.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, December 16, 2009

The leap



ခုန်နေတဲ့သူတွေကို မြင်တော့
သူတို့လိုမျိုး ခုန်လိုက်ချင်တယ်
ဒါပေမယ့် လောလောဆယ်မှာ
အဲဒီလိုခုန်ဖို့ သတ္တိတွေပျောက်နေတယ်
ဘာပဲဖြစ်ဖြစ် ခုန်နိုင်ဖို့ကြိုးစားနေပါမယ်။

Thursday, December 10, 2009

The way I trusted

ရည်ရွယ်ရာ အိပ်မက်လမ်းကို ပြောပါဆိုရင် သမိုင်းကြောင်း ကောင်းဖို့ တစ်ခုခု လုပ်ချင်တယ်လို့ ဖြေမိမယ်။ ယုံကြည်ရာက ဘာလဲဆိုရင် သေခြင်းတရားပဲ။ မြစ်တွေရဲ့ ဆုံစည်းရာက ပင်လယ်ပြင်ပါ။ လူသားတွေအတွက် အဆုံးသတ်က သေခြင်းတရားပဲ။ ဒါကြောင့် ခဏတာ နေခွင့်ရတဲ့ လူသားဘ၀မှာ တန်ဖိုးရှိချင်တယ်။

တန်ဖိုးရှိတဲ့ လူသားတစ်ယောက်ဖြစ်အောင် ဘာတွေ လုပ်ရမလဲ။ အဲဒီအတွက် ပြဌာန်းချက်တွေ အများကြီးပဲ။ စံသတ်မှတ်ချက် အမျိုးမျိုးအတွက် တိုင်းတဲ့ ပေတံတွေ အစုံအလင်ပဲလေ။ ကြည့်တဲ့ရှုထောင့်တွေ ကွာရင် အမြင်တွေလည်း ပြောင်းလဲနိုင်တယ်။ လူဆိုးကို သူတော်ကောင်း ထင်ပြီး လူတော်ကို လူနုံလူအလို့ မြင်သွားနိုင်တယ်။ အဲဒီတော့ တန်ဖိုးရှိတဲ့လူဖြစ်ဖို့အတွက် လောကကြီးအတွက် ဖြစ်သင့်တယ် မှန်တယ်လို့ လက်ခံထားတဲ့ အရာတွေကို ခေါင်းမာမာနဲ့ တဇွတ်ထိုး လုပ်ခဲ့မိတယ်။ ရလဒ်ကတော့ ချီးကျူးသံတွေ ကဲ့ရဲ့သံတွေ။ အားပေးသံတွေ ပြစ်တင်သံတွေ။ အပြုံးတွေ အမုန်းတွေ။ ဒီလိုနဲ့ ဖြူစင်တဲ့ စေတနာတွေ နီဆွေးတဲ့ ဝေဒနာဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တစ်ယောက် ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး လျှောက်ဆဲပါ။

စမ်းတ၀ါးဝါး လမ်းဆိုတဲ့အထဲမှာ နိုင်ငံရေးဆိုတာ ပါနေတယ်။ နိုင်ငံရဲ့ အရေးကို လုပ်သမျှ နိုင်ငံရေးပဲလို့ ဖတ်ဖူးတယ်။ နိုင်ငံရေးမှာ နိုင်ငံသားတိုင်း ပါရမယ်ဆိုတဲ့ သဘောတရားကို လက်ခံတယ်။ ဒါပေမယ့် နိုင်ငံရေး ဆိုတဲ့ စကားလုံးရဲ့ ကြီးကျယ် မြင့်မြတ်မှုအောက်မှာ ကျွန်တော် ပိပြားနေတယ်။ ခေါင်းတောင် ဖော်ခွင့် မရလိုက်ဘူး။ အဲဒီလိုနဲ့ နိုင်ငံရေးကို ကျွန်တော် ဝေးဝေးနေလာခဲ့တယ်။ နိုင်ငံရေးလုပ်နေတဲ့ သူတွေဆိုတာ ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်နေတဲ့သူတွေ ဆိုတာ သိလိုက်ရတော့ တတ်နိုင်သမျှ ရှောင်နေလိုက်တယ်။ ထောင်ထွက်ဆိုတာ နာမည်ဆိုးတယ်လေ။ လူအထင်ကြီးမှာမှ မဟုတ်တာ။ ကျွန်တော်ဟာ အတ္တကြီးတဲ့ လူသားတစ်ယောက် မဟုတ်ပေမယ့် အတ္တတော့ ရှိနေတယ်ဆိုတာ အကြွင်းမဲ့ ၀န်ခံပါတယ်။

ကိုယ်ကသာ ရှောင်နေတာ နိုင်ငံရေးက ကျွန်တော်ဆီ တည့်တည့်ဝင်လာနေတယ်။ ဒါပေမယ့် အဲဒီလို ၀င်လာနေတယ် ဆိုတာကို မသိလိုက်ဘူး။ သတိမထားမိတာလည်း ဖြစ်မယ်။ အသိ မကြွယ်တာလည်း ဖြစ်မယ်။ ဦးနှောက်ထဲမှာ ရှိနေတဲ့အသိက နှစ် ၂၀ နီးပါး ဖတ်ထားတဲ့ သတင်းစာက ဆောင်းပါးတွေ။ ပုဆိန်ရိုးတွေ၊ ပြည်ပအားကိုးတွေ၊ ဆူပူလှုံ့ဆော် မြေပေါ်မြေအောက် အဖျက်သမားတွေ။ ဒေါ်အောင်ဆန်းစုကြည် ဆိုတာကိုတောင် အသားလွတ် အမြင်ကပ်နေခဲ့တယ်။ ဗိုလ်ချုပ်မျက်နှာကိုမှ မထောက်... တိုင်းပြည်ကို ကျွန်ပြုခဲ့တဲ့ မျက်နှာဖြူကောင်ကိုမှ လင်လုပ်တဲ့သူ ဆိုပြီး မျက်မုန်းကျိုးနေခဲ့ဖူးတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဆိုတာ ဘယ်သူမှန်းတောင် မသိဘူး။ သိခဲ့တာက နိုင်ငံခြားက အထောက်အပံ့ ဒေါ်လာတွေကို ယူပြီး တိုင်းပြည်ကို ချောက်ထဲ တွန်းချနေတဲ့ လူတစ်စုပေါ့။ အာဏာကို ဖြတ်လမ်းကနေ ယူဖို့ ကြိုးစားနေတဲ့ လူတစ်သိုက်ပေါ့။ နိုင်ငံပိုင် သတင်းစာထဲမှာ အဲဒီလိုတွေပဲ ရေးထားခဲ့တာလေ။

၈၈ အရေးအခင်း ဖြစ်တုန်းက ကျွန်တော်က မူလတန်းကျောင်းသား ချာတိတ်။ ဘာကြောင့် ဒီအရေးအခင်း ဖြစ်ရသလဲဆိုတာ လုံးဝ မသိခဲ့ဘူး။ လူကြီးမိဘတွေကလည်း မသိလေ ကောင်းလေဆိုပြီး ဘာမှကို မပြောပြခဲ့ဘူး။ အဲဒီမှာ ဘာတွေ မှတ်မိသလဲဆိုရင်... ခွပ်ဒေါင်းအလံ၊ ခွပ်ဒေါင်းနှဖူးစည်း၊ လမ်းမပေါ်က လူအုပ်ကြီးတွေ၊ ဒို့အရေး ဒို့အရေး အော်သံတွေ၊ အလံဇောက်ထိုးတွေ၊ ဂိုဒေါင်ဖောက်ပြီး ပစ္စည်းတွေ သယ်လာတဲ့လူအုပ်ကြီးတွေ၊ ဗြောက်အိုးဖောက်သံလို့ ထင်ထားတဲ့ သေနတ်သံတွေ၊ အိမ်အောက်ထပ် မြေအောက်ခန်းမှာ ပြားပြားဝပ်ခဲ့ရတဲ့ အချိန်တွေ၊ ဂျင်ဂလိနဲ့ ၀ါးကပ်တွေ၊ ငှက်ကြီးတောင်ဓါး လွယ်ထားတဲ့ ကင်းသမားတွေ။ အဲဒီတုန်းက ဘာလုပ်ခဲ့သလဲ ဆိုရင် အိမ်က ဟိုင်းလတ်ကား ခေါင်မိုးအပေါ်တက်ပြီး ဒို့အရေးအော်ပြီး မျောက်ရှုံးအောင် ဆော့ခဲ့ဖူးတယ်။ အိမ်က အဒေါ် ခေါ်သွားလို့ အစာငတ်ခံဆန္ဒပြတဲ့ နေရာမှာ သွားထိုင်ဖူးတယ်။ အဲဒီတုန်းက အစာမငတ်ပေမယ့် ရေငတ်တာတော့ အမှန်ပဲ။

ဒီမိုကရေစီမှ ဒီမိုကရေစီဖြစ်နေတဲ့ အရင်းနှီးဆုံး ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့မိဘတွေလည်း ဒီမိုသမားပဲ။ သူက ခမောက်ဆောင်းချိန် ကျွန်တော်က တူတံစဉ်နဲ့စပါးနှံ ကိုင်ထားတယ်။ သူက ရွံ့လို့ဆိုပြီး သတင်းစာ မဖတ်ဘူး။ အင်္ဂလိပ် မဂ္ဂဇင်းတွေ ဖတ်တယ်။ ကျွန်တော်မှာ ဖတ်စရာက သတင်းစာပဲ ရှိတယ်။ သူက အစိုးရ မကောင်းကြောင်း ပြောတိုင်း ကျွန်တော်က အစိုးရ ကောင်းကြောင်းတွေ ရှာပြီး ပြောတယ်။ မြန်မာပြည်အနှံ့ တိုးတက်မှုတွေကို မြင်အောင် ကြည့်စမ်းပါအုံး။ မြစ်ကူးတံတားကြီးတွေ၊ ဆည်တွေ၊ ရေတွင်းရေကန်တွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ။ တစ်သီးစား လယ်တွေကနေ သုံးသီးစား လယ်တွေ ဖြစ်ကုန်ပြီ။ အဲဒီလိုနဲ့ပဲ ကျွန်တော်တို့ ငြင်းခုန် သတ်ပုတ်နေခဲ့ကြတာ ၁၀ နှစ်လောက်ရှိခဲ့ပြီပေါ့။ အခင်အမင်တော့ မပျက်ပါဘူး။ အမြင်တွေ မတူတိုင်း ရန်သူမှ မဟုတ်တာဗျာ။

ဒီလိုနဲ့ တက္ကသိုလ် ရောက်ခဲ့တယ်။ ကျောင်းတော်ကြီးမှာ ပြောလို့ မကုန်နိုင်တဲ့ သမိုင်းတွေ ရှိနေတာကို ရိပ်မိလာတယ်။ စွယ်တော်အဖြူမှာ သွေးနီနီ စွန်းခဲ့တဲ့အကြောင်း သိလာရတယ်။ ကျောင်းတော်ကြီးမှာ ဆရာ ဆရာမ တချို့တလေက ဟိုနည်းနည်း ဒီနည်းနည်း ပြောပြတယ်။ သူတို့ရင်ထဲမှာ နှစ်ပေါင်းများစွာ မြိုသိပ်ထားတဲ့ ခံစားချက်တွေ ပွင့်အန်လျှံကျလာတယ်လို့ မြင်မိတယ်။ ဒီလိုနဲ့ပဲ လျှံကျလာသလောက် သိခွင့်ရလိုက်တယ်။ မိခင်ကျောင်းတော်ကြီးမှာ မတက်ရပဲ မြို့ပြင်က ကျောင်းကို သွားတက်ရတော့ စိတ်ထဲမှာ မိဘသဖွယ် အုပ်ချုပ်နေတဲ့ အစိုးရမင်းကို မကြည်မလင် ဖြစ်လာမိတယ်။ မကြည်မလင် ဖြစ်ရတဲ့အထဲမှာ အိပ်ရေးမ၀တာလည်း ပါပါတယ်။ ရင်ဝယ်သားသဖွယ်အုပ်ချုပ်တယ်ဆိုပြီး ဒီလောက်ခန့်ညားတဲ့ ရုပ်ရည်ပိုင်ရှင် တက္ကသိုလ်ကျောင်းသားကြီးကို ဘာလို့ မျက်တွင်းဟောက်ပတ် ပိန်ညောင်ရှိုက်ကုန်း ဖြစ်စေချင်သလဲပေါ့။ အဲဒီမိဘကို စိတ်ကောက်ချင်စိတ် ပေါက်သွားတယ်။ နည်းနည်း အမြင်ပြောင်းသွားတယ်။

တတိယနှစ်အပြီးမှာ အတန်းထဲက တချို့ စာမေးပွဲကျပြီး ကျောင်းထုတ်ခံရတယ်။ သူတို့က ဆူးလေတ၀ိုက်မှာ စာကပ်တယ် ဆိုလား စာဝေတယ်ဆိုလားပဲ။ သူတို့ကို ညဘက်ကြီး တံခါးခေါက်ပြီး ခေါ်သွားတယ်။ နှစ်ပတ်လောက် ပျောက်သွားတယ်။ ကျောင်းမှာ ပြန်ပေါ်လာတော့ မျက်လုံးတွေ ဖူးယောင်နေတာပဲ။ လက်မှာလည်း ပတ္တီးနဲ့။ သွားတွေလည်း ကျိုးလို့။ အတော်လေး အတီးခံထားရပုံပဲ။ ကျောင်းမမှန်တဲ့သူ အချင်းချင်းဆိုတော့ သူတို့နဲ့က အဆက်အဆံ မရှိသလောက်ပဲ။ ဒါဝင်ရဲ့သီအိုရီ ဆိုတဲ့ ကဗျာစာအုပ် ထုတ်တုန်းကတော့ အားနာလို့ ၀ယ်ဖူးတယ်။ အဲဒီကဗျာစာအုပ်မှာ အစိုးရကို သရော်ထားတာ ပါတယ်ဆိုပဲ။ ဖတ်တာ ဖတ်ကြည့်တယ်။ တစ်လုံးမှ နားမလည်ဘူး။ သူငယ်ချင်းတွေက စကားပြေ ပြန်ပေးရတယ်။ အဓိပ္ပါယ် သိသွားတော့လည်း ဟုတ်နေတာပဲ။ စိတ်ထဲကနေ ကျိတ် ချီးကျူးလိုက်တယ်။ ကျွန်တော်ဆို အဲဒီလို မတွေးမိသလို ရေးရဲမှာလည်း မဟုတ်ဘူး။ စာကပ်ဖို့ စာဝေဖို့ဆို ဝေလာဝေးပဲ။ ခေါင်းထဲမှာ ဘွဲ့ရဖို့ပဲ ရှိတယ်။

ဗိသုကာ တတိယနှစ်မှာပဲ အီကိုကျောင်းသား ရာဟု ဆိုတဲ့သူနဲ့ တွေ့ဖူးတယ်။ သူငယ်ချင်းတွေနဲ့ စုငှားထားတဲ့ အိမ်မှာပေါ့။ အဲဒီတုန်းက အီိကိုကျူရှင်ကို အဲဒီအခန်းမှာပဲ ဖွင့်ထားတယ်။ သူက ကျူရှင်တော့ မတက်ပါဘူး။ ကျူရှင်က သူငယ်ချင်းဆီ လာလည်တာပါ။ အဲဒီမှာ သူနဲ့ စကားစမြည် ပြောဖူးတယ်။ သူအများဆုံး ပြောသွားတာက လူမှုရေးလုပ်ငန်းတွေပေါ့။ သူနဲ့ နှစ်ခါ သုံးခါလောက် ဆုံဖြစ်တယ်။ စက်တင်ဘာမှာ သူ ဓါတ်ပုံကြီး မြင်လိုက်တော့ ဒီလူကို မြင်ဖူးပါတယ်ပေါ့။ သတင်းတွေမှာ ရေးထားတာက ဗကသခေါင်းဆောင် ကျော်ကိုကိုဆိုပဲ။ သိထားတာက ရာဟုပါ။ ဒီကောင်မှ ဒီကောင် အသေအချာကြီးပါ။ စိတ်ထဲမှာ ၀ိုးတိုးဝါးတား မသေချာလို့ အီကိုက သူငယ်ချင်းဆီ ဖုန်းဆက်မေးကြည့်တော့ သူက ရာဟု ဆိုတာ သိလိုက်ရတယ်။ ဗကသခေါင်းဆောင် ဖြစ်လာမယ့်သူလို့ ထင်တောင် မထင်ထားဘူး။

ဒီလိုနဲ့ပဲ အက်စ်ဝမ်းနဲ့လည်း ကျောင်းမှာ ဆုံခွင့်ရလိုက်တယ်။ အက်စ်ဝမ်းနဲ့ ပတ်သက်ပြီး သတိထားမိတာက အစိုးရကို ခါးခါးသီးသီး မုန်းတာပဲ။ ဘယ်တော့မှ အကောင်းမပြောဘူး။ သူမှာ နာကျည်းချက်တွေ ရှိမှာပါ။ ကိုယ်တိုင်မှ မခံစားဖူးတော့ သူ့လို နာကျည်းချက်မျိုး မရှိတာ မဆန်းလှပါဘူး။ လူဆိုတာကလည်း ထိမှ နာတဲ့အမျိုးပါ။ မထိသရွေ့ နေသာသလို အေးဆေးနေတတ်ကြပါတယ်။ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်က ရဲရဲတောက်တွေကတော့ အတော်လေးကို ထိချက်နာခဲ့သူတွေပါ။ ကိုယ်တိုင်ကိုယ်ကျ ခံစားရတဲ့သူ ရှိသလို မိဘဆွေမျိုး အသိုင်းအ၀ိုင်း ပြိုလဲ ပျက်ဆီးခဲ့ရသူတွေလည်း ရှိပါတယ်။ ကျွန်တော်ကတော့ အဲဒီအချိန်အထိ စာနာနားလည်မှုပဲ ရှိခဲ့သေးတယ်။ ကျန်တာကတော့ အရာရာ အေးဆေးပါ။ အားလုံး ကောင်းပါသည်ပေါ့ဗျာ။ ဒါပေမယ့် ကောင်းတော့ ကောင်းတယ်... မျက်စိစပ်တယ် ဆိုသလိုမျိုးပဲ ၄ လ တစ်တန်း ကျောင်းစာကို လျှာအတောင့်လိုက် ထွက်လုနီးပါး ဖင်တရွတ်တိုက် လိုက်ပြီး စာမေးပွဲအောင်အောင် ဖြေခဲ့ရတဲ့ တက္ကသိုလ် ကျောင်းသားဘ၀ကို မှောက်အိပ်မိလို့ နာတဲ့ရင်မျိုးမဟုတ်တဲ့ ရင်နာမှုတွေ ရရှိခဲ့လိုက်တယ်။

ဒီလိုနဲ့ပဲ အထဲမှာ နေစရာ မရှိတော့လို့ အပြင်ရောက်လာတယ်။ မြို့တော်ကြီးမှာ မီးခဏ ခဏ ပျက်တော့ လူလည်း ဘ၀ပျက်လာပြီ။ မဖြစ်တော့ဘူးဆိုပြီး ပင်လယ်ပြင်ကို ဖြတ်ခဲ့လိုက်တယ်။ စွန့်စားခန်းအသစ်တွေ ဖွင့်ကြည့်လိုက်တယ်။ ရလဒ်ကတော့ စာအသစ်တွေ ဖတ်ခွင့်ရလိုက်တယ်။ ကျောင်းသားသမဂ္ဂ ဗုံးခွဲခံရတာ သိလိုက်ရတယ်။ ဦးသန့်အရေးအခင်း သိလိုက်ရတယ်။ စွယ်တော်နန်းက နောင်တော်ကြီး ဘုန်းမော်အကြောင်း ပိုသိလိုက်ရတယ်။ မိုးပေါ်ကို ထောင်မပစ်ဘူးဆိုတဲ့ စကားကို ကြားခွင့်ရလိုက်တယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော်ကြီးကို စောင်းငဲ့ကြည့်မိတော့ ၀ါးလုံးခေါင်းထဲ လသာခဲ့တဲ့ ဘ၀ကို မြင်လာမိတယ်။ ကိုယ်နေခဲ့တဲ့ ရေအိုင်လေးကို ပင်လယ်ကြီးလို့ ထင်ခဲ့မိတဲ့ ကျွန်တော်ဟာ ဖားတစ်ကောင်ပဲဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ ကုလားမယားဆိုတဲ့ အဘွားကြီးဆိုတဲ့ ဘိုကတော်ဆိုတဲ့ ဂုဏ်တင်ခံထားရတဲ့ ဇွဲမာန်အပြည့်နဲ့ အချိန်နဲ့ နုပျိုမှုတွေကို စတေးနေရတဲ့ အမျိုးသမီးတစ်ဦးကို မြင်လိုက်ရတယ်။ အပျော်လမ်းထွက်လျှောက်တာမျိုး မဟုတ်တဲ့ ကျောင်းသားကြီးတွေကို မြင်လိုက်ရတယ်။ သူတို့တွေက ကျောင်းသားအရွယ် မဟုတ်တော့ပါဘူး။ ဆံပင်တောင် ဖြူနေပါပြီ။ သူတို့နဲ့ ပတ်သက်ပြီး သိလာရတာတွေ ရှိလာတယ်။ ဒါပေမယ့် အများကြီးတော့ မဟုတ်ဘူးပေါ့။ မသိသေးတာတွေလည်း အများကြီး ရှိနေသေးပါတယ်။

အခုချိန်ထိ ကျွန်တော်ဟာ ပျောက်သောလမ်းမှာ စမ်းတ၀ါးဝါး လှမ်းလျှောက်နေဆဲပါ။ အရင်ကထက်တော့ အလင်းရောင်လေး ပိုမြင်ခွင့်ရလိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့ မျိုးဆက်တွေ၊ ကျွန်တော်တို့ရဲ့ နောက်က မျိုးဆက်တွေ အမှောင်လမ်းမှာ လျှောက်လှမ်းနေဆဲပါ။ ကျေးဇူးပြုပြီး အဲဒါကို အပြစ်တင် မစောကြပါနဲ့။ ကျွန်တော်တို့တတွေ ကန်းချင်လို့ ကန်းနေတာ မဟုတ်ပါဘူး။ မြင်ခွင့်မရလို့ ကန်းနေတာပါ။ မကြားချင်လို့ နားတွေ ပင်းနေတာ မဟုတ်ပါဘူး။ ကြားခွင့်မရှိလို့ နားတွေ ပိတ်ကုန်တာပါ။ မပြောရဲ မဆိုရဲတာကိုလည်း ခွင့်လွှတ်ပါ။ ပြောခွင့်မရတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီ။ ဒါမျိုးတွေကို ပြောရမှန်းတောင် မသိခဲ့ပါဘူး။ ဒါကြောင့် မှောင်နေရင် မီးထွန်းပေးကြပါ။

ကျွန်တော်ဟာ ယုံကြည်ရာ အိပ်မက်လမ်းကို ရောက်အောင်သွားဖို့ ဆက်လက်ချီတက်ဆဲပါ။ ကျွန်တော် ၀ါသနာပါရာ လူမှုရေးလုပ်ငန်းတွေမှာ အချိန်ပေး လုပ်ကိုင်နေဆဲပါ။ တိုင်းပြည်အတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပဲ ဖြစ်ချင်ပါတယ်။ အုတ်တံတိုင်းကြီးနဲ့ သဲမုန်တိုင်းကြီး မဖြစ်ချင်ပါဘူး။ အချိန်တန်ရင် အားလုံး သေရမှာပါပဲ။ ဒါကြောင့် လောကကြီးအတွက် ဘာတွေလုပ်ခဲ့ပြီးပြီလဲဆိုတာ စဉ်းစားရင်း တန်ဖိုးရှိတဲ့ အတ္တသမားတစ်ယောက် မနာလိုသူရဲ့ အမုန်းတွေကို အပြုံးတွေနဲ့ ရင်ဆိုင်နေမှာပါ။

အခုတော့ ဇူလိုင်အိပ်မက်ရဲ့ သမိုင်းကြောင်းကို တွေးတောရင်း နေ့အိပ်မက်အတွက် ယုံကြည်ရာလမ်းကို ဖောက်ရင်းပေါ့ဗျာ။

Sunday, December 6, 2009

Saved 33 lives



Saved
33
lives


Mr. July, 28 - Snr. Consultant and Regular Blood Donor
Youth Donor Club, Singapore Red Cross

Saturday, December 5, 2009

Fighting the HIV stigma

နာမည်ပျက်လေး ရှိခဲ့လို့... လူတကာတွေက ရှောင်ဖယ်ကြတယ် ဆိုတာ ကျွန်တော်တို့ လူ့ဘောင်လောကမှာ မြင်တွေ့နေကြမို့ သိပ်ပြီးမဆန်းလှပါဘူး။ တံဆိပ်တွေ ကပ်ကြတာ လူတွေရဲ့ သဘာဝပါ။ တံဆိပ်ကပ်တဲ့ နောက်ကွယ်မှာ အတူတွဲပါလာတဲ့ တန်ပြန်သက်ရောက်မှု အကျိုးဆက်တွေကိုတော့ သတိထားမိကြတဲ့သူ ရှိသလို သတိမမူမိတဲ့သူလည်း ရှိကြမှာပါ။ ငါနဲ့မဆိုင်ပါဘူး ဆိုပြီး ဘာသိဘာသာ နေကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလို လည်နေတတ်တယ်။ စက်ဝိုင်းတွေ လွှမ်းမိုးနေတဲ့ လူ့ဘ၀မှာ မဆိုင်ပါဘူး ဆိုတဲ့သူတွေဆီ အကျိုးဆက်တစ်ခု ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

လေးလုံးရောဂါ ဆိုလို့ မျက်မှန်တပ်တဲ့ လူတွေကိုများ ပြောသလားပေါ့... ဆိုပြီး တပ်ထားတဲ့ မျက်မှန်တောင် ကိုယ့်ဘာသာ ပြန်စမ်းမိတယ်။ အဲဒီကောင်မ အေကိုက်နေတယ်တော့... ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ် အတင်းချတယ်။ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ နှာခေါင်းရှုံ့တယ်။ တချို့ကတော့ စကားဝှက်လေးနဲ့ အေ၀မ်းဒီဖိုက် ဆိုပဲ။ အဲဒီကနေ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာတယ်။ တောထုတ်ချင်လာတယ်။ ဝေးဝေးရှောင်တယ်။

လမ်းဆုံလမ်းခွတွေမှာ ကုရာနိတ္ထိ ဆေးမရှိ... ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်လိုက်တော့ အခြေအနေ ပိုဆိုးသွားတယ်။ နဂိုကမှ ခွဲခြားဆက်ဆံခံရတဲ့အထဲ အဲဒီလိုမြင်လိုက်ရတော့ လူတွေရဲ့ တကိုယ်ကောင်းဆန် အတ္တကို မီးကူထိုးပေးလိုက်သလို ဖြစ်ကုန်တယ်။ ရောဂါပိုး ကူးစက်ခံရမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမှုတွေ များလာတယ်။ တကယ်တော့ လောကမှာ ကုမရတဲ့ ရောဂါတွေ အများကြီးပါ။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဘီပိုး၊ သွေးကင်ဆာ... ဘယ်မှာ အရှင်းပျောက်အောင် ကုလို့ရလို့လဲ။ ရောဂါသက်သာအောင် အခြေအနေ ပိုမဆိုးအောင်ပဲ လုပ်လို့ရတာမျိုးပါ။ အေလည်း ဒီအတိုင်းပါပဲ။ ပျောက်အောင် ကုလို့မရပါဘူး။ ဒါဖြင့် ဘာကွာလို့များ လူတွေက အသည်းအသန် ကြောက်လန့်နေရသလဲ။

လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ကျဉ်ပါ... မိမိဇနီးခင်ပွန်းအပေါ်မှာ သစ္စာရှိပါ... တစ်လင် တစ်မယားစနစ် ကျင့်သုံးပါ... ဆိုတဲ့ လူမြင်ကွင်းမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးတွေကြောင့် နှာဘူးကျလို့ တဏှာကြီးတဲ့ ကာမဘီလူးတွေပဲ အေအိုင်ဒီအက်စ် ရောဂါရသလို လူတွေက ထင်ကုန်ကြတယ်။ ဒီရောဂါရှိရင် ယောကျာ်းလေးဆို နှာဘူး သို့မဟုတ် ဂန်ဒူးလို့ ထင်ကြတယ်။ မိန်းခလေးဆို အရပ်ပျက်မ ရွစိစိန် သို့မဟုတ် အောက်အီးအွတ်ပေါ့။ ကဲ... ဥမမယ် စာမမြောက်သေးတဲ့အရွယ် ကလေးငယ်တွေကို ဘယ်လို ပြောကြအုံးမလဲ။ ဘယ်တံဆိပ် ကပ်ကြအုံးမလဲ။ တကယ်တော့ ရောဂါဘေးတားဆီးတဲ့ နေရာကနေ မမျှော်မှန်းထားပဲ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို နာမည်ပျက်တစ်ခုအနေနဲ့ ဘ၀တစ်သက်စာ အလူးအလိမ့် အလဲအကွဲ ခံစားရတာက အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံလိုက်ရတဲ့ အသိုင်းအ၀ိုင်းပါပဲ။

အိတ်ခ်ျအိုင်ဗွီပိုးက လိင်အပျော်အပါး တစ်ခုတည်းကနေ ကူးတာ မဟုတ်မှန်း အခုအချိန်မှာ အတော်များများ နားလည်သိရှိပြီးသားပါ။ ထပ်ခါတလဲလဲ အသုံးပြုတဲ့ ဆေးထိုးအပ်တွေ၊ စနစ်တကျ မရှိလှတဲ့ သွေးသွင်း ကုသမှုတွေကြောင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို သိပေမယ့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူတွေကို နှိမ့်ချဆက်ဆံမှုတွေ ရှောင်ခွာဖယ်ကျဉ်မှုတွေ ရှိနေတုန်းပါပဲ။ အဲဒီလို ခွဲခြားဆက်ဆံမှုကြောင့် နာမည်ဆိုးတွေ ဖြစ်စေကုန်တယ်။ နာမည်ပျက်ကုန်တယ်။ အရိပ်မည်းကြီး မိုးကုန်တယ်။

နာမည်ဆိုး အရိပ်မည်းကြောင့် ဘာတွေဖြစ်ကုန်လဲ။ ရောဂါပိုး ရှိကြောင်း ပြောရမှာ ရှက်လာတယ်။ အပြစ်တစ်ခု ရှိသလို ခံစားလာရတယ်။ လူတွေကို ကြောက်လာတယ်။ ခံယူချက်တွေ မှားလာတယ်။ အမူအကျင့်တွေ ပြောင်းကုန်တယ်။ တချို့က လောကကြီးကို အရွဲ့တိုက်ကြတယ်။ အဲဒါကြောင့် ရောဂါပိုးကို ဆက်လက် ဖြန့်ဖြူးတယ်။ တချို့က ဇာတ်မြှုပ်ပြီး ဘ၀ကို အမြန် အဆုံးသတ်ချင်လာတယ်။ ဒါကြောင့် သတ်သေတယ်။ အဲဒီကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်ကတော့ ပျော်ရွှင်ကြည်နူးစရာ မဟုတ်တာတော့ သေချာပါတယ်။

နာမည်ပျက်ဖြစ်စေတဲ့ အရာတွေက အများကြီးပါ။ အလွယ်တကူ မြင်နိုင်တဲ့အရာကတော့ ရပ်ကွက်ထဲမှာ အတင်းပြောတာပါပဲ။ အတင်းပြောတာက အတော်လေး ပြောလို့ ကောင်းပါတယ်။ ဒါပေမယ့် အပြောခံရတဲ့ လူအတွက်တော့ မကောင်းပါဘူး။ အတင်းပြောခံရတဲ့ လူအနေနဲ့ လူ့အသိုင်းအ၀ိုင်းကနေ တဖြည်းဖြည်း ဝေးကွာလာပါတယ်။ အတင်းပြောခံရမှာ ကြောက်ပြီး သူ့မှာ ရောဂါရှိနေကြောင်း ဖွင့်ပြောရဲတဲ့ သတ္တိတွေလည်း လျှော့နည်းကုန်တယ်။ ရောဂါရှိမှန်း မသိတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲ။ မြင်ကြမယ် ထင်ပါတယ်။

ဒီအကြောင်းကိုရေးရင် ကျမ်းတစ်စောင် ဖွဲ့လို့ရပါတယ်။ အဲဒီတော့ အနှစ်ချုပ် တိုက်တွန်းချင်တာက ရောဂါပိုး ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မလုပ်ပါနဲ့။ နာမည် မဖျက်ကြပါနဲ့။ နှာခေါင်း မရှုံ့ပါနဲ့။ အတင်း မတုပ်ပါနဲ့။ သူတို့ကို ပုံမှန်အတိုင်း ဆက်ဆံပါ။ စကားပြောပါ။ ကြင်နာပါ။ ဖေးမပါ။ ကူညီပါ။ ရောဂါပိုး ရှိတဲ့သူရဲ့ ရင်ထဲက ခံစားချက်တွေကို သေသေချာချာ နားထောင်ပေးပါ။ စိတ်ဝင်တစား ပြန်လည်ဆွေးနွေးပါ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာလည်း ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မဖြစ်ရအောင် ၀ိုင်းဝန်း ကာကွယ် တားဆီးပေးကြပါ။ ကိုယ်တိုင် ဦးဆောင်ပြီး လှုပ်ရှားပြပါ။ မီဒီယာတွေကလည်း လွှဲမှားတဲ့ အသိတရားတွေ မဖြစ်ရလေအောင် သေချာ စိစစ်လေ့လာပြီး ပညာပေးတွေ ပြုလုပ်ပေးစေလိုတယ်။

နေခွင့်ရတဲ့အခိုက်မှာ ကမ္ဘာလောကကြီးကို လှပစေချင်တယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိနေတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အပြစ်တစ်ခုလည်း မဟုတ်ပါဘူးဆိုတာ လက်ခံလိုက်ကြပါ။ အင်း... ပြောတာတော့ လွယ်ပါတယ်။ ခေါင်းညိမ့်ဖို့လည်း လွယ်ပါတယ်။ တကယ်လုပ်ဖို့က အတော် ခက်လှပါတယ်။ ဒါပေမယ့် ကြိုးစားကြည့်ရအောင်ဗျာ။

Tuesday, December 1, 2009

Don’t hate me in silence


Photo Credit: www.uniview.co.uk

ကျွန်တော် ဘယ်သူလဲဆိုတော့... ကျွန်တော်ဟာ ကျွန်တော်ပါ။ အသက် ၂၈ နှစ်ကျော်နေပြီဖြစ်တဲ့ ကိုဇူလိုင်ပါ။ အိတ်ခ်ျအိုင်ဗွီ ပေါ့စတစ်ဗ်ပေါ့။ ကျွန်တော်ဟာ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်ကိုယ်တိုင် ပြောပြရဲတာကိုပဲ ကျွန်တော့်ဘာသာ ဂုဏ်ယူမိနေတယ်။ အဲဒီတော့ ကျွန်တော်ဟာ ကျွန်တော်ဖြစ်နေလို့ ကျွန်တော့်ကို ချစ်ကြ မုန်းကြမလား။ ဘယ်လိုပုံစံပဲ တုန့်ပြန်ကြပါစေ... ကျွန်တော်ဟာ ကျွန်တော်ပါပဲ။ အဲဒီအတွက်နဲ့ ခင်ဗျားတို့ တွေဝေနေမလား၊ စိတ်ရှုပ်နေမလား။ မသေချာ မရေရာတာတွေ ရှိနေရင်လည်း ကျွန်တော့်ကိုပဲ မေးလိုက်ပါ။ ဒါပေမယ့် ကျွန်တော့်ကိုတော့ တိတ်တိတ်လေး မုန်းမနေကြပါနဲ့ဗျာ။
World AIDS Day - 2009