.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, October 28, 2008

Me & Youth Favourites

တနင်္ဂနွေနေ့မှာ မနက် ၉ နာရီခွဲမှ အိပ်ရာနိုးတယ်။ စနေနေ့ညက စောစော အိပ်ရာဝင်ပေမယ့် မနက် ၃ နာရီလောက်ကြီး နှိုးနေခဲ့တယ်။ ခြေထောက်တွေလည်း ကိုက်ခဲလို့ပေါ့။ ဒါနဲ့ ဦးစိုင်း အကြောပြေလိမ်းဆေး လိမ်းလိုက်တယ်။ အိပ်လို့မရတာနဲ့ ဘလော့မှာလည်း ဓါတ်ပုံတွေ တင်လိုက်တာ မနက် ၆ နာရီကျော်သွားရော။ အိပ်အုံးမှပဲဆိုပြီး ပြန်အိပ်လိုက်တာ မနက် ၉ နာရီကျော်မှ နှိုးတဲ့အဖြစ်ကို ရောက်ပါလေရောဗျာ။ အဲဒါနဲ့ပဲ ကမန်းကတမ်း ရေမိုးချိုး အ၀တ်စားလဲ၊ အိမ်က အစ်ကိုတစ်ယောက် ဖျော်ပေးထားတဲ့ ကော်ဖီကို အမြန် မော့ချပြီး Dohby Ghautကို ၁၁ နာရီ ၁၀ မိနစ်ကျော်မှ ရောက်ခဲ့တယ်။

ဟိုရောက်တော့ YDC Booth ကို အရင်ဝင်လိုက်တယ်။ တနင်္ဂနွေနေ့မှာ NUS က ကျောင်းသားတွေရယ် ITE က တခြားမေဂျာက ကျောင်းသားတွေရယ် အများကြီး ရောက်နေတော့ ကိုယ်လည်း Refreshment Area မှာပဲ လုပ်အားပေးနေလိုက်တယ်။ ဧည့်ခံကျွေးမွေး လက်ဆောင်ပေးပေါ့။ Youth Camp ၀င်ခဲ့တဲ့ တချို့လည်း သွေးလာလှူတာ တွေ့ခဲ့ရတယ်။ တနင်္ဂနွေနေ့မှာ Fairies လုပ်တဲ့အဖွဲ့က စနေနေ့မှာ Fairies လုပ်ခဲ့တဲ့ Raffles Secondary ကျောင်းသူလေးတွေ မဟုတ်တော့ဘူး။ NUS မှာ တက်နေတဲ့ ဗီယက်နမ်မလေးတွေ။ Fairiesလုပ်တဲ့ တစ်ယောက်က မျက်မှန်လေးနဲ့ ချောတယ်ဗျ။ သူတို့က လူကြီးပိုင်းဆိုတော့ ဓါတ်ပုံရိုက်ရတာ အဆင်ပြေလှပါတယ်။ ဟိုကလေးတွေတုန်းက ရှက်လို့လားမသိဘူး။ သေသေချာချာ ဓါတ်ပုံအရိုက်မခံကြဘူး။ ပတ်ပြေးနေကြတယ်။

YDC က တစ်ယောက်က အကူအညီတောင်းတာနဲ့ ဘူတာအပြင်ထွက်ပြီး ပလာဇာစင်္ကာပူရ အနားတ၀ိုက်မှာ မနက်ပိုင်းကနေ နေ့လည် ၂ ချက်ကျော်အထိ လက်ကမ်းစာစောင်တွေ ဝေတဲ့အလုပ်ကို ကူပေးပါတယ်။ တကယ်ဆို ကျွန်တော် လုပ်စရာ မလိုပါဘူး။ ITE ကျောင်းက ကျောင်းသားတွေ အများကြီးပဲ အဲဒီအလုပ်ကို လုပ်နေကြတာ။ ခက်တာက အဲဒီကျောင်းသားတွေက အခုမှ Volunteer စလုပ်ဖူးတာ။ ဟေးလား ၀ါးလားတွေ ဖြစ်နေကြတယ်။ ဒါကြောင့် ကျွန်တော်ပါ အဲဒီ အလုပ်ကို ၀င်လုပ်နေခဲ့ရတယ်။ အဲဒီမှာပဲ လက်ကမ်းစာစောင် ဝေတဲ့အလုပ်အပြင် ပူဖောင်းလုပ်တဲ့ ပူဖောင်းသည်ပါ ဖြစ်သွားခဲ့ရတယ်။ ဘူတာအ၀က လှေကားထစ်မှာ ထိုင်ရင်း ဖြတ်သွားဖြတ်လာ ကလေးတွေကို လက်ဆောင်ပေးဖို့အတွက် ပူဖောင်းတွေ လုပ်ပေးနေတာကို တချို့မိဘတွေက ပူဖောင်းရောင်းတယ် ထင်ပြီး ပူဖောင်းတစ်လုံး ဘယ်လောက်လဲ လာမေးနေကြသေးတယ်။ ကြည့်ရတာ ဥပဓိရုပ်ကြောင့် ထင်တယ်။ မချိပြုံးလေးပဲ ခေါ်ရမလားပေါ့။ ပြုံးပြုံးလေးနဲ့ ပြန်ဖြေပေးလိုက်တယ်။ အလကား ပေးနေတာပါဗျာ။

ပူဖောင်းသည် လုပ်နေရတာနဲ့ အတော်လေး ပင်ပန်းတယ်။ နေကလည်း ပူသလို ရေလည်း ငတ်လှပြီ။ အဲဒါနဲ့ အောက်ကို ခဏပြန်ဆင်းလာပြီး ရေသွားသောက်ကြတယ်။ အောက်ရောက်တော့ Blood Buddyကြီးနဲ့အတူ HarbourFront ကို လိုက်သွားပြီး ကြီးကြပ်ပေးပါတဲ့။ ဓါတ်ပုံလည်း ရိုက်ခဲ့ပေးပါတဲ့။ ဒါနဲ့ပဲ Fairiesအဖွဲ့ ဗီယက်နမ်မလေး ၄ ယောက်နဲ့ Blood Buddyကြီးကို ခေါ်ပြီး ဘူတာထဲကို ၀င်လာခဲ့တယ်။ ဘူတာ အ၀င်အထွက်က လက်မှတ်ဖြတ်စရာ မလိုပါဘူး။ ဘူတာဝန်ထမ်းတွေ ၀င်ထွက်တဲ့ ဘေးအပေါက်ကနေပဲ ၀င်ထွက်ရပါတယ်။ ရထား အလကားစီးရတဲ့ သဘောပေါ့။ HarbourFornt မှာလည်း ITE ကျောင်းက တစ်ဖွဲ့ လက်ကမ်းစာစောင်တွေ ဝေငှပြီး သွေးလှူရှင် စုဆောင်းရေး လုပ်နေကြပါတယ်။ ခက်တာက သူတို့လည်း ယောင်ချာချာပဲ။ တစ်နေရာမှာပဲ ဆယ်ယောက်လောက် စုနေပြီး အလုပ်မဖြစ်ကြဘူး။ လူများပြီး ပွဲမစည်ဆိုတာ ဒါမျိုးပေါ့။

ဟိုရောက်တော့ လူအတော်စည်ပါတယ်။ အဲဒီမှာ Vivo City တို့ Sentosa တို့ ရှိတော့ နိုင်ငံခြားသား ခရီးသည်တွေလည်း များပါတယ်။ ရထားဂိတ်ဆုံး ဘူတာဖြစ်တာကြောင့်လည်း ရထားတစ်စီး ဆိုက်လာရင် ဆင်းလာတဲ့ ခရီးသည်ကလည်း မနည်းမနှောပါ။ ခရီးသည်တွေထဲမှာ ကလေးတွေ ပါလာရင် သေချာပါတယ်။ ကလေးတွေ Blood Buddy အရုပ်ကြီးနားကို ရောက်လာကြပြီး လာနှုတ်ဆက်ကြမှာပါ။ တချို့တွေက အရုပ်ကြီးကို လက်နှစ်ဘက်နဲ့ ဖက်ထားကြပါတယ်။ မိဘတွေကလည်း ကလေးတွေကို Blood Buddyနဲ့တွဲပြီး ဓါတ်ပုံရိုက်ကြတယ်။ ကလေးတင် မဟုတ်ပါဘူး။ လူကြီးအချို့လည်း အမှတ်တရ ဓါတ်ပုံဝင်ရိုက်ကြပါတယ်။ အများစုကတော့ Blood Buddyနဲ့ အတူ ဓါတ်ပုံရိုက်ကြတာပါ။

တချို့တလေကတော့ Fairies ၀တ်စုံလေး ၀တ်ထားတဲ့ ဗီယက်နမ်မလေးနဲ့တွဲပြီး ဓါတ်ပုံရိုက်ချင်ကြပါတယ်။ ပြီးတော့ သူတို့ဆီကို ပြန်ပို့ပေးဖို့အတွက် အီးမေးလ်တွေပါ ပေးသွားပါသေးတယ်။ ညပြန်ရောက်ရင် ဆက်ဆက်ပို့ပေးဖို့ မှာသွားသေးတယ်ဗျာ။ HarbourFront ဘူတာမှာ ၁ နာရီကျော်လောက် အချိန်ပေးပြီး ဓါတ်ပုံရိုက်ခံခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ Dhoby Ghautကို ပြန်လာဖို့အတွက် YDCအဖွဲ့ဝင် တစ်ယောက်က လက်ကမ်းစာစောင်တွေ ထပ်လာပို့ရင်း ဘူတာမှာ စောင့်နေပါတယ်။ ဒါနဲ့ ရထားပေါ် ပြန်တက်ခဲ့ပြီး Dhoby Ghautကို ပြန်လာခဲ့ပါတော့တယ်။ ဒီတစ်ခေါက်ကျတော့ ရထားက လူကျပ်တယ်ခင်ဗျ။ Blood Buddy ထွက်ဖို့နေရာကို အတော်လေး ပြင်ဆင်ယူခဲ့ရတယ်။

Dhoby Ghaut ကို ရောက်တော့ ဘူတာအပေါ်ကို ပြန်တက်ပြီး အပြင်ထွက်ခဲ့ကြပါတယ်။ Blood Buddy အရုပ်ကြီးကို ပလာဇာစင်္ကာပူရ အနားတ၀ိုက်မှာ ဟိုဟိုဒီဒီ လျှောက်သွားခိုင်းခဲ့ပါတယ်။ အရုပ်ကြီးအထဲမှာ ၀င်နေရတဲ့ ကျောင်းသားလေးကတော့ အတော်ပူနေရှာမှာပါ။ ဒါပေမယ့် သူက မငြီးမငြူ လုပ်ပေးရှာပါတယ်။ အဲဒီမှာ သူ့ကျောင်းက သူငယ်ချင်းတွေ ရှိနေပြန်တော့ သူလည်း တော်တော်နဲ့ ဘူတာထဲ ပြန်မ၀င်ဖြစ်ခဲ့ပါဘူး။ အဲဒီမှာလည်း ကလေးတွေ လာနှုတ်ဆက်ကြသလို ဓါတ်ပုံရိုက်ကြသလို လူငယ်ပိုင်းတွေလည်း အစုလိုက် ဓါတ်ပုံရိုက်ကြပါတယ်။ သွေးလှူဖြစ် မဖြစ် မသေချာပေမယ့် YDCရဲ့ သွေးနဲ့ပါတ်သတ်တဲ့ လှုပ်ရှားမှုတစ်ခုကို သူတို့ သိရှိသွားစေပါတယ်။ တချို့တလေကတော့ ဘူတာထဲ ချက်ချင်းဆင်းသွားပြီး သွေးသွားလှူကြပါတယ်။ နာရီဝက်ကျော်လောက်မှာ Blood Buddyကို ဘူတာထဲကို ပြန်ခေါ်သွားလိုက်တယ်။ ဘူတာထဲမှာက Air Con ရှိတော့ သိပ်မပူဘူးလေ။ အောက်ရောက်တာနဲ့ ဘူတာ တစ်ပတ် ပတ်လိုက်ပါတယ်။ ပြီးတော့ သူ့ အရုပ်ကြီးကို ချွတ်ခိုင်းလိုက်ပါတော့တယ်။ သူလည်း အထဲမှာနေရတာ အတော်လေး ချွေးတွေပြန်ပြီး မျက်နှာကြီး တစ်ခုလုံး နီရဲတွတ်နေတာပါပဲဗျာ။

ညနေပိုင်းမှာတော့ ကျွန်တော် Refreshment Areaမှာပဲ နေပြီး ကျွေးမွေးဧည့်ခံရေး လုပ်နေလိုက်ပါတယ်။ ဒါတောင် Form Filling ပိုင်းမှာ တစ်ချက်လောက် ကူပါအုံးဆိုလို့ သွားလုပ်ပေးရသေးတယ်။ ဖြည့်ပြီးသား Form တွေကို Registration လုပ်ဖို့ Q Number ပေးတဲ့နေရာမှာပေါ့။ ဒါပေမယ့် အဲဒီမှာ သိပ်မကြာပါဘူး။ Refreshment Area ပဲ ပြန်ရောက်လာပြီး ကျွေးမွေးဧည့်ခံ လက်ဆောင်ပေးတဲ့ အလုပ်ပဲ လုပ်တော့တယ်။ တနင်္ဂနွေနေ့မှာလည်း Register လုပ်တာ ၂၆၀ ကျော်ပါတယ်။ သွေးလုံးရေ ဘယ်လောက် စုမိလဲဆိုတာတော့ မသိလိုက်ဘူး။ နောက်ဆုံးပိတ်လေးမှာ YDC အဖွဲ့ဝင်တွေပါ သွေးလှူကြပါတယ်။ ၆ နာရီခွဲမှာပဲ အားလုံး ပြီးပါတယ်။ ဒါနဲ့ပဲ စနစ်တကျ ဖြုတ်သိမ်းရပါတယ်။ ပြန်ဖြုတ်သိမ်းလာတဲ့ နဖူးစည်းစာတန်းကြီးနဲ့ အဖွဲ့လိုက် ဓါတ်ပုံစုရိုက်ကြပါတယ်။

ဒီတစ်ခါတော့ ပစ္စည်းတွေကို သွေးဘဏ်ကို ပြန်ပို့ရမှာ ဖြစ်လို့ ဘူတာအပြင်ဘက်ကို သယ်ထုတ်ယူရပါတယ်။ ပြီးတော့ စင်္ကာပူကြက်ခြေနီကားပေးကို တင်ရပါတယ်။ အမှိုက်တွေလည်း သွားပစ်ရပါတယ်။ သွေးဘဏ်က ပစ္စည်းတွေကတော့ Logistics Companyကို အပ်ထားတော့ သူတို့ဝန်ထမ်းတွေ လာသယ်ကြပါတယ်။ YDC နဲ့ ပတ်သတ်တဲ့ ပစ္စည်းအားလုံးကို ကားပေါ်တင်ပြီးတော့ တစ်နေ့တာ လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဖို့ ဘူတာထဲမှာပဲ အစည်းအဝေး ပြန်ထိုင်ကြပါတယ်။ အများစု တင်ပြတာကတော့ ITEက လာတဲ့ Nursing မဟုတ်တဲ့ ကျောင်းသားအချို့ ဝေလေလေ လုပ်ကြတဲ့ကိစ္စပါပဲ။ သူတို့လေးတွေမှာ လုပ်ချင်ကိုင်ချင်စိတ် ရှိကြပေမယ့် မနေတတ် မထိုင်တတ်ပုံပါပဲ။ နောက်ပွဲတွေမှာ ဒါမျိုးမဖြစ်အောင် လုပ်ရမယ့်အပိုင်းတွေကို အကြံပေး ဆွေးနွေးပြီး Youth Favourites 2008 ပွဲကြီး အောင်မြင်စွာနဲ့ ပြီးဆုံးခဲ့ပါတယ်။

ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က မေးပါတယ်။ မင်း ဘာတွေရလို့ ဒါတွေကို အချိန်ပေး အပင်ပန်းခံ လုပ်နေတာလဲတဲ့။ တကယ်တော့ ကျွန်တော် ရလိုက်တာက ည ၁၀ နာရီမှာ ၀င်လာတဲ့ SMS လေးတစ်ခုပါပဲ။ အဲဒီမှာ ဘာရေးထားသလဲ ဆိုတော့ ...
Thanks guys! Its been a tiring weekend for all of us but definitely a great one!
Everything would not have been so easy without you all.
A biggggggg thank you to all.

14 comments:

tututha said...

Congratulation ... :)

:P said...

သာဓု..သာဓု..သာဓုပါ ကိုဂျူလိုင်

ပန်းခရမ်းပြာ said...

ဝေမျှတာ ကျေးဇူးပါ ။ sunday မှာ အများစုက အိပ်နေ၊ အနားယူနေတဲ့ အချိန်မှာ ခုလို လူမှုရေး လုပ်ငန်းတွေ မကြာခဏ လုပ်နေတဲ့ ကိုဂျူလိုင်ကိုလည်း လေးစားပါတယ်။

အလွမ်းပြေ said...

Congratulation!!!

JulyDream said...

ကွန်ဂရက်က ဘာလို့ လုပ်ကြတာလဲ ဟင်။ ကျွန်တော် ဆုရတာလဲ မဟုတ်သလို မိန်းမယူတာလည်း မဟုတ်ဘူးလေ။ တကယ်မသိလို့ မျက်နှာပြောင်တိုက်ပြီး ခပ်တည်တည် မေးလိုက်တာပါ။ အဟဲ...

သာဓုခေါ်တာကိုတော့ နားလည်တယ် ခင်ဗျ။ ကောင်းတဲ့အလုပ်မို့လို့ ကောင်းလေစွလို့ ပြောသွားတာလေ။

ကျွန်တော်က လူမှုရေး အလုပ်လေးတွေ လျှောက်လုပ်နေရမှ နေပျော်တာဗျ။ အဓိက ကြက်ခြေနီ လုပ်ငန်းတွေပေါ့။ အိမ်မှာ နားနေရတာ တခါတလေ အရမ်းပျင်းဖို့ ကောင်းတယ်လို့ ခံစားမိတယ်။

မKOM ရေ... ပို့စ်က ပြန်ပြင်တင်လိုက်တာ အစ်မ ကွန့်မန့်ကြီး ပျက်သွားတယ် ခင်ဗျ။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့ဗျာ။ အသစ်တစ်ခု ပြန်ရေးတင်လည်း စိတ်မဆိုးပါဘူးနော့။ အဟဲ..

tututha said...

ဒီပို့စ်ကိုဖတ်ပြီး စိတ်ထဲမှာ တကယ့်ကို ဂျူလိုင့်အစား ဂုဏ်ယူတဲ့စိတ်ကလေး ဖြစ်မိလို့ ကွန်ဂရက်ကျူလေးရှင်း လုပ်မိတာပါ။ ကုသိုလ်ရချင်လို့ မဟုတ်ဘဲ တကယ့်ကို ကျေကျေနပ်နပ်နဲ့ စေတနာပါပါ လုပ်တယ်လို့ ယူဆတဲ့ အတွက် သာဓုမခေါ်ဘဲ ဂုဏ်ပြုတာပါ။ ဒါပဲလေ။

khin oo may said...

kom: သာဓုခေါ်လို့ ရသလားမသိ။ အားလုံးအတွက် ကျေးဇူး။

ကော်ဖီ ကို ဖျော်ပေးတဲ့သူ ရှိသလား။ အံသြစရာ။

အတော်ပင်ပန်း သွားကြ မှာဘဲ။

khin oo may said...

ဟုတ်တယ် တို့တွေလည်း သင့်တော်တဲ့ စကားလုံး ရှာ မတွေ့ရုတ် တရက်ဖြစ် သွားလို့ အမှန် က ကွန်ကရက် ကှူလိတ် လုပ်ရမှာ။
Congratulations ပါ။ ကို ဂျူလိုင်

JulyDream said...

ကျိမ်းကျေကုန်ရင် ဒုက္ခဗျာ။ အားလုံးက Congrat လုပ်နေကြတယ်။ အဟက်...

လင်း said...

သာဓုပါ သာဓုပါ သာဓုပါတော်။ လိမ္မာလိုက်တဲ့ ဒရမ်း၊ ဤသို့ ပြုရသော ကုသိုလ် အကျိုးအားကြောင့် ဒီနှစ်မှာ လူပြိုကြီး ဘ၀က အမြန်လွတ်ပါဝေ။( စာလုံးပေါင်းမမှားပါ)

Anonymous said...

လေးစားပါတယ်ဗျာ
အခုလိုတွေ သိရတာ ..

Apprenticeship said...

great job... cultural revolution htin tal naw.. Halloween ka American things htin dar Singapore mar le lote tal naw. America mar daw di nya halloween night lae.

ရွှန်းမီ said...

:-) great job! happy for you!

ဇင်ယော် said...

လေးစားအားကျ ဂုဏ်ယူမိပါတယ်ဗျာ။ ရဲဘော် ဆက်လုပ်။ ( ရင်ထဲက လာတဲ့ တကယ့်စကားပါ )