ဘာရယ်တော့ မဟုတ်ပါဘူး... အချိန်မအားလို့ စာတွေ ဆက်မရေးတော့မှာကို စိုးရိမ်မိတယ်ဆိုတဲ့ မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းတွေကို ကျေးဇူးတင်နေမိတယ်။ ဖောင်းပွနေတဲ့ ကျေးဇူးတွေ မဟုတ်ပါ။ တချို့က ပြောတယ်... ဒီဘလော့က ကိုယ်ရေးကိုယ်တာတွေ လွမ်းတဲ့အကြောင်းတွေ ရေးထားတာ စိတ်ဝင်တစား ဖတ်စရာ မရှိလို့ မရောက်ဖြစ်တာတောင် ကြာပြီတဲ့။ သူပြောတာ မလွန်ပါဘူး။ တကယ်လည်း မှန်တာပါပဲ။ ကိုယ်ကလည်း အဲဒါတွေပဲ ရေးနေမိတာကိုး။ တခြားအကြောင်းတွေ ရေးဖို့ မရှိလို့ပဲ ဒါတွေကို ရေးနေတာလား ဆိုတော့ မဟုတ်ပြန်ဘူး။ စိတ်ထဲမှာ ရှိတဲ့ခံစားချက်တချို့ကို မမေ့သွားရအောင် ရေးမိလိုက်တာလေးပါပဲ။ အဲဒီလိုမျိုး အရည်မရ အဖတ်မရ ရေးနေတာကိုများ စာဆက်ရေးပါအုံးလို့ တောင်းဆိုတဲ့ မိတ်ဆွေတွေကို ကျေးဇူးမတင်ရရင် ဘယ်သူ့ကို ကျေးဇူးတင်ရတော့မှာလဲ။ အရူးဘုံမြှောက်ဆိုလည်း ကွေးနေအောင် က ရမှာပဲလေ။
ဘာရယ်တော့ မဟုတ်ပါဘူး... ရေးအားကောင်းတဲ့ ဘလော့တွေကို အားကျမိတယ်လို့ ပြောချင်တယ်။ စာတွေ ရေးထားတာမှ အခုခေတ် မိန်းခလေးတွေ ဝတ်တဲ့ စကတ်တွေလိုမျိုး တိုတိုလေး မဟုတ်။ ကုလားကားလို ပေရှည်တဲ့ စာတွေပါ။ အရှည်ကြီးပေမယ့် အရည်မရ အဖတ်မရ ကွမ်းစာတွေ မဟုတ်ပြန်ဘူး။ ငံပြာရည်ပုလင်း မှောက်သလိုမျိုး လေးလေးပင်ပင် စာတွေပါ။ အစကနေ ဖတ်လိုက်တာ အဆုံးလည်း ရောက်ရော အစမှာ ဘာဖတ်ခဲ့သလဲ ဆိုတာကို ပြန်မေ့သွားရော။ အသက်တွေ ရလာတော့ မှတ်ဥာဏ်အားနည်းတာ အပြစ်တစ်ခုပဲ ထင်တယ်။ ရေးတဲ့သူတွေကတော့ တကယ်ကို ရေးနိုင်ကြပါတယ်။
ဘာရယ်တော့ မဟုတ်ပါဘူး... မအားဘူးဆိုတာ တကယ်ပါလို့ ပြောချင်မိပါတယ်။ မယုံတာ ယုံတာကတော့ တပိုင်းပေါ့လေ။ လုပ်စရာတွေ ရှိလာရင် အချိန်တွေ တကယ် ရှာရခက်ပါတယ်။ အလုပ်မှာ မိတင်နဲ့ ညားတာ အတော်ကို တာဝန်ကြီးတယ်။ စကားပြောရတယ်။ ငြင်းရတယ်။ ဒီလိုနဲ့ပဲ မိတင်အတွက် နေ့အချိန်တွေ ပြန်ရှာမရအောင် ကုန်ရတယ်။ တကယ်လုပ်စရာတွေက ကျန်နေတော့ ညဘက်မှာ လုပ်ရရော။ အဲဒီတော့ မနက် မနှိုးပြန်ဘူး။ ရလဒ်ကတော့ ရုံးနောက်ကျခြင်းပါပဲ။ ရုံးနောက်ကျတိုင်း လခဖြတ်ရင်တော့ လကုန်ရင် ရမယ့် ပိုက်ဆံက အိမ်လခတောင် ပေးလို့ရမယ် မထင်ဘူး။
ဘာရယ်တော့ မဟုတ်ပါဘူး... ဒီညတော့ စောစောအိပ်ရမယ်။ မနက်ဖြန် စင်္ကာပူကြက်ခြေနီက ကျင်းပတဲ့ World Blood Donor Day အခမ်းအနားမှာ တောပုန်းကြီးနဲ့ လုပ်အားပေးရအုံးမှာ။ မနက် ၈ နာရီခွဲတိတိ အရောက် လာရမယ်ဆိုပဲ။ အအိပ်မက်တဲ့ကောင်ကို အလိမ္မာသုံးပြီး နှိပ်စက်တဲ့နည်း ထင်တယ်။ အဲဒီနေ့ပွဲမှာ မာမီကွမ်း စီပုံးပျော် ခရမ်းချဉ်သီးက ကြီးကြပ်ရေးမှုးဆိုပဲ။ ဘယ်နေရာ ဘယ်အပိုင်းမှာ ဘယ်လိုတာဝန်တွေ ယူပြီး ကြီးကြပ်နေမလဲတော့ မသိဘူး။ ကြက်ခြေနီက အစည်းအဝေး ၃ ကြိမ်တိတိ ခေါ်ပေမယ့် မအားတာရယ် နေမကောင်းတာရယ် အကြောင်းအမျိုးမျိုးနဲ့ တစ်ခါမှ အစည်းအဝေး မတက်ခဲ့ဘူး။ ဒါကြောင့် ဘယ်သူတွေ ဘာတွေ လုပ်ရမလဲ ဆိုတာကို မသိတာ မဆန်းလှပါဘူး။ အဲဒီတော့ အရပ်ရှည်ရှည် အသားဖြူဖြူအန်တီကြီး စွာကျယ်စွာကျယ် လုပ်နေတာ တွေ့ရင် သူပဲလို့ မှတ်လိုက်ပါလေ။ အရပ်ရှည်သလောက် စိတ်မရှည်ပေမယ့် သူ့စိတ်ဓါတ်ကတော့ လေးစားစရာပါ။ ရုံးကနေ ခွင့်ယူပြီးကို အဲဒီပွဲမှာ လုပ်အားပေးတာဗျာ။
ဘာရယ်တော့ မဟုတ်ပါဘူး... ဆိုတာလေးကို လာပြောပြထားတာပါ။ နောက်နောင်များမှာလည်း အဲဒီလိုမျိုး ပြောချင်တာလေးတွေ ရှိရင် အခုလိုပဲ ဘာရယ်တော့ မဟုတ်ပါဘူးလို့ အစပျိုးပြီး ဆက်ပြောနေပါအုံးမယ်။

5 comments:
ဘာရယ်မဟုတ်ပါဘူး လာဖတ်သွားတယ်။ ကျေးဇူးတင်ပါတယ် :)
(အစကနေ ဖတ်လိုက်တာ အဆုံးလည်း ရောက်ရော အစမှာ ဘာဖတ်ခဲ့သလဲ ဆိုတာကို ပြန်မေ့သွားရော။ အသက်တွေ ရလာတော့ မှတ်ဥာဏ်အားနည်းတာ အပြစ်တစ်ခုပဲ ထင်တယ်)
မဟုတ်လောက်ပါဘူး။ စိတ်ထဲမှာ တစုံတရာက အချိန်ပြည့် လွှမ်းမိုးထားလို့ ဖြစ်ပါလိမ့်မယ်။
ကိုယ်ပိုင်အချိန်တွေကို အဲသလိုဖဲ့ဖဲ့ပြီး လှူဒါန်းနေကြတာ လေးစားပါတယ်။
တောပုန်းကြီးကိုရော ဘယ်လိုရှာရမလဲ။
ခု 01 ဆိုတော့.....
အနဲဆုံး way 100 တော့ရှိလိမ့်မယ် ထင်တယ်...
Post a Comment