.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, March 27, 2010

Appreciation Night


ဂုဏ်ပြုလက်မှတ် ၁၆ ခု...


ကော်မတီဝင်တချို့...


အစဉ်အဆက် ဥက္ကဌများ...


ဂုဏ်ပြုလက်မှတ် ပေးအပ်စဉ်...

Friday, March 26, 2010

My dear

ချစ်သူ

ဘယ်အချိန်ခါမဆို ထာဝစဉ်ပြုံးရွှင်
နေတတ်တဲ့ ကိုယ့်ချစ်သူ
တစ်ခါတစ်ခါ သူစိတ်တိုင်းမကျတောင်
အစဉ်အားပေးတတ်တဲ့သူ
ကိုယ်ပျော်ရင် သူလည်းပျော်မယ်
ကိုယ်ငိုရင် သူလည်းငိုမယ်
တစ်ခါတလေများ အပြင်ပြဿနာတွေ
ယူလာပြီး သူစိတ်မချမ်းသာအောင်
ပြန်လည်တွေးတိုင်း သနားလို့လာတယ်
ဘယ်သူနဲ့မှ မတူဘူး...
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့
ကိုယ့်ချစ်သူ...

ဘယ်အချိန်ခါမဆို ကိုယ့်အနားမှာ
အတူရှိတတ်တဲ့ ကိုယ့်ချစ်သူ
ကြာလာလေလေ ပိုချစ်လာလေ
တကယ့်ပြည့်ဝလွန်းတဲ့သူရယ်
သူပျော်ဖို့ ရှေ့တန်းတင်မယ်
ဒီသီချင်းနဲ့ ကိုယ်တောင်းပန်မယ်
သူနေချင်တဲ့ ဘဝမျိုးမှာ
အတူနေနိုင်ဖို့ ကိုယ်လေကြိုးစားမယ်

ဒီသီချင်းလေး သူ့အတွက်ဆိုမယ်
ကြင်နာတတ်တဲ့ သူ့အကြောင်းတွေ
ပြန်လည်တွေးတိုင်း သနားလို့လာတယ်
ဘယ်သူနဲ့မှ မတူဘူး...
အနိုင်ယူတတ်တဲ့ ကိုယ့်တစ်ယောက်ကိုကွယ်
ခွင့်လွှတ်ရင်း အမြဲဂရုစိုက်တတ်တဲ့
ကိုယ့်ချစ်သူ...

တေးရေးက မျိုးကျော့မြိုင်၊ တေးဆိုက အယ်လ်လွန်းဝါ။ သူရဲ့ အချစ်မျက်ဝန်း စီးရီးထဲက စိတ်ကူးနဲ့ရူး၊ သူငယ်ချင်းချစ်သူ၊ အချစ်မျက်ဝန်း၊ ဂုံးမချောနဲ့ သီချင်းတွေကို ကြိုက်မိတယ်။ သီချင်းအေးအေးလေးတွေကို ကြိုက်တတ်တဲ့ ကျွန်တော့်အဖို့ အယ်လ်လွန်းဝါရဲ့ သီချင်းတွေက အဆင်ပြေပါတယ်။ သွားစမ်းပါ သီချင်းထဲက ခေါ်တိုင်းလည်း လာရအောင် မီးသတ်ကားလည်း မဟုတ်ပဲကွယ် ဆိုတဲ့ စာသားကိုလည်း မှတ်မိနေတယ်။

ချစ်သူ သီချင်းကတော့ ဘယ်စီးရီးထဲမှာ ပါသလဲဆိုတာ မသိပါဘူး။ သီချင်းထဲက စာသားတွေက ခံစားချက်နဲ့ ကွက်တိမဖြစ်ပေမယ့် တချို့စာသားတွေက ရင်ထဲမှာ ဖြစ်နေတဲ့ ခံစားချက်အချို့ကို ဖော်ပြနိုင်စွမ်းရှိနေတယ်။ အမြဲလိုလို ပြုံးရွှင်နေတတ်တဲ့ သူ့မျက်နှာလေးရယ်၊ ဂရုစိုက်တတ်တဲ့ အကြင်နာတွေရယ်၊ အားပေးတတ်တဲ့ စကားတွေရယ်ကို နေမကောင်းတဲ့ကြားထဲက လွမ်းမိနေတယ်။ ဒီအချိန် အနားမှာ အတူမရှိပေမယ့် အနားမှာ ရှိစေချင်မိတယ်။ ကြာလာလေလေ ပိုချစ်လာလေ ဆိုတာလည်း လက်ရှိခံစားချက်ပါပဲ။

သေချာတာကတော့ ချစ်သူအပေါ် အခုထိ အနိုင်မယူခဲ့သေးပါဘူး။ အနိုင်ယူဖို့လည်း မလိုအပ်ပါဘူးလေ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှုတွေ ရှိဖို့ပဲ အရေးကြီးပါတယ်။ အဲဒီလို ပျော်ရွှင်ဖွယ် ဘဝမျိုးတွေ ရဖို့အတွက် ကြိုးစားကြတာပေါ့။

Thursday, March 25, 2010

A founding member



Hi JULY,

We like to acknowledge you as a founding member of YDC and would like to invite you to receive a Certificate of Appreciation which is awarded in recognition of your previous commitment and contributions to the development of the Youth Donor Club in Singapore.

The Appreciation Ceremony will be held at the recreation room in the Bloodbank@HSA this Saturday, 27th March from 4.30pm to 7.30pm. This is held in conjunction with the handing over of the 5th to the 6th committee. The election of the Vice President will also be conducted.

I apologise for the late invitation and hope that you can find time to come and meet up with friends, both old and new. You are also most welcome to bring along your partner or friends to the event.

Attire for this event is smart casual. Shorts and slippers are discouraged. (must look good in photo)

Please confirm your attendance with Li Peng at 62200183 or lipeng.chin@redcross.org.sg

See you this Saturday.

Best regards
Cecilia Tan
Director, Blood Donor Recruitment Programme
Singapore Red Cross
11 Outram Road, Bloodbank@HSA
Health Sciences Authority
Singapore 169078


ဇူလိုင်တစ်ယောက် ကြွားတာတွေ များနေပြီလို့လည်း မထင်ကြပါနဲ့။ ကြွားချင်စရာ ကောင်းလောက်အောင် ထူးချွန်နေတာလည်း မဟုတ်ပါဘူး။ နိုင်ငံတကာမှာ မြန်မာပြည်သားတွေ မညံ့ကြောင်း သိစေချင်ရုံလေးပါ။

Monday, March 22, 2010

Dear Yesterday - 13

မနေ့က အလုပ် လုပ်စရာ ရှိပေမယ့် သွေးလှူရှင်အသစ်တွေ ရှိနေတာနဲ့ အပြင်ထွက်ဖြစ်တယ်။ အိပ်ရာကနေ ၈ နာရီခွဲလောက် ထပြီး သူငယ်ချင်းတွေနဲ့ အိမ်နားကဆိုင်မှာ မနက်စာ ထွက်စားတယ်။ ချိန်းထားတဲ့ အနီလိုင်းက တောအုပ်ဘူတာကို ၁၀ နာရီကျော်လောက် ရောက်အောင် လာခဲ့တယ်။ သွေးလှူရှင်အသစ် နှစ်ယောက်ထဲမှာ ဖိုးဝရုပ်တစ်ယောက်က ဘလော့ဂါပါပဲ။ အစိမ်းလိုင်းကနေ သွေးလှူရှင်အသစ် တစ်ယောက် လာမယ်ဆိုလို့ သွေးဘဏ်ရှိတဲ့ ဘူတာကိုပဲ ချိန်းလိုက်တယ်။ စုစုပေါင်း သွေးလှူရှင်အသစ် ၃ ယောက်ပေါ့။

မနေ့က သွေးဘဏ်မှာ သွေးလှူတဲ့သူ အတော်များတယ်။ သွေးဖောက်ခန်းထဲမှာ ကုတင်မအားလို့ အပြင်မှာ ထိုင်စောင့်နေရတယ်။ စောင့်နေရင်းနဲ့ ရေငတ်လာလို့ ရေသောက်ဖြစ်တယ်။ အဲကွန်းကလည်း အေးတော့ သေးလည်း ခဏခဏ ပေါက်ဖြစ်တယ်။ သွေးဘဏ်မှာ သွေးလှူရှင်အသစ်တွေ သွေးလှူတာကို စောင့်ရင်း သေးပေါက်ဖြစ်တဲ့ ဇာတ်လမ်းပေါ့။ စောင့်ရတာ ကြာလွန်းတဲ့အခါ သောက်လိုက် ပေါက်လိုက် သံသရာလည်ပြီး အအေးဒဏ် မခံနိုင်တော့လို့ သူငယ်ချင်းနဲ့အတူ ဆေးရုံဝင်းထဲ ဟိုလျှောက် ဒီလျှောက် လေ့လာရေး ဆင်းခဲ့လိုက်တယ်။ စင်္ကာပူအထွေထွေကုဆေးရုံ အဆောင်တွေထဲ သူငယ်ချင်းကို ဟိုပြ ဒီပြ ဆရာကြီး လုပ်ခဲ့တာပေါ့။

သွေးလှူပြီးတော့ တစ်အုပ်တစ်မကြီး ရွှေတွေ ပျော်မွေ့ရာ ပင်နီဇူလားပလာဇာကို ချီတက်ခဲ့တယ်။ တချို့က သူငယ်ချင်းတွေနဲ့ ချိန်းထားလို့၊ တချို့ကတော့ မြန်မာထမင်းဟင်း စားမလို့၊ ကျွန်တော်ကတော့ ငွေလွှဲမလို့။ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းအတွက် စင်္ကာပူက အလှူရှင်တွေ လှူဒါန်းထားတဲ့ အလှူငွေတွေကို ရန်ကုန်ကို လွှဲပေးဖြစ်ခဲ့လိုက်တယ်။ ငွေလွှဲဈေးက ၇၁၃ကျပ်ပဲပေးလို့ အများကြီး လွှဲမှာပါလို့ ပြောလိုက်မှပဲ ၇၁၅ကျပ်ကို တိုးပေးတယ်။ စုစုပေါင်း ကောက်ခံရရှိထားတာက ၁၄၆၈ ဒေါ်လာပါ။ ၂ ဒေါ်လာ စိုက်ပြီး ၁၄၇၀ ဖြစ်အောင် လုပ်လိုက်တယ်။

ငွေလွှဲပြီးတော့ ဗိုက်ဆာတာနဲ့ ဝင်းမြန်မာမှာပဲ နေ့လည်စာ စားလိုက်တယ်။ ထမင်းစားပြီးတော့ စီပုံးမင်းသား မဟူရာချစ်ကောင်း ရောက်လာတာနဲ့ ဘူဂစ်ဘက်ကို ချီတက်ကြတယ်။ ဘူဂစ် မရောက်ခင် စင်္ကာပူအမျိုးသား စာကြည့်တိုက်ထဲ ဝင်ပြီး ဟိုကြည့် ဒီကြည့် လုပ်ကြသေးတယ်။ အမှတ်တရ ခြေရာတွေ အငွေ့အသက်တွေ ချန်ခဲ့သေးတာပေါ့။ ဘူဂစ်ဘက်ကို ရောက်သွားတော့ ဝယ်ချင်နေတဲ့ အားကစားပစ္စည်းက ရှာမရဘူး။ တီဗွီမှာ ကြော်ငြာတုန်းက ဘူဂစ်မှာ ရတယ်လို့ စာတန်းထိုးထားတာပဲ။ အဲဒါနဲ့ ဟိုဆိုင်ဝင် ဒီဆိုင်ကြည့် ဟိုငေး ဒီငမ်း ရလဒ်ကတော့ ခြေထောက်တွေလည်း နာလှပေါ့။ နောက်ဆုံးတော့ ကွမ်ရင်ဘုရားကျောင်းမှာ ဘုရားရှိခိုးပြီး အိမ်ပြန်လာခဲ့လိုက်တယ်။

မနေ့က အိမ်ပြန်ရောက်တော့ ညစာ စားဖို့ ဟင်းမချက်ထားလို့ သူငယ်ချင်းတွေက ထမင်းသုတ်ပေးတယ်။ ကျွန်တော်ကတော့ အီးမေးလ် စစ်နေလိုက်တယ်။ အဲဒီမှာ စလုံးကြက်ခြေနီ သွေးဌာနက အီးမေးလ်တစ်စောင် ရောက်နေတာနဲ့ ဖွင့်ကြည့်လိုက်တော့ သွေးလှူရှင်အဖွဲ့ရဲ့ လူငယ်သံအမတ်ဌာနလေးမှာ ကော်မတီဝင်အဖြစ် တာဝန်ယူပေးဖို့ ရွေးထားကြောင်း ရေးထားတယ်။ ဒီနှစ်အတွက် ရွေးထားတာ စုစုပေါင်း ၅ ဦး၊ စလုံး-မလေး တစ်ယောက်၊ စလုံးတရုတ် သုံးယောက်၊ ရွှေတရုတ် တစ်ယောက်။ အဲဒီလိုနဲ့ ငါးဦးကော်မတီဝင် ဖြစ်သွားတယ်။

မနေ့က ဒီဘလော့ရဲ့ ဟစ်ကောင့်လည်း ၁ သိန်း ကျော်သွားတယ်။ စာကောင်းကောင်း မရေးဖြစ်တာလည်း ကြာပါပြီ။ အလုပ်များတာလည်း ပါသလို အပြင်အလုပ်တွေလည်း ရှုပ်နေတာလည်း ပါတယ်။ ကျန်းမာရေးဘက် အချိန်ပေးရသလို တယောက်သောသူကိုလည်း အချိန်ပေးဖြစ်တယ်။ ဟိုလုပ် ဒီလုပ် ဟိုရှုပ် ဒီရှုပ်နဲ့ ဘလော့မှာ ဓါတ်ပုံတွေ တင်ပြီး ကဗျာမပီ စာမမှီလေးနဲ့ ယောင်ချာချာ လုပ်နေတာလည်း ကြာလှပါပြီ။ မနုဿီဟတွေ လက်သီးပုန်းတွေ တိုက်ပွဲခေါ်သံတွေကြားမှာ အကြည်ဓါတ်တွေ ပျောက်နေလို့ စာမရေးတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ်... လာလည်နေသေးတဲ့ ရွှေဧည့်သည်တွေကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။

မနေ့ကပေါ့...

Thursday, March 18, 2010

Mother Poem


အမေ


ငါ နုပျိုလေ
အမေရုပ်ဆိုး၊ နံရိုးပြိုင်းပြိုင်း
နားထိုင်းထိုင်းနှင့်
ခါးကိုင်း ကုန်းကွ မှုန်သီဝေ။

ငါ ချမ်းသာလေ
အမေဆင်းရဲ၊ မြေခင်းထဲမှာ
အမြဲငုတ်တုတ်၊ လှုပ်တုတ် မီးခွက်
ဆေးဖွာလျက်။

အမေ
ဝေဿန္တရာ၊ ဖြူသဒ္ဓါနှင့်
မေတ္တာသီပြု၊ ကရုဏာပင်
လူ့ရွာခွင်၌ ကြင်နာသီးပွင့်
မျှော်လင့်မရှိ၊ မပြည့်အိုး ဖြည့်
ပြည့်အိုးလျှံစေ၊ သူ့စေတနာ
လွမ်းပြေပါသည်၊
နွေမှာစီးသော စမ်းသို့တည်း...။
~~~

မောင်သဲခေါင်

ကဗျာဆရာ မောင်သဲခေါင်က ဒီကဗျာလေးထဲမှာ သားသမီးနဲ့ပတ်သက်ပြီး အမေရဲ့ စွန့်လွှတ် အနစ်နာခံမှုကို ခြယ်မှုန်းပြထားပါတယ်။ သားသမီးတွေ အဆင်ပြေနေရင် ကျေနပ်နေတတ်တဲ့ အမေ့ရဲ့ သဘာဝကို လှစ်ဟ ပြထားသေးတယ်။ သူကိုယ်တိုင် ဆင်းရဲမွဲတေနေပါစေ၊ နားထိုင်း ခါးကိုင်းကုန်းကွ အမြင်တွေ မှုန်ဝေနေပါစေ သားသမီးတွေ နုပျိုကျန်းမာနေရင် ပီတိတွေ ဝေနေတတ်တဲ့ အမေရဲ့ရုပ်သွင်ကို မြင်ယောင်စေပါတယ်။

အမေ့စေတနာတွေဟာ သားသမီးတွေအပေါ်မှာ ဝေဿန္တရာမင်းကြီးလိုပဲ သဒ္ဓါတရား ကြီးမားလွန်းလှတယ်။ သားသမီးတွေအတွက်ဆို အမြဲလိုလို သဒ္ဓါတရားတွေနဲ့ ပြည့်ဖြိုးနေပြီး ရက်ရောနိုင်တဲ့ ကရုဏာရှင်ဖြစ်တယ် ဆိုတာကို ဖွဲ့ဆိုပြထားသလို အမေ့စေတနာ၊ အမေ့မေတ္တာတွေဟာ နွေနေပူမှာ စီးဆင်းနေတဲ့ စမ်းချောင်းပမာ တသွင်သွင် ရှိနေတယ် ဆိုတာတွေ ဖွဲ့နွဲ့သီကုံးထားတာကို နှစ်ခြိုက်သဘောကျလို့ ကူးယူဖော်ပြလိုက်ပါတယ်။

Monday, March 15, 2010

Fruit Platter



အချစ်မရှိတဲ့ ဘဝဟာ
အသီးမရှိတဲ့ အပင်လိုပဲတဲ့
အထီးကျန်ဆန်တဲ့ အခုချိန်မှာတော့
အချစ်တွေရှိတဲ့ သစ်သီးပန်းကန်ကိုပဲ
ဘဝထဲမှာ ရှာဖွေလွမ်းနေမိတယ်...

Thursday, March 11, 2010

Sighed sadly

ဒေါ်ကျော့မြိုင်
အသက် (၅၅)နှစ်

အမည်က "ကျော့" ပေမယ့် လူကတော့ဖြင့် ကျော့ကျော့မော့မော့ကလေးထဲက မဟုတ်တာ သေချာပါသည်။ ထိုဈာပန ကိစ္စကို သဂြိုဟ်ပေးရန် သွားရောက် သယ်ဆောင်ရသော ကျွန်မတို့ပင်လျှင် စိတ်မောလူမောနှင့် ဇောချွေး ဖြိုင်ဖြိုင် ကျခဲ့ရသည့်အဖြစ်၊ သူတို့ဆက်သွယ် အကြောင်းကြားထားသော လမ်းညွှန်အတိုင်း မြို့သစ်ကလေးတစ်ခု၏ အစွန်အဖျားသို့ ရောက်သည့်တိုင်အောင် ချိန်းဆိုထားသော နာရေးရှင်နှင့် အတန်ကြာ လွဲချော်နေခဲ့ရာမှ တွေ့ကြပြန်သောအခါတွင်လည်း ထိုနေရာထက်ပိုဝေးပြီး ကားဝင်၍မရသော လမ်းရှည်ရှည် ကျဉ်းကျဉ်းကလေးထဲမှာမို့ ခေါင်းအလွတ်ကို သယ်ကာ ခြေလျင် လျှောက်ခဲ့ရသော ခရီးကလည်း မနီးလှပါ။

နေ့ချင်းသဂြိုဟ်ပေးရန် အကြောင်းကြားထားသော နာရေးအိမ်သို့ ရောက်သောအခါတွင်မူ လူရိပ်လူယောင်က ရှားပါးလှချေသည်။ ကျွန်မနှင့် အတူပါလာသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် မောင်လေးနှစ်ယောက်က ဒေါ်ကျော့မြိုင်၏ ရုပ်ကလာပ်အား ဂရုတစိုက် အောက်ခံကပ်ထဲသို့ ထည့်ပြီး အပေါ်မှ အလူမီနီယံ ခေါင်းဖုံးဖြင့် အုပ်လိုက်ပြီးသောအခါတွင်တော့ ကားဆီရောက်အောင် သယ်ယူဖို့ရန် ကျွန်မ အကူအညီ တောင်းရတော့သည်။

"ယောကျာ်းလေး သုံးလေးယောက်လောက် ကျွန်မတို့ကို ကူညီပါဦး၊ လမ်းထိပ်ရောက်တဲ့အထိ ကျွန်မတို့ချည်း နိုင်လို့ပါ။"

"ယောကျာ်းဆိုလို့ မြင်တဲ့အတိုင်းပဲ ဟိုမှာ ထိုင်နေတဲ့ မျက်မမြင် အဘိုးကြီးတစ်ယောက်ရယ်၊ ဟောဒီ ကလေးနှစ်ယောက်ရယ်၊ ကျွန်တော်ရယ်ပဲ ရှိတာ၊ ဒီအိမ်က သားအဖ နှစ်ယောက်ထဲနေတာ။ သူတို့က အိမ်နီးချင်းတွေ လာဝိုင်းကူပေးနေကြတာ၊ ဟိုမှာ ထိုင်နေတာ အဒေါ်ရဲ့ အဖေပေါ့။"

ဆယ့်ငါးနှစ်သာသာ ကလေးနှစ်ယောက်ကို ညွှန်ပြရင်း ပြောလိုက်သည့် စောစောက ကျွန်မတို့ကို လာကြိုသည့် လူရွယ်၏ စကားကြောင့်...

"ဒါဆို နာရေးရှင်က ဘယ်သူလဲ၊ ရှင်မဟုတ်ဘူးလား။ ကျွန်မတို့အသင်းကို စာရင်းပေးထားတဲ့ မိသားစုဝင် နာမည်က ရှင့်နာမည်ဆို"

"ဟုတ်ပါတယ်၊ ကျွန်တော်က ခုဆုံးသွားတဲ့ အဒေါ်ရဲ့ ယောကျာ်းဘက်က တော်တဲ့ တူပါ။ ကျွန်တော့်ဦးလေးက ပြီးခဲ့တဲ့ ခြောက်နှစ်လောက် ကတည်းက ဆုံးသွားတာမို့ အဒေါ်နဲ့ မျက်စိမမြင်တဲ့ အဘိုးအိုဆီကို တစ်ခါတစ်ခါ လာကြည့်ရင်း အဒေါ်ဆုံးတာနဲ့ ကြုံလို့ပါ။ ကျွန်တော်က စက်မှုဇုန်က တွင်ခုံမှာ အလုပ်လုပ်ပြီး အလုပ်ရှင်နဲ့ နေရတာပါ"

သူ့စကားကြောင့် ကျွန်မ စိတ်မကောင်းဖြစ်သွားသည်။

"သြော် ဟုတ်လား... တော်သေးတာပေါ့ကွာ၊ မင်းရောက်လာလို့၊ ကဲ ကဲ... သယ်ကြရအောင်။ ရှိတဲ့လူနဲ့ပဲ ဖြစ်အောင် သယ်ကြတာပေါ့။ ဒီလမ်းထဲကို ကားမှ ဝင်လို့ မရဘဲ။ သားလေးတို့လည်း ဝိုင်းကူပေးနော်"

ပြောပြောဆိုဆိုနှင့် ကျွန်မတို့ လှုပ်ရှား စ ပြုချိန်တွင် အနားမှ အသက်ငါးဆယ်ကျော် အမျိုးသမီးကြီး တစ်ယောက်က...

"ခဏ... ခဏလေးပါ ဆရာမရယ်။ တစ်ခုလောက် ပြောပါရစေ"

"ဟုတ်ကဲ့ ပြောပါ"

သူက တစ်ခုခုကို ချိန်ဆနေသလို အနည်းငယ် တုံ့ဆိုင်းနေပြီးမှ... "ဒီ ဒီအဘကိုပါ ခေါ်သွားလို့ မရဘူးလား ဟင်" တဲ့။

"ရပါတယ်၊ အဘက သူ့သမီး အသုဘကို လိုက်ပို့ချင်မှာပေါ့။ ကျွန်မတို့ကားက နောက်ခန်းမှာ မိသားစုနှစ်ဦး လိုက်ခွင့်ရှိပါတယ်" ဟု ကျွန်မဆိုတော့...

"အသုဘ ပို့ဖို့ မဟုတ်ပါဘူး၊ သူ့သမီး မရှိရင် အဘကို ဘယ်သူမှ ရှာဖွေ ကျွေးမွေး ပြုစုမယ့်လူ မရှိပါဘူး၊ ဒီကောင်လေးကလည်း သူ့ဟာသူတောင်မှ အနိုင်နိုင်ရယ်၊ ကျွန်မတို့မှာလည်း ကိုယ့်မိသားစုနဲ့ ကိုယ်မို့ လာလည်း ကြည့်မပေးနိုင်၊ ကျွေးဖို့လည်း မတတ်နိုင်လို့ တစ်ခါတည်းသာ ခေါ်သွားပေးပါလား ဆရာမရယ်"

"ရှင် ကျွန်မက ဘယ်ကို ခေါ်သွားပေးရမှာလဲ"

"တစ်နေရာရာကိုပေါ့၊ ဘယ်နေရာပဲ ဖြစ်ဖြစ်ပါ။ သူ့ကို ကြည့်မယ်လူ မရှိလို့ ကူညီပါနော်"

"ဟုတ်ပါတယ် ဆရာမရယ်၊ ကျွန်တော်လည်း တောင်းပန်ပါတယ်၊ အဒေါ်ရှိတုန်းကဆို အဘကို ထမင်းက အစ ခွံ့ကျွေးရတာပါ၊ အခု အဒေါ်က ချက်ချင်းကြီး ကောက်ခါငင်ခါ ဆုံးသွားတော့ အဘအတွက် ကျွန်တော်တို့ ဘာလုပ်ရမှန်းကို မသိတော့ဘူး။ မျက်စိမမြင်တဲ့အပြင် နားကပါ မကြားတော့ သနားစရာပါ"

ဘုရားရေ..... ဒုက္ခပါပဲ။

ကျွန်မတို့ ပြောနေကြတာတွေကို ဘာမှ မမြင်ရ မကြားရဘဲ မျက်နှာငယ်လေးဖြင့် ထိုင်နေသော အဘိုးအိုကို တစ်လှည့်၊ သနားကြင်နာခြင်းမှ လွဲ၍ ဘာမှ မပေးနိုင်သော ပုဂ္ဂိုလ်များကို တစ်လှည့်ကြည့်ကာ သက်ပြင်းကိုသာ အခါခါ ချနေရုံမှတစ်ပါး၊ ကျွန်မကရော ဘာများ တတ်နိုင်ပါလိမ့်ဦးမည်နည်း။


သန်းမြင့်အောင်

~~~
ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အတွက် မေတ္တာဖြင့် ထုတ်ဝေထားတဲ့ တွယ်ရာမဲ့ရှင်သန် ကျန်ရစ်သူများ စာအုပ်လေးမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။

Tuesday, March 9, 2010

Is it Escaping?

ပြောင်းလဲခြင်းများဖြင့် ထာဝရတည်မြဲနေသော လူမှုဘဝ လူ့အဖွဲ့အစည်းကြားမှာ အနေကြာလာတာနဲ့အမျှ ကျွန်မရဲ့ခြေလှမ်းတွေက မှန်းဆလို့ မရသေးတဲ့ လမ်းသစ်တွေဆီ ဦးတည်နေချင်စိတ်ကို မနည်းဖိသိပ် ချိုးနှိမ်ရင်း ဘဝအမောတွေကြားမှာ သက်ပြင်းကို အခါခါချနေရပေသည်။

ဒုလ္လဘတစ်ပါးဟု တင်စားရလေသော ရခဲလှသည့် လူ့ဘဝတစ်လျှောက်မှ လူသားတို့၏ အို၊ နာ၊ သေ၊ ဝဋ်ဒုက္ခသည်ကား ဘဝ၏ နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွဲ၍ မရလေသော အကြောင်းတရားများ ပင်တည်း။

ထိုရှောင်လွဲ၍ မရလေသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြသော သူတို့အတွက် ၄င်းတို့၏ ဘဝတစ်လျှောက်လုံး ကျင်လည်၊ ရှင်သန်၊ သာယာခဲ့သော မိသားစုပတ်ဝန်ကျင်း အသိုင်းအဝန်းတို့ ပျောက်ကွယ် ပျက်သုဉ်း၍ ပျော်ရွှင်မှုမဲ့ခဲ့လေသော အထီးကျန်ဘဝသို့ ရောက်ကြရလေသောအခါ...

နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် (၇)နှစ်တာ ကာလအတွင်း ဆင်းရဲချမ်းသာ လူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံသယ်ယူ ပို့ဆောင်ကုသိုလ်ယူခဲ့ကြသော ကျွန်မနှင့်တကွ လုပ်ဖော်ကိုင်ဖက် ပရဟိတ ညီအစ်ကို မောင်နှမများအတွက် လူသားတစ်ယောက်၏ ဘဝနိဂုံး အဆုံးသတ်ချိန်တွင် အကြောင်းတရား အမျိုးမျိုးနှင့် လူ့ဘဝထဲမှ ထွက်ခွာသွားကြသူပေါင်းများစွာကို တွေ့မြင်ခဲ့ကြရသလို၊ ကျန်ရစ်သူတို့၏ ဘဝရှင်သန်မှုများစွာကိုလည်း မျက်မြင် ကြုံတွေ့ခဲ့ရခြင်းမှ တစ်ဖန် ပဟေဠိပေါင်းများစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။

မိသားစုပေါင်းများစွာထဲက ထွက်ခွာနေကြသည့် တစ်ယောက်ချင်းသော ဘဝကူးကောင်းသည့် မကောင်းသည့် သူတို့၏ နောက်မှာ.....

"ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ..."

"သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့..."

"ကျုပ်တို့ရဲ့ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့..." စသည့် အသံပေါင်းများစွာက ဘဝကို ဆက်လက်ရုန်းကန် ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနှင့်မဆို အင်အား တစ်စုံတစ်ရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။ တစ်သက်တာ ချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသော မိသားစု၏ ပျော်ရွှင်မှု၊ သံယောဇဉ်၊ ကျေးဇူးတရားနှင့် ခိုင်မြဲသော မေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကြုံးမရသည့် သောက ဗျာပါဒတွေကိုလည်း ကြားရသူတိုင်း စာနာ နားလည်နိုင်ကြပါသည်။

ကျွန်မအတွက် တကယ်တမ်း ရင်ထဲမှာ တမြေ့မြေ့လောင်ကျွမ်းပြီး မေ့ပစ်၍ မရနိုင်သည့် ထွက်ခွာ သွားကြသူတို့နှင့် ကျန်ရစ်ခဲ့ကြသူ အချို့၏ ဘ၀များသည်ကား...

အချိန်ကာလကို အတိအကျ ပြောမပြလိုပေမယ့် မကြာခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင် ဖြစ်သည်။

ပထမဦးဆုံး ကျွန်မရင်ထဲကို ဝင်ရောက်ခဲ့ဖူးသည့် သက်ကြီးရွယ်အိုတစ်ဦးကား ....... ရန်ကုန်မြို့ထဲမှ သူကိုယ်တိုင်ပင် အမေ့မေ့ အလျော့လျော့ ဖြစ်နေပြီဖြစ်သော သူပိုင်တိုက်ခန်းတစ်ခန်း၏ အတွင်းမှာဖြစ်သည်။ ၆ ပေ ၉ ပေခန့် နောက်ဘက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏ သွားရောက် တွေ့ဆုံခဲ့ရဖူးခြင်းကြောင့်ဖြစ်သည်။

တင်ပဆုံရိုးကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွား အစဉ်အဆက် ဆွေမရှိမျိုးမရှိ မောင်နှမနှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေနီးမျိုးစပ်တော်သူ မွေးစားသားက အိမ်ထောင်ကျ၊ ကလေးဘုစုခရုနှင့် အဘိုးကြီး အဘွားကြီး မောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး (ရ၈)နှစ်က ညီမ(၇၅)နှစ်အား မုန့်ထွက်ဝယ်ပေးပြီး ပြင်ကျွေးရသည့် အခြေအနေ ရောက်လာသည်။ တစ်နေ့ ထိုအစ်ကိုကြီး ဆုံးသွားသောအခါ ညီမအမယ်အိုအတွက် အခက်တွေ့ရသည်ကား အားကိုးစရာ ကောက်ရိုး တစ်မျှင်ပင် လက်လှမ်း၍ မမီနိုင်လောက်အောင် သောကရောက်ရတော့သည်။

မွေးစားသားအမည်နှင့် လွှဲပေးထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဘက်ကျကျ အခန်းကလေးဆီသို့ သီးသန့် လွတ်လွတ်လပ်လပ် နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံလိုက်ရပြီးနောက် နောင်တွင်မူ အဘွားအိုခမျာ လူသူအရိပ်အယောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါးသွားရပြန်ပါသည်။

အကွက်အပေါ် နံစော်မာခေါက်နေသော ခန်းဆီးလိုက်ကာ၏ နောက်မှ မှောင်မိုက်မိုက် အခန်းကလေးထဲတွင် ရေမိုးချိုးပေးမည့်သူမရှိ၊ ဆံပင်ဖြီးသင်ပေးမည့်သူမရှိ၊ ထမင်းစားချိန်တွင် ထမင်းနှင့် ဟင်းကို သူ့အတွက် သတ်မှတ်ပေးထားသော ပန်းကန်ထဲတွင် တစ်ခါပြင်စာကလေး ပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေး လိုက်သည့်အတွက် ထမင်းကလေးတော့ဖြင့် ဟင်းကောင်းကောင်းနှင့် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေးသည်။ သည်အဘွားအိုနှင့် အသိအကျွမ်း ဖြစ်ခဲ့ဖူးသော စာပေနယ်မှ ကျွန်မ၏ အစ်မကဲ့သို့သော ဆရာမကြီးတစ်ယောက်ကြောင့် ထိုဒုက္ခိတအဘွားအိုနှင့် ကျွန်မ ကာလအတန်ကြာ ဆက်သွယ် ပတ်သက်ခဲ့ရဖူးခြင်း ဖြစ်သည်။

"မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူး ညီမရေ၊ သူတို့သိက္ခာ ကျတယ်လို့ ယူဆတယ် ထင်ပါရဲ့၊ အဘွားကြီးခမျာ ကလေးတစ်ယောက်လိုပဲ အပေါ့အလေး စွန့်ချင်ရင်လည်း လက်နှစ်ဖက်ကို အားပြုပြီး ဖင်ဒရွတ်ဆွဲနဲ့ လိုက်ကာကြားက ထွက်ပြီး မနီးမဝေးရှိ အိမ်သာလေးဆီ ရောက်အောင် သွားရတာ။ လမ်းမှာ ထွက်ကျလို့ ပေကျံရင်လည်း ငြိုငြင် ငေါက်ငမ်းခံရသေးတော့ အန္တရာယ်ကို မလွယ်နိုင်မှာ စိုးလို့ သူ့ခမျာ အစားအသောက်တောင် သိပ်မစားရဲရှာပါဘူး။ အဲဒီအဘွားကြီးအတွက် မရှိမဖြစ် အရေးကြီးတာက ဖယောင်းတိုင်နဲ့ မီးခြစ်ပဲ၊ မမက တစ်လတစ်ခါ ဖယောင်းတိုင် အသေးကလေးတွေရယ် မီးခြစ်နဲ့ အဝတ်အစားတစ်စုံ၊ ပြီးတော့ မုန့်ကလေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာ စားရအောင် ပိုက်ဆံကို အကြွေကလေးတွေ အမ်းပြီး အဲဒီအိမ်သားတွေ ငြိုငြင်နေတဲ့ကြားပဲ သွားသွားပို့ပေးနေရတယ်။ သူ့အခန်းကလေးထဲမှာက နေ့ညမပြတ် ဖယောင်းတိုင် ထွန်းထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြွက်တွင်းပေါက်တွေ ပြည့်နှက်ပြီး မြေကြီးတွေ အမှိုက်တွေ ပွစာကြဲနေတဲ့အတွက် အလင်းရောင်ကလေး နည်းနည်းမှ မရှိရင် မြေကြွက်တွေက လူကို လာလာကိုက်နေလို့ပဲ။"

အို... ဖြစ်မှ ဖြစ်ရလေနော်။ ကျွန်မရင်ထဲ ကျင်ခနဲဖြစ်သွားခဲ့သည့် ထိုခံစားချက်က ခုချိန်ထိ မပြေနိုင်သေးပါ။

"ချေးညှော်အထပ်ထပ်နဲ့ ဖြစ်သလိုနေရတဲ့ သူ့အတွက် တစ်လတစ်ကြိမ် ပို့ပေးတဲ့ တစ်ပတ်ရစ် ဝတ်စုံတစ်စုံက တစ်လလုံးအတွက် တစ်ခါသုံးပစ္စည်းပေါ့။ မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ ဒါပေမဲ့ မုန့်ဝယ်မယ့် ပိုက်ဆံရော၊ သူတို့ကို မုန့်ဝယ်ခ ပေးရတဲ့ ပိုက်ဆံပါ အတိအကျ ပေးလိုက်မှ၊ နို့မဟုတ်လို့ ပြန်အမ်းရမယ့် ငွေစက္ကူ ပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူးဆိုပဲ။ ကိုယ့်မလဲ ခေါ်ထားစရာ နေရာကမရှိ၊ သူ့နဲ့ အတူနေသူတွေကလည်း လူမှုရေးအသိနဲ့ စေတနာက ခေါင်းပါးတော့ အရင်တုန်းက သူ့ကို မြင်ဖူးသိခဲ့ဖူးတဲ့ လူအချို့ အဲဒီပတ်ဝန်းကျင်မှာ ရှိနေသေးရင်တောင် ဒီတိုက်ခန်းလေးရဲ့ နောက်ဘက် အမှောင်ထဲမှာ ဒုက္ခိတ အမေအိုကြီးတစ်ယောက် ရှိနေတယ်လို့ ဘယ်သူမှ ထင်မှာ မဟုတ်ကြတော့ဘူး၊ သူ့ကို မေ့ကုန်ကြရောပေါ့လို့ သတိရတဲ့အခါ ပြောလေ့ရှိတယ်။"

နောက်ဆုံးတော့ ထိုအစ်မပေးသော အလုပ်တာဝန်ကို ကျွန်မ လိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မှုန်ကုပ်ကုပ် မျက်နှာတွေကြားမှာ တစ်လတစ်ကြိမ် မျက်နှာပြောင်တိုက်ကာ ကျွန်မ ထိုအဘွားအိုထံ သွားရပါတော့သည်။

ချေးအထပ်ထပ်နှင့် ဂျပ်ခဲလိန်ကျစ်နေသော ဆံပင်များ၊ နံစော်ပေပွနေသော အဝတ်အစားများနှင့် ပိန်လှီလှီ ချိနဲ့နဲ့ ခန္ဓာကိုယ်ပိုင်ရှင်၏ အရောင်မိန်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါတွင်မှ မေ့ပျောက်နိုင်လိမ့်မည် မထင်မိပါ။

ကျွန်မနှင့် အခါများစွာ တွေ့ပြီးသော တစ်နေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးထဲမှ ထွက်ခွာခွင့် ရသွားရှာလေသည်။

ထိုအခါ ကျွန်မသည် သံယောဇဉ် ကြိုးတစ်မျှင်ကြားမှပင် ဝမ်းပမ်းတသာ ရေရွတ်လိုက်မိသည်မှာ...

"ဝဋ်ကျွတ်သွားပြီပေါ့ အဘွားရယ်" ဟုသာ...။


သန်းမြင့်အောင်

~~~
ဆည်းဆာရိပ် ဂီလာနဘိုးဘွားများ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့အတွက် မေတ္တာဖြင့် ထုတ်ဝေထားတဲ့ တွယ်ရာမဲ့ရှင်သန် ကျန်ရစ်သူများ စာအုပ်လေးမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။

Saturday, March 6, 2010

Sleeping with bra

အတူတူ မအိပ်သင့်ဘူးဆိုတဲ့ အကြောင်းအရာတွေကို ရေးထားတဲ့ အီးမေးလ် ဖတ်ဖူးကြမှာပါ။ မျက်ကပ်မှန် ဝတ်ပြီး မအိပ်သင့်တာတွေ၊ လက်ကိုင်ဖုန်းကို အိပ်ရာအနားမှာ မထားသင့်တာတွေ၊ လက်ပတ်နာရီဝတ်ပြီး မအိပ်သင့်ကြောင်း၊ သူများ သားမယားနဲ့ ဖောက်ပြားဖို့ မအိပ်သင့်ကြောင်းတွေ ပါတဲ့ အီးမေးလ်လေးပေါ့။ ဘယ်သူရေးမှန်း မသိတဲ့ အဲဒီစာကို ဟိုလူက ပို့၊ ဒီလူက ပို့နဲ့ အွန်လိုင်းကမ္ဘာမှာ ကူးချီသန်းချီ လုပ်နေတာ ကြာလှပါပြီ။ အမည်လေးတောင် မဖော်ပြတော့ အချိန်ပေးပြီး ရေးခဲ့တဲ့သူအတွက် နစ်နာလွန်းလှပါတယ်။ အဲဒီ မေးလ်ထဲမှာပဲ မိန်းခလေးတွေ လိမ်းထားတဲ့ မိတ်ကပ်တွေ မဖျက်ပဲ ညမအိပ်သင့်ကြောင်းနဲ့ ဘရာစီယာဝတ်ပြီး မအိပ်သင့်ကြောင်း ဆိုတာတွေလည်း ပါပါသေးတယ်။ အမေရိကန်က ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ တစ်ရက်မှာ ၁၂ နာရီထက် ကျော်လွန်ပြီး ဘရာစီယာ ဝတ်ထားရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ်လို့ အဲဒီမေးလ်ထဲမှာ ရေးထားပါတယ်။

မနေ့ညက တစ်ယောက်သောသူနဲ့ ဖုန်းပြောနေရင်း အမှတ်မထင် အဲဒီကိစ္စကို ငြင်းကြသေးတယ်။ ဘရာ ဝတ်အိပ်ရင် ရင်သားကင်ဆာ ဖြစ်မယ်လို့ ရေးထားတဲ့ အီးမေးလ်ကြီးကို ဖတ်ထားမိတော့ ကျွန်တော်လည်း သူ့အတွက် စိုးရိမ်မိတာပေါ့။ ကင်ဆာဆိုတာက သိတဲ့အတိုင်း လူနာရော လူနာရှင်ရော သူငယ်ချင်းတွေရော စိတ်ညစ်စေဖို့ အရမ်းကောင်းတယ်။ ဒီလိုနဲ့ပဲ ဂျီစီဘီအေ တွဲရေးခွဲရေး အမြင်မတူသလိုမျိုး မိန်းခလေးတွေ ဘရာစီယာ ဝတ်ပြီး အိပ်လို့ ရမရ အငြင်းပွါးစရာ ကိစ္စလေးတစ်ခု ဖြစ်လာတယ်။

အဲဒီတော့လည်း အင်တာနက်မှာ ဟိုဟိုဒီဒီ ရှာဖွေ ဖတ်ရှုရတာပေါ့။ တွဲရေးခွဲရေး လိုမျိုးပါပဲ။ တွဲသင့်တယ်လို့ ရေးတဲ့သူလည်း ရေးပါတယ်။ ခွဲသင့်တယ်လို့ နှိုးဆော်တဲ့သူလည်း နှိုးဆော်ပါတယ်။ တွဲချင်တွဲ ခွဲချင်ခွဲ ဆိုတာတွေလည်း ရှိပါတယ်။ ဖတ်နေရင်းနဲ့ လူလည်း ချာချာလည်သွားတယ်။ အဲဒီတော့ ဒီကိစ္စကို အွန်လိုင်းမှာ အစုံသုပ်မော မအယ်လ်နဲ့ တွေ့လို့ လှမ်းမေးကြည့်သေးတယ်။ သူလည်း အိုဂျီ မဟုတ်လေတော့ တိတိပပ မဖြေတတ်ဘူးတဲ့။

ဖတ်မိသလောက်ထဲက ကောင်းနိုးရာရာလေးတွေကို ပျိုမေတို့အတွက် မျှဝေပေးချင်ပါတယ်။ ပျိုမေတို့အတွက် ဆိုလို့ အိုမေမေတွေက စိတ်မကောက်ကြပါနဲ့။ ယူသော် ရ၏... လို့ သဘောထားပြီး ယူလိုသမျှကို ယူကြပါ။ မိန်းခလေးတွေအတွက် ဦးတည်ရေးထားတဲ့ စာတွေကို ဝေမျှတာဖြစ်လို့ ဦးဦးကိုကိုညီညီ ကာလသားများ မျက်စိရှက်ရင် ကျော်ဖတ်သွားကြပါလို့ ပြောရင်လည်း မကျော်တဲ့အပြင် တစ်လုံးချင်း တစ်ကြောင်းချင်းကို အပ်ကျမတ်ကျ ဂရုတစိုက် ဖတ်ရှုနေမှာကိုလည်း မြင်မိပါတယ်။ အလွတ်ကျက်မယ့်သူတောင် ရှိနိုင်ပါတယ်လေ။

မိန်းခလေးတွေ ဘရာဝတ်ချင်တဲ့ အကြောင်းပြချက်က နှစ်မျိုးရှိနိုင်ပါတယ်။ ကလေးဘဝကနေ အပျိုဘဝကို ရောက်လာတဲ့ ရင်ဖိုမှုနဲ့အတူ ဘရာကို စ ဝတ်ခဲ့ကြပါတယ်။ ဘရာကို စ ဝတ်နိုင်ပြီဆိုတာက လူကြီးဖြစ်ပြီ အရွယ်ရောက်ပြီပေါ့။ အဲဒီရင့်ကျက်မှုအတွက် စိတ်ထဲမှာ မသိမသာလေး လက်မထောင် ဂုဏ်ယူကြပါတယ်။ အဲဒီ ဂုဏ်ယူမှုကို မရပ်လိုက်ချင်တဲ့ ဆန္ဒတွေနဲ့အတူ ဘရာကို အမြဲတမ်း ဝတ်ချင်နေတတ်ပါတယ်။

နောက်တစ်ချက်က မြီးကောင်ပေါက်စ အပျိုဖြန်းလေးတွေဟာ ရှက်တတ်ကြပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပြောင်းလဲလာတဲ့ အပေါ်မှာလည်း ရှက်သွေးဖြာကြပြန်တယ်။ ခန္ဓာကိုယ်ရဲ့ တချို့သောအပိုင်းတွေမှာ ပြောင်းလဲလာတဲ့ အရွယ်အစားတွေ ပုံစံတွေကို တခြားလူတွေ သတိထား မြင်သွားမှာကို စိုးထိတ်ကြပါတယ်။ ဒါကြောင့် သူတို့ဟာ ဘရာကို တစ်နေ့မှာ ၂၄ နာရီပတ်လုံး တစ်ပတ်မှာ ခုနစ်ရက်လုံး ဝတ်ဆင်ထားလေ့ ရှိပါတယ်။ မီးပဲလောင်နေ လောင်နေ၊ မုန်တိုင်းပဲ ဝင်နေဝင်နေ... ဘယ်လို အခြေအနေမျိုးကို ကြုံတွေ့နေပါစေ။ အဲဒီလို ဘရာ ဝတ်ထားရရင် သူတို့ရဲ့ စိတ်ထဲမှာ အရှက်တရားအတွက် လုံခြုံမှု ရှိနေပါတယ်။

တချို့မိန်းခလေးတွေအနေနဲ့ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာဟာ သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရပြီး သက်တောင့်သက်သာ ရှိစေပါတယ်။ ဘရာ ဝတ်ပြီး အိပ်ရာဝင်တာ မှားတဲ့ကိစ္စတော့ မဟုတ်ပါဘူးတဲ့ဗျာ။ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ ဘရာကို ဝတ်ပြီး အိပ်တာ ဆိုရင်ပေါ့လေ။ အသက်ရှုကျပ်လောက်တဲ့ ဘရာတွေတော့ နေ့ဘက်လည်း မဝတ်သင့်သလို ညမှာလည်း မဝတ်သင့်ပါဘူး။ ရင်သား နာကျင်နေတဲ့ အမျိုးသမီးလူနာတွေကိုတောင် တချို့ဆရာဝန်တွေက ဘရာ ဝတ်ပြီး အိပ်ဖို့တောင် အကြံပေးပါသေးတယ်။ ညအိပ်တဲ့အခါ ဘယ်လို ဘရာ အရွယ်အစားမျိုး ဝတ်ဆင်သင့်သလဲ ဆိုတာကိုတော့ ပြောင်းလဲနေတတ်တဲ့ ကိုယ့်အရွယ်အစားကို တိုင်းတာပြီး ဆိုင်မှာ သေချာ ရွေးချယ်ကြပေါ့။

အွန်လိုင်းလောကမှာတော့ ဘရာဝတ်အိပ်တာနဲ့ ပတ်သက်ပြီး ကောင်းကျိုး ဆိုးကျိုး အမျိုးစုံကို ရေးထားတဲ့ ယုံတမ်းစကားတွေကို ဖတ်ဖူးကြမှာပါ။ တကယ့်လက်တွေ့မှာတော့ အဲဒီယုံတမ်းစကားတွေနဲ့ ပတ်သက်ပြီး သိပ္ပံနည်းကျ ရှာဖွေဖော်ထုတ် သက်သေပြထားတဲ့ အချက်အလက်တွေ မရှိသေးပါဘူး။ ဘရာ ဝတ်ပြီး အိပ်လို့ မိန်းခလေးတွေရဲ့ ရွှေရင်နှစ်မွှာ ပိုပြီးလှပတင့်တယ်လာမယ် ဆိုတာလည်း အာလူးတွေပါပဲ။ ကမ္ဘာကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်ပြီး ပင့်တင့်ပေးထားတဲ့ ဘရာကြောင့် ရင်သားတွေ ပျော့အိတွဲကျလာတာကို ကာကွယ်တယ် ဆိုတာတွေလည်း မဟုတ်ပါဘူး။ ရင်သားတွေ ပျော့အိတွဲကျလာတာ အသက်အရွယ်ကြောင့်နဲ့ ကိုယ်ဝန်ဆောင်တာတွေနဲ့ပဲ ပတ်သက်ပါတယ်။ အဲဒီလိုပဲ ဘရာဝတ်ပြီး အိပ်ရင် ရင်သားကင်ဆာ ဖြစ်နိုင်ချေ ပိုများတယ် ဆိုတာလည်း သက်သေပြစရာ မရှိသေးပါဘူး။ ဘရာ ဝတ်အိပ်လို့လည်း မိန်းခလေးတွေရဲ့ ရင်သား ဖွံ့ဖြိုးကြီးထွားမှုကို ရပ်တန့်စေတယ်ဆိုတာလည်း မမှန်ပြန်ပါဘူး။

အကောင်းဆုံးကတော့ ပေါ့ပါးချောင်ချိတဲ့ ဘရာစီယာမျိုးကို ဝတ်ပြီး အိပ်ပေါ့။ တချို့သော ညအိပ်ဝတ်တဲ့ ဝတ်စုံအပေါ်ပိုင်းမှာလည်း အသင့်ချုပ်ထားတဲ့ ဘရာတွေ တွဲပါတာမျိုး ရှိပါတယ်။ ဘယ်လိုဟာမျိုးပဲ ဖြစ်ဖြစ်ပါ။ ညအိပ်ဝတ်ဖို့ ရွေးချယ်တဲ့ ဘရာဟာ ကျပ်ထုပ်နေတဲ့ ဘရာမျိုး မဟုတ်ရင် အဆင်ပြေပါပြီ။ ရင်သားထဲကို သွေးလည်ပတ် စီးဆင်းမှုနေတာ အနှောင့်အယှက် မဖြစ်ရအောင်ပေါ့။ မိန်းခလေးတွေ ဘရာကို ဝတ်ပြီး အိပ်ရာဝင်တဲ့ ကိစ္စမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ထိခိုက်စေနိုင်တာက တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ ဝတ်ထားတဲ့ ဘရာက သက်တောင့်သက်သာ မရှိလို့ ညဘက် အိပ်မရတာမျိုး ဖြစ်စေတာပါပဲ။

ကဲ... အခုက စပြီး ကျွန်တော် နားလည်လိုက်ပါပြီ။ ဘရာနဲ့အတူ အိပ်ချင် အိပ်.. မအိပ်ချင်လည်းနေ... အရာရာ မင်းပါ မေ... ပါကွယ်။

အရာရာ မင်းပါ မေ...

Thursday, March 4, 2010

Needy Senior Citizens

ရန်ကုန်မှာ ရှိနေတုန်း မနက်ပိုင်းမှာ မာမား ဈေးဝယ်ထွက်ဖြစ်ရင် ဈေးခြင်းတောင်း ကူဆွဲဖို့ လိုက်ဖြစ်တဲ့ရက်က များပါတယ်။ လမ်းလျှောက်ရင်း စကားလည်း ပြောဖြစ်သလို မိဘကို ကူညီရာလည်း ရောက်တယ်လေ။ ရန်ကုန်မှာ ရှိတဲ့အချိန် ဝတ်လိုက်ရင်လည်း လည်ကတုံးနဲ့ ပုဆိုး၊ ပြီးတော့ ကင်မရာကြီး လွယ်သွားသေးတယ်။ ကိုယ်ကတော့ ဘာရယ်မဟုတ် ဓါတ်ပုံတွေ ဟိုရိုက် ဒီရိုက်ပေါ့။ ဒါပေမယ့် စည်ပင်က ဆင်းလာတယ်များ မှတ်ပြီး ဈေးသည်တွေ အလေးမခိုးရဲရှာဘူး။ ကျွန်တော်တို့သားအမိ ဝယ်တဲ့ဆိုင်တွေမှာဆို တခြားဈေးဝယ်တွေကို အသာဘေးချိတ်၊ ကျွန်တော်တို့ သားအမိကိုပဲ ဦးစားပေး ရောင်းကြရှာတယ်။ အလေး လုံးဝ မခိုးတဲ့အပြင် အပိုထပ်ဆောင်း ထည့်ပေးသေးတယ်။ ချိန်ခွင် လျှာကြီးဆို ဇောက်ထိုးမိုးမျှော်ကို ဖြစ်လို့။

ဈေးဝယ်ထွက်တုန်း သတိထားမိတာက ဈေးဝမှာ အသက်ကြီးကြီး အဖိုးအိုတစ်ယောက် မြေကြီးပေါ်မှာ ထိုင်ပြီး ကြက်ဥခေါင်းမုန့်တွေ ရောင်းနေရှာတာပဲ။ ဒီအသက်အရွယ်နဲ့ဆို ဈေးရောင်းစားဖို့ မကောင်းတာ အမှန်ပါပဲ။ လူက တုန်ချိတုန်ချိ ဖြစ်နေရှာပြီလေ။ တစ်ရက်တော့ အဖိုးအိုဆီမှာ ကြက်ဥခေါင်းမုန့် သွားဝယ်လိုက်ပါတယ်။ တစ်ထုပ်ကို ၃၅၀ ကျပ်တဲ့။ နှစ်ထုပ် ယူမယ်ဆိုပြီး တစ်ထောင်တန် ပေးလိုက်တယ်။ တစ်ထောင်ဖိုး သုံးထုပ် ယူသွားပါ လူလေးရယ်တဲ့။ ရပါတယ် အဖိုး.. ဆိုပြီး နှစ်ထုပ်ပဲ ယူပြီး ငွေ ပြန်မအမ်းခိုင်းတော့ဘူး။ ဒီအတိုင်း ပိုက်ဆံ သွားပေးလိုက်ရင် သူ့ရဲ့မာန်ကို စော်ကားရာ ရောက်မှာလည်း စိုးရသေးတယ်လေ။ အဲဒီတော့ သူ့ရဲ့ သမ္မာအာဇီဝလုပ်ငန်းကို မုန့်ဝယ်တဲ့အနေနဲ့ပဲ အားပေးဖြစ်လိုက်တယ်။ ဘဝဆည်းဆာချိန်ကို လှစေချင်တဲ့ ဆန္ဒလေးနဲ့ပေါ့။

တာမွေ၊ ကျောက်မြောင်းဘက်က သူငယ်ချင်းအိမ်ကိုလည်း သွားလည်ဖြစ်သေးတယ်။ သူတို့ လင်မယားက ပုံနှိပ်လုပ်ငန်း လုပ်နေတာပေါ့။ ယောကျာ်းက ပုံနှိပ်လုပ်ငန်းကို ကျွမ်းကျင်တယ်။ ပြီးတော့ ဂရပ်ဖစ်ဒီဇိုင်းလည်း ဆွဲတယ်။ မိန်းမက စီမံခန့်ခွဲတယ်။ ဝန်ထမ်းက ၅ ယောက်လောက်ပဲ ရှိပါတယ်။ သူတို့ အလုပ်ခန်းလေးကို ရောက်တော့ မြေပဲလှော်ထုပ်တွေ ချကျွေးတယ်။ ဆူးလေနားမှာ မြေပဲတွေ လှော်ရောင်းနေတဲ့ အဖွားကြီးဆီက ဝယ်လာတာတဲ့။ မြေပဲလှော်တစ်ထုပ်ကို ၄၀၀ကျပ် တဲ့။ အဲဒါ အဖွားကြီးကို သနားလို့ဆိုပြီး နှစ်ထောင်ဖိုး ဝယ်လာခဲ့တာ ဆိုတော့ မြေပဲလှော်တွေ အများကြီး ဖြစ်နေတာပေါ့။ ကျွန်တော် ဆယ်တန်းကျောင်းသား ကျူရှင် တက်ကတည်းက ဆူးလေတဝိုက်မှာ ဈေးရောင်းနေတဲ့ အဖွားကြီးများလားပေါ့။ နားနားနေနေ ဘဝမျိုးမှာ ရှိသင့်ပါပြီ အဖွားရယ်။

တိုးတက်လှပါတယ်ဆိုတဲ့ စင်္ကာပူမှာလည်း သက်ကြီးရွယ်အိုတွေ အလုပ် လုပ်နေရတာ တွေ့နေရတာပါပဲ။ စားသောက်ဆိုင်တွေမှာ၊ ကုန်တိုက်တွေမှာ၊ ရုံးတွေမှာ သန့်ရှင်းရေး၊ စားပွဲထိုး၊ လုံခြုံရေး နေရာမျိုးစုံမှာ အလုပ်လုပ်နေတာ တွေ့ရမှာပါ။ လမ်းဘေးမှာ ဘူတာရုံမှာ တစ်ရှူးစက္ကူထုပ်လေးတွေ၊ ရောင်းနေတာကိုလည်း တွေ့နိုင်သေးတယ်။ ကျောထောက်နောက်ခံ အားနည်းမှုပဲလား။ ဆင်းရဲမွဲတေမှုလို့ ခေါင်းစဉ်တပ်ရမလားပဲ။ သေချာတာကတော့ တတိယအရွယ်ရဲ့ ရုန်းမရတဲ့ ဒုက္ခဝေဒနာတွေပေါ့။ ဘဝနေညိုချိန်မှာ ဆည်းဆာအလှကို ခံစားသင့်ပေမယ့် တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်နေရဆဲ။

မြန်မာပြည်က သက်ကြီးရွယ်အိုတွေနဲ့ နှိုင်းယှဉ်ရင် စင်္ကာပူက သက်ကြီးရွယ်အိုတွေရဲ့ ဘဝက အများကြီး သာပါသေးတယ်လေ။ လမ်းဘေး အိပ်ရတာချင်း အတူတူ ဒီမှာက မိုးလုံလေလုံ အိပ်လို့ရတဲ့ နေရာတွေ အများကြီးပါပဲ။ အပေါ့အပါး သွားဖို့ကလည်း နေရာတိုင်းလိုလိုမှာ အများသုံးအိမ်သာတွေ ရှိနေတော့ ခြုံတိုးဖို့ မလိုပဲ အဆင်ပြေပြန်ရော။ အလုပ်အကိုင် အခွင့်အလမ်းလည်း ပိုပြီး များသေးတယ်။ ဟိုဟောက် ဒီဟောက် ကြောက်ရမယ့်သူလည်း သိပ်မရှိဘူး။ ဒါပေမယ့် ဆင်လည်း ဆင့်အထွာ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အထွာ ဒုက္ခတွေတော့ ကိုယ်စီ ရှိကြမှာပါ။

အသက်အရွယ် ကြီးရင့်နေတဲ့ အဖိုး အဖွားတွေ အေးချမ်းတဲ့ ဘဝကိုယ်စီ ဖြစ်သင့်တာကတော့ အမှန်ပဲလေ။ နေဝင်ချိန်တွေ မလှတဲ့အခါ ဘုရားသခင်ကို မတရားဘူးလို့ ကျွန်တော် လက်ညိုးထိုးနေလည်း အလကားပါပဲ။ အစိုးရ မကောင်းတာလို့ ပြောရင် စင်္ကာပူအစိုးရလည်း အသုံးမကျရာ ရောက်မှာပေါ့။ လူတွေ အတ္တကြီးတာပါ ဆိုရင်လည်း ဆိုရှယ်လစ်ခေတ်ကို ပြန်ရောက်ချင်သလိုလို။ ဒီလိုနဲ့ပဲ ဆည်းဆာအချိန်တွေ လှပေစေချင်တဲ့ ဆန္ဒတစ်စုံနဲ့ ဘာတွေများ လုပ်ပေးနိုင်မလဲဆိုတာကို အတွေးများနေတဲ့ ဦးနှောက်ကြားမှာ ကျွန်တော့် ရင်တွေ ကော်ဖီ မသောက်ပဲ တလှပ်လှပ် ခုန်နေတာ ဘယ်သူမှ မသိနိုင်ပါဘူးလေ။