.:: Download Myanmar Font (WinKalaw New Version) HERE ::.

Wednesday, December 31, 2008

2008 Summary

၂၀၀၈ ခုနှစ်အတွင်းမှာ ကြုံဆုံဖြစ်ခဲ့သမျှလေးကို မှတ်တမ်းတင်ချင်လို့ မှတ်မိသလောက် အကျဉ်းချုပ်လေး ရေးထားလိုက်ပါအုံးမယ်။ မခင်မင်းဇော်လည်း အဲဒါမျိုးလေး ရေးထားတာ တွေ့လိုက်ရသေးတယ်။ သူ့လိုမျိုး အလွမ်းဒီဇင်ဘာတွေ နောက်ဆက်တွဲတွေ မလုပ်နိုင်ပေမယ့် အနှစ်ချုပ်ကတော့ ချုပ်နိုင်ရမယ်လေ။ ဟဟ...

၂၀၀၈ ခုနှစ်အတွင်းမှာ...

နာဂစ်မုန်တိုင်း
ရန်ကုန်ကို နာဂစ်မ၀င်ခင် တစ်ရက်ကြိုပြီး ရောက်နှင့်နေခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ ရွှေမန်းမြို့မှာ လုပ်မယ့်မင်္ဂလာပွဲကို တက်ဖို့လာခဲ့ပေမယ့် မင်္ဂလာပွဲမရောက်ပဲ ရန်ကုန်ထဲမှာတင် ဒုက္ခလှလှခံလိုက်ရတယ်။ ဒီအသက်အရွယ်အထိ တစ်ခါမှ မကြုံမဆုံဖူးတဲ့ နာဂစ်မုန်တိုင်းကို သူငယ်ချင်းတွေနဲ့အတူ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ကျော်ဖြတ်ခဲ့ရတယ်။ သစ်ပင်အကြီးကြီး အိမ်ထဲဝင်လာလို့ ပြတင်းပေါက်မှန်ကွဲစတွေ မျက်နှာကို လာမစိုက်ခဲ့တာပဲ ကံကောင်းတယ် မှတ်ရမယ်။ တောကြီးမျက်မည်းထဲ ရောက်နေသလို တိတ်ဆိတ်ငြိမ်သက် ခြောက်ကပ်နေတဲ့ မြို့ပျက်ကြီးတစ်ခုမှာ ရက်ပေါင်းများစွာ နာရီပေါင်းများစွာ ခြင်စာကျွေး ဖြတ်သန်းခဲ့တယ်။

ဖောက်ပြန်မှု
ခင်မင်မှုတွေ၊ သစ္စာရှိမှုတွေဟာ ငွေကြေးဆိုတဲ့အရာတစ်ခု ၀င်လာရင် တောင့်ခံထားနိုင်တာ ရှားလှပါတယ်။ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်ပေမယ့် ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ကြဘူး။ အခင်ဆုံး၊ အယုံကြည်ရဆုံး၊ အားကိုးရဆုံး၊ အကောင်းဆုံး သူငယ်ချင်းတစ်ယောက် ငွေဆိုတဲ့ ဒဏ်ကို မခံနိုင်ပဲ ဖောက်ပြန်ခဲ့တယ်။ သစ္စာဖောက်ခဲ့တယ်။ ယုံကြည်မှုကို အလွဲသုံးစားပြုခဲ့တယ်။ အဲဒီတော့လည်း သူ့ထိုက်နဲ့ သူ့ကံ လက်တွဲဖြုတ်ခဲ့ရတာပေါ့။

စိမ်းသရဖူစိမ်း
တကယ်ဆို ဘာမှ မဆိုင်တော့မှန်း သိပေမယ့် မျှော်လင့်ချက်တွေ ထားခဲ့မိတယ်။ ဆုံးဖြတ်ချက်တွေများ ပြင်လို ပြင်ငြားပေါ့။ ကိုယ့်ဘက်က ဘာအမှားတွေ ရှိလို့ ဒီလောက်ထိ ဖြစ်သွားရလဲ။ ပေးဆပ်မှုတစ်ခုကို အပြစ်လို့ သတ်မှတ်ရင် အဲဒီ အပြစ်တစ်ခုပဲ ရှိနေတယ်။ သွေးအေးသွားအောင် အချိန်ပေး အယူခံဝင်ခဲ့ပေမယ့် ကြေကွဲစွာ ရရှိလိုက်တဲ့ အဖြေတစ်ခုက စိမ်းသရဖူစိမ်းပါပဲ။ ခေါင်းလေး တစ်ချက်တောင် စောင်းငဲ့မကြည့်သွားခဲ့ဘူး။

သေခြင်း
ငယ်စဉ်ကလေးဘ၀ကနေ ဒီအသက်အရွယ်အထိ ဦးလေးတွေထဲမှာ အဲဒီဦးလေးနဲ့ အနေအနီးဆုံးပဲ။ တခြား ဦးလေးတွေက သူတို့ကိစ္စနဲ့ သူတို့ အလုပ်များနေလို့၊ နေတဲ့နေရာမြို့နယ်ရပ်ကွက် မတူလို့ မေးထူးခေါ်ပြော အဆင့်လောက်ပဲ ရှိခဲ့တယ်။ ဦးလေးထဲမှာ သူက အကြီးဆုံးပါပဲ။ မာမားရဲ့ အစ်ကိုအကြီးဆုံးပေါ့။ အဲဒီ ဦးလေးနဲ့အတူ အိမ်ခေါင်မိုးပေါ်တက် စွန်လွှတ်ကစားခဲ့ဖူးတယ်။ ပြည်သူ့ရင်ပြင် ဖွင့်ကာစမှာ စက်ဘီးစီး သင်ပေးခဲ့ဖူးတယ်။ လှိုင်မြစ်ကမ်းမှာ ညနေဆည်းဆာတွေ ခံစားခဲ့ဖူးတယ်။ ကမ်းနားမှာ ကျောက်ချထားတဲ့ ငါးလုပ်ငန်းက သဘောင်္တွေပေါ် တက်ဆော့ခဲ့ဖူးတယ်။ ၂၀၀၈ ဘေဂျင်းအိုလံပစ် ဖွင့်ပွဲနေ့မှာ သူ ဆုံးပါးခဲ့တယ်။ အသည်းရောင် အသားဝါ ဘီပိုးကြောင့်ပေါ့။

၂၀၀၈ ခုနှစ်အတွင်းမှာ...

အိမ်သာ
နာဂစ်မုန်တိုင်းဝင်ပြီး ၂ ရက်လောက် အရေးပေါ် ကယ်ဆယ်ရေးလောက်ပဲ လုပ်ဖြစ်ခဲ့တယ်။ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့တောင် အတော် လုပ်ယူခဲ့ရတာ။ အပြင်မှာ ဘာတွေ ဘယ်လောက်ထိ ဖြစ်နေမှန်းကို မသိခဲ့ဘူး။ သူငယ်ချင်းတွေက တစ်ခုခု လုပ်ကြရအောင် လာပြောကြတယ်။ ဒါပေမယ့် သူတို့တွေလည်း ဘာလုပ်ရမှန်း မသိကြဘူး။ ကိုမင်းအိုနဲ့ အဆက်အသွယ် ရတော့ ရေစက်တွေ မောင်းဖို့ စီစဉ်ခဲ့ကြတယ်။ အဲဒီကနေတဆင့် ဆေးအဖွဲ့တွေ၊ အိမ်သာဆောက်တဲ့ အဖွဲ့တွေ ထပ်ချဲ့နိုင်ခဲ့တယ်။ စလုံးကို ပြန်ရောက်တော့ အိမ်သာအတွက် အလှူငွေတွေ ကူရှာပေးနိုင်ခဲ့တယ်။ နာဂစ်အပြီးမှာ အိမ်သာ အလုံး ၁၀၀ နီးပါး ဆောက်လုပ်နိုင်ခဲ့တယ်။

ရာထူး
လက်ရှိအလုပ်မှာ ၁ နှစ်ခွဲ ပြည့်တဲ့အချိန် ရာထူးတိုးတယ်။ ရုံးမှာ လူဟောင်းတွေ ထွက်ကုန်တော့ ကိုယ်လည်း တဖြည်းဖြည်း လူဟောင်းဖြစ်လာတယ်။ တခြားဌာနက မန်နေဂျာတွေ ကောင်းမှုနဲ့ ရာထူးတိုးဖို့ လိုနေကြောင်း ဂျီအမ့်ကြီး နားထဲ သတင်းရောက်သွားတယ်။ ဂျီအမ်ကနေတဆင့် သက်ဆိုင်ရာဌာနက စီနီယာမန်နေဂျာကို ရာထူးတိုးပေးလိုက်ပါ ဆိုပြီး ညွှန်ကြားလိုက်တော့ ရာထူးတစ်ဆင့် တက်သွားပါလေရော။ ရာထူးတက်သလို လခလည်း တက်တယ်။ အဲဒီလိုပဲ တချို့တွေ့ရဲ့ မနာလို မုန်းတီးခံရမှုတွေလည်း များလာတယ်။ အခုတလော ချောက်တွန်းခံရတာ မသိမသာရော သိသိသာသာရော တွေ့နေရတယ်။

ကင်မရာ
ဓါတ်ပုံရိုက်ဝါသနာပါတာက ရှစ်တန်းကျောင်းသား အရွယ်ကတည်းက။ လက်ဆောင်ရတဲ့ ဖလင်ကင်မရာ အစုတ်လေးနဲ့ စွယ်တော်ဘုရားမှာ ဟိုဟိုဒီဒီ ဓါတ်ပုံလျှောက်ရိုက်ခဲ့သေးတယ်။ ကုလားပြည်မှာ ကာလတို ကျောင်းသွားတက်တုန်းက ဓါတ်ပုံရိုက်ခဲ့တာ အယ်လ်ဘမ်ကြီး ငါးအုပ်တောင်။ ဒါတောင် ဖလင်ကင်မရာနဲ့ ရိုက်ခဲ့တာပါ။ အခု စလုံးရောက်တော့ ကင်မရာ ကောင်းကောင်းတစ်လုံး ၀ယ်ကိုင်ဖို့ စိတ်ကူးရှိထားတယ်။ နေးတစ်မြန်မာဖိုရမ်က ဓါတ်ပုံဆရာတွေကလည်း လက်စွမ်းပြတာတွေ များလွန်းတော့ ဓါတ်ပုံရောဂါက ပိုသည်းလာတယ်။ အဲဒါနဲ့ ၀ယ်မယ့်ဝယ် နောက်ဆုံးပေါ် ၀ယ်မယ်ကွာဆိုပြီး လူမိုက်ဇာတ်ခင်းလိုက်တာ ဒီနိုင်တီး အုန်းသီးတစ်လုံး အဖတ်တင်သွားပါတယ်။

လူငယ်ကမ့်
စင်္ကာပူကြက်ခြေနီမှာ လုပ်အားပေးခဲ့တာ ၁ နှစ်တိတိ ပြည့်ခဲ့ပါပြီ။ သွေးလှူရှင် စုဆောင်းတဲ့ဘက်မှာ အများဆုံး လုပ်ခဲ့ပါတယ်။ ဂေဟာတွေလည်း ရောက်ခဲ့ပါတယ်။ ရှေ့နှစ်တုန်းက ကမ့်ဝင်ခဲ့ပေမယ့် ဒီနှစ်ကမ့်မှာတော့ လုပ်အားပေး တစ်ယောက်အဖြစ် တာဝန်ယူခဲ့ရပါတယ်။ ဒီတစ်ခေါက် ကမ့်မှာ မြန်မာပြည်က ကြက်ခြေနီတွေ၊ သွေးလှူရှင်တွေ တက်ရောက်နိုင်ဖို့ ကြားခံကူညီ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ သူတို့ကို ကမ့်အတွင်းမှာလည်း လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ခဲ့တယ်။ ထိုင်းတွေ ဖိလစ်ပိုင်တွေလို မြန်မာပြည်က ၄ ယောက်တောင် ကမ့်ဝင်နိုင်တာကိုပဲ ဂုဏ်ယူမိပါတယ်။

အလွမ်း၊ အဆွေး၊ ဒေါသ၊ မောဟ၊ လောဘ၊ မာန၊ ဟာသ ရသအဖုံဖုံကို ကြုံဆုံခဲ့ရတဲ့ ၂၀၀၈ ပါပဲ....

16 comments:

3D Crazy said...

2008 မှာရခဲ့တဲ့ အတွေ့အကြုံတွေ သင်ခန်းစာတွေ ကူညီမှုတွေကို မမေ့မလျော့ခြင်းနဲ့အတူ...2009 မှာ ဒီထက် တိုးတက်တက်တဲ့ အောင်မြင်မှုပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေဗျာ...
အုန်းသီးကိုလဲ မြန်မြန် အသုံးချနိုင်ပါစေ...
မိန်းမရဖို့တော့ လမ်းမမြင်လို့ဆုမတောင်းပေးတော့ပါဘူးလေ...

khin oo may said...

ဟေ့.. ဘယ်အချိန်ယူယူရတယ်ကွ...။ ရန်မစနဲ့။
မယူချင်လို့။။ အသည်းကွဲတာ မဆက်သေးဘုး။

အိပ်မက်ရှင် said...

ကိုဂျူလိုင်ဒရင်းရဲ့ ဒိုင်ယာရီလေး ယူဖတ်မိလေတော့ ...

နာဂစ်မုန်တိုင်း

ဒုက္ခနဲ့ လှလှနဲ့ တွေ့စေတဲ့ နာဂစ်မုန်တိုင်းမှာ ပါဝင်စီးမျောဖူးသူလို့သိလိုက်ရတော့ အံအားသင့်မိတယ်၊ ကျွန်တော်ဆို အဲလိုမျိုး မကြုံဖူးဘူး။ မြန်မာပြည်ရဲ့ သမိုင်းမှာ စံတင်လောက်တဲ့ အိပ်မက်ဆိုးကြီးထဲ ပါဝင် မက်ခွင့်ရသူတစ်ယောက်လို့ ကျွန်တော် မြင်မိတယ်၊ ကျွန်တော်ဆို သတင်းကြားတာနဲ့ တုန်လှုပ်နေသူပါ၊ သိပ်ခြောက်ခြားမိမှာပါ၊ ကိုဂျူလိုင် ထိခိုက်မှုမရှိတာ အထူးဝမ်းသာမိတယ်ဗျာ ... မုန်တိုင်းဒဏ်ကို ခါးစည်း ခံရသူတွေအတွက်တော့ ၀မ်းနည်းကြေကွဲခြင်းက အခုထိ ကြွင်းကျန်နေဆဲပါ၊ ရင်ထဲလည်း မကောင်းမိဘူး ... ။ တကယ်ပါ ... ။

ဖောက်ပြန်မှု

သူငယ်ချင်းတစ်ယောက်ဆုံးရှုံးမှုကို စိတ်မကောင်းဖြစ်မိတယ်ဗျာ၊ ငွေဟာ အရာရာကို ချုပ်ကိုင်နေပြီဆိုတဲ့ အဆိုကို သာဓက ပြလိုက်တာလို့ မြင်မိတယ်။ ကျွန်တော်လည်း ကြံဖူးပါတယ်၊ မတတ်နိုင်ဘူး ... ကိုယ့်သမိုင်းကို ကိုယ်ရေးကြတာပဲ မဟုတ်လား ... ။

စိမ်းသရဖူစိမ်း

ချစ်ခြင်းမှာ မျှော်လင့်နိုင်ခြင်းဟာ အဆုံးမဲ့ဖြစ်တယ်လို့ ကျွန်တော်တော့ ထင်မိတယ်၊ ဒဿဂီရိအဖြစ်ကို ကိုယ်ချင်းစာနိုင်မယ့် ကိုဂျူလိုင်အတွက် ခံနိုင်ရည်ရှိပါဗျာ၊ ကိုယ်က စစ်မှန်တဲ့ ချစ်ခြင်းဖြစ်တာကို ဂုဏ်ယူနေသင့်တယ် ထင်တာပါပဲ၊ အချစ်ဟာ လက်ခုပ်တီးတာမှ မဟုတ်တာ၊ တစ်ဖက်သတ်လည်း ချစ်ခွင့်ရှိနေတာပဲ မဟုတ်လား၊ ကိုယ့်ရင်ထဲမှာ တကယ်ရှိနေဖို့နဲ့ တကယ်ရှိနေခဲ့တယ်ဆိုတာကို ထာဝရလက်ခံထားရင် ကိုဂျူလိုင် ပျော်ရွှင်ကြည်နူးနေမှာပါ ... ။

သေခြင်း

ဘယ်သူမှ ရှောင်လွှဲမရတဲ့ သေချာခြင်း တစ်ခုပါဗျာ ... ။

အိမ်သာ

နာဂစ်အတွက် စိတ်၊ လူ၊ ငွေကြေး၊ အချိန်၊ စေတနာ၊ ကိုယ်ချင်းစာတရားတွေအတွက် ကြည်နူးပီတိဖြစ်စွာနဲ့ ၀မ်းသာအဲလဲ သာဓု သုံးကြိမ်ခေါ်ဆိုမိပါတယ် ... ။

ရာထူး

ဂုဏ်ယူမိပါတယ်ဗျာ၊ အပင်မြင့်ရင်လေတိုက်ခံရရိုး ထုံးစံရှိပါတယ်။ ချီးကျူးပါတယ်ဗျာ။

ကင်မရာ

ဝါသနာကား တားဆီမရဆိုတာ သိပ်မှန်ပါတယ်၊ ၀ါသနာကို အကောင်အထည်ဖော်ရတာ သိပ်ပျော်ဖို့ကောင်းတယ်ဆိုတာ ကိုဂျူလိုင်ယုံပြီ မဟုတ်လား ... ပုံကောင်းများများ ရိုက်နိုင်ပါစေ ... ကျွန်တော့်ကိုလည်း တစ်ပုံရိုက်ပေးဦးနော် ... :)

လူငယ်ကမ့်

စေတနာအပြည့်အ၀နဲ့ လူမှုရေးလုပ်ငန်း၊ လူသားချင်းစာနာမှုလုပ်ငန်းတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်နေတဲ့ကိုဂျူလိုင်ကို အမြဲ လေးစားအားကျနေတယ်ဆိုတာ ပြောချင်ပါတယ် ... ဆက်လက် ထိန်းသိမ်းနိုင်ပါစေဗျာ ... ။

ဒိုင်ယာရီစာအုပ်ကလေးကို အပိတ်မှာ စိတ်ထဲဖြစ်လာတာက ...
တန်ဖိုးရှိတဲ့ လုပ်ရပ်တွေ၊ စိတ်ကူးတွေနဲ့ နာကျင်မှုတွေ ၀ါသနာတွေကိုနဲ့ အကောင်အထည်ဖော်၊ ခံယူလက်ခံရင်း ၂၀၀၈ မှာ ကုန်လွန်ဖြတ်သန်းတဲ့ ကိုဂျူလိုင်ရဲ့ ပုံရိပ်ကလေးကို လှစ်ကနဲ မြင်မိခဲ့ပါကြောင်း ... ။

ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေဗျာ .... ။

JulyDream said...

Thanks... Ma KOM
ပြောပြလိုက်စမ်းပါဗျာ။ အဲဒီ ကောင်လေးကို... ကြည့်ရတာ သဘောထား အမှန်တွေကို နားမလည်သေးဘူး ထင်တယ်။ ဟဟ...

JulyDream said...

ကွန့်မန့် အရှည်ကြီးကို အချိန်ပေး ရေးပေးခဲ့တဲ့ အိပ်မက်ရှင်ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Moe Cho Thinn said...

2008 ကို စောင်းငဲ့ကြည့်ပုံလေးက လှတယ်။
ကုသိုလ် ကောင်းမှုတွေအတွက် သာဓုခေါ်လိုက်ပါတယ်။
စိမ်းသရဖူစိမ်း ကတော့ ကုသိုလ်ကြမ္မာ မမီလို့သာ အောက်မေ့လိုက်ပါတော့..
ကလေးမနှယ် မိုက်မဲလှတယ်။ :)

strike said...

ယေဘူရပြောရလျှင် Grade B အားလုံးကောင်းပါသည်ခင်ဗျား။

ဖိုးဂျယ် said...

အကိုရေ ကောင်းလိုက်တဲ့ ဒိုင်ယာရီလေးနော်
အကိုလို့ တော်တဲ့ သူကို လက်လွှတ်လိုက်တာ
အဲ့အစ်မ တော်တော် ညံ့သေးလို့ပေါ့
အခုတော့ အုန်းသီးလေးနဲ့ပဲ နေတော့ပေါ့
စိတ်ချမ်းသာတာပေါ့

sin dan lar said...

ကောမန့်တွေက ရယ်ရတယ်..
ကောင်းသော 2009 ဖြစ်ပါစေ

Kay said...

စိမ်းသရဖူ စိမ်းတာနဲ့..အုန်းသီးကြီးတလုံး ၀ယ်ချလိုက်တယ်ပေါ့။

ပျော်ရွှင်ဖွယ်..နှစ်သစ်ဖြစ်ပါစေ။

မောင်လူအေး said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ် မင်္ဂလာပါဗျာ...

:)

အောင်သာငယ် said...

တခါမှ ၀င်မန့်လေ့ မရှိတာကို ခွင့်လွှတ်ပါ ညီရေ့...
ဒီတခါတော့ ကိုယ့်ညီ ပြုခဲ့သမျှ ကောင်းမှုကုသိုလ်တွေကို သာဓု သာဓု သာဓု ခေါ်ရင်းနဲ့ ၀င်မန့်ခဲ့ပါတယ်...

၂၀၀၉ ရဲ့ နေ့ရက်တွေတိုင်းကို အစစ အရာရာ အဆင်ပြေ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ ညီရေ့... :)

JulyDream said...

မချိုရေ...
ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရတော့မှာပေါ့။ အဲဒီ မိုက်မဲလှတဲ့ ကလေးမကို သွားဆုံးမကြပါဗျာ။

Strikeရေ..
A+ လေး မပေးချင်ရင်တောင် A- လောက် ပေးပါလား။ Grade B ဆိုရင် ဂုဏ်ထူး မထွက်ဘူးနော်။ အဟက်...

ဖိုးဂျယ်ရေ...
အုန်းသီးလေး မဟုတ်ဘူး အုန်းသီးကြီး... ဟဟ အုန်းသီးနဲ့ မနေပါဘူး။ အုန်းသီးက သူ့ဟာသူ Dry Cabinet ထဲမှာ နေနေတာပါ။

JulyDream said...

စင်းဒန်လားရေ...
ဘာတွေ ဘယ်လိုဖတ်ပြီး ရီနေရလဲ မသိဘူး။ ဒါပေမယ့် ကွန်မန့်တွေက ရီရတယ်ဆိုတော့လည်း ကောင်းတာပါပဲလေ။ ရီသောသူ အသက်ရှည်၏။

မကေ...
အုန်းသီးထက်... ပိုအရေးကြီးတာ ???
ကျွန်တော်က အစွဲအလန်းကြီးလွန်းတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖျောက်ဖျက်ဖို့ ခက်တယ်လေ။ အယ်ငှဲ...

ကိုလူအေးရေ...
ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေဗျာ။

ကိုအောင်သာငယ်ရေ...
ကျွန်တော့်ပို့စ်တွေမှာ တခါမှ ကွန့်မန့် ၀င်မပေးပေမယ့် အခုတစ်ခါမှာ ကွန့်မန့် ပေးတဲ့အတွက် နောက်ဆုံးအဖြေကတော့ ကျွန်တော့်ဘလော့မှာ ကွန့်မန့် ပေးခဲ့ခြင်းပါပဲလေ။ ဒါကြောင့် ခွင့်လွှတ်ပါလို့ တောင်းပန်စရာ မလိုပါဘူးဗျာ။ ရပါတယ် ခင်ဗျ။

mirror said...

ကိုဂျူလိုင်ရေ..ညီမလဲ စိတ်ကူးပေါ်ခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။....။
ကောင်းမှုကုသိုလ်တွေ အတွက် သာဓုခေါ်ပါတယ်..တကယ်..။
အထဲမှာ လုပ်ရင်တော့ ညီမလဲပါချင်တယ်လေ..။

ခင်မင်းဇော် said...

တူကလေး ဂျူလိုင်...
ကောင်းကောင်းနေပါ...
ဘ၀အတွက် ကောမန့်များများပေး ပေးမယ်...
ချင်းစိမ်းနဲ့ မိဿလင်ပေါ့...
အသက် ၃၀ ကျော်မှ စဉ်းစားပါဟဟဟ..
:P