သူ့ကို ကျွန်တော်တို့က ကိုလင်းလို့ ခေါ်ကြတယ်။ သူက ကျွန်တော်ထက် ၇ နှစ်လောက် ကြီးမယ်။ သူက အသက်သာကြီးတာ လူငယ်တစ်ယောက်လိုပဲ။ လက်ထဲမှာ ဆေးလိပ်တို၊ ကျောမှာ ကျောပိုးအိတ်တစ်လုံးနဲ့ တွေ့ရတတ်တယ်။ တီရှပ်နဲ့ ဘောင်းဘီရှည် ၀တ်တာများတယ်။ ပုဆိုးဝတ်တာ ရှိပေမယ့် တွေ့ရခဲတယ်။
သူက ကျွန်တော့်ဆရာမတစ်ယောက်ရဲ့ တူပါ။ ဆရာမက ကျွန်တော်ကို တွေ့တိုင်း သူ့တူနဲ့ တူတယ်လို့ ပြောလေ့ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက ဘယ်သူ့ကို ပြောနေမှန်း မသိဘူး။ ဘယ်သူဘယ်ဝှါကို ပြောမှန်း သိတဲ့အချိန်မှာ ကျွန်တော်နဲ့ ကိုလင်းက ဘော်ဒါတွေ ဖြစ်နေပြီးပြီ။ ဘာတွေ တူသလဲ ဆိုတော့... ပိန်ပိန်ပါးပါး ဖြစ်တာ တူတယ်။ စက်မှုကျောင်းသား ဖြစ်တာ တူတယ်။ နောက်ပြီး နှစ်ယောက်စလုံးက မျက်မှန်သမားတွေပဲ။
သူက တကယ့်ကို လေနှင်ရာလွှင့်တဲ့ ဂျစ်ပစီတစ်ယောက်ပါပဲ။ အစိုးရ၀န်ထမ်း အရာရှိတစ်ဦး ဖြစ်ပေမယ့် သူဟာ လူပျော်တစ်ယောက်ပါ။ အဆင်ပြေတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ အိမ်မှာ အဆင်ပြေသလို အိပ်တယ်။ သူ့မှာ အိမ်ရှိပေမယ့် အဲဒီအိမ်မှာ ညအိပ်တာ ခပ်ရှားရှားပဲ။ သူအမြဲလွယ်ထားတဲ့ ကျောပိုးအိတ်ထဲမှာ သွားတိုက်ဆေး၊ သွားပွတ်တံ၊ မျက်နှာသုတ်ပုဝါ၊ မုတ်ဆိတ်ရိတ်စက် အကုန်ပါတယ်။ စိတ်ကို ပေါ့ပေါ့ပါးပါး လွှတ်ထားလေ့ရှိတယ်။ နေချင်သလို နေတတ်တယ်။ ဂုဏ်တွေ ပကာသနတွေ သိက္ခာတွေကို ဂရုမထားဘူး။
တစ်ခါက လက်ဖက်ရည်ဆိုင် ထိုင်ရင်း သူက ပြောပါတယ်... ငါက ပန့်ခ်တဲ့။ ကျွန်တော်က ပြန်ပြောတယ်... ဟာ ကိုလင်းက ပန့်ခ် မဟုတ်လောက်ပါဘူး။ ပန့်ခ်တွေက ကြက်မောက်လို ဆံပင်တွေ ထောင်ထားကြတာ။ မျက်နှာမှာလည်း ကွင်းတွေ အပေါက်တွေနဲ့။ လျှာတောင် အလွတ်ပေးတာ မဟုတ်ဘူး။ လက်ပတ်တွေ လည်ပတ်တွေကလည်း ထိုးထိုးထောင်ထောင် ဆူးချွန်တွေနဲ့။ ကိုလင်းက ဆံပင်ပုံစံ ဘေးခွဲကြီးနဲ့။ အပေါက်ဆိုလို့ နားပေါက်တောင် မရှိ။ ဘယ်လိုဖြစ်ပြီး ပန့်ခ် ဖြစ်မလဲဗျ။
သူက ပြန်ပြောပါတယ်။ ဟ... နားကွင်းတွေပါမှ ကြက်မောက်တွေ ထောင်ထားမှ ပန့်ခ်လို့ ဘယ်သူ ပြောလဲကွ။ ပန့်ခ်ဆိုတာ လွတ်လွတ်လပ်လပ် ပျော်သလို နေတတ်တဲ့သူတွေကွ။ စိတ်ထင်ရာ လုပ်တတ်တဲ့ လူစားတွေ။ ငါလည်း လုပ်ချင်ရာ လုပ်နေတာပဲလေ။ နောက်ပြီး ငါက ပန့်ခ်သီချင်းတွေ ကြိုက်တယ်။ ဒါကြောင့် ငါက ပန့်ခ်ကွ... တဲ့။ သူ့စကားကြားမိမှပဲ ပန့်ခ်တွေကို သိပ်အမြင်မကပ်တော့ဘူး။ ကြည့်လို့ ရသွားတယ်။
လူငယ်အများစုက သူ့ကို ချစ်ကြခင်ကြတယ်။ သူနဲ့ ပေါင်းရတာကို ပျော်ကြတယ်။ သူက သူရဲ့နိုင်ငံခြား အတွေ့အကြုံတွေကို ပြောပြတတ်တယ်။ ပြီးတော့ သူက ပေါက်တက်ကရ ရီစရာဟာသတွေ ပြောတတ်သလို အချစ်အကြောင်းတွေလည်း လေးလေးနက်နက်ထားပြီး ဆွေးနွေးတတ်တယ်။ သူနဲ့အတူ လက်ဖက်ရည်ဆိုင် ထိုင်ရင် ဂီတလောကအကြောင်း၊ သီချင်းတွေအကြောင်းလည်း ကြားရတယ်။ လူငယ်အချင်းချင်းဖြစ်တဲ့ ပြသနာ အများစုမှာတော့ သူက ကြားနေလေ့ရှိတယ်။ အမုန်းမခံတာပေါ့။
နာဂစ်ဖြစ်ပြီးတုန်းက သူလည်း ရုံးမတက်ရမယ့်အတူတူ အကျိုးရှိတာ လုပ်ကြတာပေါ့ဆိုပြီး လူငယ်တွေနဲ့အတူ နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်ပြည့် လုပ်ပေးခဲ့ပါတယ်။ ရေပေးဝေတဲ့အလုပ်မှာ လုပ်တုန်းက သူက ငါးထပ်ကြီးဘုရားရှိတဲ့ ရပ်ကွက်မှာ အဓိက တာဝန်ယူပါတယ်။ အဲဒီရပ်ကွက်ကလည်း ထူးထူးခြားခြားပဲ။ ရေလာခပ်တဲ့သူ အများစုက မိန်းမ၀၀ကြီးတွေ။ ပင်ပင်ပန်းပန်း အလုပ်တွေကို ယောကျာ်းတွေက မလုပ်ပဲ မိန်းမတွေက လုပ်ကြတဲ့ ရပ်ကွက်ပေါ့။ ရေပုံး ၂ ပုံးကို ဆိုင်းထမ်းကြီးတွေနဲ့ အခေါက်ခေါက် သယ်နေကြပုံများ ဆလံသမိတယ်။ ညမိုးမှောင်တဲ့အထိ မနားတမ်း အိမ်အတွက် ရေဖြည့်ကြတာ။
အဲဒီရပ်ကွက်က ရွှေဂုံတိုင်ဆေးခန်းနဲ့ နီးတော့ အဆောင်ငှားနေတဲ့ သူနာပြုဆရာမလေးတွေလည်း အများကြီး ရှိပါတယ်။ တချို့ အဒေါ်ကြီးက အဆောင်ပိုင်ရှင်တွေ ဖြစ်မယ် ထင်တယ်။ ကိုလင်းကို သဘောကျလွန်းလို့ ကြိုက်တဲ့ သူနာပြုဆရာမလေး တွေ့ရင်ပြောပါ။ သူတို့ အဆင်ပြေအောင် နားချပေးမယ် ဆိုတာကြီးပဲ။ ကိုလင်းကလည်း ကိုလင်းပဲ။ တကယ်ကို ပျော်ပျော်နေတတ်တဲ့ ရေလာခပ်တဲ့သူတွေ မပျင်းရအောင် တစ်မျိုးပြီး တစ်မျိုး ပြောနေတာပါပဲ။ သူက အတည်ပေါက်နဲ့လည်း နောက်တတ်တော့ ပွဲစည်တာပေါ့။ ရေပေးတဲ့နေရာမှာ ဆောင့်ကြောင့်လေး ထိုင်၊ ရေပိုက်လေး ကိုင်ပြီး ဆေးပေါ့လိပ်ခဲနေတဲ့ ကိုလင်းပုံစံက တမူထူးခြားပါတယ်။ အဲဒီနေရာမှာ ၁၅ ရက်လောက် ရေလှူခဲ့တာဆိုတော့ ရပ်ကွက်တစ်ခုလုံး သူနဲ့ အတော်လေး ခင်သွားပါတယ်။
တစ်ခါ ရေပေးနေတဲ့အချိန် ကိုလင်းနဲ့အတူ ၀ိုင်းလုပ်ပေးတဲ့ ကောင်လေးတွေက သီချင်းဆိုကြတယ်။ အဲဒါကို အမူးသမားတစ်ယောက်က ဒီလောက် ခေတ်ပျက်နေတဲ့အချိန် မင်းတို့က သီချင်းဆိုပြီး ပျော်နေရသလားဆိုပြီး လာရစ်ပါတယ်။ ကောင်လေးတွေကလည်း ခေတဲ့သူတွေမှ မဟုတ်တာ။ ကျွန်တော်တို့ ရပ်ကွက်ထဲက ဖိုက်တာ ပေါက်စတွေပေါ့။ ဒါပေမယ့် ကိုလင်းက ရန်အဖြစ်မခံပါဘူး။ ကြားထဲကနေ ၀င်ပြီး တောင်းပန်တာပေါ့။ ဒါပေမယ့် အမူးသမားက အလျှော့ပေးမှန်းသိတော့ ရောင့်တက်ပြီး ပိုရစ်လာရော။ အဲဒီမှာ ပွဲက စတာပါပဲ။
ကိုလင်းနဲ့ကောင်လေးအုပ်စု ဘာမှ မလုပ်လိုက်ရပါဘူး။ ရေလာခပ်နေတဲ့ မိန်းမအုပ်ကြီးက ကျီးအာသလို ၀ိုင်းပြောလိုက်ကြတာ အမူးသမားကြီး အမူးတောင် ပြေသွားတယ်။ အမူးမပြေလို့လဲ မရဘူးလေ။ ထမ်းပိုးတွေ ကိုင်ထားတဲ့ ၀၀တုတ်တုတ် အဒေါ်ကြီးတွေကြားမှာ အခန့်မသင့်ရင် အသက်တောင် ပျောက်သွားနိုင်တယ်။ အဲဒီ အမူးသမားလည်း နောက်နေ့က စပြီး ရေပေးတဲ့နေရာမှာ ကိုလင်းတို့နဲ့ အဖွဲ့ကျသွားပါတယ်။ ဆေးလိပ် ၀ယ်ပေးတာတို့၊ ရေနွေးကြမ်းအိုး လာပေးတာတို့၊ ရေပိုက်ကိုင်ပေးတာတို့ ၀ိုင်းကူလုပ်ပေးရှာပါတယ်။ ညပိုင်းကျတော့ ကိုလင်းတို့နဲ့ အတူစုပြီး သောက်ကြတာလည်း ပါတာပေါ့ဗျာ။ ကိုလင်းတို့က အဲဒီလိုမျိုးဗျ။

8 comments:
ဖတ်ရတာ တန်းလန်းကြီး ... ပြီးပြီလားဟ
ဟဲ့ တန်းလန်းကြီး၊အဲ့လိုတွေလုပ်လွန်းလို့လည်း JD ကို ဟိုချာတိတ်မက အဖြေမပေးတာနေမှာ။
ကိုလင်းအကြောင်းကိုမလင်းလာဖတ်တယ်
အခုမှ အစရှီသေးတယ် ဘယ်ပြီးဦးမှာလဲ။ ဒါပေမဲ့ ဆက်ရေးမယ် မထင်ဘူး။
ဒီတစ်ယောက်လည်း သူငယ်ချင်းကို သတိရနေပုံပဲ..။
စေတနာအကျိုးပေးဆိုတာ ဒါမျိုးထင်ပါတယ် အစ်ကိုရာ :)
ဟာ ကျနော်က အပေါ်က ပိုစ့်က စဖတ်လာတာဗျ..
သဘောကျတယ်ဗျာ..
ရေးထားတာ ပေါ့ပေါ့ပါးပါးနဲ့
..ပေမဲ့...
ဟုတ်တယ် အကိုရေ.. ကိုလင်းကြီးက ပျော်ပျော်နေတတ်ပြီး ခင်ဖို့ကောင်းတယ်.. နာဂစ်ဖြစ်ပြီးခါစ ကယ်ဆယ်ရေး အလှူတွေ လိုက်လုပ်တုန်းက ဆုံဖူးတယ်.. အတည်ပေါက်ကြီးနဲ့ နောက်တတ်လို့ ရီနေရတယ်
Post a Comment