.:: Download Myanmar Font (WinKalaw New Version) HERE ::.

Monday, October 6, 2008

Gone with the time

ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံ

ငယ်စဉ်က ကလေးတို့ဘ၀မှာ
ပျော်ပါးဖို့ရာ လွယ်ပါတယ်
ကိုယ်ရတာနဲ့ တင်းတိမ်ရောင့်ရဲ
စားချိန်မှာ ၀င်စားမယ်
အိပ်ချိန်မှာ ၀င်အိပ်မယ်

အပူုအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

ဟိုစဉ်က လွတ်လပ်မှုဟာ
ခုများပျောက်လို့ နေပါပြီ
သံယောဇဉ်နဲ့ တုပ်နှောင်မြဲခဲ့ …
သွားချင်ရာကို မသွားနိုင်
လုပ်ချင်ရာကို မလုပ်နိုင်

အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်

ဖြူစင်တဲ့ နှလုံးသားလေးဟာ
အရောင်အမျိုးမျိုး စွန်းထင်နေပြီ
ဆန္ဒလွန်ကဲ … စိတ်အလိုလိုက်လွဲ
အသုံးမ၀င်တဲ့ နောင်တတွေ
လှုံ့ဆော်ကာ ကြေကွဲနေ …

အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ့ ကလေးလေးဘ၀သာ
တစ်ခါပြန်ပြီး ရောက်ချင်သေးတယ်။

တေးရေးဆရာက စိုင်းခမ်းလိတ်ပါ။ တေးဆိုက စိုင်းထီးဆိုင်ပါ။ လွှမ်းမိုးလည်း ဆိုဖူးပါတယ်။ ကျွန်တော် Youtube မှာ ကြည့်ခဲ့ရတဲ့ သီချင်းကတော့ လွှမ်းမိုးဆိုထားတာပါ။ လွှမ်းမိုးအသံကျတော့ ငိုသံလေး ပါတယ်လို့ ခံစားရတော့ အပူအပင်ကင်းတဲ့ ကလေးဘ၀ကို ပိုပြီးလွမ်းစရာ ကောင်းသလားပဲ။ အွန်လိုင်းမှာရှိနေတဲ့ သူငယ်ချင်းတွေ ပြောပြတာကတော့ အဲဒီသီချင်းဆိုပြီး သိပ်မကြာဘူး လွှမ်းမိုးတစ်ယောက် ကားတိုက်လို့ ဆုံးသွားပါတယ်တဲ့။ ဒါကြောင့် လွှမ်းမိုး နောက်ဆုံးဆိုခဲ့တဲ့ သီချင်းလို့တောင် ပြောလို့ရမယ်ဆိုပဲ။

ကလေးဘ၀တုန်းက လူကြီးဖြစ်ချင်ခဲ့တယ်။ အမြန် အရွယ်ရောက်ချင်တယ်။ မိဘဆီကနေ ခွင့်ပြုချက်မလိုပဲ လုပ်ချင်တာတွေ လုပ်လို့ရအောင် သုံးချင်တာတွေ သုံးလို့ရအောင်ပေါ့။ အခုများတော့ လူကြီးဖြစ်လာပါပြီ။ အင်း... လူကြီး ဖြစ်ပြီလို့ ထင်ရတာပါပဲ။ အိမ်မှာအတူနေတဲ့ ကလေးတွေကတော့ ဦးဦးလို့ ခေါ်ကြတာဆိုတော့ လူကြီးပဲပေါ့ဗျာ။ လူကြီးဖြစ်တော့ ကလေးပြန်ဖြစ်ချင်လား ဆိုတော့... အဲဒီလိုမျိုးလဲ မဟုတ်ပါဘူး။ ကလေးမှ ပြန်ဖြစ်လို့မရတာ သိတာပေါ့။ ဒါပေမယ့် ကလေးဘ၀က အပူအပင်ကင်းတဲ့ အချိန်တွေကို ပြန်တော့ လွမ်းမိသား။

အခုများတော့... လိုချင်တာတွေ နောက်ကို အချိန်ပေး ကြိုးစားလိုက်နေရတာ ပင်ပန်းတယ်လေ။ Nikon D90 လည်း လိုချင်ပြန် Nokia Handphone အကောင်းစားလေးလည်း ကိုင်ချင်ပြန်။ တဖြည်းဖြည်းနဲ့ လောဘရဲ့ သားကောင်ဘ၀ကို ရောက်လာမိတာပေါ့။ အရာရာကို ပူပန်တဲ့စိတ်နဲ့အတူ အားမလိုအားမရတွေဖြစ်ပြီး ဒေါသတွေကလည်း ရှိလာပြန်တယ်။ မာနကတော့ ဟိုးအရင်နဂိုကတည်းက ကြီးပြီးသားပါ။ ကလေးဘ၀နဲ့ လူကြီးဘ၀မှာ မာနကတော့ သိပ်မကွာဘူးလို့ ထင်ရတာပါပဲ။ အဲဒါနဲ့ပဲ အပူပေါ် အပူဆင့်ပြီး စိတ်ညစ်စရာတွေ ဖြစ်လာရတော့ ငယ်စဉ်ကလေးဘ၀မှာ အဲဒါမျိုးတွေ မရှိခဲ့တာကို တွေးရင်း တမ်းတလွမ်းမိပါတယ်။ လက်ရှိဘ၀ အခိုက်အတန့်လေးမှာ ငြိမ်းအေးရာ နိဗ္ဗာန်ဘုံလေ ပျောက်ဆုံးနေတာပေါ့။

အင်း... ဖြတ်သန်းခဲ့တဲ့ အချိန်ကြာညောင်းခဲ့သလို နိဗ္ဗာန်ဘုံလေးလဲ ပျောက်ဆုံးနေပြီပေါ့ဗျာ။

10 comments:

Anonymous said...

ဒီသီချင်းလေးက ကျနော်အကြိုက်ဆုံးပါ

တားမြစ် ထားသော... said...

အကိုရေ စာတွေလာဖတ်သွားတယ်။ ပိုစ့်ကောင်းတွေအများကြီးပဲ။ ဒီနေရာကနေပဲ ပြောသွားလိုက်ပါပြီနော။

ဒီသချင်းကို မကြိုက်သူဟာ အတော်ရှာရခက်မယ်ဗျ။ အတွေးလေးတွေ ပေါင်းစပ်ပေးထားတော့ ငယ်စဉ်ကဆိုတာ တစ်ကယ်ကို အချိန်ရူးသုန်သုန်ပါပဲ။ (ဆရာကြီး မြသန်းတင့်ဆိုရင်တော့ ဘယ်လိုဘာသာပြန်မယ်မသိပါ။ ကျွန်တော်ကတော့ ကလေးတွေး တွေးလိုက်တာပဲ။ ဒါဆိုရင် အချိန်ရူးသုန်သုန်လို့ ..း) )

ပျော်ရွှင်အဆင်ပြေပါစေ။

သုခမိန်(E-Journal)

ပန်းခရေ said...

ဒီသီချင်းလေးက သိကောင်းတာပဲ သိပ်စိတ်ဓာတ်ကျချိန်
မှာ ဒီသီချင်းလေးနားထောင်ပြီး မျက်ရည်ကျဖူးတယ်...း)
သိပ်ကောင်းတယ် ထပ်ဆိုသွားတယ် ကိုယ်တိုင်အသံနဲ့း)

JulyDream said...

ဟုတ်ပါတယ် ကိုရွာသားနဲ့ ကိုသုခမိန်ရေ... ဒီသီချင်းလေးကို ကြိုက်ကြမယ့်သူ များပါတယ်။

ကျွန်တော်လည်း Gone with the wind ကို နည်းနည်းလေး ပြင်လိုက်ပြီး ဒီခေါင်းစဉ် ပေးလိုက်တာပါ။ ပျောက်ဆုံးနေသော နိဗ္ဗာန်ဘုံဆိုတာကို အင်္ဂလိပ် ဘာသာပြန်ရ ခက်နေတာလဲ ပါလို့ပါ။ အခုတော့လည်း လေရူးသုန်သုန်ကနေ အချိန်ရူးသုန်သုန် ဖြစ်သွားရပြီပေါ့ဗျာ။

JulyDream said...

ပန်းခရေက...
မျက်ရည်ကျရတဲ့ သီချင်းကို ကိုယ်ပိုင်အသံနဲ့တောင် ဆိုသွားတယ်ဆိုတော့ အားကျတယ်ဗျာ။ ဖြစ်နိုင်ရင် အဲဒီလို ဆိုထားတာကို Mp3တောင် လိုချင်မိတယ်။

WWKM said...

ကျမလည်း ဒီသီချင်းလေး ကြိုက်တယ်ရှင့်။
သီချင်းစာသားလေး အစ အဆုံးပြန်ဖတ်ပြီး
ငယ်ဘ၀လေးကို ပိုလွမ်းသွားမိတယ်လေ ။

Anonymous said...

ဆိုပြလို့ရပါတယ်နော့ ဒါပေမယ့် ကိုစိုးစိုးလို ပလက်ကင်လေးခေါက်ပေးရမယ် ဒါမှ မုဒ်ဝင်မှာ

JulyDream said...

မ၀ါကြီးရေ..
ငယ်ဘ၀ကို လွမ်းတယ်ဆိုတော့ လွမ်းစရာတွေ သိပ်များခဲ့ပုံပဲနော်။

ရွာသားကြီးရေ..
မုဒ်ဝင်ဖို့ လုပ်ပေးရမယ် ဆိုပါတော့။ ဟုတ်လား။ အဲဒါဆိုရင်တော့...???

Younggun said...

အစ်ကိုရေ ကလေးဘ၀က ပျော်စရာကောင်းတာ အမှန်ပါပဲ။ ဒါပေမယ့် လူကြီးမိဘ တားမြစ်တာလုပ်လို့ အဘေခံရတာ၊ ဆော်ပလော်အတီးခံရတာတွေကိုထည့်တွက်ရင်တော သိပ်မနိပ်လှဘူးနော။ ဟဲဟဲ။

JulyDream said...

ဟုတ်ပဗျာ။ ဒါကြောင့် ကျွန်တော် စာထဲမှာ ထည့်ရေးထားတယ်လေ။
"မိဘဆီကနေ ခွင့်ပြုချက်မလိုပဲ လုပ်ချင်တာတွေ လုပ်လို့ရအောင် သုံးချင်တာတွေ သုံးလို့ရအောင်ပေါ့။" ခွင့်ပြုချက်မရပဲ လုပ်ခဲ့မိရင်တော့ ဆော်ပလော်တီးခံကိန်းလည်း ရှိတယ်လေ။