရုပ်တစ်ယောက်က ဘလော့ဂါပါပဲ။ အစိမ်းလိုင်းကနေ သွေးလှူရှင်အသစ် တစ်ယောက် လာမယ်ဆိုလို့ သွေးဘဏ်ရှိတဲ့ ဘူတာကိုပဲ ချိန်းလိုက်တယ်။ စုစုပေါင်း သွေးလှူရှင်အသစ် ၃ ယောက်ပေါ့။

မနေ့က သွေးဘဏ်မှာ သွေးလှူတဲ့သူ အတော်များတယ်။ သွေးဖောက်ခန်းထဲမှာ ကုတင်မအားလို့ အပြင်မှာ ထိုင်စောင့်နေရတယ်။ စောင့်နေရင်းနဲ့ ရေငတ်လာလို့ ရေသောက်ဖြစ်တယ်။ အဲကွန်းကလည်း အေးတော့ သေးလည်း ခဏခဏ ပေါက်ဖြစ်တယ်။ သွေးဘဏ်မှာ သွေးလှူရှင်အသစ်တွေ သွေးလှူတာကို စောင့်ရင်း သေးပေါက်ဖြစ်တဲ့ ဇာတ်လမ်းပေါ့။ စောင့်ရတာ ကြာလွန်းတဲ့အခါ သောက်လိုက် ပေါက်လိုက် သံသရာလည်ပြီး အအေးဒဏ် မခံနိုင်တော့လို့ သူငယ်ချင်းနဲ့အတူ ဆေးရုံဝင်းထဲ ဟိုလျှောက် ဒီလျှောက် လေ့လာရေး ဆင်းခဲ့လိုက်တယ်။ စင်္ကာပူအထွေထွေကုဆေးရုံ အဆောင်တွေထဲ သူငယ်ချင်းကို ဟိုပြ ဒီပြ ဆရာကြီး လုပ်ခဲ့တာပေါ့။

သွေးလှူပြီးတော့ တစ်အုပ်တစ်မကြီး ရွှေတွေ ပျော်မွေ့ရာ ပင်နီဇူလားပလာဇာကို ချီတက်ခဲ့တယ်။ တချို့က သူငယ်ချင်းတွေနဲ့ ချိန်းထားလို့၊ တချို့ကတော့ မြန်မာထမင်းဟင်း စားမလို့၊ ကျွန်တော်ကတော့ ငွေလွှဲမလို့။ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် စင်္ကာပူက အလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေကို ရန်ကုန်ကို လွှဲပေးဖြစ်ခဲ့လိုက်တယ်။ ငွေလွှဲဈေးက ၇၁၃ကျပ်ပဲပေးလို့ အများကြီး လွှဲမှာပါလို့ ပြောလိုက်မှပဲ ၇၁၅ကျပ်ကို တိုးပေးတယ်။ စုစုပေါင်း ကောက်ခံရရှိထားတာက ၁၄၆၈ ဒေါ်လာပါ။ ၂ ဒေါ်လာ စိုက်ပြီး ၁၄၇၀ ဖြစ်အောင် လုပ်လိုက်တယ်။

ငွေလွှဲပြီးတော့ ဗိုက်ဆာတာနဲ့ ဝင်းမြန်မာမှာပဲ နေ့လည်စာ စားလိုက်တယ်။ ထမင်းစားပြီးတော့ စီပုံးမင်းသား မဟူရာချစ်ကောင်း ရောက်လာတာနဲ့ ဘူဂစ်ဘက်ကို ချီတက်ကြတယ်။ ဘူဂစ် မရောက်ခင် စင်္ကာပူအမျိုးသား စာကြည့်တိုက်ထဲ ဝင်ပြီး ဟိုကြည့် ဒီကြည့် လုပ်ကြသေးတယ်။ အမှတ်တရ ခြေရာတွေ အငွေ့အသက်တွေ ချန်ခဲ့သေးတာပေါ့။ ဘူဂစ်ဘက်ကို ရောက်သွားတော့ ဝယ်ချင်နေတဲ့ အားကစားပစ္စည်းက ရှာမရဘူး။ တီဗွီမှာ ကြော်ငြာတုန်းက ဘူဂစ်မှာ ရတယ်လို့ စာတန်းထိုးထားတာပဲ။ အဲဒါနဲ့ ဟိုဆိုင်ဝင် ဒီဆိုင်ကြည့် ဟိုငေး ဒီငမ်း ရလဒ်ကတော့ ခြေထောက်တွေလည်း နာလှပေါ့။ နောက်ဆုံးတော့ ကွမ်ရင်ဘုရားကျောင်းမှာ ဘုရားရှိခိုးပြီး အိမ်ပြန်လာခဲ့လိုက်တယ်။

မနေ့က အိမ်ပြန်ရောက်တော့ ညစာ စားဖို့ ဟင်းမချက်ထားလို့ သူငယ်ချင်းတွေက ထမင်းသုတ်ပေးတယ်။ ကျွန်တော်ကတော့ အီးမေးလ် စစ်နေလိုက်တယ်။ အဲဒီမှာ စလုံးကြက်ခြေနီ သွေးဌာနက အီးမေးလ်တစ်စောင် ရောက်နေတာနဲ့ ဖွင့်ကြည့်လိုက်တော့ သွေးလှူရှင်အဖွဲ့ရဲ့ လူငယ်သံအမတ်ဌာနလေးမှာ ကော်မတီဝင်အဖြစ် တာဝန်ယူပေးဖို့ ရွေးထားကြောင်း ရေးထားတယ်။ ဒီနှစ်အတွက် ရွေးထားတာ စုစုပေါင်း ၅ ဦး၊ စလုံး-မလေး တစ်ယောက်၊ စလုံးတရုတ် သုံးယောက်၊ ရွှေတရုတ် တစ်ယောက်။ အဲဒီလိုနဲ့ ငါးဦးကော်မတီဝင် ဖြစ်သွားတယ်။

မနေ့က ဒီဘလော့ရဲ့ ဟစ်ကောင့်လည်း ၁ သိန်း ကျော်သွားတယ်။ စာကောင်းကောင်း မရေးဖြစ်တာလည်း ကြာပါပြီ။ အလုပ်များတာလည်း ပါသလို အပြင်အလုပ်တွေလည်း ရှုပ်နေတာလည်း ပါတယ်။ ကျန်းမာရေးဘက် အချိန်ပေးရသလို တယောက်သောသူကိုလည်း အချိန်ပေးဖြစ်တယ်။ ဟိုလုပ် ဒီလုပ် ဟိုရှုပ် ဒီရှုပ်နဲ့ ဘလော့မှာ ဓါတ်ပုံတွေ တင်ပြီး ကဗျာမပီ စာမမှီလေးနဲ့ ယောင်ချာချာ လုပ်နေတာလည်း ကြာလှပါပြီ။ မနုဿီဟတွေ လက်သီးပုန်းတွေ တိုက်ပွဲခေါ်သံတွေကြားမှာ အကြည်ဓါတ်တွေ ပျောက်နေလို့ စာမရေးတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်... လာလည်နေသေးတဲ့ ရွှေဧည့်သည်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

မနေ့ကပေါ့...

7 comments:

ShwunMi- said...

မနေ့ကလည်း လာလည်ပါသည်း)

khin oo may said...

နေ့တိုင်းလာပါသည်။

ကိုလူထွေး said...

မနုဿီဟတွေ
လက်သီးပုန်းတွေ
တိုက်ပွဲခေါ်သံတွေအကြောင်း
အလျဉ်းသင့်ရင်ရေးပါအုံး...

းဝ)

ဂျူနို said...

အလဲ့ သံအမတ်ကြီးပေါ့လေ။ ဘာ အားကစား များလုပ်နေတုန်း။ အားရင် ကစားတာလား။

မအယ်

:P said...

စီပုံးမင်းသား မဟူရာချစ်ကောင်း ခွိခွိ..
သံအမှတ်ကြီးဟေ့..သံအမှတ်ကြီး..

Rita said...

ဂျေဒီ ရွေးကောက်ပွဲ နိုင်တော့ ကောင်ကောင်မို တစ်ယောက် ရာထူးတက်သွားတယ် ကြားတယ်။ စီဘောက်စ်က ကောလဟလပဲ။

Nge Naing said...

မနေ့ကတော့ မရောက်ဖြစ်ဘူး ဒီနေ့မှ ရောက်ဖြစ်တယ်။ Hit Counter တသိန်းပြည့်သွားတာ Congratulations ပါ။ Tag ထားတာကိုလည်း သတိပေးခဲ့ပါတယ်နော့်။