စင်္ကာပူမှာ ရှိနေတဲ့ကာလတွေမှာ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကျင်းပတိုင်း လုပ်အားပေး လုပ်ဖြစ်ခဲ့တယ်။ အဲဒီပွဲကို တိရစ္ဆာန်ရုံမှာ လုပ်ခဲ့ဖူးတယ်။ ငှက်ခြံမှာ လုပ်ခဲ့ဖူးတယ်။ ဒီနှစ်တော့ Fullerton Heritage မှာ လုပ်ဖြစ်တယ်။ တောသား မြို့ရောက်ဆိုသလို အဲဒီဟာကြီးက ဘယ်နားမှာ ရှိမှန်း မသိခဲ့ဘူး။ ဂူဂဲလ်မှာလည်း မရှာလိုက်ဘူး။ အစည်းအဝေးတွေ ခေါ်ပေမယ့်လည်း တခါတခေါက်တောင် မရောက်ဖြစ်ခဲ့ပါဘူး။
ပွဲမစခင် တစ်ရက်အကြိုမှာ ဘာလုပ်ရမှာလဲ ဆိုတာကို စင်္ကာပူကြက်ခြေနီဆီ ဖုန်းလှမ်းဆက်မေးလိုက်တယ်။ စုရပ်ကို ဘယ်အချိန် လာပေးရမလဲ ဆိုတာလည်း မေးလိုက်တယ်။ သူများတကာတွေက မနက် ၁၀ နာရီမှ လာခိုင်းထားပေမယ့် ကျွန်တော်တို့ ဓါတ်ပုံဆရာတွေကို မနက် ၈ နာရီခွဲအရောက် လာခဲ့ပါတယ်။ အဲဒါနဲ့ တခြားဓါတ်ပုံဆရာကို မနက်ပိုင်းမှာ တွေ့ဖို့ အချိန်းအချက် လုပ်လိုက်ရတယ်။ ဘယ်လိုသွားရမလဲဆိုတာ လမ်းမသိတော့ ဘူတာမှာပဲ ချိန်းလိုက်တယ်။ စောစောစီစီး အိပ်ရာထဖို့ မလိုလားပေမယ့် တာဝန်အရ စောစောထရပြန်တယ်။
တခြားဓါတ်ပုံဆရာနဲ့ မနက် ၈ နာရီကျော်လောက် ဘူတာမှာ ဆုံဖြစ်တယ်။ မနက်စာ မစားရသေးတာနဲ့ ကော်ဖီဆိုင် ထိုင်နေလိုက်တယ်။ ကော်ဖီဆိုင် ထိုင်နေတုန်း ထိုင်းက ခရီးသွားတစ်ယောက်က သူ့ကင်မရာက ဓါတ်ပုံရိုက်ရင် မှောင်နေလို့ ကြည့်ပေးပါဆိုတာနဲ့ ကူညီလိုက်ရတယ်။ အမှန်တော့ နေရောင်ကို နောက်ခံ ထားပြီး ဓါတ်ပုံရိုက်တော့ မျက်နှာတွေ မှောင်ကုန်တာပါ။ ဖလတ်ရှ်လည်း မဖွင့်ချင်ဘူးတဲ့။ အဲဒီတော့ မှောင်တာ မဆန်းပါဘူးလေ။
ကော်ဖီဆိုင် ထိုင်ပြီးတော့ ပွဲရှိရာကို ချီတက်လာခဲ့လိုက်တယ်။ အရင်နှစ်ကတော့ ပွဲကို လာတဲ့ ဧည့်သည်တွေကို သွေးပုံစံအရုပ်ကြီးတွေနဲ့ တွဲရိုက်ပေးရဖူးတယ်။ အမှတ်တရ ဓါတ်ပုံတွေကိုလည်း အခမဲ့ ထုတ်ပေးကြတယ်။ အခုနှစ် ပွဲမှာ ဓါတ်ပုံ ရိုက်ပေးရမယ် ဆိုတာပဲ သိထားတဲ့ ကျွန်တော်တို့အဖို့ ဘယ်နေရာမှာ ဘယ်လိုပုံတွေ ရိုက်ရမှန်း မသိထားကြပါဘူး။ ပွဲလုပ်မယ့် နေရာကို ရောက်တော့ ကြက်ခြေနီက တာဝန်ရှိသူတစ်ယောက်နဲ့ သွားတွေ့လိုက်တယ်။ သူပြောပြမှာပဲ ကျွန်တော်တို့ နှစ်ယောက်က သွေးလှူရှင်ဂုဏ်ပြုပွဲ အခမ်းအနား တစ်ခုလုံးရဲ့ ပင်တိုင်ဓါတ်ပုံဆရာတွေ ဖြစ်နေမှန်း သိလိုက်ရတယ်။ ကြက်ခြေနီက တခြားဓါတ်ပုံဆရာတွေ ရှိပေမယ့်လည်း အဲဒီအခမ်းအနားမှာတော့ ကျွန်တော်တို့ နှစ်ယောက်က အဓိက တာဝန်ယူရမယ့်သူတွေပေါ့။
လုပ်ပေးရမယ့် တာဝန်တွေကို သိပြီးတဲ့နောက် ပွဲမှာ ဝတ်ရမယ့် တီရှပ် သွားထုတ်လိုက်တယ်။ အဝတ်အစား လဲဖို့ နေရာလိုက်ရှာပေမယ့် ရှာရခက်နေတယ်။ အဲဒီတော့ ယောကျာ်းလေးပဲကွာ ဆိုပြီး ရှက်ရှက်နဲ့ တီရှပ် လဲလိုက်ရတယ်။ ယောကျာ်းလေးလည်း ရှက်တတ်ပါတယ်လေ။ ရောက်တဲ့အချိန်က စောနေပြီး ဂုဏ်ပြုပွဲက မစသေးတော့ ဟိုလျှောက် ဒီလျှောက် ဟိုရိုက် ဒီရိုက်ပေါ့။
ပွဲလည်း တကယ် စရော... ရိုက်လိုက်ရတဲ့ ဓါတ်ပုံတွေ... စက်သေနတ် ကိုင်ပစ်နေရသလားပဲ။ ကင်မရာ ချောင်းပေါက်ကို တောက်လျှောက် ချောင်းရလွန်းလို့ နှာခေါင်းမှာတောင် မျက်မှန်ကိုင်းရာ ထင်ကျန်နေတယ်။ တခါတလေ မျက်မှန်နဲ့ မျက်ခွံကပ်မိလို့ ချွေးစိုသွားရှာတဲ့ မှန်ကို ခဏခဏ ပြန်သုတ်ရတယ်။ ဂုဏ်ပြုတံဆိပ် ပေးတဲ့ လူကြီးလည်း တော်တော့်ကို ညောင်းရှာမှာပါ။ ဓါတ်ပုံရိုက်ရတဲ့ ဓါတ်ပုံဆရာတွေလည်း မျက်လုံးလည်း ညောင်း၊ လက်လည်းညောင်း၊ ခြေထောက်လည်း ညောင်းပေါ့။ ဒီလိုနဲ့ မနက်ပိုင်းတချိန် ပြီးသွားပါလေရော။
မနက်ပိုင်း တချိန်ပြီးတော့ နေ့လည့်ခင်း ထမင်းသွားစားပါတယ်။ လုပ်အားပေးတချို့ကတော့ ထမင်းစားချိန် မဟုတ်သေးတော့ ထမင်း မစားရသေးပါဘူး။ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေတော့ လုပ်စရာ မရှိသေးတာနဲ့ ထမင်းစားလိုက်တာပါ။ တံတားအောက်က ကော်ဖီဆိုင်မှာ ထိုင်ရင်း ထမင်းစားလိုက် ကော်ဖီသောက်လိုက် စကားပြောလိုက်ပေါ့။ ထမင်းစားပြီးတော့ ဒုတိယပိုင်း အခမ်းအနား ကျင်းပမယ့် နေရာကို ပြန်လာခဲ့လိုက်တယ်။
ဒုတိယပိုင်းနဲ့ တတိယပိုင်းမှာလည်း ဓါတ်ပုံတွေ တောက်လျှောက် ရိုက်ခဲ့ရတယ်။ ဂုဏ်ပြု ဆုတံဆိပ် ပေးတဲ့ လူကြီးတွေကတော့ အချိန်လိုက် ပြောင်းသွားပါတယ်။ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေကတော့ မပြောင်းပါဘူး။ ဓါတ်ပုံရိုက်တဲ့ အချိန် ကြုံရတဲ့ အခက်အခဲကတော့ ရှေ့ကနေ ပိတ်ရိုက်တဲ့ တခြားဓါတ်ပုံဆရာတွေပါပဲ။ တချို့က သွေးလှူရှင်ရဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေတွေ ဖြစ်မှာပါ။ တချို့ကတော့ တခြားအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေက ခေါ်လာတဲ့ ဓါတ်ပုံဆရာတွေ ဖြစ်နိုင်ပါတယ်။ ဂုဏ်ပြုဆု လက်ခံတဲ့ သွေးလှူရှင်တချို့ကလည်း ဆုလက်ခံပြီးတာနဲ့ စင်အောက်ကို ချက်ချင်းဆင်းသွားတော့ ဓါတ်ပုံရိုက်ခွင့် အသေအချာ မရလိုက်တာမျိုးလည်း ရှိပါတယ်။ တချို့လည်း ကင်မရာကို တည့်တည့်မကြည့်ပဲ တခြားကို ကြည့်နေတာလည်း ရှိပါတယ်။ ရိုက်ခွင့်ရတဲ့ အချိန်ပိစိကွေးလေးထဲမှာ အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားပြီး ရိုက်ခဲ့ပေးလိုက်တယ်။
ဂုဏ်ပြုခံရတဲ့ သွေးလှူရှင်တွေကိုပဲ ပေးဝင်တဲ့ ကန့်သတ်နယ်မြေကိုတော့ ကျွန်တော်တို့ ဓါတ်ပုံဆရာတွေ ဝင်ခွင့်ရပါတယ်။ အထဲမှာ ဝါးတီးတွေပေါ့။ ဒါပေမယ့် လက်မှာတော့ ၀င်ခွင့်အမှတ်အသား စက္ကူကွင်းတွေ ဝတ်ထားရပါတယ်။ သူ့အပိုင်းနဲ့သူဆိုတော့ စက္ကူကွင်းတွေက အရောင်မတူပါဘူး။ မနက်ပိုင်းမှာ ပန်းရောင်။ ဒုတိယပိုင်းမှာ လိမ္မော်ရောင်၊ တတိယပိုင်းမှာ ခရမ်းရောင်။ ကွင်းသုံးကွင်းနဲ့ဆိုတော့ တိုက်ကြက်ကြီးတွေပေါ့။
တတိယပိုင်းပြီးမှပဲ ကန့်သတ်နယ်မြေထဲမှာ ဝါးတီးဆွဲလိုက်တယ်။ အဲဒီအထဲမှာ ဘလော့ဂါတစ်ယောက်နဲ့ တွေ့ခဲ့သေးတယ်။ အသက်ငယ်တယ်လို့ ထင်ထားပေမယ့် တကယ်တမ်းကျတော့ အသက်မငယ်ဘူးဆိုတာ အဲဒီတော့မှ သိခဲ့ရတယ်။ သူလည်း ဓါတ်ပုံဆရာကြီးပဲဗျ။ ဂုဏ်ပြုခံသွေးလှူရှင်ဆိုလည်း ဟုတ်ပြန်တယ်။ စီနီယာကြီးတွေပေါ့ဗျာ။
အိမ်မပြန်ခင် ကော်ဖီတိုက်ပါအုံးလို့ တောင်းဆိုတဲ့ သူတွေရှိလို့ ကော်ဖီဆိုင် ထိုင်ခဲ့ရသေးတယ်။ ကျွေးစရာတွေ ရှိပြန်တော့လည်း ကပ်စေးနည်းသူ မဟုတ်သူပီပီ ဒကာခံပေးရတာပေါ့။ စားပြီးသောက်ပြီး အာလူးဖုတ်ပြီး နောက်ဆုံးတော့လည်း အိမ်ပြန်ဖို့အတွက် ဘူတာရုံကို ယိုင်တိုင်တိုင် ချီတက်ခဲ့ပါတယ်ကွယ်။

7 comments:
အိမ်ပေါ်တက်တော့ကော........
Lift နဲ့ တက်ပါတယ် မမ...း))
မသိပါဘူး တို့အိမ်က ခြေထောက်နဲ့တက်ရလို့ ...မေ့သွားတယ်။ ဆောရီး။
သက်ဝေ သက်ဝေ ညဏ်တွေ သွက်နေပါလား.
သွေးလှူထားတဲ့အကျိုးနဲ့ Bird Park ကို discount ရလို့ ၁ရက်နေ့ကတည်းကသွားလိုက်တယ်.. ငှီးငှီး..။ ရေခဲမုန့်စားဖို့တော့ ကျန်သေးတယ်.. ။
ကျောင်းမှာသွေးလှူတုန်းကလည်း volunteer တွေကမြန်မာတွေဘဲ..။ မေးခွန်းမေးတဲ့ ဒေါက်တာကလည်း မြန်မာဘဲ (ရုပ်သန့်သန့်နဲ့) ကိုဂျူလိုင်များလားလို့.. =D။ အဲမှာ တတ်ယောင်ကားလုပ်ပြီး ဘိုလိုစွတ်မှုတ်နေတဲ့ မြန်မာအစ်ကိုကြီးတစ်ယောက်လည်းရှိတယ်.. (အဲဒါတော့မဟုတ်လောက်ပါဘူးလေ..)..။
ညီငယ်--Jily
ကျန်းမာပါစေမင်္ဂလာပါ-
ဓါတ်ပုံတွေလိုချင်လို့ ပါ-ပို့ ပေးမယ်လို့ ယုံကည်မိပါတယ်
jittoo.monywa@gmail.com
ညီငယ်---july
ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ
ဓါတ်ပုံကလေးပို့ ပေးတဲ့အတွက်ကျေးဇူးပါဗျာ-
တကယ်တင်သွားတာပါ။
ရင်ထဲကနေလှိုက်လှိုက်လှဲလှဲတင်မိသွားတာပါဗျာ-
ကျေးဇူးအများကြီးအများကြီးအများကြီး-----
Post a Comment