.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, December 31, 2008

2008 Summary

၂၀၀၈ ခုနှစ်အတွင်းမှာ ကြုံဆုံဖြစ်ခဲ့သမျှလေးကို မှတ်တမ်းတင်ချင်လို့ မှတ်မိသလောက် အကျဉ်းချုပ်လေး ရေးထားလိုက်ပါအုံးမယ်။ မခင်မင်းဇော်လည်း အဲဒါမျိုးလေး ရေးထားတာ တွေ့လိုက်ရသေးတယ်။ သူ့လိုမျိုး အလွမ်းဒီဇင်ဘာတွေ နောက်ဆက်တွဲတွေ မလုပ်နိုင်ပေမယ့် အနှစ်ချုပ်ကတော့ ချုပ်နိုင်ရမယ်လေ။ ဟဟ...

၂၀၀၈ ခုနှစ်အတွင်းမှာ...

နာဂစ်မုန်တိုင်း
ရန်ကုန်ကို နာဂစ်မ၀င်ခင် တစ်ရက်ကြိုပြီး ရောက်နှင့်နေခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ရွှေမန်းမြို့မှာ လုပ်မယ့်မင်္ဂလာပွဲကို တက်ဖို့လာခဲ့ပေမယ့် မင်္ဂလာပွဲမရောက်ပဲ ရန်ကုန်ထဲမှာတင် ဒုက္ခလှလှခံလိုက်ရတယ်။ ဒီအသက်အရွယ်အထိ တစ်ခါမှ မကြုံမဆုံဖူးတဲ့ နာဂစ်မုန်တိုင်းကို သူငယ်ချင်းတွေနဲ့အတူ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်။ သစ်ပင်အကြီးကြီး အိမ်ထဲဝင်လာလို့ ပြတင်းပေါက်မှန်ကွဲစတွေ မျက်နှာကို လာမစိုက်ခဲ့တာပဲ ကံကောင်းတယ် မှတ်ရမယ်။ တောကြီးမျက်မည်းထဲ ရောက်နေသလို တိတ်ဆိတ်ငြိမ်သက် ခြောက်ကပ်နေတဲ့ မြို့ပျက်ကြီးတစ်ခုမှာ ရက်ပေါင်းများစွာ နာရီပေါင်းများစွာ ခြင်စာကျွေး ဖြတ်သန်းခဲ့တယ်။

ဖောက်ပြန်မှု
ခင်မင်မှုတွေ၊ သစ္စာရှိမှုတွေဟာ ငွေကြေးဆိုတဲ့အရာတစ်ခု ၀င်လာရင် တောင့်ခံထားနိုင်တာ ရှားလှပါတယ်။ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်ပေမယ့် ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ အခင်ဆုံး၊ အယုံကြည်ရဆုံး၊ အားကိုးရဆုံး၊ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ငွေဆိုတဲ့ ဒဏ်ကို မခံနိုင်ပဲ ဖောက်ပြန်ခဲ့တယ်။ သစ္စာဖောက်ခဲ့တယ်။ ယုံကြည်မှုကို အလွဲသုံးစားပြုခဲ့တယ်။ အဲဒီတော့လည်း သူ့ထိုက်နဲ့ သူ့ကံ လက်တွဲဖြုတ်ခဲ့ရတာပေါ့။

စိမ်းသရဖူစိမ်း
တကယ်ဆို ဘာမှ မဆိုင်တော့မှန်း သိပေမယ့် မျှော်လင့်ချက်တွေ ထားခဲ့မိတယ်။ ဆုံးဖြတ်ချက်တွေများ ပြင်လို ပြင်ငြားပေါ့။ ကိုယ့်ဘက်က ဘာအမှားတွေ ရှိလို့ ဒီလောက်ထိ ဖြစ်သွားရလဲ။ ပေးဆပ်မှုတစ်ခုကို အပြစ်လို့ သတ်မှတ်ရင် အဲဒီ အပြစ်တစ်ခုပဲ ရှိနေတယ်။ သွေးအေးသွားအောင် အချိန်ပေး အယူခံဝင်ခဲ့ပေမယ့် ကြေကွဲစွာ ရရှိလိုက်တဲ့ အဖြေတစ်ခုက စိမ်းသရဖူစိမ်းပါပဲ။ ခေါင်းလေး တစ်ချက်တောင် စောင်းငဲ့မကြည့်သွားခဲ့ဘူး။

သေခြင်း
ငယ်စဉ်ကလေးဘ၀ကနေ ဒီအသက်အရွယ်အထိ ဦးလေးတွေထဲမှာ အဲဒီဦးလေးနဲ့ အနေအနီးဆုံးပဲ။ တခြား ဦးလေးတွေက သူတို့ကိစ္စနဲ့ သူတို့ အလုပ်များနေလို့၊ နေတဲ့နေရာမြို့နယ်ရပ်ကွက် မတူလို့ မေးထူးခေါ်ပြော အဆင့်လောက်ပဲ ရှိခဲ့တယ်။ ဦးလေးထဲမှာ သူက အကြီးဆုံးပါပဲ။ မာမားရဲ့ အစ်ကိုအကြီးဆုံးပေါ့။ အဲဒီ ဦးလေးနဲ့အတူ အိမ်ခေါင်မိုးပေါ်တက် စွန်လွှတ်ကစားခဲ့ဖူးတယ်။ ပြည်သူ့ရင်ပြင် ဖွင့်ကာစမှာ စက်ဘီးစီး သင်ပေးခဲ့ဖူးတယ်။ လှိုင်မြစ်ကမ်းမှာ ညနေဆည်းဆာတွေ ခံစားခဲ့ဖူးတယ်။ ကမ်းနားမှာ ကျောက်ချထားတဲ့ ငါးလုပ်ငန်းက သဘောင်္တွေပေါ် တက်ဆော့ခဲ့ဖူးတယ်။ ၂၀၀၈ ဘေဂျင်းအိုလံပစ် ဖွင့်ပွဲနေ့မှာ သူ ဆုံးပါးခဲ့တယ်။ အသည်းရောင် အသားဝါ ဘီပိုးကြောင့်ပေါ့။

၂၀၀၈ ခုနှစ်အတွင်းမှာ...

အိမ်သာ
နာဂစ်မုန်တိုင်းဝင်ပြီး ၂ ရက်လောက် အရေးပေါ် ကယ်ဆယ်ရေးလောက်ပဲ လုပ်ဖြစ်ခဲ့တယ်။ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့တောင် အတော် လုပ်ယူခဲ့ရတာ။ အပြင်မှာ ဘာတွေ ဘယ်လောက်ထိ ဖြစ်နေမှန်းကို မသိခဲ့ဘူး။ သူငယ်ချင်းတွေက တစ်ခုခု လုပ်ကြရအောင် လာပြောကြတယ်။ ဒါပေမယ့် သူတို့တွေလည်း ဘာလုပ်ရမှန်း မသိကြဘူး။ ကိုမင်းအိုနဲ့ အဆက်အသွယ် ရတော့ ရေစက်တွေ မောင်းဖို့ စီစဉ်ခဲ့ကြတယ်။ အဲဒီကနေတဆင့် ဆေးအဖွဲ့တွေ၊ အိမ်သာဆောက်တဲ့ အဖွဲ့တွေ ထပ်ချဲ့နိုင်ခဲ့တယ်။ စလုံးကို ပြန်ရောက်တော့ အိမ်သာအတွက် အလှူငွေတွေ ကူရှာပေးနိုင်ခဲ့တယ်။ နာဂစ်အပြီးမှာ အိမ်သာ အလုံး ၁၀၀ နီးပါး ဆောက်လုပ်နိုင်ခဲ့တယ်။

ရာထူး
လက်ရှိအလုပ်မှာ ၁ နှစ်ခွဲ ပြည့်တဲ့အချိန် ရာထူးတိုးတယ်။ ရုံးမှာ လူဟောင်းတွေ ထွက်ကုန်တော့ ကိုယ်လည်း တဖြည်းဖြည်း လူဟောင်းဖြစ်လာတယ်။ တခြားဌာနက မန်နေဂျာတွေ ကောင်းမှုနဲ့ ရာထူးတိုးဖို့ လိုနေကြောင်း ဂျီအမ့်ကြီး နားထဲ သတင်းရောက်သွားတယ်။ ဂျီအမ်ကနေတဆင့် သက်ဆိုင်ရာဌာနက စီနီယာမန်နေဂျာကို ရာထူးတိုးပေးလိုက်ပါ ဆိုပြီး ညွှန်ကြားလိုက်တော့ ရာထူးတစ်ဆင့် တက်သွားပါလေရော။ ရာထူးတက်သလို လခလည်း တက်တယ်။ အဲဒီလိုပဲ တချို့တွေ့ရဲ့ မနာလို မုန်းတီးခံရမှုတွေလည်း များလာတယ်။ အခုတလော ချောက်တွန်းခံရတာ မသိမသာရော သိသိသာသာရော တွေ့နေရတယ်။

ကင်မရာ
ဓါတ်ပုံရိုက်ဝါသနာပါတာက ရှစ်တန်းကျောင်းသား အရွယ်ကတည်းက။ လက်ဆောင်ရတဲ့ ဖလင်ကင်မရာ အစုတ်လေးနဲ့ စွယ်တော်ဘုရားမှာ ဟိုဟိုဒီဒီ ဓါတ်ပုံလျှောက်ရိုက်ခဲ့သေးတယ်။ ကုလားပြည်မှာ ကာလတို ကျောင်းသွားတက်တုန်းက ဓါတ်ပုံရိုက်ခဲ့တာ အယ်လ်ဘမ်ကြီး ငါးအုပ်တောင်။ ဒါတောင် ဖလင်ကင်မရာနဲ့ ရိုက်ခဲ့တာပါ။ အခု စလုံးရောက်တော့ ကင်မရာ ကောင်းကောင်းတစ်လုံး ၀ယ်ကိုင်ဖို့ စိတ်ကူးရှိထားတယ်။ နေးတစ်မြန်မာဖိုရမ်က ဓါတ်ပုံဆရာတွေကလည်း လက်စွမ်းပြတာတွေ များလွန်းတော့ ဓါတ်ပုံရောဂါက ပိုသည်းလာတယ်။ အဲဒါနဲ့ ၀ယ်မယ့်ဝယ် နောက်ဆုံးပေါ် ၀ယ်မယ်ကွာဆိုပြီး လူမိုက်ဇာတ်ခင်းလိုက်တာ ဒီနိုင်တီး အုန်းသီးတစ်လုံး အဖတ်တင်သွားပါတယ်။

လူငယ်ကမ့်
စင်္ကာပူကြက်ခြေနီမှာ လုပ်အားပေးခဲ့တာ ၁ နှစ်တိတိ ပြည့်ခဲ့ပါပြီ။ သွေးလှူရှင် စုဆောင်းတဲ့ဘက်မှာ အများဆုံး လုပ်ခဲ့ပါတယ်။ ဂေဟာတွေလည်း ရောက်ခဲ့ပါတယ်။ ရှေ့နှစ်တုန်းက ကမ့်ဝင်ခဲ့ပေမယ့် ဒီနှစ်ကမ့်မှာတော့ လုပ်အားပေး တစ်ယောက်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ဒီတစ်ခေါက် ကမ့်မှာ မြန်မာပြည်က ကြက်ခြေနီတွေ၊ သွေးလှူရှင်တွေ တက်ရောက်နိုင်ဖို့ ကြားခံကူညီ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ သူတို့ကို ကမ့်အတွင်းမှာလည်း လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ခဲ့တယ်။ ထိုင်းတွေ ဖိလစ်ပိုင်တွေလို မြန်မာပြည်က ၄ ယောက်တောင် ကမ့်ဝင်နိုင်တာကိုပဲ ဂုဏ်ယူမိပါတယ်။

အလွမ်း၊ အဆွေး၊ ဒေါသ၊ မောဟ၊ လောဘ၊ မာန၊ ဟာသ ရသအဖုံဖုံကို ကြုံဆုံခဲ့ရတဲ့ ၂၀၀၈ ပါပဲ....

Tuesday, December 30, 2008

Youth Donor Camp 2008 - 9


ဖိလစ်ပိုင်ပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


ဟောင်ကောင်ပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


မြန်မာပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။


လာအိုပြပွဲမှာ ကြက်ခြေနီက လူကြီးတွေ ၀င်ကြည့်နေတာပါ။

Monday, December 29, 2008

Youth Donor Camp 2008 - 8


မိန်းခလေးဆိုလို့ ၁ ယောက်ပဲပါတဲ့ ထိုင်းအဖွဲ့သားတွေ ပြခန်းကို ပြင်ဆင်နေတာပါ။


ဖိလစ်ပိုင်အဖွဲ့ကလည်း မိန်းခလေး ၁ ယောက်ပဲပါတယ်။


ပါကစ္စတန်က ၁ ယောက်တည်း လာတယ်။ လက်ထောက်ညွှန်မှုးဆိုပဲနော်။


ဗီယက်နမ်ကလည်း ၁ ယောက်တည်းပဲ။ ဗလတောင့်တောင့်နဲ့ ကောင်လေးပေါ့။

Sunday, December 28, 2008

Youth Donor Camp 2008 - 7


Amazing Race ထဲမှာပါတဲ့ River Cross လို့ အမည်ပေးထားတဲ့ ကစားနည်းလေးပါ။
ဖြတ်ကူးစရာ မြစ်မရှိလို့ ပင်လယ်ထဲမှာပဲ ကမ်းစပ်နားကပ်ပြီး လှော်ကြတာပေါ့။


နောက်မှာထိုင်ပြီး လှေလှော်တဲ့သူက သွေးလှူရှင်ပါ။
ရှေ့မှာထိုင်ပြီး လှေလှော်တဲ့သူက သွေးလက်ခံမယ့် လူနာလို့ သတ်မှတ်ထားပါတယ်။


အေ၊ ဘီ၊ အို၊ အေဘီ သွေးအမျိုးအစားအလိုက် လူနာမှာ လက်ခံနိုင်မှု ရှိမရှိ သိစေချင်တာပါ။
အကယ်လို့ လူမှားသယ်လာရင် လက်မခံပဲ ဟိုဘက်ကမ်းကို ပြန်လှော်ခိုင်းပါတယ်။


အေဘီသမားကတော့ အေဘီသမားကိုပဲ လှူလို့ရပါတယ်။
သွေးအားလုံးမှာ သွင်းလို့ရတဲ့ အိုသွေး အလှူရှင်က အများဆုံး လှော်ခတ်ရပါတယ်။

Saturday, December 27, 2008

Youth Donor Camp 2008 - 6


Group - A (Aorta Group)


Group - C (Camaraderie Group)


Group - D (Ding Dung... Group)


Group - E (Elvis Group)