.:: Download Myanmar Font (WinKalaw New Version) HERE ::.

Friday, October 31, 2008

Trick-or-Treat

Halloween အထိမ်းအမှတ် စာမရေးဘူးလားလို့ အတွေးရပ်ဝန်းထဲက ဂဏန်းမလေး ဆုဝေက မေးပါတယ်။ မြန်မာပြည်မှာတော့ သရဲဇာတ်လမ်းတွေ ဘာသာပြန်တာ ခေတ်စားနေတယ်ဆိုပဲ။ YDC က လုပ်တဲ့ Youth Favourites 2008 ရဲ့ Theme တစ်ခုက Trick-or-Treat ပဲဆိုတော့ ရှေ့ကပို့စ်တွေမှာ အဲဒီအကြောင်းတွေကို ရေးခဲ့ပြီးသလို ခံစားနေမိတယ်။ တကူးတက ရေးစရာလည်း သိပ်မရှိပါဘူး။

အခုတလော အလုပ်က အတော်လေး များပါတယ်။ လူမှုရေးအလုပ်တွေလည်း အတော်ကို များခဲ့သလို ရုံးအလုပ်တွေလည်း များပါတယ်။ အားတဲ့အချိန် မရှိသလောက်ပါပဲ။ Blog တွေတောင် အရင်လို အားရပါးရ မလည်ဖြစ်ပါဘူး။ ဒါပေမယ့် Facebook ထဲက Trick-or-Treat ဆိုတဲ့ ဂိမ်းလေးကိုတော့ ဆော့ဖြစ်ခဲ့ပါတယ်။ အဲဒီဂီမ်းလေးက အောက်တိုဘာ ၁၆ ရက်နေ့ကတည်းက စ ဖွင့်ထားပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့ အထိပေါ့။ ကျွန်တော့်ကတော့ ၁၇ ရက်နေ့မှ စ ဆော့ဖြစ်ခဲ့ပါတယ်။ ကြားထဲမှာလည်း မဆော့ဖြစ်တာ များပါတယ်။ ဆော့ဖြစ်ရင်လည်း အကြာကြီး မဆော့ဖြစ်ခဲ့ပါဘူး။

ဂိမ်းက အထွေအထူး မဟုတ်ပါဘူး။ Facebook ထဲက သူငယ်ချင်းတွေ တခြားလူတွေဆီကို လျှောက်လည်ရင်း အိမ်တံခါးခေါက်ရပါတယ်။ တံခါးပွင့်လာရင် တစ္ဆေလေးက မုန့်ဗန်းကြီးတစ်ခုခု ကိုင်ပြီး စောင့်နေတာလည်း ဖြစ်နိုင်သလို ဘာတစ်ခုမှ မရှိတာလည်း ဖြစ်နိုင်ပါတယ်။ တခါတလေ ကျရင် တစ္ဆေလေးက မုန့်လေး ကိုင်ပြီး စောင့်နေပေမယ့် တကယ်တမ်း ယူလိုက်တဲ့အခါ ဘာမှ ပါမလာတာလည်း ရှိပြန်ပါတယ်။ တချို့လူတွေဆီမှာ မုန့်တွေက ဒီအတိုင်း ယူလို့မရပါဘူး။ သူတို့ကို မုန့်ပြန်ကျွေးရတာ ရှိသလို လက်ဆောင် ပြန်ပေးရတာလည်း ရှိပါတယ်။ မုန့်တွေက ဈေးမကြီးပေမယ့် အဲဒီမုန့်နဲ့အတူ ရတဲ့ Trick-or-treat Points အမှတ်လေးတွေကို လိုချင်လို့ ဆော့ကြတာများပါတယ်။

Trick-or-treat Points အမှတ်တွေနဲ့ အရုပ်လေးတွေ အမှတ်တရ ပစ္စည်းလေးတွေ ၀ယ်လို့ရပါတယ်။ ကိုယ်ဝယ်ထားတဲ့ ပစ္စည်းတွေနဲ့ အလှဆင်လို့ရပါတယ်။ အပေါ်ဆုံးမှာ ပြထားတဲ့ ပုံလေးက ကျွန်တော့် Facebook မှာ အလှဆင်ထားတဲ့ ပုံလေးပါ။ ကျွန်တော်ကတော့ ပွဲစဉ် အစအဆုံး ၁၉၅ မှတ် ရပါတယ်။ ကျွန်တော့် Facebook ထဲမှာ ရှိနေတဲ့ လမ်းအိုကလေး အီးမိုးရှင်းနယ် မမေက ၂၉၀ မှတ် ရပါတယ်။ နှင်းဆီနီနီ အိမ်မက်က ၂၆၇ မှတ် ရခဲ့ကြပါတယ်။ နှင်းဆီနီနီက ဒီတစ်ခေါက် ကျွန်တော်ထက် သာသွားလို့ အပျော်လွန်ပြီး ၀ိတ်လျှော့ဖို့ ကြိုးစားနေပါတယ်။ ယောဂကျင့်စဉ်လည်း လေ့လာနေတယ်လို့ ကြားမိပါတယ်။

ဘာရယ်တော့ မဟုတ်ပါဘူး။ Halloween အမှတ်တရလေး မရေးဘူးလား မေးလို့ ရေးလိုက်တာပါ။

Thursday, October 30, 2008

Got promotion

စီးပွါးပျက်ကပ်ကြီး ဆိုက်နေတော့ တချို့အလုပ်တွေမှာ လူတွေ လျှော့တယ်။ တချို့တွေကျတော့ လခတော့ အလျှော့ခံရတယ်။ တချို့တွေကျတော့ ပိုနေမြဲ ကျားနေမြဲပါပဲ။ ကိုယ်တွေ အလုပ်လည်း ဘယ်နေ့ ဘာတွေ ဖြစ်မလဲဆိုပြီး စိုးတထိတ်ထိတ်နဲ့ပဲပေါ့။ သိပ်တော့ စိတ်မပူပါဘူး။ မြန်မာပြည်ရလည်း ထမင်းငတ်သေမယ့် လူမှ မဟုတ်တာ။ အမေရှိရင် ငွေရှိတယ်ပဲလေ။ အဟက်...

ဒီနေ့ ရုံးရောက်တော့ စီနီယာမန်နေဂျာက သူ့အခန်းထဲကို လာခဲ့ပါအုံးဆိုပြီး ဖုန်းလှမ်းဆက်တယ်။ ရုံးတက်တာ အမြဲနောက်ကျလို့ပဲ တရားဟောတော့မလားပေါ့။ ဟောလည်း ဘာမှမဖြစ်ပါဘူး။ ကိုယ်က ညကြီးမိုးချုပ် အလုပ်လုပ်နေရတော့ မနက်စောစော မထနိုင်တာ မဆန်းပါဘူးလေ။ ဒီတော့ အေးဆေးပါဆိုပြီး သူ့အခန်းထဲ ၀င်သွားလိုက်တယ်။ သူက စာတစ်စောင် ထုတ်ပေးတယ်။ ရုံးနောက်ကျလို့ အလုပ်ပါ ဖြုတ်လိုက်တာလားပေါ့။ သူက ဖွင့်ကြည့်ပါလို့ ခပ်တည်တည်နဲ့ ပြောတယ်။ ဒါနဲ့ ဖွင့်ကြည့်လိုက်တာပေါ့။ အဟဲ...

PROMOTION
In recognition of your good performance, the Management has decided to promote you to Senior Consultant with effect from 1 October 2008, subject to the following:
...
...
...
ဆိုပြီး ရေးထားတာကို ဖတ်လိုက်ရတယ်။ ဟေး ဟေး... နိပ်သဟ ရှယ်ပဲ။ အလုပ်တောင် မပြုတ်တဲ့အပြင် ရာထူးပါ တိုးသွားသေးတယ်။ နောက် Pay Slip ထုတ်ပေးတော့ စာထဲမှာ ပါတဲ့အတိုင်း လခကလည်း ပြောင်းနေပြီ။ အရင် လခထက် ၅၀၀ ကျော်လောက် ခုန်တက်သွားတယ်။

ဒီအလုပ်က စင်္ကာပူမှာ ပထမဦးဆုံး ၀င်လုပ်တဲ့ အလုပ်ပါ။ ၁ နှစ်ခွဲတိတိ ရှိတဲ့နေ့မှာ ရာထူးတိုးပေးခံရတာပါ။ ၀င်ကာစ ၆ လ အတွင်းမှာတော့ ဘာမှမလုပ်တတ် မကိုင်တတ်နဲ့ အတော်လေး ရုန်းကန်ခဲ့ရတယ်။ ဘာမှ မခိုင်းပဲ အလှထားထားတာ ၃ လ လောက်ရှိတယ်။ ကိုယ့်အပေါ်က လူကြီးတွေ အလုပ်ထွက်ပြီး လူခဏခဏ ပြောင်းတော့ ကိုယ်လည်း ကြားလွတ် လွတ်နေပြီး အလုပ်ရယ်လို့ မယ်မယ်ရရ မရှိခဲ့တာပေါ့။ ထမင်းသိုး ဟင်းသိုးလေး ဖြစ်နေခဲ့ရတယ်။

၁ နှစ်လောက်ရှိတဲ့အခါမှာ ရုံးမှာ နေရာလေး ရလာခဲ့တယ်။ တရုတ်ပြည်ကနေ စလုံးမှာ အခြေလာစိုက်တဲ့ မန်နေဂျာတစ်ယောက်ရဲ့ နေရာပေးမှုကြောင့်ပေါ့။ သူက အလုပ်တော်တော်များကို ကျွန်တော့်ကို တာဝန်ယူ လုပ်ခိုင်းတယ်။ သူ့ကျေးဇူးတွေကြောင့် အဲဒီနောက်ပိုင်းမှာ တောက်လျှောက်နီးပါး အဆင်ပြေလာခဲ့တယ်။ အတော်များများကို လုပ်ကိုင်ခွင့် ရလာတယ်။ အစက ပရောဂျက် ၃ ခုလောက်ပဲ ကိုင်ထားရတာကနေ အခုဆို ပရောဂျက် ၁၅ ခုလောက် လက်ထဲမှာ ရောက်နေပြီ။ စိန်ဗေဒါ ဆိုင်းတီးသလို လူလည်း ပတ်ချာလည်နေပြီ။ လက်သံလည်း ပြောင်လာတယ်။

ကျွန်တော့်ဌာနရဲ့ စီနီယာမန်နေဂျာကတော့ ပြောပါသေးတယ်။ နောက်ထပ် ရာထူးတစ်ဆင့် တိုးဖို့အတွက် ထပ်ကြိုးစားပါတဲ့။ အဖြေကတော့... ဟုတ်ကဲ့ ကြိုးစားပါမယ်ပေါ့။ အဲဒီ ရာထူးနောက်တစ်ဆင့် တိုးရင် ကောင်းတာတွေ ရှိသလို မကောင်းတာလဲ ရှိပါတယ်။ ကောင်းတော့ကောင်းတယ်... မျက်စိစပ်တယ် ဆိုတာမျိုးကြီးပေါ့။ ကောင်းတာကတော့ လခတိုးလာမယ်ပေါ့။ မကောင်းတာတစ်ခုက အလုပ်ထွက်ချင်ရင် ၂ လကြိုပြီး ထွက်စာတင်ရမယ့် နေရာကြီး ဖြစ်နေတယ်။ လက်ရှိ ကျွန်တော့်နေရာက အလုပ်ပြောင်းချင်ရင် ၁ လကြိုပြီး စာတင်ရုံပါပဲလေ။

ဘာရယ်တော့ မဟုတ်ပါဘူး။ လခတိုး ရာထူးတိုးတဲ့အကြောင်းကို မှတ်တမ်းတင်ထားတာပါ။ ကြွားချင်လို့ ကြွားတာ မဟုတ်ပါဘူး။ ဒါကြောင့် မုန့်ဝယ်ကျွေးပါ လက်ဖက်ရည်တိုက်ပါလို့ ပြောချင်တဲ့သူများ ကျွန်တော့်ကို ဂုဏ်ပြုတဲ့အနေနဲ့ ညစာစားပွဲတစ်ခုလောက် အရင်တည်ခင်းဧည်ခံပေးပါလို့ ဦးစွာပထမ ပြောကြားလိုပါတယ် ခင်ဗျာ။ ဟဟ...

Tuesday, October 28, 2008

Me & Youth Favourites

တနင်္ဂနွေနေ့မှာ မနက် ၉ နာရီခွဲမှ အိပ်ရာနိုးတယ်။ စနေနေ့ညက စောစော အိပ်ရာဝင်ပေမယ့် မနက် ၃ နာရီလောက်ကြီး နှိုးနေခဲ့တယ်။ ခြေထောက်တွေလည်း ကိုက်ခဲလို့ပေါ့။ ဒါနဲ့ ဦးစိုင်း အကြောပြေလိမ်းဆေး လိမ်းလိုက်တယ်။ အိပ်လို့မရတာနဲ့ ဘလော့မှာလည်း ဓါတ်ပုံတွေ တင်လိုက်တာ မနက် ၆ နာရီကျော်သွားရော။ အိပ်အုံးမှပဲဆိုပြီး ပြန်အိပ်လိုက်တာ မနက် ၉ နာရီကျော်မှ နှိုးတဲ့အဖြစ်ကို ရောက်ပါလေရောဗျာ။ အဲဒါနဲ့ပဲ ကမန်းကတမ်း ရေမိုးချိုး အ၀တ်စားလဲ၊ အိမ်က အစ်ကိုတစ်ယောက် ဖျော်ပေးထားတဲ့ ကော်ဖီကို အမြန် မော့ချပြီး Dohby Ghautကို ၁၁ နာရီ ၁၀ မိနစ်ကျော်မှ ရောက်ခဲ့တယ်။

ဟိုရောက်တော့ YDC Booth ကို အရင်ဝင်လိုက်တယ်။ တနင်္ဂနွေနေ့မှာ NUS က ကျောင်းသားတွေရယ် ITE က တခြားမေဂျာက ကျောင်းသားတွေရယ် အများကြီး ရောက်နေတော့ ကိုယ်လည်း Refreshment Area မှာပဲ လုပ်အားပေးနေလိုက်တယ်။ ဧည့်ခံကျွေးမွေး လက်ဆောင်ပေးပေါ့။ Youth Camp ၀င်ခဲ့တဲ့ တချို့လည်း သွေးလာလှူတာ တွေ့ခဲ့ရတယ်။ တနင်္ဂနွေနေ့မှာ Fairies လုပ်တဲ့အဖွဲ့က စနေနေ့မှာ Fairies လုပ်ခဲ့တဲ့ Raffles Secondary ကျောင်းသူလေးတွေ မဟုတ်တော့ဘူး။ NUS မှာ တက်နေတဲ့ ဗီယက်နမ်မလေးတွေ။ Fairiesလုပ်တဲ့ တစ်ယောက်က မျက်မှန်လေးနဲ့ ချောတယ်ဗျ။ သူတို့က လူကြီးပိုင်းဆိုတော့ ဓါတ်ပုံရိုက်ရတာ အဆင်ပြေလှပါတယ်။ ဟိုကလေးတွေတုန်းက ရှက်လို့လားမသိဘူး။ သေသေချာချာ ဓါတ်ပုံအရိုက်မခံကြဘူး။ ပတ်ပြေးနေကြတယ်။

YDC က တစ်ယောက်က အကူအညီတောင်းတာနဲ့ ဘူတာအပြင်ထွက်ပြီး ပလာဇာစင်္ကာပူရ အနားတ၀ိုက်မှာ မနက်ပိုင်းကနေ နေ့လည် ၂ ချက်ကျော်အထိ လက်ကမ်းစာစောင်တွေ ဝေတဲ့အလုပ်ကို ကူပေးပါတယ်။ တကယ်ဆို ကျွန်တော် လုပ်စရာ မလိုပါဘူး။ ITE ကျောင်းက ကျောင်းသားတွေ အများကြီးပဲ အဲဒီအလုပ်ကို လုပ်နေကြတာ။ ခက်တာက အဲဒီကျောင်းသားတွေက အခုမှ Volunteer စလုပ်ဖူးတာ။ ဟေးလား ၀ါးလားတွေ ဖြစ်နေကြတယ်။ ဒါကြောင့် ကျွန်တော်ပါ အဲဒီ အလုပ်ကို ၀င်လုပ်နေခဲ့ရတယ်။ အဲဒီမှာပဲ လက်ကမ်းစာစောင် ဝေတဲ့အလုပ်အပြင် ပူဖောင်းလုပ်တဲ့ ပူဖောင်းသည်ပါ ဖြစ်သွားခဲ့ရတယ်။ ဘူတာအ၀က လှေကားထစ်မှာ ထိုင်ရင်း ဖြတ်သွားဖြတ်လာ ကလေးတွေကို လက်ဆောင်ပေးဖို့အတွက် ပူဖောင်းတွေ လုပ်ပေးနေတာကို တချို့မိဘတွေက ပူဖောင်းရောင်းတယ် ထင်ပြီး ပူဖောင်းတစ်လုံး ဘယ်လောက်လဲ လာမေးနေကြသေးတယ်။ ကြည့်ရတာ ဥပဓိရုပ်ကြောင့် ထင်တယ်။ မချိပြုံးလေးပဲ ခေါ်ရမလားပေါ့။ ပြုံးပြုံးလေးနဲ့ ပြန်ဖြေပေးလိုက်တယ်။ အလကား ပေးနေတာပါဗျာ။

ပူဖောင်းသည် လုပ်နေရတာနဲ့ အတော်လေး ပင်ပန်းတယ်။ နေကလည်း ပူသလို ရေလည်း ငတ်လှပြီ။ အဲဒါနဲ့ အောက်ကို ခဏပြန်ဆင်းလာပြီး ရေသွားသောက်ကြတယ်။ အောက်ရောက်တော့ Blood Buddyကြီးနဲ့အတူ HarbourFront ကို လိုက်သွားပြီး ကြီးကြပ်ပေးပါတဲ့။ ဓါတ်ပုံလည်း ရိုက်ခဲ့ပေးပါတဲ့။ ဒါနဲ့ပဲ Fairiesအဖွဲ့ ဗီယက်နမ်မလေး ၄ ယောက်နဲ့ Blood Buddyကြီးကို ခေါ်ပြီး ဘူတာထဲကို ၀င်လာခဲ့တယ်။ ဘူတာ အ၀င်အထွက်က လက်မှတ်ဖြတ်စရာ မလိုပါဘူး။ ဘူတာဝန်ထမ်းတွေ ၀င်ထွက်တဲ့ ဘေးအပေါက်ကနေပဲ ၀င်ထွက်ရပါတယ်။ ရထား အလကားစီးရတဲ့ သဘောပေါ့။ HarbourFornt မှာလည်း ITE ကျောင်းက တစ်ဖွဲ့ လက်ကမ်းစာစောင်တွေ ဝေငှပြီး သွေးလှူရှင် စုဆောင်းရေး လုပ်နေကြပါတယ်။ ခက်တာက သူတို့လည်း ယောင်ချာချာပဲ။ တစ်နေရာမှာပဲ ဆယ်ယောက်လောက် စုနေပြီး အလုပ်မဖြစ်ကြဘူး။ လူများပြီး ပွဲမစည်ဆိုတာ ဒါမျိုးပေါ့။

ဟိုရောက်တော့ လူအတော်စည်ပါတယ်။ အဲဒီမှာ Vivo City တို့ Sentosa တို့ ရှိတော့ နိုင်ငံခြားသား ခရီးသည်တွေလည်း များပါတယ်။ ရထားဂိတ်ဆုံး ဘူတာဖြစ်တာကြောင့်လည်း ရထားတစ်စီး ဆိုက်လာရင် ဆင်းလာတဲ့ ခရီးသည်ကလည်း မနည်းမနှောပါ။ ခရီးသည်တွေထဲမှာ ကလေးတွေ ပါလာရင် သေချာပါတယ်။ ကလေးတွေ Blood Buddy အရုပ်ကြီးနားကို ရောက်လာကြပြီး လာနှုတ်ဆက်ကြမှာပါ။ တချို့တွေက အရုပ်ကြီးကို လက်နှစ်ဘက်နဲ့ ဖက်ထားကြပါတယ်။ မိဘတွေကလည်း ကလေးတွေကို Blood Buddyနဲ့တွဲပြီး ဓါတ်ပုံရိုက်ကြတယ်။ ကလေးတင် မဟုတ်ပါဘူး။ လူကြီးအချို့လည်း အမှတ်တရ ဓါတ်ပုံဝင်ရိုက်ကြပါတယ်။ အများစုကတော့ Blood Buddyနဲ့ အတူ ဓါတ်ပုံရိုက်ကြတာပါ။

တချို့တလေကတော့ Fairies ၀တ်စုံလေး ၀တ်ထားတဲ့ ဗီယက်နမ်မလေးနဲ့တွဲပြီး ဓါတ်ပုံရိုက်ချင်ကြပါတယ်။ ပြီးတော့ သူတို့ဆီကို ပြန်ပို့ပေးဖို့အတွက် အီးမေးလ်တွေပါ ပေးသွားပါသေးတယ်။ ညပြန်ရောက်ရင် ဆက်ဆက်ပို့ပေးဖို့ မှာသွားသေးတယ်ဗျာ။ HarbourFront ဘူတာမှာ ၁ နာရီကျော်လောက် အချိန်ပေးပြီး ဓါတ်ပုံရိုက်ခံခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ Dhoby Ghautကို ပြန်လာဖို့အတွက် YDCအဖွဲ့ဝင် တစ်ယောက်က လက်ကမ်းစာစောင်တွေ ထပ်လာပို့ရင်း ဘူတာမှာ စောင့်နေပါတယ်။ ဒါနဲ့ ရထားပေါ် ပြန်တက်ခဲ့ပြီး Dhoby Ghautကို ပြန်လာခဲ့ပါတော့တယ်။ ဒီတစ်ခေါက်ကျတော့ ရထားက လူကျပ်တယ်ခင်ဗျ။ Blood Buddy ထွက်ဖို့နေရာကို အတော်လေး ပြင်ဆင်ယူခဲ့ရတယ်။

Dhoby Ghaut ကို ရောက်တော့ ဘူတာအပေါ်ကို ပြန်တက်ပြီး အပြင်ထွက်ခဲ့ကြပါတယ်။ Blood Buddy အရုပ်ကြီးကို ပလာဇာစင်္ကာပူရ အနားတ၀ိုက်မှာ ဟိုဟိုဒီဒီ လျှောက်သွားခိုင်းခဲ့ပါတယ်။ အရုပ်ကြီးအထဲမှာ ၀င်နေရတဲ့ ကျောင်းသားလေးကတော့ အတော်ပူနေရှာမှာပါ။ ဒါပေမယ့် သူက မငြီးမငြူ လုပ်ပေးရှာပါတယ်။ အဲဒီမှာ သူ့ကျောင်းက သူငယ်ချင်းတွေ ရှိနေပြန်တော့ သူလည်း တော်တော်နဲ့ ဘူတာထဲ ပြန်မ၀င်ဖြစ်ခဲ့ပါဘူး။ အဲဒီမှာလည်း ကလေးတွေ လာနှုတ်ဆက်ကြသလို ဓါတ်ပုံရိုက်ကြသလို လူငယ်ပိုင်းတွေလည်း အစုလိုက် ဓါတ်ပုံရိုက်ကြပါတယ်။ သွေးလှူဖြစ် မဖြစ် မသေချာပေမယ့် YDCရဲ့ သွေးနဲ့ပါတ်သတ်တဲ့ လှုပ်ရှားမှုတစ်ခုကို သူတို့ သိရှိသွားစေပါတယ်။ တချို့တလေကတော့ ဘူတာထဲ ချက်ချင်းဆင်းသွားပြီး သွေးသွားလှူကြပါတယ်။ နာရီဝက်ကျော်လောက်မှာ Blood Buddyကို ဘူတာထဲကို ပြန်ခေါ်သွားလိုက်တယ်။ ဘူတာထဲမှာက Air Con ရှိတော့ သိပ်မပူဘူးလေ။ အောက်ရောက်တာနဲ့ ဘူတာ တစ်ပတ် ပတ်လိုက်ပါတယ်။ ပြီးတော့ သူ့ အရုပ်ကြီးကို ချွတ်ခိုင်းလိုက်ပါတော့တယ်။ သူလည်း အထဲမှာနေရတာ အတော်လေး ချွေးတွေပြန်ပြီး မျက်နှာကြီး တစ်ခုလုံး နီရဲတွတ်နေတာပါပဲဗျာ။

ညနေပိုင်းမှာတော့ ကျွန်တော် Refreshment Areaမှာပဲ နေပြီး ကျွေးမွေးဧည့်ခံရေး လုပ်နေလိုက်ပါတယ်။ ဒါတောင် Form Filling ပိုင်းမှာ တစ်ချက်လောက် ကူပါအုံးဆိုလို့ သွားလုပ်ပေးရသေးတယ်။ ဖြည့်ပြီးသား Form တွေကို Registration လုပ်ဖို့ Q Number ပေးတဲ့နေရာမှာပေါ့။ ဒါပေမယ့် အဲဒီမှာ သိပ်မကြာပါဘူး။ Refreshment Area ပဲ ပြန်ရောက်လာပြီး ကျွေးမွေးဧည့်ခံ လက်ဆောင်ပေးတဲ့ အလုပ်ပဲ လုပ်တော့တယ်။ တနင်္ဂနွေနေ့မှာလည်း Register လုပ်တာ ၂၆၀ ကျော်ပါတယ်။ သွေးလုံးရေ ဘယ်လောက် စုမိလဲဆိုတာတော့ မသိလိုက်ဘူး။ နောက်ဆုံးပိတ်လေးမှာ YDC အဖွဲ့ဝင်တွေပါ သွေးလှူကြပါတယ်။ ၆ နာရီခွဲမှာပဲ အားလုံး ပြီးပါတယ်။ ဒါနဲ့ပဲ စနစ်တကျ ဖြုတ်သိမ်းရပါတယ်။ ပြန်ဖြုတ်သိမ်းလာတဲ့ နဖူးစည်းစာတန်းကြီးနဲ့ အဖွဲ့လိုက် ဓါတ်ပုံစုရိုက်ကြပါတယ်။

ဒီတစ်ခါတော့ ပစ္စည်းတွေကို သွေးဘဏ်ကို ပြန်ပို့ရမှာ ဖြစ်လို့ ဘူတာအပြင်ဘက်ကို သယ်ထုတ်ယူရပါတယ်။ ပြီးတော့ စင်္ကာပူကြက်ခြေနီကားပေးကို တင်ရပါတယ်။ အမှိုက်တွေလည်း သွားပစ်ရပါတယ်။ သွေးဘဏ်က ပစ္စည်းတွေကတော့ Logistics Companyကို အပ်ထားတော့ သူတို့ဝန်ထမ်းတွေ လာသယ်ကြပါတယ်။ YDC နဲ့ ပတ်သတ်တဲ့ ပစ္စည်းအားလုံးကို ကားပေါ်တင်ပြီးတော့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ ဘူတာထဲမှာပဲ အစည်းအဝေး ပြန်ထိုင်ကြပါတယ်။ အများစု တင်ပြတာကတော့ ITEက လာတဲ့ Nursing မဟုတ်တဲ့ ကျောင်းသားအချို့ ဝေလေလေ လုပ်ကြတဲ့ကိစ္စပါပဲ။ သူတို့လေးတွေမှာ လုပ်ချင်ကိုင်ချင်စိတ် ရှိကြပေမယ့် မနေတတ် မထိုင်တတ်ပုံပါပဲ။ နောက်ပွဲတွေမှာ ဒါမျိုးမဖြစ်အောင် လုပ်ရမယ့်အပိုင်းတွေကို အကြံပေး ဆွေးနွေးပြီး Youth Favourites 2008 ပွဲကြီး အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။

ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က မေးပါတယ်။ မင်း ဘာတွေရလို့ ဒါတွေကို အချိန်ပေး အပင်ပန်းခံ လုပ်နေတာလဲတဲ့။ တကယ်တော့ ကျွန်တော် ရလိုက်တာက ည ၁၀ နာရီမှာ ၀င်လာတဲ့ SMS လေးတစ်ခုပါပဲ။ အဲဒီမှာ ဘာရေးထားသလဲ ဆိုတော့ ...
Thanks guys! Its been a tiring weekend for all of us but definitely a great one!
Everything would not have been so easy without you all.
A biggggggg thank you to all.

Monday, October 27, 2008

Youth Favourites & Me

စနေနေ့ မနက် ၈ နာရီခွဲကျော်ကျော် အိပ်ရာထ၊ ရေမိုးချိုး၊ မနက်စာ အနည်းငယ် စားသောက်ပြီး ဘူတာကို ၉ နာရီခွဲလောက် ထွက်လာခဲ့တယ်။ အနီလိုင်းပေါ်ကနေပဲ သွားလိုက်တယ်။ Dohby Ghaut ဘူတာကို ၁၀ နာရီမခွဲခင် ရောက်တယ်။ ခရမ်းရောင် ဘူတာဘက်ကို လမ်းဆက်လျှောက်ခဲ့တာ ၁၀ နာရီခွဲလောက် Youth Favourites 2008 လုပ်တဲ့ နေရာကို ရောက်ခဲ့ပါတယ်။ အဲဒါနဲ့ YDC Booth မှာ ရောက်ရှိကြောင်း သတင်းပို့လိုက်တယ်။ YDC က လူတော့ မစုံသေးဘူး။ တချို့တွေကတော့ နေ့လည်စာ သွားစားနေကြတယ်။ ရောက်ရောက်ချင်းမှာ Refreshment Area အတွက် Decoration ၀ိုင်းလုပ်ပေးပါတယ်။ ပင်ကူမျှင်တွေမှာ တပ်ဖို့ ပင့်ကူလေးတွေကို အမည်းရောင်အကျားလေးတွေ ဖြစ်အောင် အရောင်ချယ်ပါတယ်။ ပြီးတော့ အဲဒီ ပင့်ကူတွေကို ပင့်ကူမျှင်တွေမှာ လိုက်ထည့်ပါတယ်။ တချို့ကို စားပွဲပေါ်မှာ ဟိုဟိုဒီဒီ တင်ထားပါတယ်။ ပိုနေတဲ့ ပင့်ကူတွေကို Form Fill Area နဲ့ Registration Area က စားပွဲတွေပေါ်မှာ သွားတင် ပေးထားလိုက်တယ်။ အဲဒါတွေအပြင် လိုအပ်တဲ့ ကုလားထိုင်တွေ ခင်းကျင်းမှုတွေကို ၀ိုင်းလုပ်ပေးခဲ့တယ်။

မနက်ပိုင်းမှာ သွေးလာလှူတဲ့ လူက အတော်နည်းပါတယ်။ ဖြတ်သွားဖြတ်လာ လူလည်း နည်းပါသေးတယ်။ ဒါနဲ့ပဲ ဘူတာအထဲမှာ သွေးလှူပွဲအတွက် ခင်းကျင်းထားတဲ့ နေရာအစုံကို ဓါတ်ပုံတွေ လျှောက်ရိုက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Blood Buddy အရုပ်ကြီး အဆင်သင့်ဖြစ်တာနဲ့ ဘူတာထဲကနေ ပလာဇာစင်္ကာပူရဘက်ကို ထွက်လာခဲ့တယ်။ ITE က Nursing တက်နေတဲ့ ကျောင်းသူ ၂ ဦးလည်း အရုပ်ကြီးကို ခြံရံလို့ပေါ့။ သူတို့တွေက လက်ကမ်းစာစောင် ဝေငှရင်း ဘူတာထဲမှာ သွေးလှူပွဲရှိကြောင်း ပြောဆိုစည်းရုံးကြတာပေါ့။ ကလေးတွေကတော့ အရုပ်ကြီးကို လက်ဆွဲနှုတ်ဆက်ကြတယ်။ အရုပ်ကြီးနဲ့ တွဲပြီး ဓါတ်ပုံရိုက်ကြတယ်။ ကလေးတွေနဲ့ အတူပါလာကြတဲ့ လူကြီးမိဘတွေကို သွေးလှူဖို့ တိုက်တွန်းကြပါတယ်။ အနီးအနားက ဘတ်စ်ကားဂိတ်မှာလည်း လက်ကမ်းစာစောင်တွေ ဝေငှကြပါတယ်။ အဲဒီအချိန်မှာတော့ ကျွန်တော်ဇူလိုင်က ဓါတ်ပုံဆရာပေါ့ဗျာ။

အပေါ်မှာ မိနစ် ၃၀ လောက် ကြာပြီးတဲ့နောက် အတော်ပူတာနဲ့ ဘူတာထဲကို ပြန်ဆင်းလာခဲ့ပါတယ်။ ဘူတာထဲမှာပဲ အရုပ်ကြီးကို ဟိုဟိုဒီဒီ လမ်းသလားခိုင်းထားလိုက်တယ်။ စက်လှေကားနဲ့ အတက်အဆင်း လုပ်နေတဲ့ လူတွေကို လက်ဝှေ့ယမ်း နှုတ်ဆက်ခိုင်းထားခဲ့တယ်။ အရုပ်ကြီး ဘေးနားမှာတော့ Volunteer ၂ ယောက်လောက် အကူသဘောမျိုး ထားပေးထားရပါတယ်။ ပိုစတာတွေ နဖူးစီးစာတန်းတွေ ချိတ်ထားပေးမယ် လူတွေက အဲဒီလောက်ထိ ဂရုမပြုမိကြဘူး။ အရုပ်ကြီးကျမှ သွေးလှူပွဲရှိကြောင်းကို သတိထားမိကြတယ်။ အဲဒါနဲ့ Blood Buddy ကြီးကို HarbourFront NET Station ကို Fairies တို့ ၄ ယောက်အဖွဲ့နဲ့အတူ လွှတ်လိုက်တယ်။ အခြား လုပ်အားပေးဓါတ်ပုံဆရာတွေ ထပ်ရောက်လာတာနဲ့ သူတို့ကိုပဲ လွှတ်လိုက်ပြီး အဲဒီဘက်ကို ကျွန်တော် မလိုက်သွားတော့ဘူး။ စနေနေ့က လုပ်အားပေးတဲ့ Volunteer နည်းတယ်။ ဒါကြောင့် Dohby Ghout မှာပဲ နေခဲ့တယ်။

Fairies တို့တွေ HarbourFront ကို ထွက်သွားတော့ ကျွန်တော်လည်း Form Filling, Registration နဲ့ Blood Collection ဘက်က Volunteer တွေကို လိုအပ်တာတွေ ၀ိုင်းကူပေးနေလိုက်တယ်။ ကျွန်တော်တို့ YDC က နေရာတစ်ခုကို သတ်သတ်မှတ်မှတ် တာဝန်မယူရပါဘူး။ Blood Drive Orgaizer ဖြစ်လို့ Overall ကို ကြီးကြပ်ပံ့ပိုးပေးရတာပါ။ သြော်... ပြောရအုံးမယ်။ Fairies လုပ်တဲ့ Volunteer က Raffles Secondary ကပါ။ သူ့မှာ အမွှာအစ်မ ရှိကြောင်း ကျွန်တော်က မသိဘူး။ နောက်ထပ် နာရီဝက်လောက် အကြာမှာ ကျွန်တော် Refreshment Area ကို တစ်ခေါက် ပြန်ရောက်လာခဲ့ပါတယ်။ သွေးလှူရှင်တွေကို ဧည့်ခံ ကျွေးမွေးရင်းနဲ့ အနောက်နားက YDC Booth ကို လှမ်းကြည့်လိုက်တော့ Fairies လေးက YDCတီရှပ်လေး ၀တ်ထားပြီး လုပ်အားပေးနေတယ်။ အစောပိုင်းလေးကပဲ Blood Buddy အရုပ်ကြီးနဲ့ တစ်ဖွဲ့လုံးပါသွားတာ ဘယ်နဲ့လုပ်ပြီး တစ်ယောက်တည်း ပြန်ရောက်လာတာလဲပေါ့။ အဲဒါနဲ့ သွားမေးကြည့်တော့ သူတို့က အမွှာညီအစ်မတဲ့ဗျာ။ တကယ့်ကို ချစ်စရာလေးတွေ။ ယဉ်ယဉ်ကျေးကျေးလည်း ရှိလှတယ်။ မိဘတွေ တော်လို့နေမှာပါ။

HabourFront ကို သွားပြီး Recruitment လုပ်တဲ့အဖွဲ့ကြောင့် Dohby Ghout မှာ သွေးလာလှူတဲ့ သွေးလှူရှင် အတော်လေး များလာပါတယ်။ နေရာတိုင်းမှာ ထိုင်စောင့်နေရတဲ့သူတွေ မနည်းမနှောပါပဲ။ Form Filling မှာလည်း Form ဖြည့်နေတဲ့သူတွေ အများကြီး။ HB Test မှာလည်း ၆ ယောက် ၇ ယောက်လောက် စောင့်နေရတယ်။ သွေးလှူရမယ့် နေရာမှာတော့ ၁၅ ယောက်လောက် စောင့်ရတဲ့အထိ ဖြစ်လာကြတယ်။ သွေးဖောက်ယူတဲ့ ကုတင်တွေမှာ အနားယူတဲ့ သွေးလှူရှင်တွေကို အခြားသီးသန့် ကုတင်တွေပေါ်ကို ပြောင်းပြီး နားခိုင်းရတယ်။ ပတ္တီးစီးပေးဖို့ကို သွေးဘဏ်က Nurse တွေ မလုပ်နိုင်တော့ဘူး။ သွေးဖောက်တာ၊ သွေးအပ် ပြန်ဖြုတ်ရတာ၊ သွေးအိတ်သိမ်းရတာနဲ့ အလုပ်တွေ အတော်များကုန်တယ်။ အဲဒါနဲ့ပဲ ITE ကျောင်းက Nursing တက်နေတဲ့ ကျောင်းသူတစ်ယောက်နဲ့ ကျွန်တော်ရယ် ၀ိုင်းပြီးကူပေးခဲ့လိုက်တယ်။ သွေးဖောက်ထားတဲ့ အပ်ပေါက်နေရာကို ဂွမ်းစလေးကပ်ပြီး ပတ္တီးစီးပေးတာလောက်တော့ ရပါတယ်။ ရန်ကုန်မှာကတည်းက First Aid အောင်ထားတာပဲလေ။ ညနေပိုင်းတစ်ခုလုံး ပတ္တီးစီးလိုက်၊ ကျွေးမွေး ဧည့်ခံလိုက်၊ အမှတ်တရ လက်ဆောင်တွေ ပေးလိုက်နဲ့ အရူးမီးဝိုင်း ဖြစ်နေခဲ့လိုက်တယ်။ ဓါတ်ပုံကလည်း ရိုက်သေးတော့ ဟိုပြေးလိုက် ဒီပြေးလိုက်ပေါ့။

အဲဒီနေ့က သွေးလှူဖို့ Register လုပ်တဲ့လူက ၂၆၀ ကျော်ပါတယ်။ ဒါပေမယ့် သွေးလှူဖြစ်တာက အယောက် ၁၆၀ ကျော်ပဲ ရှိခဲ့ပါတယ်။ တချို့က ဟေမိုဂလိုဗင် သံဓါတ် မပြည့်တာနဲ့၊ ကျန်းမာရေး မကောင်းတာနဲ့၊ သွေးပေါင်ချိန် တက်နေတာနဲ့ သွေးလှူခွင့် မရခဲ့ကြပါဘူး။ ညနေ ၅ နာရီခွဲကျော်တဲ့အထိ သွေးလှူလို့ မပြီးကြသေးပါဘူး။ နောက်ဆုံး ၆ နာရီခွဲကျော်မှပဲ ပြီးသွားတော့တယ်။ အဲဒါနဲ့ ခင်းကျင်းထားတာတွေကို ပြန်လည် ဖြုတ်သိမ်း ထုပ်ပိုးရပါတယ်။ တနင်္ဂနွေနေ့မှာ ပြန်သုံးရအုံးမှာဆိုတော့ MRT ထဲက စတိုခန်းမှာပဲ သွားသိမ်းထားလိုက်ပါတယ်။ နောက် YDC အနေနဲ့ ဒီနေ့ တစ်နေ့တာကို ပြန်လည် သုံးသပ်ကြပါတယ်။ အခက်အခဲတွေ တင်ပြပါတယ်။ အဲဒီအခက်အခဲတွေကို တနင်္ဂနွေမှာ ဘယ်လို ပြင်ဆင်မလဲ ဆွေးနွေးပြီး အိမ်ကို ပြန်လာခဲ့ပါတာ ည ၈ နာရီခွဲကျော်မှ အိမ်ရောက်ပါတော့တယ်။

Sunday, October 26, 2008

Blood Buddy and ABOAB

ABOAB ဆိုတာ သွေးအုပ်စုကို ခေါ်တာပါ။ အေသွေး၊ ဘီသွေး၊ အိုသွေး၊ အေဘီသွေးကို ဆိုလိုချင်တာပါ။ Youth Favourites 2008 မှာတော့ fAiries, hoBbits, jack-O-lanterns & blAckBeards တို့ပေါ့။ Blood Buddy ဆိုတာက သွေးစက်ပုံစံ အရုပ်ကြီးကို ပေးထားတဲ့ အမည်လေးပါ။


YDC Booth


Halloween အထိမ်းအမှတ်


Fairies လေးကို သရဖူဆောင်းပေးနေတာပါ။


Jack-O-lanterns နဲ့Blood Buddy


Fairies လေးရဲ့ အတောင်ပံလေး။


အပျိုတော် ၂ ယောက်နဲ့ Blood Buddy


Hello Blood Buddy!!!


Blood Buddy နဲ့ ဓါတ်ပုံတွဲရိုက်ကြစို့...

Saturday, October 25, 2008

Youth Favourites 2008


သွေးလှူဖို့အတွက် Registration Form ပေးတဲ့နေရာလေးပါ။ အဲဒီမှာ တာဝန်ယူထားတာက ITE ကျောင်းမှာ Nursing တက်နေတဲ့ ကျောင်းသူတွေပါ။ ဒါပေမယ့် ခေါင်းမှာ ဂျိုတွေတော့ ပေါက်နေရှာတယ်။
အဲဒီမှာ Appointment ယူထားတာလား Walk In လာလှူတာလား မေးပါတယ်။ ပေါင်ချိန်ပါတယ်။ သွေးလှူဖို့ အခြေခံ လိုအပ်ချက်တွေ ပြည့်စုံမှု ရှိမရှိ အကျဉ်းဖျဉ်း စစ်ပါတယ်။


ဒီနေရာမှာ Form ဖြည့်ရပါတယ်။ Formမှာ မေးထားတဲ့ မေးခွန်းတွေက ၄ မျက်နှာလောက် ရှိပါတယ်။ အမှားအမှန်လေးပဲ ဖြည့်ရတာမျိုးပါ။ ဖြည့်ပြီးရင် တိုကင်နံပါတ် စတစ်ကာကို ရင်ဘတ်မှာ ကပ်ပေးပါတယ်။


Registration Counter ပါ။ ဖြည့်ပြီးသား Form နဲ့အတူ IC ဒါမှမဟုတ် Passport ကို ထုတ်ပြရပါတယ်။


ကျန်းမာရေးစစ်ဆေးတဲ့ နေရာလေးပါ။ ကိုယ်အလေးချိန်အတွက် ပေါင်ချိန်သလို အဖျားလည်း တိုင်းပါတယ်။ သွေးပေါင်ချိန်လည်း စစ်ပါတယ်။ ဖျားနေလား။ ဘာဆေးတွေ သောက်ထားလဲ။ ငှက်ဖျား ဖြစ်ဘူးလား စတဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်းအချို့ကိုလည်း မေးပါတယ်။ ဆရာဝန် ၃ ယောက် တာဝန်ယူပေးထားပါတယ်။


ဟေမိုဂလိုဗင် စစ်တဲ့နေရာပါ။ လက်ထိပ်ကို အပ်သေးသေးလေးနဲ့ ဖောက်ပြီး သွေးနမူနာ ယူပါတယ်။ အဲဒီသွေးကို ဆေးရည်ထဲ ချလိုက်လို့ မြှုတ်သွားရင် သံဓါတ်အားကောင်းပါတယ်။ ပေါလောလေး ပြန်ပေါ်လာရင်တော့ သွေးလှူလို့ မရပါဘူး။ သူကတော့ နာဘူးတဲ့။ ဟဲဟဲ... နှာဘူး မဟုတ်ပါ။ အပ်နဲ့ဖောက်တာ မနာတဲ့အတွက် ဓါတ်ပုံရိုက်တာ ပြုံးတောင်နေတယ်။


သွေးလှူတဲ့နေရာလေးပါ။ လူမြင်ကွင်းမှာ လူအများကြီးနဲ့သွေးလှူရတာလည်း တစ်မျိုး ပျော်စရာကောင်းပါတယ်။ သူနာပြုဆရာမတွေရဲ့ ကျွမ်းကျင်မှုကလည်း အားရစရာပါ။ ဒီတစ်ခေါက်တော့ သွေးဖောက်ထားတဲ့ လက်မှာ ညှစ်ဖို့ပေးတဲ့ ဘောလုံးလေးက ရွှေဖရုံသီးလေးပါ။ ချစ်စရာလေးပါ။


သွေးလှူပြီးသွားရင် ဒီမှာ ၀ါးတီးပဲ။ ကြိုက်တာကို ကြိုက်သလို ယူစား ယူသောက်လို့ ရသလို့ အိမ်ကို သယ်သွားချင်လည်း ဘာမှ မပြောဘူး။ လုပ်ချင်သလို လုပ်ပေတော့ပဲ။ လက်ဆောင်တွေလည်း ပေးသေးတယ်။ လက်ဆောင်မှာ ကိုယ့်သွေးအမျိုးအစားအလိုက် ရင်ထိုးလှလှလေးတွေလည်း ပါပါတယ်။

Friday, October 24, 2008

Desert Plant


Compass Cactus

လူတွေကလည်း လူတွေပဲ။ ကိုယ့်ရဲ့ ရပိုင်ခွင်ဆိုရင် တစ်ရွေးသားမျှ နောက်ဆုတ်မပေးချင်ကြဘူး။ ကျပ်စိကို နှစ်ထပ်ဖြစ်နေလားဆိုပြီး ခွာကြည့်ချင်တယ်။ ဘာမဟုတ်တာလေးကို ပြူးပြူးပြဲပြဲ ဇီဇာကြောင်တယ်။ ဘာမဟုတ်တာလေးကို ဇာချဲ့တယ်။ ဇီဇာကြောင်တဲ့လူထဲမှာ ကျွန်တော်လည်း ပါတာပဲ။ ဇာချဲ့တာလည်း တခါတရံ လုပ်လေ့ရှိပါတယ်။ ဒါပေမယ့် ရုံးက အူကြောင်ကြား နှာခေါင်းပွ တရုတ်လောက် မဆိုးဘူးဗျ။ ကိုယ့်ထက်ဆိုးတဲ့လူနဲ့ လာတိုးနေတယ်။

ရုံးမှာ အရင်က ထိုင်နေတဲ့စားပွဲကနေ တခြားစားပွဲတစ်ခုကို နေရာရွေ့ ပြောင်းထိုင်ဖြစ်တယ်။ နေရာအသစ်က အရင်နေရာဟောင်းနဲ့ ကျောချင်းကပ်ပါပဲ။ ကိုယ့်စိတ်ကြိုက် ရွှေ့ချင်လွန်းလို့ ရွှေ့တာမျိုးတော့ မဟုတ်ပါဘူး။ ကျွန်တော့် စားပွဲမှာက ဖုန်းရှိတယ်။ ဒါပေမယ့် ဘေးစားပွဲရဲ့ နောက်ကျောက စားပွဲမှာက ဖုန်းမရှိဘူး။ သူတို့တွေက တရုတ်ပြည်ကနေ စင်္ကာပူမှာ သင်တန်းသဘောမျိုး အလုပ်လာလုပ်နေရတဲ့ လူတွေဆိုတော့ အလုပ်စားပွဲပေါ်မှာ ဖုန်းအပိုင်လည်း မပေးထားဘူး။

ခက်တာက သူတို့ကို တရုတ်ပြည်ကနေ မန်နေဂျာတွေက အလုပ်ကိစ္စရှိလို့ ဖုန်းလှမ်းဆက်ရင် သူတို့မှာ ကျွန်တော့်ဖုန်းကို လာလာကိုင်နေရတယ်။ တခါတလေ ဖုန်းပြောရင်း သူတို့ ကွန်ပျူတာမှာ ပြန်စစ်ရတာတွေ ရှိတဲ့အခါ ဖုန်းကို နောက်ကျောဘက်က စားပွဲဘက်ကို ယူသွားတာ့ ဖုန်းကြိုး တွဲလောင်းနဲ့ လမ်းပိတ်သလို ဖြစ်ကုန်ရော။ အဲဒါတွေကို မကြည့်ရက်တဲ့ ကျွန်တော်က သူ့ဘေးနားက စားပွဲလွတ်နေတာနဲ့ အဲဒီဘက်ကို ပြောင်းပေးလိုက်တာပေါ့။

ရုံးက Network Engineer တွေကို နေရာပြောင်းမယ့်အကြောင်း အီးမေးလ်ပို့ထားတော့ သူတို့တွေက ဖုန်းကို နေရာပြောင်းချိတ်ပေးပါတယ်။ စက်ကတော့ Laptop ဆိုတော့ ပြောင်းရရွှေ့ရ အပန်းမကြီးပါဘူး။ ဖုန်းကိုတော့ စားပွဲနှစ်ခုကြားမှာ ထားပေးလိုက်တော့ တရုတ်ပြည်က လာတဲ့ တရုတ်အတွက် ဖုန်းကိစ္စ အဆင်ပြေသွားပြီ။ သိပ်မကြာပါဘူး ရုံးမှာ ကျွန်တော့်အတွက် နောက်ထပ် ကွန်ပျူတာတစ်လုံး ထပ်ပေးပြန်တယ်။ အဲဒီစက်က Server ထိုင်ဖို့အတွက်ပါ။ အဲဒါနဲ့ Laptop တစ်လုံး၊ Desktop တစ်လုံး စားပွဲပေါ်မှာ ရှိနေလာရော။ ကျွန်တော်ပြောင်းလာတဲ့ စားပွဲဘေးနားမှာ တစ်ရုံးလုံးသုံးတဲ့ ကာလာပရင်တာ တစ်လုံးလည်း ရှိနေသေးတယ်။ အဲဒီမှာ ဇာတ်လမ်းက စတော့တာပါပဲ။

ကျွန်တော် ခုံအောက်မှာ မီးပလပ်က နှစ်ပါက်ပဲ ရှိတယ်။ Extension လည်း မရှိဘူး။ လက်ရှိ မီးပလပ်အပေါက် နှစ်ခုထဲက တစ်ခုကို ပရင်တာက သုံးနေတယ်။ ကျွန်တော့်အတွက်က တစ်ပေါက်ပဲ ကျန်တယ်။ အရင်က Laptop တစ်ခုထဲဆို အဲဒီအပေါက် တစ်ပေါက်တည်းနဲ့ အိုခေ စိုပြေနေတာပဲ။ အခုတော့ Desktop မှာ System Unit ရယ် Monitor ရယ် နှစ်ခုအတွက် အပေါက် နှစ်ပေါက် လိုလာပြီ။ အဲဒါနဲ့ Network Engineer က ကျွန်တော့် မျက်နှာချင်းဆိုင် စားပွဲအောက်က ပလပ်ပေါက်တစ်ခုမှာ System Unit အတွက် မီးပလပ်ပေါက် ထိုးလိုက်တယ်။ Monitor အတွက် ဘေးက တရုတ်ဆီမှာ ပိုနေတဲ့ ပလပ်ပေါက်ကို ယူသုံးလိုက်တယ်။ ကဲ... အဆင်ပြေသွားပြီ။

ဒီလိုနဲ့ Server ကြီးလည်း စတင် အလုပ်လုပ်တာပေါ့။ သိတဲ့အတိုင်း Server ဆိုတာ အကြောင်းကြီးငယ် မရှိပဲ ရပ်ထား ပိတ်ထားလို့ရတာမျိုး မဟုတ်ဘူးလေ။ ဒါကြောင့် စက်က အမြဲတမ်း ဖွင့်ထားရတယ်။ တစ်ရက် မျက်နှာချင်းဆိုင်က ကိုယ်ဆွေကိုယ်မျိုး တရုတ်က အူကြောင်ကြားဇာတ် စခင်းပါတယ်။ ကိုယ်ဆွေကိုယ်မျိုးလို့ သုံးထားတာ ဆဲတာမဟုတ်ပါဘူး။ ကျွန်တော်လည်း တရုတ်ဖြစ်နေလို့ပါ။ အဲဒီ ကိုယ်ဆွေကိုယ်မျိုး တရုတ်က အခြားဌာနတစ်ခုက မန်နေဂျာပါ။ ကျွန်တော့်ဌာနနဲ့ မတူပါဘူး။ ကျွန်တော်ထက် ရာထူး ၂ ဆင့် မြင့်ပါတယ်။ သူက အလုပ်ဝင်တာ သုံးလပဲ ရှိပါသေးတယ်။ လူသစ်ပေါ့။

ဘယ်လို အူကြောင်ကြားဇာတ် ခင်းသလိုဆိုရင် သူ့ဟန်းဖုန်းကို ဓါတ်အားသွင်းချင်လို့ သူ့စားပွဲအောက်မှာ ရှိတဲ့ ပလပ်ပေါက်မှာ ကျွန်တော် ယူသုံးထားတဲ့ ဓါတ်ကြိုးကို ဖြုတ်ပေးပါတဲ့။ ဘယ်လိုလုပ် ဖြုတ်လို့ရမလဲ။ အဲဒါကြီးက Server အတွက် သုံးထားတာကြီး။ Server ဆိုတာ ရပ်လို့မှ မရတာ။ သူ့အပေါက် နှစ်ပေါက်မှာ သူက တစ်ပေါက်ပဲ သုံးထားရပြီး ကျွန်တော်က တစ်ပေါက် ယူသုံးထားလို့ ကိုယ့်အပေါက် ကိုယ်သုံးပါတဲ့။ အခုပဲ ဖြုတ်မယ် ပြုမယ် လုပ်နေတာ။

ဒါမျိုးလာစမ်းရင် ဘယ်ရမလဲကွယ်။ သူ့ဘာသာသူ မန်နေဂျာမကလို့ ဘာဖြစ်နေနေ... ကိုယ်က ဂရုစိုက်တာ မှတ်လို့။ သေသေချာချာ ပြန်ပြောလိုက်တာပေါ့။ ကဲ... ဒီမှာလာကြည့် ငါမှာလည်း ထည့်စရာ အပေါက် မကျန်တော့ဘူး။ ငါ့မှာ ရှိတဲ့ နှစ်ပေါက်မှာလည်း တစ်ပေါက်က တစ်ရုံးလုံး သုံးနေတဲ့ ပရင်တာကြီး ရှိနေတယ်။ အဲဒီ ပရင်တာကြီး ငါ ဆွဲဖြုတ်ထားရမလား။ တစ်ရုံးလုံး ပရင်တာ ထုတ်မရရင် မင်းရှင်းမလားပေါ့။ ဟဲဟဲ... နည်းနည်း နင်သွားတယ်။ ဖန်ခွက်ထဲက ရေတောင် မော့ချနေရှာတယ်။ ခေါင်းကျိန်းသွားပုံပဲ။ သူ့ဘာသာ တာဝန်ယူနိုင်ရင် လုပ်ပေါ့ကွယ်။

ဒီလောက်နဲ့ မပြီးဘူးလေ။ နောက်ဆက်ပြီး ဖိပြောတာပေါ့။ မင်းစားပွဲအောက်က ပလပ်ပေါက်မှာ တပ်ထားတဲ့ မီးကြိုးက ရှန်ဟိုင်းရုံးခွဲရဲ့ Server အဖြစ် သုံးနေတာ။ အကယ်လို့များ မင်းဖုန်းအတွက် ဓါတ်အားသွင်းချင်လို့ ဖြုတ်ချင်တယ်ဆို ဖြုတ်လိုက်ပါ။ ဒါပေမယ့် General Manager ဆီကို မင်း လူကိုယ်တိုင် သွားပြီး အကြောင်းကြားလိုက်ပါ။ နောက်တစ်ခုက အဲဒီမီးကြိုးတွေ ပလပ်ပေါက်တွေကို ငါ စီစဉ်တာ မဟုတ်ဘူး။ ရုံးက Network Engineer တွေ လုပ်ထားတာ။ ဒါကြောင့် မင်း ရှင်းချင်ရင် သူတို့နဲ့ ရှင်းပါ။ ငါကတော့ ငါ့မှာ ရှိတဲ့ ဒီတစ်ပေါက်မှာ ငါ့ Laptop လေးအတွက် သုံးနေတယ်။ ငါ့အပေါက်နဲ့ ငါက အိုခေတယ်။ ဒါပဲ။ သူ့ခင်မျာ... နဂိုက ခေါင်းပဲ ကျိန်းတာ။ အခု အဲဒါတွေ ထပ်ပြောလိုက်တော့ ဖင်ပါ ကျိန်းသွားပုံပဲ။ ရှုံမဲ့မဲ့နဲ့။

အရေးမပါတာကို ကလေးအထာနဲ့ လာလုပ်နေတယ်။ သူ့ဘေးနားက စားပွဲအောက်မှာ ပလပ်ပေါက်တွေ လွတ်နေတာ ရှိပါတယ်။ အဲဒါတွေကို မသုံးပဲ အပေါက်လုပွဲ လာလုပ်နေတယ်။ မှတ်လောက်သားလောက် ရှိအောင် ဘုတောလွှတ်လိုက်တယ်။ မှန်တယ်ထင်ရင် ဘယ်သူမှ ဂရုမစိုက်တဲ့ကောင်ဆိုတာ ဒင်းအခုတော့ သိသွားရှာပြီ။ မြန်မာပြည်က လာတယ်ဆိုပြီး အနိုင်ကျင့်ဖို့ မစဉ်းစားနဲ့။ မင်းတို့လောက်တော့ သနားတယ်။ ဒို့တွေက ရေခံမြေခံ မကောင်းတဲ့နေရာမှာ ရအောင် ရှင်သန်ကြီးထွားလာခဲ့တဲ့ ကန္တာရထဲက ရှားစောင်းပင်လို ပင်ပုကျစ်တွေကွ။ ဆူးတွေ များတယ်ဆိုတာ မြဲမြဲမှတ်ထား။

Monday, October 20, 2008

Just an evening


ညခင်းလေးတစ်ခုပါပဲ။ ဒါပေမယ့် ပြီးပြည့်စုံတယ်လို့ ညွှန်းဖွဲ့ဆိုလို့ မရပါဘူး။ ဘ၀ရဲ့ ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ ရယူပိုင်ဆိုင်တာတွေနဲ့အတူ စွန့်လွှတ် ပျောက်ကွယ်သွားတာတွေ ရှိစမြဲပါ။ ဒီလို ညခင်းတွေနဲ့ ကွဲကွာနေတာ ၂ နှစ်နီးပါး ရှိပါတော့မယ်။ ညခင်းက သူ့ဘာသာသူ တည်ရှိနေပါတယ်။ ဒါပေမယ့် အဲဒီညခင်းက ကျွန်တော်နဲ့ ကံမဆုံလို့ တွဲမမိတာလေးပါ။ ကံဆုံအောင်လည်း ကျွန်တော် မကြိုးစားခဲ့ပါဘူး။

ဒီနိုင်ငံကို ရောက်လာတော့ လူနေမှုအဆင့်အတန်း မြင့်မားလာမှုနဲ့အတူ အထီးကျန်မှုတွေပါ တစ်ပါတည်း တွဲပါလာပါတယ်။ ပြောမနာ ဆိုမနာ သူငယ်ချင်း အများစုက မွေးရပ်မြေမှာ ကျန်နေခဲ့တယ်။ သူတို့ရဲ့ ဘ၀ပေး အခြေအနေနဲ့ ပညာရေးတွေကြောင့် ဒီကိုလာဖို့ဆိုတာ လတ်တလောအချိန်မှာ အိမ်မက်တစ်ခုပါပဲ။ ဒီကို တဖြည်းဖြည်း ရောက်လာတဲ့ သူငယ်ချင်းတွေ ရှိနေသလို ကိုယ့်ထက် နှစ်ကာလ အရင်စောပြီး ရောက်နှင့်နေတဲ့ သူငယ်ချင်းတွေလည်း ရှိပါတယ်။

သူငယ်ချင်းတွေ အသိမိတ်ဆွေတွေ အများကြီးရှိပေမယ့်လည်း ပြောမနာ ဆိုမနာ... ပိုးစိုးပတ်စက် ဆဲမနာ... အဆင့် သူငယ်ချင်းကတော့ ဘ၀မှာ အများကြီး မရှိသေးပါဘူး။ ပြောမနာ ဆိုမနာ ဆိုးတူကောင်းဖက် ဆိုတာ ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းမှ မဟုတ်ပါဘူး။ ဆယ်တန်းအောင်ပြီး သင်တန်းတွေ တက်ရင်း ခင်မင်ရင်းနှီးရာကနေတဆင့် ပြောမနာ ဆိုမနာ အဆင့်ကို ရောက်လာတဲ့ သူငယ်ချင်းမျိုးတွေလည်း ရှိပါတယ်။ တက္ကသိုလ်က သူငယ်ချင်းအချို့လည်း ပြောမနာ ဆိုမနာတွေပါ။

အရင်တုန်းက ညခင်းတွေမှာ ပြောမနာ ဆိုမနာအဆင့် သူငယ်ချင်း အထီးအမတွေနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်ပါတယ်။ ကျူရှင်ဆင်းတဲ့အချိန်လည်း ဖြစ်တတ်သလို ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကို တကူးတက သွားလည်ကြပြီး အနီးအနားက လက်ဖက်ရည်ဆိုင်မှာ ထိုင်တာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီမှာ ဦးတည်ချက်မရှိ ရောက်တက်ရာရာကို ဗလွှတ်ရှလွှတ် ပြောကြဆိုကြတယ်။ အချစ်အကြောင်းတွေ စာအကြောင်းတွေလည်း ပေါ့ပေါ့ပါးပါး ပြောကြတယ်။ ပြောမနာ ဆိုမနာပါပဲ။

တခါတလေ ညခင်းမှာ အဲဒီသူငယ်ချင်းတွေနဲ့ ရွှေတိဂုံဘုရားကို အတူတူသွားကြပါတယ်။ ဘုရားရှိခိုး ၀တ်ပြုပြီး စောင်းတန်းတစ်ခုမှာ ထိုင်ပြီး ဘုရားဖူးတွေကို ဟိုဟိုဒီဒီ ငေးကြတယ်။ ကွဲပြားခြားနားတဲ့ လူနေမှုဘ၀တွေကို အဓိပ္ပါယ်ဖွင့်ကြတယ်။ ငြင်းကြခုန်ကြတယ်။ အနာဂတ်တွေကို စိတ်ကူးယဉ်ကြတယ်။ မကျေနပ်ချက်တွေကို အန်ထုတ်ကြတယ်။ ခံစားချက်တွေကို ရင်ဖွင့်ကြတယ်။ ပြောမနာ ဆိုမနာပဲပေါ့။

သို့ပေမယ့်လည်း ပြောမနာ ဆိုမနာ အဆင့်အထိ ရောက်လာပြီးမှ ဖောက်ပြန်သွားတဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ တချို့က နာမည်ဂုဏ်သတင်းကြောင့် ဖောက်ပြန်သွားတယ်။ တချို့ကျတော့ ငွေရေးကြေးရေး လက်လွန်ကုန်ပြီး မျက်နှာပျက်ကုန်တယ်။ တချို့ကျတော့ စင်္ကာပူလို နေရာမျိုးကို မိဘဆွေမျိုး မောင်နှမတွေရဲ့ ကောင်းမှုနဲ့ စောစော ရောက်လာပြီးနောက် ရုတ်တရက် မာန်တက်သွားတာလား ဘ၀င်မြင့်သွားတာလား။ ဘာကြောင့်လဲဆိုတာ သေချာတော့ မသိပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုက အရင်လို ပြောမနာ ဆိုမနာ သူငယ်ချင်း မဟုတ်တော့ပဲ နာတတ်တဲ့သူတွေ ဖြစ်ကုန်ပါတယ်။

ပြီးခဲ့တဲ့ စနေနေ့ကတော့ ဒီကိုရောက်နေတာ ၃ နှစ်ကျော်နေပြီဖြစ်တဲ့ သူငယ်ချင်းရယ်... အလုပ် စ၀င်တာ ၂ ပတ်ပဲ ရှိသေးတဲ့ သူငယ်ချင်းရယ်... ကျွန်တော်နဲ့ ဆုံဖြစ်ခဲ့ပါတယ်။ သူတို့က တကူးတက တွေ့ကြရအောင် စကားပြောကြရအောင် ချိန်းဆိုတာနဲ့ ဆုံဖြစ်ခဲ့တယ်။ ကျွန်တော် လုပ်အားပေးဝင်နေတဲ့ ဘူတာမှာ သူတို့ လာစောင့်ပါတယ်။ ပြီးတော့ စီတီးဟောဘူတာကနေ ဒူးရင်းသီးဘက်ကို လမ်းလျှောက် ထွက်လာခဲ့ကြတယ်။ လမ်းတစ်လျှောက် ဓါတ်ပုံတွေ ရိုက်ကြတာပေါ့။ အခု တင်ထားတဲ့ပုံလည်း အဲဒီနေ့က ရိုက်ခဲ့တာပေါ့ဗျာ။

နောက်ဆုံး စတည်းချတဲ့နေရာ... ငါးခြင်္သေ့ရုပ်တုအနား တံတားကြီးအောက်က စတားဘတ်ခ်ဆိုင်မှာ ည ၁၀ နာရီကျော်တဲ့အထိ ထိုင်ဖြစ်ခဲ့တယ်။ ရောက်တက်ရာရာတွေ ပြောဖြစ်တယ်။ ကျောင်းတုန်းက ငယ်ဘ၀တွေကို စားမြုံပြန်ကြတယ်။ မိုးလင်းပေါက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး အားလူးဖုတ်ခဲ့တဲ့ ပေပေတေတေ ဂျစ်ပစီ ဘ၀တွေကို ပြန်လည်တမ်းတ လွမ်းဆွေးကြတယ်။ အခုချိန်မှာ ဘ၀တွေခြားနေတဲ့ သူငယ်ချင်းတွေအကြောင်း ဆွေးနွေးဖြစ်တယ်။ တချို့ သူငယ်ချင်းတွေနဲ့ ပတ်သတ်ပြီး မကျေနပ်ချက်တွေကို ပေါက်ကွဲထုတ်ကြတယ်။ လက်ရှိအလုပ်အကြောင်း အချစ်အကြောင်း မိသားစုအကြောင်း စုံပလုံစိပေါ့။ ပြောမနာ ဆိုမနာလေးပါပဲ။

အဲဒီလို ပေါ့ပေါ့ပါးပါး ညခင်းမျိုး ကျွန်တော်အနားမှာ မရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။ စနေနေ့ကမှ ပြန်ရခဲ့တာပါ။ ဒါပေမယ့် လူမစုံပါဘူး။ မပြည့်စုံပါဘူး။ အရင်တုန်းက ဒီထက်မက လူစုံသလို ဒီထက်မက ပြောစရာတွေ များနေခဲ့ပါတယ်။ အခုတော့...

Sunday, October 19, 2008

Recruitment Drive

Youth Favourites 2008 အတွက် Recruitment Drive ကို ဒီအပတ် စနေနေ့နဲ့ တနင်္ဂနွေမှာ Dohby Ghaut NEL Station နဲ့ Harbour Front NEL Station မှာ တစ်ပြိုင်နက် လုပ်ပါတယ်။ ခရမ်းရောင်လိုင်းပေါ်မှာပါ။ နေ့လည် ၁၁ နာရီကနေ ညနေ ၅ နာရီအထိပါ။ လက်ကမ်းစာစောင်တွေ ဝေပါတယ်။ သွေးလှူချင်တဲ့သူတွေကို appointment အတွက် register လုပ်ပေးပါတယ်။ ၂ ရက်ပေါင်းမှာ သွေးလှူရှင် စုစုပေါင်း ၁၅၀ ကျော်လောက် စာရင်းပေးထားပါတယ်။

စနေနေ့မှာတော့ Dohby Ghaut NEL Station က Boothမှာ တာဝန်ယူခဲ့ပါတယ်။ တနင်္ဂနွေမှာတော့ Harbour Front NEL Station မှာ YDC member တစ်ယောက်မှ မရှိတာနဲ့ Dohby Ghaut NEL Station မှာ နေနေတဲ့ ကျွန်တော့်ကို Booth Incharge အနေနဲ့ လွှတ်လိုက်လို့ အဲဒီမှာ သွားလုပ်ပေးရပါတယ်။ သေပြီဆရာပဲ။

နှစ်ရက်စလုံး Booth မှာ ထိုင်စရာနေရာမရှိပဲ ၆ နာရီနီးပါးလောက် မတ်တပ်ရပ် ဟိုလျှောက်ဒီလျှောက် လုပ်လိုက်ရတာ လူလည်း အတော်လေး ပင်ပန်းပြီး သာခွေယိုင်ဖြစ်သွားပါတယ်။ ညနေ ၅ နာရီထိုးတော့ ခင်းကျင်းထားတဲ့ ပြခန်းကို ပြန်လည် ဖြုတ်ရ သိမ်းရပါတယ်။ ဒီနေ့မှာတော့ ရထားနဲ့ပဲ Harbour Front NEL Station ကနေ Dohby Ghaut NEL Station ကို ပစ္စည်းတွေကို ပြန်သယ်လာရပါသေးတယ်။ Incharge ဖြစ်လိုက်ရတော့ ကလေးတွေကို ပြန်ခိုင်းလိုက်ပြီး တစ်ယောက်တည်း အကုန်လုပ်လိုက်ရတာပေါ့။ အခုတော့ မီးစာကုန် ဆီခမ်းလို့ အိပ်ချင်နေပြီဗျာ။


ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား...


ချစ်ချစ်ရှေ့မှာ ဟီးရိုးဖြစ်အောင် သွေးလှူမယ်ကွာ...


ဘူတာအပြင်ဘက် ဟိုလျှောက်ဒီလျှောက်...


ဝင်ဝင်ချင်းမှာ ဒို့ရှိတယ်...


ဘာညာသာလကာ နေကြာကွာစိ...


Dohby Ghuat မှာ တရုတ်မလေးတွေ ချစ်စရာ...


Harbour Front မှာ အမီနာတို့နဲ့ တီတီတာတာ...

Saturday, October 18, 2008

Are you my Type?



Youth Donor Club ရဲ့ တစ်နှစ်မှာ တစ်ခါ ကျင်းပတဲ့ Youth Favourites အစီအစဉ်လေးကို အောက်တိုဘာ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့မှာ ကျင်းပပါမယ်။ စနေနေ့နဲ့ တနင်္ဂနွေနေ့ပါ။ နေရာကတော့ Dohby Ghaut MRT Station ခရမ်းရောင်လိုင်းပေါ်မှာပါ။ အချိန်ကတော့ နေ့လည် ၁၁ နာရီကနေ ညနေ ၅ နာရီအထိပါ။

အရင်က ရွေးထားတဲ့ Theme လေးက Halloween ပါ။ ဒါပေမယ့် Night Safari မှာ လုပ်ခဲ့တဲ့ Halloween ပွဲလေးကို စင်္ကာပူလူထုက မကောင်းမြင်တဲ့အတွက် အခုဒီပွဲကိုလည်း အဲဒီ Halloween အစီအစဉ်လေး မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါကြောင့် တစ္ဆေ သရဲတွေနဲ့ တူအောင် လုပ်ထားတဲ့ ၀တ်စုံတွေ အပိုဖြစ်သွားရှာပါတယ်။ အဲဒီ ကြောက်စရာ လန့်စရာ အရုပ်တွေအစား ချစ်စရာကောင်းတဲ့ လိပ်ပြာတောင်ပံနဲ့ နတ်သမီးတွေ၊ ဖရုံသီးနဲ့ ပင်လယ်ဒမြ ၀တ်စုံတွေကို အစားထိုး ၀တ်ဆင်ကြမှာပါ။ အမှတ်တရ လက်ဆောင်တွေ ပေးဖို့လည်း ရှိပါတယ်။ Theme ကလည်း ပြောင်းသွားပါတယ်။ Are you my Type? ဆိုပဲ။

အဲဒီနေ့မှာ လူငယ်တွေကို လူ့ဘ၀မှာ သွေးရဲ့ အရေးပါပုံ၊ သွေးလှူဒါန်းချင်စိတ် ရှိလာအောင် အသိပညာပေး စည်းရုံးသွားမှာပါ။ စိတ်ပါဝင်စားရင် သွေးလှူလို့လဲ ရပါတယ်။ အဲဒီနေရာမှာပဲ တစ်ခါတည်း သွေးလှူနိုင်ဖို့ Blood Donation Mobile Drive စီစဉ်ထားပေးပါတယ်။ အသက် ၁၆ နှစ်ကနေ ၅၅ နှစ်ကြား မည်သူမဆို သွေးလှူဒါန်းနိုင်ပါတယ်။ အသက် ၁၈ နှစ်အောက် လူငယ်တွေအနေနဲ့ မိဘတစ်ဦးဦးရဲ့ သဘောတူညီချက်ကို တောင်းခံဖို့တော့ လိုအပ်ပါတယ်။ သွေးလှူဒါန်းချင်တဲ့ နိုင်ငံခြားသားတွေအနေနဲ့တော့ ကိုင်ဆောင်ထားတဲ့ ပတ်စ်အပြင် ပတ်စ်ပို့စာအုပ်လေးပါ တစ်ပါတည်း ယူလာသင့်ပါတယ်။ နှစ်ရက်ပေါင်းမှာ သွေးအလုံးရေ ၄၀၀ အထိ စုဆောင်းနိုင်ဖို့ ရည်မှန်းထားပါတယ်။

လူငယ်တွေ ဦးစီးလုပ်တဲ့ပွဲမို့လို့ ပျင်းစရာ မကောင်းတာကတော့ အသေအချာပါပဲဗျာ။ စိတ်ဝင်စားစရာ တခြားဘာတွေများ လုပ်အုံးမလဲဆိုတာကို သိချင်သေးရင်တော့ အဲဒီနေ့မှာ ကိုယ်တိုင်လာကြည့်လိုက်ပါလို့ ပြောချင်ပါတယ်ဗျို့။ ကဲ... Are you my Type?

Thursday, October 16, 2008

Rebellious Graduation


နားခိုရာ ကိုလပိစိကွေးလေး သူ့ရဲ့ MBA ဘွဲ့ယူတဲ့ အတွေ့အကြုံလေးကို သူ့ဘလော့မှာ ဝေမျှထားတာ ဖတ်လို့အတော်ကောင်းပါတယ်။ ဘွဲ့ဝတ်စုံမှာ တပ်ရတဲ့ ၀တ်ရုံစဖဲပြားကြီးကို ပြောင်းပြန်တွေ ဇောက်ထိုးတွေ တပ်မိတဲ့ အကြောင်းတွေ၊ အောက်မြှောက် ပေါင်မြင်ပြီဖြစ်လို့ ဘာညာကတိသစ္စာ ကျိန်ဆိုရတဲ့ အကြောင်းတွေ၊ စည်တော်ကြီးယွန်းပြီး ပါမောက္ခ ကထိက ဆရာဆရာမတွေနောက်က တန်းစီ ထွက်ခွါရတဲ့အကြောင်းတွေ ဘွဲ့ယူတဲ့အခမ်းအနားကို ပီပီပြင်ပြင် ကွက်ကွက်ကွင်းကွင်း မြင်စေပါတယ်။ ဘွဲ့ယူဖူးတဲ့သူတွေအတွက် ကြည်နူးစရာ အတိတ်နေ့စွဲတွေကို ပြန်လည်အမှတ်ရစေသလို ကျွန်တော့်အတွက်တော့ မသိဖူး မကြုံဖူးတဲ့ အကြောင်းလေးကို သေချာဖတ်လိုက်ရတာပါ။ အဲဒီလိုပဲ မေ့မရတဲ့ နာကျည်းချက် ဒဏ်ရာလေးတွေလည်း အတွေးအာရုံထဲကို တဖန်ပြန်လည် ၀င်ရောက်လာခဲ့တာပေါ့။

"ဒါနဲ့... ခင်ဗျားက ဘွဲ့ရတစ်ယောက် မဟုတ်ဘူးလား" လို့ မေးရင် "ဟုတ်ကဲ့ ကျွန်တော် ဗိသုကာ ဘွဲ့ရတစ်ယောက်ပါ..."လို့ ကောင်းကောင်းမွန်မွန် ပြန်ဖြေဖြစ်ပါတယ်။ "ဟမ်... ဒါဆို ဘာဖြစ်လို့ ဘွဲ့နှင်းသဘင် မတက်ဖူးတာလဲ" လို့ စပ်စပ်စုစု ထပ်မေးရင် "မောင်သောင်းကို သောက်မြင်ကတ်လွန်းလို့ ဘွဲ့တက်မယူတာဗျာ..." လို့ မြင်တာနဲ့ ရိုက်ချင်စရာကောင်းလောက်တဲ့ အချိုးမပြေ မျက်နှာပေးမျိုးနဲ့ ဘုဇတ်ဇတ် ပြန်ဖြေပေးလိုက်ရော။

ရန်ကုန်နည်းပညာတက္ကသိုလ်က နောက်အဆုံးအသုတ်တွေရဲ့ ဘွဲ့နှင်းသဘင်ကျင်းပမယ့် နေ့ရက်တွေကို သတင်းစာမှာ ကြေညာတော့ မာမားက မေးတယ်... ဘွဲ့တက်ယူမှာလား တဲ့။ အဲဒါက ထပ်ပြီး မေးတဲ့စကားပါ။ သတင်းစာမှာ ကြေညာချက် မပါခင်ကတည်းက အဲဒီမေးခွန်းကို မကြာခဏ မေးဖူးပါတယ်။ မိသားစုမှာ ကျွန်တော်က သားဦးဆိုတော့လည်း မိဘတွေအနေနဲ့က ဘွဲ့နှင်းသဘင် တက်ချင်တာပေါ့။ နောက်ဆုံးနှစ် စာမေးပွဲကို အောင်တာကလည်း ထိပ်ဆုံး ၁၀ ယောက်ထဲကနေ အောင်ထားတာကိုး။ ကြွားတာတော့ မဟုတ်ပါဘူး။ ဆိုလိုချင်တာက ဖြစ်သလို အောင်လာခဲ့တဲ့သူ မဟုတ်ကြောင်း အသားပေး သိစေချင်တာပါ။ ဒါပေမယ့် ဘယ်အချိန်မေးမေး အဖြေက တစ်ခုတည်းပါ။ ဟင့်အင်း... မယူပါဘူး။

ငယ်ငယ်ကတည်းက အင်ဂျင်နီယာကြီးဖြစ်ချင်တယ်။ အဲဒီတိုင်လုံးကြီးတွေနဲ့ ကျောင်းကြီးကို တက်ချင်တယ်။ အဲဒါပဲ သိတယ်။ ဆရာညီညီ(ဓါတု) မှာ ဆယ်တန်းကျူရှင် တက်တော့ ဆရာက စက်မှုဝင်ချင်တဲ့လူတွေ တစ်ဘာသာကို ပျဉ်းမျှ အမှတ် ၇၀ ကျော် ရမှဖြစ်မယ်ဆိုလို့ ဘာသာစုံကို အမှတ် ၇၀ ကျော်လေးတွေ ဖြစ်အောင် ဖြေခဲ့ရတဲ့ ဆယ်တန်းကျောင်းသား ဘ၀ကလည်း အမှတ်တရပါပဲ။ ၀ိုင်တီယူ ကျောင်းဝင်ခွင့်ရတဲ့ အမည်စာရင်းကို ကြို့ကုန်းကျောင်းဝင်းကြီးထဲက ပင်မကျောင်းဆောင်ကြီးမှာ ကြေညာတော့ အမည်စာရင်းရဲ့ အလယ်နားမှာ ကျွန်တော်အမည်လေး တွေ့လိုက်ရတော့ စက်မှုကျောင်းသား ဖြစ်ပြီဟေ့ဆိုပြီး ကြည်ကြည်နူးနူး လက်ခမောင်းခတ်ခဲ့သေးတယ်။ ဒီလိုနဲ့ပဲ ၀ိုင်တီယူကို ကျွန်တော် ရောက်ခဲ့တာပေါ့။

ဒါပေမယ့် တကယ်တမ်း ကျောင်းတက်ရတော့... သန်လျှင်ဂျီတီစီ သီဟိုဠ်တောမှာ။ ပထမနှစ် ဒုတိယနှစ် ဂျီတီစီမှာ ဧည့်သည်ကျောင်းသားတွေဖြစ်တဲ့ ၀ိုင်တီယူကျောင်းတော်သား ကျွန်တော်တို့ ဘေးမဲ့ပေးခံရတယ်။ စိတ်ကူးထဲက ဂျီဟောတို့ ဦးလူပေါဂိတ်တို့ နွေအေး ကန်သာယာ မေတ္တာပေါင်းကူးတို့ ဘယ်မှာလဲ။ အခုတော့ ကျောင်းတစ်ခါ သွားဖို့အရေး မနက်စောစော အိပ်ရထပြီး သန်လျှင် လိုင်းကားကို တွယ်စီးရတာနဲ့ လူလည်း ယိုင်တိုင်တိုင်။ သောင်းပြောင်းထွေလာ ဆိုတာ ဒါမျိုးနေမှာပါ။

ကျောင်းကို အဝေးမှာ ထားလို့ စာကိုများ တင်းပြည့်ကျပ်ပြည့်များ အဆင့်အတန်း မှီမှီ သင်ရမလားဆိုတော့ စာသင်ကာလက တစ်တန်းကို ၄ လတဲ့ဗျာ။ ပြက္ခဒိန် တစ်နှစ်မှာ စာသင်နှစ်က ၂ နှစ်ပေါ့။ ဂျီတီစီမှာ သင်ပြခဲ့တဲ့ ဆရာအချို့ကတော့ အသင်အပြ ကောင်းသလို စေတနာလည်း ပါကြပါတယ်။ ဒါပေမယ့်ဗျာ တစ်နှစ်စာ သင်ရိုးတွေကို ၄ လနဲ့ အပြီးသင်ပြနိုင်တဲ့ ဆရာတွေ ရှိရင်တောင် ဒီက ကောင်တွေက ဘယ်လို ဦးနှောက်မျိုးနဲ့ စာတွေကို ထုံးလိုချေ ရေလိုနှောက်နိုင်မလဲဗျ။ ဒီလိုနဲ့ ၆ နှစ်စာ သင်ရိုးကို ၃ နှစ်နဲ့ အပြီးသင် အပြီးဖြေ ကမ္ဘာ့မှာ အပင်ပန်းဆုံး အကြိုးစားဆုံး ကျောင်းသားတွေအဖြစ် ကျွန်တော်တို့ စက်မှုကျောင်းသားတွေ စံချိန်တင် မှတ်တမ်းဝင်ခဲ့ကြတယ်လေ။ နောက်ဆုံးမျိုးဆက် ဖြစ်တဲ့အတွက် စာမေးပွဲမှာ ကျခဲ့ရင် နောက်မှာ တက်စရာ အတန်းမရှိတဲ့အတွက် မဖြစ်မနေ အောင်အောင် ကြိုးစားရပါတယ်။ ဒီလိုနဲ့ပဲ ဖုတ်လိုက်ဖုတ်လိုက် အင်ဂျင်နီယာ ပညာရေးမှာ တရွတ်တိုက် လိုက်ခဲ့ရတာပေါ့။ မှားပါတယ် ကိုသောင်းရယ်။

ဒီိလိုနဲ့ နောက်ဆုံးနှစ်ရောက်ပြီး စာမေးပွဲတွေ အောင်တော့ သူငယ်ချင်းအချို့ အောင်စာရင်းမှာ ပါမလာကြဘူး။ မေဂျာအစုံကပါပဲ။ ဒီလူတွေ ဒီလောက် စာကြိုးစားပြီး ကျောင်းမှန်မှန်တက်တာ ကျစရာအကြောင်း လုံးဝ မရှိပါဘူး။ ကျောင်းလခလည်း ပုံမှန်ပေးခဲ့ပါရဲ့နဲ့ ဘာကြောင့်များ အောင်စာရင်းမှာ မဖော်ပြတာလဲ။ ကွန်ပျူတာ စာစီတဲ့သူများ မတော်တဆ ကျန်ခဲ့တာလားပေါ့။ နောက်ဆုံးမှာ အဖြေထွက်လာတာက... သူတို့တွေက နိုင်ငံသား မဟုတ်တဲ့အတွက် ဘွဲ့မပေးနိုင်ဘူးလို့ ၀န်ကြီးရုံးက အမိန့်ထုတ်လိုက်တယ်တဲ့။ ဟား ဟား ဟား....

အရမ်းရီရတယ်ဗျာ။ လွှတ်ကောင်းပဲ။ ကျောင်းဝင်ခွင့် လျှောက်ထားကတည်းက မစစ်ဆေးပဲ ၀င်ခွင့်တွေ ပေးခဲ့။ နောက် ကျောင်းအပ်တော့လည်း လက်ခံတယ်။ စာသင်နှစ်တွေ တစ်နှစ်ပြီး တစ်နှစ် အောင်မြင်လာပြီး နောက်ဆုံးနှစ်အထိ ရောက်လာတာတောင် နိုင်ငံသား ဟုတ်မဟုတ် ဘာတစ်ခုမှ မစစ်ဆေးခဲ့ဘူး။ အခုတော့ အင်ဂျင်နီယာ နောက်ဆုံးနှစ် စာမေးပွဲကို အောင်မြင်ပြီးကာမှ နိုင်ငံသား ဟုတ်မဟုတ် ပြန်စစ်ပြီး ဘွဲ့ပေးလို့ မရဘူးတဲ့ဗျာ။ အဲဒါနဲ့ပဲ တကယ်တော်ပြီး တကယ်ကို အင်ဂျင်နီယာဖြစ်ချင်ခဲ့တဲ့ ကျွန်တော်ရဲ့ သူငယ်ချင်းတွေ ဘွဲ့မရလိုက်ပါဘူး။ ငယ်ဘ၀ အိပ်မက်တွေကို ရိုက်ချိုးပစ်လိုက်သလိုပဲ။

သားသမီးချင်း ကိုယ်ချင်းစာပါတို့... ကုန်ခဲ့တဲ့ အချိန်တွေ ငွေတွေကို နှမြောကြပါတို့... ဘာတို့ ညာတို့ ပြောရင်လည်း နွားကို ပလာတာ ကျွေးသလို... ကျွဲပါးစောင်းတီး ဒင်ဒေါင်ဒင်ဒေါင်ပဲ ဖြစ်မှာပါ။ အဲဒီတော့ ပြောမနေတော့ပါဘူး။ ဒီတော့ ဘာလုပ်စရာ ရှိလဲ??? ဒင်းတို့ပေးတဲ့ဘွဲ့ တက်မယူဘူးပေါ့ကွယ်။ ကိုယ်တွေ ၆ နှစ်စာကို ၃ နှစ်နဲ့ အပြီး ကုန်းရုန်းကြိုးစားခဲ့ရတာကို ဒင်းတို့မှ တန်ဖိုးမထားတာ ဒင်းတို့ ပေးတဲ့ဘွဲ့လည်း ဘာလုပ်ရမလဲ။ ချီးကုန်းစက္ကူတစ်စောင်ထက် ပိုပြီးတန်ဖိုး မရှိပါဘူး။ ရှင်းရှင်းလေးပဲပေါ့။

ဒီလိုနဲ့ ကျွန်တော်တို့ ယောကျာ်းလေးတစ်ဖွဲ့ ဘွဲ့တက်မယူခဲ့ကြပါဘူး။ အီးစီမေဂျာက သူငယ်ချင်းတွေနဲ့ပေါ့။ ဒါကြောင့် ဘွဲ့ဘယ်လို ယူလဲဆိုတာ ကျွန်တော် မသိသလို အဓိပတိလမ်းပေါ်က ဘွဲ့နှင်းဘဘင်ထဲကိုလည်း တစ်ခါမှ မရောက်ခဲ့ပါဘူး။ ဒီဘ၀ ဒီမျှပါပဲ။ သာဓု သာဓု သာဓု...

Tuesday, October 14, 2008

No man, no fool

ပုထုဇနောဥမ္မာ့တကော

လူတွေဟာ ငါ့ကိုဝိုင်းကာပြောတယ်
ဒီလူဟာ အရူးကြီးတစ်ယောက်ပါကွယ်
ဘယ်လိုလူမျိုး အကောင်းလို့ခေါ်မလဲကွယ်
လူတွေဟာ အားလုံးအရူးပါပဲ

မလှောင်ချင်ကြနဲ့ကွယ်
မပြောင်ချင်ကြနဲ့ကွယ်
မှန်တယ်လို့ ထင်တာမျိုးတွေ
လူတိုင်းလုပ်တယ်
လူတိုင်းမှာ အမှားဝင်္ဂတနဲ့
အစဉ်ရှုပ်ထွေး တရားများရယ်

လူတွေဟာ အတ္တစိတ်လွန်ကဲရင်
ထင်ရာကို ဇွတ်လုပ်ကြတာပဲ
ငါကိုယ်တိုင် ဘ၀အတွက် ရုန်းနေရသလို
ရင်နာစရာနှလုံးသားလေးတွေ ကြွေနေတယ်။

ဟေ့ ဟေ့... ဗုဒ္ဓတရားမှာ
ကြည့်ပြန်ရင်ကွာ
လူတိုင်းဟာ အရူး
မတည်ငြိမ်တဲ့ဘ၀ လူတွေရဲ့လောကပါ။

ဟေ့ ဟေ့... ဗုဒ္ဓဘုရား
ဟောလေသည်မှာ
မွန်မြတ်စိတ်ထားကြ
ကူညီခြင်းအလှ လူလူချင်းသွေးဆက်ပါ။

တေးရေး တေးဆို အဆိုတော် လွှမ်းမိုးပါ။ သီချင်းခေါင်းစဉ်လေးက ပုထုဇနောဥမ္မာ့တကော တဲ့။ ပါဠိလိုလေး ပေးထားပေမယ့် အတော်လေးကို ကျစ်လစ်ခိုင်မာတိကျတဲ့ သီချင်းခေါင်းစဉ်လေးပါ။ ခေါင်းစဉ်လေးနဲ့အတူ သီချင်းစာသားတွေကလည်း ထိမိလှပါတယ်။ လူ့စရိုက်သဘော သဘာဝကို ထိထိမိမိ ဖော်ပြနိုင်သလို လူ့လောကကြီးကို ကောင်းစေချင်တဲ့ စေတနာ တိုက်တွန်းချက်လေးလည်း ပါနေပါတယ်။

တကယ်လည်း လောကကြီးမှာ ဘယ်လိုလူမျိုးကို အကောင်းလို့ခေါ်မလဲပေါ့။ လူတိုင်းဟာ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့တော့ ရူးနေကြပါတယ်။ ချမ်းသာတဲ့လူကလည်း ဓနစည်းစိမ်ပေါ်မှာ ဥစ္စာရူး ရူးကြပါတယ်။ ရာထူးဌာန နေရာကောင်းတဲ့လူကျတော့လည်း အာဏာရူးပြန်ပါတယ်။ အလှဂုဏ် ရူပါကြွယ်တဲ့လူကလည်း ဘ၀င်ရူးကြပါတယ်။ စာတော်တဲ့လူကလည်း ပညာမာနလေးနဲ့ ရူးကြပြန်ရော။ ယဉ်ယဉ်လေး ရူးနေတာနဲ့ သွက်သွက်ခါအောင် ရူးနေတာပဲ ကွာကြမှာပါ။ အဲဒီလို နည်းမျိုးစုံနဲ့ ရူးနေတဲ့ အရူးကမ္ဘာထဲမှာ လူဖြစ်နေတဲ့ ကျွန်တော်လည်း ပါတာပေါ့ဗျာ။

အတ္တစိတ်လွန်ကဲပြီး ကိုယ်လုပ်နေတာပဲ အမှန်ထင်ပြီး တခြားလူကို အရူးလို့ထင်တာ မမြင်ချင်မှ အဆုံးပါပဲ။ သူ့ဘက်က ကြည့်ရင် လက်ဖ၀ါးဖြစ်ပေမယ့် ကိုယ်ဘက်က ကြည့်ရင် လက်ဖမိုးဖြစ်နေပါတယ်။ ကိုယ်နဲ့ အမြင်မတူတိုင်း ရန်သူလုပ်ပြီး ကဲ့ရဲ့ကြတယ်။ အပြစ်တင်ကြတယ်။ လှောင်ကြ ပြောင်ကြတယ်။ ဆဲကြ ဆိုကြတယ်။ ကိုယ့်အမှားကို ကိုယ်မမြင်ပဲ ထင်ရာတွေ ဇွတ်လုပ်ကြတော့ အမှားဝင်္ကပါထဲမှာ ချာချာလည်နေတဲ့ အရူးကြီးတစ်ယောက် ဖြစ်နေရတာကို သတိမထားမိကြပါဘူး။

မွန်မြတ်စိတ်ထား ထားတတ်ဖို့ဆိုတာ တကယ်တော့ လွယ်မယောင်နဲ့ ခက်ပါတယ်။ အတ္တအမှောင်ဖုံးနေရင် အဲဒီစိတ်ထားလေး ရှိဖို့မလွယ်ပါဘူး။ အများစုက ကိုယ့်စိတ်ထားကို မွန်မြတ်တယ်ပဲ ထင်နေကြပါတယ်လေ။ သူသာလျှင် သက်ရှိလောကမှာ အကျင့်အကောင်းဆုံး စိတ်ဓါတ်အကောင်းဆုံး ချီးကျူးစံပြုထိုက်တဲ့ သူလို့ ထင်နေတတ်တဲ့ အတ္တဘောလူသားတွေကို ဘ၀မှာ တွေ့ခဲ့ဖူးပါတယ်။ အခြားလူတွေက သူတို့ကို အရူးကြီးဆိုပြီး ဥပက္ခာပြု ဘေးမဲ့ပေးထားတာကိုတော့ သူတို့ကိုယ်တိုင် မသိရှာကြပါဘူး။ သူတို့ကလည်း တခြားသူတွေကို အရူးတွေလို့ပဲ မြင်နေပြီး မရောမ၀င်ကြပြန်ဘူး။

ကူညီတာကတော့ အနည်းနဲ့အများ လုပ်နိုင်ကြပါတယ်။ ကူညီပုံတွေတော့ ကွဲပြားနိုင်ပါတယ်။ လူအများကို ကူညီရင်း ကူညီရင်း တလွဲမာနတွေ အတ္တတွေကို ဖြေးဖြေးချင်း အချိန်ယူ ဖယ်ရှားကြပေါ့။ အဲဒီကနေတဆင့် မွန်မြတ်စိတ်ထားလေးတွေ ဖြစ်လာအောင် ကြိုးစားယူရမှာပေါ့။ ဒါမှပဲ လူ့လောကကြီးမှာ အသက်ဆက်ရတာ အဓိပ္ပါယ်ရှိနေမှာပဲလေ။

Sunday, October 12, 2008

No future for the young

The uprising by Buddhist monks in Myanmar in September last year and the devastation brought on by Cyclone Nargis in May this year spot-lit the reclusive and veiled South-east Asian country also known as Burma. The last time this happened was in 1988, when an uprising fronted by students led to a crackdown by the ruling military junta that left an estimated 3,000 people dead.

Myanmar, a country of 50 million people, has abundant natural resources such as oil, natural gas, timber and minerals. Once known as the "rice bowl of the world", it was one of the richest countries in the region when it gained independence from Britain in 1948. But its democratic phase lasted only 15 years and four decades of military rule have since ravaged the country.

In 1962, a coup d'etat brought General Ne Win into power, a position he held for more than 25 years. In 1990, multi-party elections were held and Ms Aung San Suu Kyi, the daughter of Burmese World War II hero Aung San, led an umbrella democracy movement to a landslide victory. But despite winning just under two-thirds of the popular vote and 82 percent of the parliamentary seats, the ruling junta refused to stand aside. Instead, it placed the Oxford University-educated Ms Suu Kyi under house arrest. She was awarded the Nobel Peace Prize in 1991 but has spent more than 10 years in confinement since.

In 1990, the United States, folllowed by other Western nations, imposed economic sanctions but this failed to loosen the junta's iron-grip rule and worsened the people's plight. In 2005, according to the United Nations Statistics Division, Myanmar's per capita groos domestic product was only US$217 (S$318), making it one of the 20 poorest countries in the world. A third of its 50 million people are said to live below the poverty line.

Education has been largely neglected. The military government reportedly spends less than US$3 per person per year on health and education, way below the World Health Organisation's recommended level of US$40 per person.

International organisations report that fewer than halof of its children complete five years of basic education. Universities, the hotbed of dissent in the 1980s, have been stultified and splintered. The older generation bemoans the loss of Rangoon University, once one of the finest seats of learning in the region. Now, young Myanmar nationals attend classes at splintered campuses two hours outside Yangon, or take up distance learning. The dire shortage of funding has meant universities have poor facilities and poorly-paid faculty.

Meanwhile, children of the elite, mostly successful merchants or those with ties to the military, head to Britain, Canada and Australia for further studies. The middle class tries to scrape together what it can to send its children to Thailand, Malaysia or Singapore. A veteran educationist, a former graduate of Rangoon University, who is trying to send his children to Singapore, told the Straits Times: "It is a crime against people of Myanmar. The once revered education system has been eroded and the future of Myanmar's young is list."

The Straits Times
Saturday, October 11 2008
Page D4.

Saturday, October 11, 2008

Quote of Love

အချစ်ဆိုသည်မှာ... ဘာလဲပေါ့ ??? အခုအချိန်အထိ ကျွန်တော် အဲဒီအချစ်ဆိုတာကို တကယ်သိထားတာလား မှုန်ရီေ၀၀ိုးတ၀ါး သိထားတာလားဆိုတာ ယတိပြတ် မဝေခွဲနိုင် မဆုံးဖြတ်နိုင်သေးပါဘူး။ အခုတလောမှာ မမကြီးတစ်ယောက်ကို အသည်းအသန် ချစ်မိနေသူ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို ပြောပါတယ်။ မင်းက ချစ်မှ မချစ်ဖူးသေးတာတဲ့။ ငါဖြစ်နေတာကို မင်း ဘယ်ခံစားနိုင်မလဲတဲ့။ သူ့စကားနဲ့တင် ကိုယ့်ဘာသာ ပြန်တွေးမိတယ်။ ကျွန်တော်ရော ချစ်တယ်ဆိုတာ တကယ်သိလို့လားပေါ့။

ရန်ကုန်မှာ နာဂစ်မုန်တိုင်းဝင်တဲ့နေ့မှာ မင်္ဂလာဆောင်ပြီး မင်္ဂလာဦးညကို မိုးထဲလေထဲ ရင်ခုန်ဖင်တုန်စွာ ဖြတ်သန်းခဲ့ရတဲ့ နေးတစ်မြန်မာဖိုရမ်က သူငယ်ချင်းတစ်ဦးကတော့ အချစ်ဆိုသည်မှာကို ဒီလို ရှားရှားပါးပါး အနက်ဖွင့်ဆိုပါတယ်။
"အချစ်သည် အီးပေါက်ခြင်းနှင့် အလားသဏ္ဍာန်တူလေ၏ ...
အီးသည် နံမှန်းသိပါလျှက် ရှုတတ်ကြသကဲ့သို့ အချစ်သည် ပူလောင်မှန်းသိပါရဲ့ ချစ်တတ်ကြလေသတည်း ...
အီးစော်က နံလိုက်တာဟု ပြောတတ်ကြသလို အချစ်က ပူလောင်လွန်းလိုက်တာဟု ပြောတတ်ကြလေ၏ ... သို့သော် မရှုဘဲ မနေကြသလို မချစ်ဘဲနဲ့လည်း မနေကြပြန်ပေ ..."
သူ့ရဲ့ အချစ်နိတိလေးကလည်း မှတ်သားထားသင့်ပါတယ်နော်။

"Gravitation is not responsible for people falling in love."
Albert Einstein ကလည်း အချစ်ဆိုတာကို အခုလို ဖွင့်ဆိုခဲ့ပြန်ပါတယ်။

ကျွန်တော် ခံယူလက်ခံထားတဲ့ အချစ်ဆိုသည်မှာက... ထာဝစဉ် ပေးဆပ်နိုင်ဖို့တဲ့ ရယူပိုင်ဆိုင်လိုတာပါ။ တချို့က အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ ပြောကြတယ်။ တချို့ကျတော့ ရယူပိုင်ဆိုင်ရမှ အချစ်ဖြစ်တာလို့ ဆိုကြပြန်တယ်။ ကျွန်တော့်အဖို့ကတော့ သူမဘ၀လေးမှာ လိုအပ်တာမှန်သမျှကို ကွက်လပ်ဖြည့်ပေးဖို့ သူမအနားမှာ ထာဝစဉ် ရှိနေခွင့်လေး ရယူပိုင်ဆိုင်ချင်မိတယ်။ ကဗျာဆန်လား မဆန်လားတော့ မသိဘူး။ စိတ်ထဲက ရှိတဲ့အတိုင်း ရေးလိုက်တာပါပဲလေ။

တူးတူးသာ Tag လိုက်တဲ့အတွက် အချစ်ဆိုသည်မှာကို အခုလို ရေးဖြစ်သွားတာပါ။ တကယ်ဆို ကျွန်တော့် အဲဒီဘာသာရပ်မှာ အောင်မှတ်တောင် မရလိုက်ပါဘူး။ ၀င်ခွင့်စာမေးပွဲကို အောင်ပေမယ့် စာမေးပွဲကြီးမှာတော့ ကျွန်တော် ကျခဲ့ရပါတယ်။ ဒါကြောင့် အခုတလော့ ဂျီတော့ခ်မှာတောင် စိုးလွင်လွင်ရဲ့ သီချင်းစာသားလေးတွေ တင်ထားနေမိတယ်။
"ဟိုတစ်ချိန် အချစ်ရူးလေးအသည်းမှာ ရည်မှန်းချက်တို့ ရှိပါတယ်။ တိမ်လွှာတွေ လေနဲ့ ပျောက်ကွယ်။ ပျော်စရာဘုံ ပျောက်ခဲ့ရပါတယ်။"
"ကြင်နာတတ်ဆုံး နှလုံးသားမှာ နာကျည်းစိတ်တို့ ရှိပြီကွယ်။ အနိုင်မယူဘူး ကိုယ်အရှုံးပေးမယ်။ နေပူပူမှာ လမ်းဆက်လျှောက်နေမယ်။"

ဒါကြောင့် အချစ်ဆိုတာ မီးတောက်လိုပါပဲ။ အဲဒီအချစ်ကြောင့် အလင်းရောင်တွေ ရသလို ပူလောင်မှုလည်း ခံစားရပါတယ်။ လောကကြီးမှာ အဆိုးနဲ့အကောင်းက ဒွန်တွဲနေတာပါပဲဗျာ။

"Love is much like a wild rose, beautiful and calm, but willing to draw blood in its defense."
Mark Overby ကလည်း အချစ်ဆိုတာကို ဆူးတွေဝန်းရံထားတဲ့ နှင်းဆီပန်းရိုင်းကြီးနဲ့ တင်စားထားပြန်တယ်။ ဆူးများဝန်းရံနှင်းဆီပန်းဆိုတာ လွယ်လွယ်ခြွေခူးလို့ မရနိုင်ဘူးလေ။

အစဉ်အလာအရ အချစ်ဆိုသည်မှာကို လက်ဆင့်ကမ်းပါအုံးမယ်။ အချစ်ဆိုတာကို တကယ် သိကြမယ်လို့ ယူဆရတဲ့ တချို့တချို့ကို လက်ဆင့်ကမ်းချင်မိပါတယ်။ အချစ်နဲ့ပါတ်သတ်တဲ့ ရင်နှင့်အမျှ ခံစားချက်တွေကို ဖွင့်အန်ထုတ်စေချင်မိပါတယ်။
အတွေးရပ်ဝန်းထဲက ဂဏန်းမလေး ဆုဝေ
ရင်တွင်းဖြစ်တွေ ရေးရတော့ မခင်မမမျိုး
အချစ်ပန်းခင်း ဥယျာဉ်ထဲက ကြေးအိုး
ကျောင်းဆင်းဘက်ကြီး ပုလုကွေး

Thursday, October 9, 2008

Yaung Pay Suu

သျှောင်ပေစူး

တို့ငယ်ငယ်တုန်းအရွယ်
သျှောင်ပေစူးကလေးတွေနဲ့ကွယ်
ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်
ပြေးလွှားပျော်ပါးတယ်
သူငယ်ချင်း အပေါင်းအဖော်များနဲ့
ကောက်ရိုးပုံတွေကြား
တူပုန်းကစားကြတယ်။

တို့ငယ်ငယ်တုန်းအရွယ်
သျှောင်ပေစူးကလေးတွေနဲ့ကွယ်
ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်
ပြေးလွှားပျော်ပါးတယ်
သူငယ်ချင်း အပေါင်းအဖော်များနဲ့
ကောက်ရိုးပုံတွေကြား
တူပုန်းကစားကြတယ်။

ခင်ခင်မင်မင် ကြင်နာရှာတယ်
တို့များငယ်ငယ်
တစ်ယောက်နဲ့တစ်ယောက်
အပျောက်မခံကြဘဲ တတွဲတွဲနဲ့ကွယ်။

အလည်လွန်ခါ အိမ်ကိုပြန်ရင်
အမေကဆူတယ်
ကြိမ်းမောင်းလို့ အရိုက်ခံထိလည်း
အတွဲမပျက်ကြတယ်။

ရွာဦးက ဆရာတော်ကျောင်းဝယ်
တို့အပေါင်းအဖော် ရောင်းရင်းတွေ
တစ်ချီတစ်မောင်း သွားလို့ကွယ်
ကျောင်းဘုံပေါ်ဝယ် ခိုတွေဖမ်းလို့
ခါးပိုက်ဆောင်မှာ လွယ်
ဆရာတော်မိရင် အဆော်ခံထိမှာ
စိုးတယ် စိုးတယ်
ဖ၀ါးနဲ့တင်ပါး တစ်သားထဲပြေးကြတယ်။

ငယ်ငယ်တုန်းက တို့ဘ၀အရွယ်
ပျော်စရာကောင်းလို့ အောက်မေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့
ဆုတောင်းပါတယ်။
တစ်နယ်တစ်ကျေး အဝေးကကွယ်
အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ်ရေး
မအေးကြတယ်။

အရင်ကဆို ပျော်ပျော်ရွှင်ရွှင်
ချစ်ချစ်ခင်ခင် တို့တစ်တွေမယ်
ပြေးလွှား ကစားလို့ကွယ်
အပူအပင် ဝေးခဲ့လေတယ်။

အရင်ကဆို ပျော်ပျော်ရွှင်ရွှင်
ချစ်ချစ်ခင်ခင် တို့တစ်တွေမယ်
ပြေးလွှားကစားလို့ကွယ်
အပူအပင်ဝေးခဲ့လေတယ်။

ဘ၀ဆိုတာ နားမလည်
အသိတရားတွေက မကြွယ်
အခုများဖြင့် ကိုယ်စီကိုယ်စီ
ကြင်ဖော်အသွယ်သွယ်
သားရယ် သမီးရယ်
သောကမီးနွယ် လောကကြီးအလယ်
ဘ၀တိုက်ပွဲ အနိုင်နွှဲကြတယ်။

ငယ်ငယ်တုန်းက တို့ဘ၀အရွယ်
ပျော်စရာကောင်းလို့ အောက်မေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့
ဆုတောင်းပါတယ်။
တစ်နယ်တစ်ကျေး အဝေးကကွယ်
အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ်ရေး
မအေးကြတယ်။

ငယ်ငယ်တုန်းက တို့ဘ၀အရွယ်
ပျော်စရာကောင်းလို့ အောက်မေ့ဖွယ်
ပေါင်းဖော်သဟာဆွေ မာစေကြောင်းလို့
ဆုတောင်းပါတယ်။
တစ်နယ်တစ်ကျေး အဝေးကကွယ်
အခုများဖြင့် ဆွေးကြဖွယ်
ဘ၀သံသရာဝယ် ကိုယ်တာကိုယ်ရေး
မအေးကြတယ်။

တေးရေး တေးဆို အကော်ဒီယံအုန်းကျော်ပါ။ ကျွန်တော် သူ့သီချင်းတွေကို အများကြီး နားမထောင်ခဲ့ပေမယ့် သျှောင်ပေစူး သီချင်းလေးကိုတော့ နားထဲစွဲပြီး အတော်လေး မှတ်မိနေခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလယ်တန်း ကျောင်းသားဘ၀တုန်းက ကျောင်းကပွဲတစ်ခုမှာ အဲဒီသီချင်းကို သူငယ်ချင်းတွေ တေးသရုပ်ဖော် ကခဲ့တာကို မှတ်မိနေတာကြောင့်ပါ။

တေးသရုပ်ဖော်မှာပါတဲ့ သူငယ်ချင်းတွေ သနပ်ခါးပါးကွက်တွေ ကွက်၊ ဆံပင်တွေကို သားရေကွင်းလေးနဲ့ ချည်ပြီး သျှောင်ပေစူးဖြစ်အောင် လုပ်၊ ပြီးရင် ကျောင်းစိမ်းပုဆိုးတွေကို ကွင်းသိုင်းပြီး ကခဲ့ကြတာပေါ့။ အဲဒီတုန်းက ကတဲ့လူ ၁၀ ယောက်လောက် ရှိမယ်။ အတော်လေး ကြည့်လို့ ကောင်းတယ်။ ပျော်ဖို့လည်း ကောင်းတယ်။ ကျောင်းမှာ ဦးရွှေရိုးအက အတော်လေး ကောင်းတဲ့ သူငယ်ချင်းလည်း ရှိတယ်။ သူလည်း အဲဒီပွဲမှာ ဦးရွှေရိုး ဒေါ်မိုး အကနဲ့ ကပြခဲ့သေးတယ်။ နောက်ဆုံးပြီးခါနီးမှာ မျက်စိမှုန်မှုန်နဲ့ ကိုယ့်ပုဆိုးစကို ကိုယ့်ဘာသာတက်နင်းမိပြီး စင်ပေါ်မှာ မှောက်ထိုးလဲခဲ့တော့ အတော်ကို ရီခဲ့ရတယ်။

ကျွန်တော်နေခဲ့တဲ့ ကျောင်းက ရန်ကုန်မြို့ပေါ်မှာသာ ရှိပေမယ့် အတော်လေးကို ဆင်းရဲပါတယ်။ ဓနိမိုး ထရံကာ ကျောင်းလေးပါ။ ကြမ်းကတော့ မြေကြီးပါ။ ကျောင်းသား အများစုကလည်း လှိုင်မြစ်တစ်ဖက်ကမ်း ရွာတွေကနေ လာတက်ရတာပါ။ တချို့ကျတော့ ၀န်ထမ်း သားသမီးတွေပါ။ တချို့ကျတော့ ပုစွန်ခေါင်းချိုး ပုစွန်ဆီထုတ်တဲ့ အလုပ်တွေ လုပ်တဲ့ မိသားစုကနေ ဆင်းသက်လာတာပါ။ ခြုံကြည့်ရင် တစ်ကျောင်းလုံး ဆင်းရဲပါတယ်။ ဆရာ ဆရာမတွေကတော့ တကယ်တော်ရှာပါတယ်။ တပည့်မရှား တစ်ပြားမရှိ ပီတိကို စားတဲ့ တကယ့်ဆရာတွေပါ။ ကျူရှင်ဆိုတာ ဘာမှန်းမသိခဲ့ရတဲ့ ကျောင်းလေးကနေ တဖြည်းဖြည်း ကြီးပြင်းလာရတဲ့ ကျွန်တော်အဖို့ ဆယ်တန်းမှာ နွေရာသီကတည်းက ကျူရှင်တွေ ကြိုတက်ရမယ်ဆိုတာကို မသိခဲ့တဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ငယ်စဉ်ကလေးဘ၀မှာ သျှောင်ပေစူးနဲ့ ကျောင်းတက်တဲ့ သူငယ်ချင်းတွေ ရှိခဲ့ဖူးပါတယ်။ အတန်းကြီးကို ရောက်ခဲ့တော့လည်း အတန်းငယ်မူလတန်းပိုင်းက ကျောင်းသားကျောင်းသူအချို့ သျှောင်ပေစူးလေးတွေနဲ့ ရှိနေတုန်းပါပဲ။ ဆင်းရဲတဲ့ကျောင်းပီပီ ပကာသနတွေ သိပ်မရှိပါဘူး။ အ၀တ်အစားတွေလည်း နွမ်းလျပါတယ်။ အားလုံးနီးပါး ဆိုးပေလေးတွေပါပဲ။ ကစားချိန်မှာ အသေအကြေ ကစားကြတာပေါ့။ အရွယ်တွေ ရောက်လာလို့ ရန်တွေဖြစ်ရင်လည်း အကွဲအပြဲ တီးကြတာပေါ့။ တခါတုန်းကဆို ကျောင်းနားမှာ လာစောင့်နေတဲ့ တခြားကောင်တွေနဲ့ ချတုန်းကဆို ကျောင်းအုပ်ဆရာကြီးတောင် တုတ်ဆွဲပြီး သူ့ကျောင်းသားတွေဘက်က ၀င်ရိုက်ပေးသေးတယ်။ ကိစ္စအားလုံးပြီးမှ ကျောင်းက ဆိုးပေတွေကို ကျောင်းရှေ့ကွင်းထဲမှာ ကြိမ်လုံးနဲ့ ဆော်ပလော်တီးတာ။ ကျောင်းက သူငယ်ချင်း ဆိုးပေတွေကလည်း ဆရာကြီးကို ချစ်ကြောက်ရိုသေပါတယ်။ အဲဒီဆိုးပေတွေ သိပ်ချစ်ကြတဲ့ ဆရာကြီး အခုတော့ မရှိရှာတော့ပါဘူး။

အခုတော့ ကျောင်းတုန်းက သူငယ်ချင်းတွေလည်း အိမ်ထောင်ကျတဲ့လူလည်း ကျကုန်ပါပြီ။ တချို့တွေများ အိမ်ထောင်ကျတောင် တစ်ဆက်တည်းမဟုတ်ဘူး အိမ်ထောင်သုံးဆက်တောင် ကျပြီးပြီ။ ကိုယ်တွေများတော့ သူတို့လို့ အိမ်ထောင်တစ်ဆက်ကျဖို့ မပြောနဲ့ အဲဒီဘက်အခြမ်းမှာ ဘာတစ်ခုမှကို အဖြစ်မရှိသေးဘူး။ သေတဲ့လူလည်း သေကုန်ပါပြီ။ အရက်တွေ ဆေးလိပ်တွေ သောက်လွန်းတာကိုး။ ကျောင်းဆရာမ လုပ်နေတဲ့ သူငယ်ချင်းတွေတော့ ဘယ်ဒေသတွေမှာ ရောက်နေလဲဆိုတာ သတင်းအစအနတောင် မကြားရတော့ဘူး။ ၀န်ထမ်းလုပ်နေတဲ့ သူငယ်ချင်း တစ်ယောက်ကတော့ အပူပိုင်းဒေသတစ်ခုမှာ တာဝန်ထမ်းဆောင်နေရင်း မျက်လုံးကွယ်သွားတယ်လို့ ကြားမိလိုက်သေးတယ်။

ဘ၀တိုက်ပွဲတွေ ဆင်နွှဲနေရင်း အခုတော့လည်း တစ်နယ်တစ်ကျေး အဝေးကပဲ သတိရ ဆွေးရတာပေါ့ဗျာ။

Wednesday, October 8, 2008

Try again

ဒီနေ့ ရုံးမတက်ဘူး။ ခွင့်ယူထားတယ်။ အစည်းအဝေးရှိတယ် ဆိုတာတောင် ရုံးမတက်ဘူး ခွင့်တင်ထားတော့ အစည်းအဝေးတောင် ရွှေ့သွားရတယ်။ မရွှေ့လို့လဲ မရဘူးလေ။ အဲဒီအစည်းအဝေးမှာ ကျွန်တော်နဲ့ဆိုင်တဲ့ အလုပ်တွေကိုပဲ အဓိက ဆွေးနွေးကြမှာဆိုတော့ တကယ်လုပ်ရမယ့်လူ ကျွန်တော်ကိုယ်တိုင်မှ ရုံးမလာတော့ ဘာဆက်လုပ်လို့ရမှာလဲ။ ဒီနေ့ ခွင့်ယူတယ်ဆိုတာလည်း ရုံးမသွားချင်လို့ ခွင့်ယူတာမဟုတ်ပါဘူး။ စင်္ကာပူမှာ အလုပ်လာရှာတဲ့ အစ်ကိုဝမ်းကွဲတစ်ယောက် အလုပ်မရပဲ ပြည်တော်ပြန်မှာမို့လို့ ချန်ဂီလေယာဉ်ကွင်းကို လိုက်ပို့တာပါ။ နိုင်ငံခြားကို တစ်ခါမှ မလာဖူးတဲ့လူဆိုတော့ အပြန်ခရီးမှာလည်း ယောင်တောင်ပေါင်တောင် အူကြောင်ကြောင် မဖြစ်ရအောင်ဆိုပြီး အဖော်လိုက်ပေးခဲ့တာပါ။

သူဝယ်လာတဲ့ လေယာဉ်လက်မှတ်က MAI ဆိုတော့ ဗုဒ္ဓဟူးနေ့ပဲ လေယာဉ်ထွက်ပါတယ်။ အင်္ဂါနေ့မှာ မထွက်ပါဘူး။ နေထိုင်ခွင့်ရတဲ့ ၂ လ ကလည်း ဒီနေ့မှာ ပြည့်တာဆိုတော့ ကွက်တိပါပဲ။ အဲဒါနဲ့ပဲ နေ့လည် ၁၂ နာရီ လေယာဉ်နဲ့ပဲ မြန်မာပြည်ကို ပြန်ဖို့စီစဉ်ခဲ့ပါတယ်။ ဟိုဘက်မှာတော့ တနလာင်္နေ့က ပြန်သွားရတဲ့ သူ့မိတ်ဆွေတစ်ယောက် လာကြိုမှာပါ။ သူ့မိန်းမနဲ့ ကလေးတွေလည်း လာမယ်လို့တော့ သိထားရပါတယ်။

မနက် ၁၀ နာရီမထိုးခင် အိမ်ကထွက်လာပြီး တက်စီငှားပြီး လေယာဉ်ကွင်းကို ထွက်လာခဲ့ပါတယ်။ ပြီးတော့ လက်မှတ်ကောင်တာမှာ ပါလာတဲ့ အထုပ်အပိုးတွေကို ချိန်ပြီး ခုံနံပါတ်ယူပါတယ်။ MAI က ကီလို ၃၀ ပေးပါတယ်။ သူ့အထုပ်ကတော့ ၂၈ ကီလို ရှိတယ်ဆိုတော့ အိုခေပါပဲ။ လေယာဉ်ထွက်ဖို့လိုသေးတာနဲ့ လေဆိပ်က ဆိုင်တစ်ဆိုင်မှာပဲ အဆာပြေ ကော်ဖီသောက်ကြတာပေါ့။ ပြီးတော့ လေယာဉ်ထွက်ဖို့ မိနစ် ၂၀ အလိုမှာ လေဆိပ်အထဲကို ၀င်ခိုင်းလိုက်ပါတယ်။ သူ့ကလေးတွေအတွက် သယ်သွားတဲ့ ဖူဆယ်ဘောလုံးကို လေရှော့ခိုင်းတာက လွဲလို့ အားလုံး အဆင်ပြေ ချောမွေ့ပါတယ်။

အဲဒီအစ်ကိုက ဆောက်လုပ်ရေးဝန်ကြီးဌာနက အငယ်တန်း အင်ဂျင်နီယာတစ်ဦးပေါ့။ ဗိုလ်မြတ်ထွန်းတံတား၊ မကွေးတံတားတို့ကို ဆောက်လုပ်ခဲ့သလို ရခိုင်ပြည်နယ် တောင်ကုတ်-မအီလမ်းကို ပြုပြုထိန်းသိမ်းရတဲ့ စီမံချက်တွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ လုပ်သက်ကတော့ ၁၀ နှစ် အတိပါပဲ။ ဒါပေမယ့် စင်္ကာပူမှာ နေသွားတဲ့ ၂ လ အတွင်းမှာ ဆောက်လုပ်ရေးနဲ့ ပါတ်သတ်တဲ့ အလုပ်မှန်သမျှ လျှောက်ခဲ့ပေမယ့် အင်တာဗျူး ၃ ခုပဲ ရရှာပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လပိုင်းက သတင်းစာထဲမှာတော့ အင်ဂျင်နီယာအလုပ်တွေက ခေါ်နေကြတာပါပဲ။ စနေနေ့နဲ့ ဗုဒ္ဓဟူးနေ့ သတင်းစာမှာဆို အလုပ်ခေါ်တာ အတော်များပါတယ်။ အခုနောက်ပိုင်းမှာတော့ သတင်းစာထဲမှာပါ အလုပ်ခေါ်စာတွေ နည်းလာပါပြီ။ အလုပ်တွေက ခေါ်တာ ခေါ်နေကြပေမယ့် အင်တာဗျူးတွေရော ရှိရဲ့လား မသိဘူး။ ဆောက်လုပ်ရေးကုမ္ပဏီတွေက ပရောဂျက်တင်ဒါတွေ လိုချင်လို့ အလုပ်ခေါ်စာတွေ သတင်းစာထဲမှာ ထည့်ကြေညာတာလို့လည်း တချို့ကတော့ ပြောတာပါပဲ။ ကျွန်တော်ကတော့ သိပ်နားမလည်ပါဘူး။

အမေရိကန်မှာဖြစ်နေတဲ့ စီးပွါးရေးအရှုပ်တော်ပုံကလည်း စင်္ကာပူနိုင်ငံရဲ့ စီးပွါးရေးကို အနည်းနဲ့အများဆိုသလို ထိခိုက်စေတာပါပဲ။ ဆောက်လုပ်ရေး လုပ်ငန်းဆိုတာကလည်း နိုင်ငံရဲ့စီးပွါးရေးအခြေအနေမှာ အများကြီး တည်မှီနေပါတယ်။ စီးပွါးရေးကျရင် ဆောက်လုပ်ရေးလုပ်ငန်းတွေ အရင်ဦးဆုံး နားရပါတယ်။ စီးပွါးရေး အဆင်ပြေလာတော့လည်း ဆောက်လုပ်ရေးလုပ်ငန်းတွေက နောက်ဆုံးမှ ထောင်တက်ရတာပါ။ ကျရင် အရင်ဆုံးကျရပြီး တက်ရင် နောက်ဆုံးမှ တက်ရတာပေါ့။ ဒါကြောင့်လည်း အလုပ်တွေက အတော်ရှားကုန်သလို ခေါ်ထားတဲ့ အလုပ်တွေကလည်း တကယ်တမ်း အင်တာဗျူး မခေါ်နိုင်ကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက်က ဒီဇင်ဘာလနား နီးနေပြီဖြစ်တော့ အများစုက အလုပ်မထွက်ပဲ နေကြပါတယ်။ ဒီဇင်ဘာမှ ရမယ့် နှစ်ထပ်ကွမ်းလစာကို စောင့်ကြတဲ့ သဘောပေါ့။ လစာ ၂၀၀၀ ရတဲ့လူက ဒီဇင်ဘာမှာ ၄၀၀၀ ရမယ်လေ။ အဲဒီတော့ အလုပ်မထွက်ပဲ သည်းခံနေကြတော့ အလုပ်နေရာလွတ်တွေ ရှားကြပါတယ်။ အဲဒီလိုပဲ spass quota တွေလည်း သိပ်မကျန်တဲ့ ကုမ္ပဏီတွေလည်း ရှိကြပါတယ်။ သူ့ရဲ့ အသိမိတ်ဆွေ သူငယ်ချင်းတွေလည်း ဒီမှာ အင်ဂျင်နီယာအလုပ်တွေ လာရှာကြပါတယ်။ တချို့ဆို အလုပ်ရပေမယ့် spass quota မရှိတဲ့အတွက် အဆင်မပြေပဲ ပြန်သွားရပါတယ်။ တချို့ကျတော့လည်း အခုအချိန်အထိတိုင် အင်တာဗျူး တစ်ခုတစ်လေမှ မရကြသေးပါဘူး။ အလုပ်ဈေးကွက်တစ်ခုလုံးမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အတိအကျ မသိရပေမယ့် သူ့အသိုင်းအ၀ိုင်းမှာတော့ အခုချိန်အထိ အလုပ်ရှာရ ခက်ခဲနေပါတယ်။

အလုပ်မရလို့ ပြန်သွားရတဲ့လူအဖို့ ငွေကြေးဆုံးရှုံးမှုအပြင် စိတ်ဓါတ်အင်အားတွေလည်း ကျဆင်းစေပါတယ်။ အားငယ်အားပျက်တဲ့စိတ်တွေ ရှိကြပါတယ်။ ကျွန်တော်ကတော့ သူ့ကို အားမလျှော့သေးပဲ နောက်တစ်ခေါက် ထပ်ကြိုးစားဖို့ မှာလိုက်ပါတယ်။ အင်္ဂလိပ်စာကို သေချာပြင်ဆင်ခဲ့ဖို့လည်း မှာရတာပေါ့။ တရုတ်နှစ်ကူးအပြီး မတ်လဆန်းလောက်မှ အလုပ်လာရှာဖို့ပေါ့။ အခု ရန်ကုန်ပြန်နေရတဲ့အချိန်မှာ မိသားစုနဲ့ ပျော်ပျော်ပါးပါး နေဖို့အခွင့်အရေး ရတယ်လို့ပဲ အကောင်းဘက်ကနေ မှတ်ယူခိုင်းထားပါတယ်။ ဒီမှာ အလုပ် စလုပ်ရပြီဆိုရင် ဒီမိသားစုနဲ့ နှစ်ကာလ အတိုင်းအတာတစ်ခုတော့ ခွဲခွာ နေထိုင်ရတော့မှာလေဗျာ။

Monday, October 6, 2008

Gone with the time

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ငယ်စဉ်က ကလေးတို့ဘ၀မှာ
ပျော်ပါးဖို့ရာ လွယ်ပါတယ်
ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ
စားချိန်မှာ ၀င်စားမယ်
အိပ်ချိန်မှာ ၀င်အိပ်မယ်

အပူုအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

ဟိုစဉ်က လွတ်လပ်မှုဟာ
ခုများပျောက်လို့ နေပါပြီ
သံယောဇဉ်နဲ့ တုပ်နှောင်မြဲခဲ့ …
သွားချင်ရာကို မသွားနိုင်
လုပ်ချင်ရာကို မလုပ်နိုင်

အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင်အမျိုးမျိုး စွန်းထင်နေပြီ
ဆန္ဒလွန်ကဲ … စိတ်အလိုလိုက်လွဲ
အသုံးမ၀င်တဲ့ နောင်တတွေ
လှုံ့ဆော်ကာ ကြေကွဲနေ …

အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်။

တေးရေးဆရာက စိုင်းခမ်းလိတ်ပါ။ တေးဆိုက စိုင်းထီးဆိုင်ပါ။ လွှမ်းမိုးလည်း ဆိုဖူးပါတယ်။ ကျွန်တော် Youtube မှာ ကြည့်ခဲ့ရတဲ့ သီချင်းကတော့ လွှမ်းမိုးဆိုထားတာပါ။ လွှမ်းမိုးအသံကျတော့ ငိုသံလေး ပါတယ်လို့ ခံစားရတော့ အပူအပင်ကင်းတဲ့ ကလေးဘ၀ကို ပိုပြီးလွမ်းစရာ ကောင်းသလားပဲ။ အွန်လိုင်းမှာရှိနေတဲ့ သူငယ်ချင်းတွေ ပြောပြတာကတော့ အဲဒီသီချင်းဆိုပြီး သိပ်မကြာဘူး လွှမ်းမိုးတစ်ယောက် ကားတိုက်လို့ ဆုံးသွားပါတယ်တဲ့။ ဒါကြောင့် လွှမ်းမိုး နောက်ဆုံးဆိုခဲ့တဲ့ သီချင်းလို့တောင် ပြောလို့ရမယ်ဆိုပဲ။

ကလေးဘ၀တုန်းက လူကြီးဖြစ်ချင်ခဲ့တယ်။ အမြန် အရွယ်ရောက်ချင်တယ်။ မိဘဆီကနေ ခွင့်ပြုချက်မလိုပဲ လုပ်ချင်တာတွေ လုပ်လို့ရအောင် သုံးချင်တာတွေ သုံးလို့ရအောင်ပေါ့။ အခုများတော့ လူကြီးဖြစ်လာပါပြီ။ အင်း... လူကြီး ဖြစ်ပြီလို့ ထင်ရတာပါပဲ။ အိမ်မှာအတူနေတဲ့ ကလေးတွေကတော့ ဦးဦးလို့ ခေါ်ကြတာဆိုတော့ လူကြီးပဲပေါ့ဗျာ။ လူကြီးဖြစ်တော့ ကလေးပြန်ဖြစ်ချင်လား ဆိုတော့... အဲဒီလိုမျိုးလဲ မဟုတ်ပါဘူး။ ကလေးမှ ပြန်ဖြစ်လို့မရတာ သိတာပေါ့။ ဒါပေမယ့် ကလေးဘ၀က အပူအပင်ကင်းတဲ့ အချိန်တွေကို ပြန်တော့ လွမ်းမိသား။

အခုများတော့... လိုချင်တာတွေ နောက်ကို အချိန်ပေး ကြိုးစားလိုက်နေရတာ ပင်ပန်းတယ်လေ။ Nikon D90 လည်း လိုချင်ပြန် Nokia Handphone အကောင်းစားလေးလည်း ကိုင်ချင်ပြန်။ တဖြည်းဖြည်းနဲ့ လောဘရဲ့ သားကောင်ဘ၀ကို ရောက်လာမိတာပေါ့။ အရာရာကို ပူပန်တဲ့စိတ်နဲ့အတူ အားမလိုအားမရတွေဖြစ်ပြီး ဒေါသတွေကလည်း ရှိလာပြန်တယ်။ မာနကတော့ ဟိုးအရင်နဂိုကတည်းက ကြီးပြီးသားပါ။ ကလေးဘ၀နဲ့ လူကြီးဘ၀မှာ မာနကတော့ သိပ်မကွာဘူးလို့ ထင်ရတာပါပဲ။ အဲဒါနဲ့ပဲ အပူပေါ် အပူဆင့်ပြီး စိတ်ညစ်စရာတွေ ဖြစ်လာရတော့ ငယ်စဉ်ကလေးဘ၀မှာ အဲဒါမျိုးတွေ မရှိခဲ့တာကို တွေးရင်း တမ်းတလွမ်းမိပါတယ်။ လက်ရှိဘ၀ အခိုက်အတန့်လေးမှာ ငြိမ်းအေးရာ နိဗ္ဗာန်ဘုံလေ ပျောက်ဆုံးနေတာပေါ့။

အင်း... ဖြတ်သန်းခဲ့တဲ့ အချိန်ကြာညောင်းခဲ့သလို နိဗ္ဗာန်ဘုံလေးလဲ ပျောက်ဆုံးနေပြီပေါ့ဗျာ။

Saturday, October 4, 2008

World Animal Day

ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့က World Animal Day ကမ္ဘာ့တိရစ္ဆာန်များနေ့ပါ။ ကမ္ဘာမြေပေါ်က တိရစ္ဆာန်လေးတွေရဲ့ဘ၀ကို သတိပြုမိဖို့ ချစ်မြတ်နိုးဖို့ စောင့်ရှောက်ကာကွယ်ဖို့ အထိမ်းအမှတ်တစ်ခုအနေနဲ့ ကျင်းပခဲ့တာပါ။

အဲဒါနဲ့ပဲ ကျွန်တော် ဇူလိုင်လည်း စင်္ကာပူတိရစ္ဆာန်ဥယျာဉ်မှာ တိရစ္ဆာန် အကောင်ပလောင်လေးတွေနဲ့အတူ ကမ္ဘာ့တိရစ္ဆာန်များနေ့ကို ဆင်နွှဲရင်း ၀ါသနာအလျှောက် ဓါတ်ပုံလေးတွေ လျှောက်ရိုက်ခဲ့ပါတယ်။ Nikon D90 နဲ့တော့ မဟုတ်ပါဘူး။ ရိုးရိုး ကင်မရာလေးနဲ့ပါပဲခင်ဗျာ။ ဒါတောင် ပုံတွေက အတော်ကောင်းတယ်နော်။

စင်္ကာပူတိရစ္ဆာန်ဥယျာဉ်ကို ၁၉၇၃ ဇွန်လ ၂၇ ရက်နေ့မှာ Dr Goh Keng Sweeက ဖွင့်လှစ်ခဲ့တာပါ။ ၂၈ ဟတ်တာဧက ကျယ်ဝန်းပါတယ်။ တိရစ္ဆာန်မျိုးစိတ်ပေါင်း ၃၁၀ ကျော်ရှိပြီး ကောင်ရေစုစုပေါင်း ၂၅၀၀ ကျော်ကို သဘာဝနီးပါးအတိုင်း မွေးမြူထားပါတယ်။


ကျောက်တောင်စွန်းလေးမှာ လှလှပပလေး မော်ဒယ်ထိုင်ပေးနေတဲ့ ကျားဖြူမလေးပါ။ တကယ်တော့ ကျားဖြူဆိုတာ ခရုသင်းရှိနေတဲ့ လူလိုပါပဲ။ မျိုးရိုးဗီဇ ချို့ယွင်းမှုကြောင့် မ၀ါပဲ ဖြူခဲ့ရတဲ့ ကျားတွေပါ။ မျက်လုံးတွေက အပြာ ဒါမှမဟုတ် အစိမ်းရောင်တွေ ဖြစ်တတ်ပါတယ်။ ကျား အကောင်ရေ ၁ သောင်းမှာ ၁ ကောင်လောက်ပဲ ဖြစ်တတ်ပါတယ်။ သူတို့အဖေကလည်း ကျားဖြူပါပဲ။


ရေကူးကျွမ်းတဲ့ ချစ်စရာ ဖျံလေးတွေပါ။ ရေထဲမှာ နောက်ပြန်ကျွမ်းလေးတွေလည်း ထိုးပြပါတယ်။ တချိန်လုံး ကျွတ်ကျွတ်ညံအောင် အချင်းချင်း တွတ်ထိုးနေကြပါတယ်။ လူတွေရှေ့မှာလည်း ခြေနှစ်ချောင်းနဲ့ မတ်တပ်ရပ်ပြီး လက်ကလေးဖြန့် အစားတောင်းတတ်ကြပါတယ်။ လက်သည်း ခြေသည်းတွေ ရှိကြပါတယ်။ ငါးဖမ်းလည်း တော်ကြပါတယ်။ သူတို့ရဲ့ အဓိက အစားအစာက ငါးပါ။ ငါးမရှိရင် ဖားတွေ ပုစွန်တွေ ဂဏန်းတွေလည်း ရှာစားတတ်ကြပါတယ်။


ကြံဖြူကြီးတွေပါ။ ဆင်ပြီးရင် သူတို့တွေက အကြီးဆုံးပါပဲ။ သူတို့ရဲ့ အရေခွံက အထူကြီးပါ။ ဒါပေမယ့် သူတို့လည်း ခြင်ကိုက်ရင် ယားတတ်ပါတယ်။ ခြေထောက်မှာ ခြေချောင်းလေး ၃ ခုပဲ ရှိကြပါတယ်။ အဲဒီခြေထောက်တွေနဲ့ ၁ နာရီကို မိုင် ၃၀ နှုန်း ပြေးနိုင်ကြပါတယ်။ သူတို့ရဲ့ ဘေးပတ်ဝန်းကျင် အောက်နားမှာတော့ သူတို့ရဲ့ အရေခွံပေါ်က ပိုးကောင်တွေကို စားပေးကြတဲ့ ငှက်လေးတွေ အများကြီးပါပဲ။ တောထဲမှာဆိုရင်တော့ ဒီငှက်လေးတွေက ရန်သူလာရင် ကြံ့တွေကို သတိပေးကြတဲ့အတွက် ကြံ့တွေက အချိန်မှီ ရှောင်ပြေးလို့ရပါတယ်။ တိရစ္ဆာန်တွေရဲ့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ စနစ်လေးတစ်ခုပေါ့ဗျာ။


အာဖရိကတိုက်က Eland လို့ခေါ်တဲ့ သမင်နဲ့တူပြီး အပြေးမြန်တဲ့ တောင်ဆိတ်မျိုးနွယ်ဝင် အကောင်တွေပါ။ သူတို့ ချိုတွေက အပေါ်ကို ရှည်ပြီး ထောင်တက်သွားပါတယ်။ သမင်တွေလို ချိုတွေက မကွေးသွားပါဘူး။ အထီးရော အမရော ဦးချိုတွေရှိကြပါတယ်။ အမတွေရဲ့ ချိုတွေက နည်းနည်းသေးပါတယ်။ အမတွေက အညိုရောင်လေးဖြစ်ပြီး အထီးတွေ အမည်းရောင်တွေပါ။ ကျောပေါ်မှာ ဒေါင်လိုက် အဖြူအစင်းလေးတွေ ပါကြပါတယ်။ အဖွဲ့လိုက်နေကြတဲ့ အကောင်တွေပါ။ အသက် ၂၅ နှစ်အထိ ရှည်ကြပါတယ်။


မြင်းကျားမောင်နှံပေါ့။ သူတို့ကိုယ်ပေါ်က အဖြူအနက် အစင်းကြားတွေက ရုတ်တရက်ကြည့်ရင် တူတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ တစ်ကောင်နဲ့ တစ်ကောင် မတူညီကြပါဘူး။ လူတွေရဲ့ မျက်နှာတွေ ကွဲပြားသလို သူတို့ရဲ့ အစင်းကြားတွေကလည်း မတူညီကြပါဘူး။ သူတို့တွေကလည်း အုပ်စုလိုက် နေထိုင်တဲ့ အကောင်တွေပါပဲ။ မြင်းကျားတွေမှာ စူးရှတဲ့အမြင်တွေရှိပြီး ညအမှောင်ထဲမှာလည်း မြင်နိုင်ကြပါတယ်။ အကြားအာရုံမှာလည်း ကောင်းကြပါတယ်။ သူတို့ရဲ့ နားရွက်တွေက ထောင့်မျိုးစုံကို လှည့်လို့ရပါတယ်။

Friday, October 3, 2008

Blood Donation Procedure

On average, the donation takes only about 10 minutes while the entire procedure lasts less than 60 minutes, from registration to resting time. The time you spend may mean life or death to those in need, so it is time well spent!

1. Registration
Register with your NRIC. Foreigners must register with their passport and a local address must be provided. A health assessment questionnaire will have to be completed and personal particulars recorded.

2. Medical Interview
A doctor or nurse will go through the questionnaire with you in detail. You will need to sign a declaration form to confirm that the information given is true. Your weight, blood pressure, pulse and temperature will be checked.

3. Blood Test
Your blood haemoglobin level is checked to make sure that you can give blood.

4. The Donation
A specially-trained nurse will draw the blood. A localised pain killer will be applied to your arm before the donation. About 300ml or 450ml (depending on your weight) of blood will be drawn. ll needles used are sterilised, and will be disposed after use.

5. Rest & Refreshment
Light refreshments will be served after the donation. You should rest for at least 10 minutes before leaving.


You can help save lives too.

Wednesday, October 1, 2008

New husband?

ကံမကောင်းသော တွတ်ပီ
(ဆာသော်ဒိုး)
The Voice Journal 27-9-08

တစ်နေ့တစ်၌ ကျွန်ုပ်သည် တနင်္ဂနွေမနက်ခင်းတစ်ခုဖြစ်သည်နှင့်အညီ ဘယ်ဆီကိုမှ မထွက်ဖြစ်ဘဲ အိမ်မြဲကာ စာရေးစာဖတ်အလုပ်ကို လုပ်ရန် အရှိန်ယူ တာစူလို့နေပါ၏။ ကျွန်ုပ်၏ ချစ်ဇနီးဖျော်ပေးသည့် ကော်ဖီစိမ့်ခါးကို တစ်ငုံငုံလိုက်၊ ပေါင်မုန့်ထောပတ်သုတ်ကို တစ်ဖဲ့ဝါးလိုက်နှင့်ရှိကာ စားပွဲပေါ်တွင် အသင့်တင်ထားပါသော ယနေ့ထုတ် ဂျာနယ်များထဲမှ တစ်စောင်ကို လှန်လှောဖတ်ရှုနေဖြစ်ပါ၏။

ဂျာနယ်၏ စာမျက်နှာတစ်ခု အရောက်တွင်ကား သတင်းတစ်ပုဒ်ကို ကျွန်ုပ် စိတ်ဝင်စားသွားမိပါတော့၏။ သတင်းကား အခြားမဟုတ်။ ကျွန်ုပ်တို့၏ ကာတွန်းရေးဖော်ကြီး သွားလေသူ ဆရာဆွေမင်း(ဓနုဖြူ)၏ ဇာတ်တစ်ပုဒ်ကို ဒီဗွီဒီအဖြစ် အသက်သွင်းမည့် အကြောင်းအရာသာ ဖြစ်ပါလေ၏။ ကိုဆွေမင်းကား လူသာသေသော်လည်း နာမည်မသေသည့် အနုပညာရှင်တစ်ဦး ဖြစ်ပေရာ ယခုမှာလည်း သူ၏ ဇာတ်လမ်းတွဲများထဲမှ ဇာတ်လမ်းတစ်ခုမှာ ဖန်သားပြင်ပေါ်သို့ ထပ်မံသက်ဝင် လှုပ်ရှားရောက်ရှိ လာအုံးမည် ဖြစ်သည့်အတွက် ကျွန်ုပ်စိတ်ထဲမှာ ပီတိဖြစ်ရပါပေ၏။

ဆရာဆွေမင်း(ဓနုဖြူ)၏ မြိုင်ရာဇာတွတ်ပီ ကား မြန်မာပြည်တစ်လွှား လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အမှန်အကန်ကို ကျော်ကြားခဲ့သူဖြစ်ပါ၏။ တွတ်ပီသာမက မသေးမျှင်၊ ဗိုက်ကလေး၊ သူကြီးဘစီ၊ လူပျိုကြီး စောတင်မောင်၊ ကျောကင်းဆရာလေး ကြည်နိုင်၊ အတီး စသည့် ဇာတ်ကောင်များသည်လည်း တွတ်ပီနည်းတူ ပရိသတ်ရင်ထဲ စွဲနေဆဲ ဇာတ်ကောင်များသာ ဖြစ်ပါသည်။

ယခုကဲ့သို့ ကာတွန်းရုပ်ပြ ဇာတ်လမ်းများကို ကမ္ဘာမှာရော... မြန်မာမှာပါ ပိတ်ကားပြင်ပေါ် အသက်သွင်းခဲ့ကြသည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်ပါ၏။ ကမ္ဘာပေါ်မှာဆိုလျှင် ကာတွန်းရုပ်ပြမှ ရုပ်ရှင် ဇာတ်ကောင်များ ဖြစ်သွားကြသည်မှာ များပြားလွန်စွာ ရှိပါ၏။ အနီးဆုံး ဥပမာကား စူပါမင်းန်၊ ဘတ်မင်းန်၊ စပိုက်ဒါမင်းန် တို့ ဖြစ်ပါ၏။

ကမ္ဘာကျော်ရုပ်ပြများကို ရုပ်ရှင်အဖြစ် အသက်သွင်းကြသည့်အခါ ဒါရိုက်တာများမှာ သေသေချာချာ စနစ်ကျစွာ လုပ်ကိုင်ဆောင်ရွက်ကြပါ၏။ သရုပ်ဆောင်မည့် ပုဂ္ဂိုလ်အား အနှီနာမည်ကျော် ကာတွန်း ဇာတ်ကောင်၏ ပုံသဏ္ဍန်အတိုင်းကို တဝေမတိမ်း ထပ်တူထပ်မျှ ဒီဇိုင်းထုတ် ၀တ်ဆင်စေကာ မျက်နှာကိုလည်း မူလဇာတ်ကောင်အတိုင်း အတိအကျ ခြယ်သကြပါ၏။ ထိုရောအခါ မူလဘူတ ကာတွန်းရုပ်ပြ ဇာတ်ကောင်မှာ စာအုပ်ထဲမှ သက်ဝင်လှုပ်ရှားပြီး သကာလ ပိတ်ကားပေါ် အကျအန ရောက်ရှိသွားသလိုပင် ဖြစ်ပါတော့၏။ စာအုပ်နှင့် ရုပ်ရှင် မီဒီယာမတူစေကာမူ သူ၏ မူလအရသာမှာကား လုံးဝ တစ်သားတည်းသာ ဖြစ်ပါတော့၏။

ထိုနည်းတူစွာ ကျွန်ုပ်တို့ မြန်မာပြည်မှာလည်း သာဓကများစွာ ရှိခဲ့ပါပေ၏။ ကျွန်ုပ်တို့ ငယ်ငယ် လူမမယ် အရွယ်ကဆိုလျှင် ကျွန်ုပ်တို့၏ ဆရာကြီး ကာတွန်းအောင်ရှိန်မှာ လျှမ်းလျှမ်းတောက် ဖြစ်ခဲ့ကာ သူ၏ ကာတွန်းဇာတ်လမ်း များစွာမှာလည်း ငွေရောင်ပိတ်ကားထက်တွင် အမြဲပင် အသက်ဝင်ခဲ့ပါ၏။ စီစဉ်ညွှန်ကြား ရိုက်ကူးသည့် ဒါရိုက်တာကြီးများကော သရုပ်ဆောင်မည့် မင်းသား မင်းသမီးများပါ မူလဇာတ်ကောင်၏ ကာရိုက်တာကို အမိအရ ဆုပ်ကိုင်ခဲ့ကြပါလေ၏။ ဥပမာအားဖြင့် ဆိုရလျှင် ဆရာဦးအောင်ရှိန်၏ ဦးရှံစား၊ ဦးဒိန်းဒေါင်ကို လူရွှင်တော် မင်းသားကြီး သန်းနွဲ့နှင့် မြင့်ဖေတို့က သရုပ်ဆောင် ရိုက်ကူးခဲ့ကြရာ (ဦး)သန်းနွဲ့မှာ မူလ ဦးရှံစားပုံစံအတိုင်း မောင့်ကျက်သရေ ခေါင်းပေါင်း၊ တိုက်ပုံနှင့် ပါးစပ်တွင်လည်း ဦးရှံစားအတိုင်း ဆေးတံအိုးအကြီးကြီးကို အမြဲကိုက်လျှက် သရုပ်ဆောင်ခဲ့ပါ၏။ ဦးဒိန်းဒေါင်ဖြစ်သော (ဦး)မြင့်ဖေမှာလည်း ဦးဒိန်းဒေါင်အလား ဆံပင်ကို အလည်တည့်တည့်ခွဲလျက် တစ်ဖက်ကား အနက်၊ တစ်ဖက်ကား အဖြူ ဆေးဆိုးကာ ပုဆိုးမှာလည်း ကာတွန်းထဲကအတိုင်း ပတ်လည်အစင်းကြားကြီးနှင့် ဖြစ်ပါ၏။ ရဲကြီးလုပ်သူ ဦးအုန်းခွေမှာလည်း တကယ့် ဦးအုန်းခွေ ပါပေ။

ထိုနည်းတူစွာ ဆရာဦးအောင်ရှိန်၏ တောတွင်းသား ကြာဆံကို ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ကြပြန်ရာ ကြာဆံအဖြစ် သရုပ်ဆောင်သူ ဦးအုန်းမောင်မှာ ကြာဆံပုံစံအတိုင်း ပခုံးတစ်ဖက်ဖော် ကျားသစ်ရေ ၀တ်စုံနှင့် ခါးပတ်အိတ်တွင် လောက်လေးခွနှင့်ဖြစ်ကာ ကြာဆံ၏ ဆွဲဆောင်မှုအရှိဆုံးသော ကျီးကန်း နှုတ်သီးသဏ္ဍာန် ဆံပင်ပုံစံကို အမိအရ ပုံစံတူပြုလုပ်ကာ ခေါင်းထက်တွင် တပ်ဆင်ကာ သရုပ်ဆောင်ခဲ့ပါပေ၏။ အကျိုးဆက်ကား ဦးအုန်းမောင်သည် နောက်ပိုင်းတွင် ကြာဆံအုန်းမောင် ဟု အမည်တွင်ခဲ့ပါတော့၏။ ဤကား မူလဘူတ ကာတွန်းဇာတ်ကောင်များနှင့် ပိတ်ကားပေါ်ရောက် ကာရိုက်တာတို့၏ ထပ်တူထပ်မျှ ဖြစ်မှုသာ ဖြစ်ပါ၏။

ယခုလည်း ရှေးနည်းတူစွာ ကာတွန်းဇာတ်ကောင်မှနေ၍ ဖန်သားပြင်ထက် သက်ဝင် လှုပ်ရှားလာတော့မည့် တွတ်ပီကို မြင်ယောင်မိပါ၏။ တွတ်ပီကား ကာတွန်းဆရာ၏ ရင်တွင်းစိတ်ကူး စေတနာများမှ ပေါက်ဖွား ရှင်သန်ခဲ့သော ကာရိုက်တာတစ်ခုပါလေ။ ဆံပင်မရှိသော ဦးပြည်းပြောင်ပြောင်၊ ၄င်းပေါ်တွင် အလွန် သေးငယ်သည့် ဦးထုပ်ကလေးနှင့် ခန္ဓာကိုယ်တွင်ကား စွပ်ကျယ်အဖြူ လက်စကနှင့် နှစ်လုံးပြူးကျည်များကို စလွယ်သိုင်းကာ ခါးဝတ်ပုဆိုးကိုကား ခါးတောင်းကျိုက်ထားပါ၏။ အောက်ပိုင်းတွင်ကား မိုးထဲရွှံ့ထဲစီး လည်ရှည်ဖိနပ် အနက်ကြီးနှင့်ဖြစ်ကာ အမြင့်မတင့်တယ်စွာ ပုံကို မြင်ရတာနဲ့တင် ရယ်ချင်စရာ ကာရိုက်တာပါပင်။

ဤသို့သော ထူးခြားဆန်းပြားသည့် ကာရိုက်တာပုံသဏ္ဍာန်တစ်ခုကို ကာတွန်းဆရာသည် ဘယ်နှလ၊ ဘယ်နှနှစ်၊ နေ့ပေါင်းများစွာ ညပေါင်းများစွာ စိတ်ကူးပုံဖော်ခဲ့ရပါသနည်း။ လူအများကြား ထင်းခနဲနေအောင်၊ လူအများကြား ရှင်းခနဲနေအောင် သရုပ်ဆောင်မည့် အနှီကာတွန်းရုပ်ကလေးများကား ကာတွန်းဆရာ၏ ရင်နှစ်သည်းချာ သားသမီးရတနာများသာ ဖြစ်ပါ၏။

ကျွန်ုပ်လည်း ဂျာနယ်ပါ မြိုင်ရာဇာကို ဆက်လက်ဖတ်ရှုဖြစ်ခဲ့ပါ၏။ မြိုင်ရာဇာသတင်းပါ ထွန်းအိန္ဒြာဗို၏ အင်တာဗျူးကို ဖတ်ခွင့်ရပါ၏။ သူသည် သူ၏ဒီဇိုင်နာ လတ်လတ်ထံမှာပဲ ဇာတ်ဝင်ခန်းများအတွက် အမြဲတမ်း ချုပ်ပါကြောင်း ပြောဆိုပြီးသကာလ... "အခုလည်း မသေးမျှင် ဇာတ်ကောင်အတွက် ကာတွန်းထဲက ပုံစံနဲ့ တစ်ထပ်တည်းဖြစ်အောင် ထဘီအဆင်တွေကအစ သေသေချာချာရွေးပြီး ပြင်ဆင်နေပါတယ်။ ဒါ့အပြင် မသေးမျှင်လို ဖင်(တင်) အကြီးကြီးဖြစ်အောင် သေချာပြင်ဆင်ပြီး ချုပ်နေပါတယ်" ဟု ဆိုပါလေ၏။ သြော်... ကောင်းလေစွ... ကောင်းလေစွ။

ကျွန်ုပ်လည်း ဖတ်လက်စဂျာနယ်ကို အသာချ၍ မျက်စိကို ခေတ္တအနားပေးကာ စဉ်းစားနေပါ၏။ ပြီးသော် လက်ကျန်ကော်ဖီကို အပြတ်ရှင်းကာ နောက်ဂျာနယ်တစ်စောင်ကို လှန်လှောမိပါ၏။ အနှီ ဂျာနယ်မှာလည်း မြိုင်ရာဇာ သတင်းပါပါလေ၏။ သို့နှင့် ဤသတင်းကို ဆက်ဖတ်ကြည့်ဖြစ်ရာ တွတ်ပီအဖြစ် သရုပ်ဆောင်မည့် မင်းသားကား ခေါင်းပေါ်မှာ ဘိုကေလှတပတနှင့် ဖြစ်ပါ၏။ ဦးထုပ်သေးသေးလေးကို စောင်းဖို့ဝေးစွ လုံးဝချန်ထားကာ ခါးတွင်လည်း မူလဇာတ်ကောင်တွင် မပါရှိသည့် စစ်ခါးပတ်ပြားကြီးကို ပတ်ထားပါ၏။ ပုဆိုးကိုဖြန့်၍ တိုတိုဝတ်ထားလျက် အောက်ဘက်မှာကား စစ်သုံး ဂျင်းဂန်းဘုရှ် အစိမ်းနှင့် ဖြစ်ပါ၏။

မသေးမျှင်ကား လင်အသစ် ရထားပေပြီထင့်။
~~~~~~~~~~

အပေါ်က ဆောင်းပါးလေးက ဘယ်မင်းသားကို ရေးမှန်း မသိမှာစိုးလို့ ပေါ်ပြူလာဂျာနယ်က သတင်းလေးပါ တွဲတင်ပေးလိုက်ပါမယ်။ ဆွေမင်း(ဓနုဖြူ)ရဲ့ဇာတ်လမ်းကို ဇာတ်ညွှန်းကိုမြင့်အောင်က 'ထာဝရ အလင်းတန်း' ဒီဗီဒီဇာတ်ကားအဖြစ် ဇာတ်ညွှန်းခွဲထားပေးပြီး ဒါရိုက်တာထွန်းအောင်ဇော်က ရိုက်ကူးနေတာပါ။ တွတ်ပီအဖြစ် လူမင်း၊ ဗိုက်ကလေးအဖြစ် ဖိုးချစ်၊ မသေးမျှင်အဖြစ် ထွန်းအိန္ဒြာဗို၊ သူကြီးဘစီအဖြစ် မိုးဒီနဲ့ ရွာမှ အပျိုလေး ပုဆွဲမိအဖြစ် ဇူးဇူးမောင်တို့က သရုပ်ဆောင်ကြမှာပါ။

ပေါ်ပြူလာဂျာနယ်မှာ လူမင်းကို အင်တာဗျူးလုပ်ထားတာလေးကတော့...

တွတ်ပီဇာတ်ရုပ်အတွက် ဘယ်လိုပြင် ဆင်ထားလဲ။

တွတ်ပီနေရာမှာ ဘယ်လို သရုပ်ဆောင်မလဲလို့ အစ်ကိုစဉ်းစားတယ်။ တွတ်ပီလို ခေါင်းတုံးလေးတုံးပြီး ဦးထုပ်သေးသေးလေး ဆောင်းထားရုံနဲ့ အစ်ကို တွတ်ပီဖြစ်လာမှာ မဟုတ်ဘူးလေ။ အဲဒါကြောင့် ကိုယ့်ကိုယ်ကို တွတ်ပီဖြစ်အောင် ကိုယ့်ကာရိုက်တာနဲ့ကိုယ်လုပ်မယ်ပေါ့။ ဘွတ်ဖိနပ်စီးတယ်။ နှစ်လုံးပြူးပါမယ်။ တွတ်ပီရဲ့ အငွေ့ အသက်တွေ အကုန်လုံးတော့ပါမယ်။ တစ်ပုံစံတည်း ထပ်တူတော့မကျဘူး။
~~~~~~~~~~

ဒီပို့စ်မှာကျွန်တော်က ထပ်ဖြည့်ပြီး ပြောချင်တာကတော့...

ကိုလူမင်းရေ...
ကျန်စစ်သားလည်း မယားလေးယောက်ယူတဲ့ မဟာနှာဘူးကြီးဖြစ်အောင် မင်းကျန်စစ်မှာ လုပ်ခဲ့တာတောင် အားမရသေးလို့ ကျွန်တော်တို့ ကလေးဘ၀တင်မက လူလတ်ပိုင်းအရွယ်မှာလည်း ဖတ်ဖြစ်နေခဲ့တဲ့ ကာတွန်း ဇာတ်လိုက်ကျော် မြိုင်ရာဇာတွတ်ပီကိုပါ ဖျက်ဆီးဖို့ လုပ်နေတာတော့ မကြိုက်ဘူးဗျာ။