.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, December 21, 2008

A piece of gipsy life-3

အဲဒီတုန်းက ဘာရယ်တော့ မဟုတ်ဘူး လုပ်ချလိုက်တာ အခုချိန် ပြန်တွေးမိတော့လည်း အမှတ်ရစရာလေးပဲ။ လူငယ်လည်း မဟုတ် လူကြီးလည်း မဟုတ်တဲ့ အရွယ်မှာ ထင်ရာစိုင်းခဲ့တာလေးပေါ့။ မှတ်မှတ်ရရဆို လွန်ခဲ့တဲ့ ၄ နှစ်ကျော် ဒီဇင်ဘာလ ဆောင်းတွင်းကြီးထဲမှာပေါ့။

ကျွန်တော်မှာ မောင်မောင်ဆိုတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်။ သူက အိုင်တီ ပရောဂျက် မန်နေဂျာပေါ့။ သူ့မှာ ဖြူလေးလို့ခေါ်တဲ့ ချစ်သူတစ်ယောက် ရထားတာ မကြာသေးဘူး။ ၆ လ လောက်ပဲ ရှိအုံးမယ်။ ကောင်မလေးက ဆယ်တန်း မအောင်သေးဘူး။ ဒါပေမယ့် အသက်မပြည့်တဲ့ ကလေးတော့ မဟုတ်ပါဘူး။ ဆယ်တန်း ၂ခါ ကျပေါ့။ အဲဒီနှစ်မှာ ဆယ်တန်းပြန်ဖြေဖို့ ကျူရှင် ပြန်တက်နေခဲ့တယ်။

တစ်နေ့ နေ့လည်ပိုင်းမှာ မောင်မောင်ရဲ့ရုံးကို ဖုန်းဝင်လာတယ်။ သူ့ရည်းစားရဲ့ ကျူရှင်က ကောင်လေး တစ်ယောက် ဆက်တာပါတဲ့။ ကောင်လေးက သူ နောက်တစ်ပတ်မှာ တောင်ငူပြန်တော့မှာမို့လို့ ဖြူလေးကို နှုတ်ဆက်စကား လွတ်လွတ်လပ်လပ် ပြောချင်တယ်။ ဒါကြောင့် ဒီအပတ်စနေနေ့ ကျူရှင်ကို ညပိုင်းမှာ လာမကြိုပေးလို့ ရမလားဆိုပြီး တောင်းဆိုပါတယ်။ ဖြူလေးကို ကျူရှင်က ကောင်လေးတစ်ယောက်လည်း လိုက်နေတယ်ဆိုတာ မောင်မောင်က သိထားတယ်။ အခုဖုန်းဆက်တဲ့ ကောင်လေးက ဖြူလေးကို လိုက်နေတဲ့ ကောင်လေးပဲ ဖြစ်ဖို့များတယ်။ မောင်မောင်လည်း လူကြီးပီပီ အသာတကြည် ခွင့်ပြုပေးခဲ့တယ်။ ဒါပေမယ့် သူရင်ထဲမှာ နေဆယ်စင်း တောက်လောင်နေပြီ။ အဲဒီနေ့က ကြာသပတေးနေ့။

မောင်မောင် ရုံးဆင်းတော့ ကျွန်တော့်ဆီ ရောက်လာပြီး ဖြစ်ကြောင်းကုန်စုံ ရှင်းပြတယ်။ သူ စိတ်မချဘူးပေါ့။ တော်ကြာ ကောင်လေးက ကားတင်ပြေးရင် ဘယ်လို လုပ်မလဲတဲ့။ သူ စိုးရိမ်တာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ပြီးခဲ့တဲ့ ၂ လကျော်လေးတင် ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက်ကို ဘောလုံးကွင်းနားမှာ မှောင်ရိပ်ခိုပြီး ကားတင်ပြေးတာ ဖြစ်ပြီးပြီ။ အဲဒီတော့ သူ့ရဲ့သောကကို ကျွန်တော် ပျက်ရယ်မပြုရက်ခဲ့ဘူး။

ဂိမ်းအတူဆော့ကြတဲ့ သူငယ်ချင်းတွေနဲ့အတူ ဘာလုပ်ကြရင် ကောင်းမလဲ စဉ်းစားကြတယ်။ သူတို့ကလည်း ဖြူလေးနဲ့ မောင်မောင်ကို သိထားတော့ ကူညီချင်ကြတယ်။ ဆောင်းတွင်းကြီးမှာ ကျွန်တော်တို့ ချွေးတွေ ပျံနေကြတယ်။ နောက်ဆုံး အစီအစဉ် တစ်ခု ဆွဲလိုက်တယ်။ ဒါရိုက်တာက ကျွန်တော်ပေါ့။ မှန်ထိုး မီးထိုး ကင်မရာမင်း အစုံအစိကိုတော့ ဂိမ်းအတူဆော့တဲ့ လူငယ်တွေ ၀ိုင်းကူကြခဲ့တယ်။

အရံမီးသတ်ထဲမှာ သူငယ်ချင်းတွေ ရှိတော့ သူတို့ဆီက လမ်းလျှောက် စကားပြောစက်တွေ ငှားလိုက်တယ်။ လည်ပင်းညှစ်ပြီး ငှားလိုက်တော့ စက် ၃ လုံး ရတယ်။ ကားရှိတဲ့ သူငယ်ချင်းတွေဆီက ကား ၂ စီးရတယ်။ စက်ဘီးက ၅ စီး ရလိုက်တယ်။ လိုအပ်တာတွေရတော့ လုပ်မယ့်အပိုင်းကို အကုန်ရှင်းပြပြီး သောကြာနေ့ ညပိုင်းကတည်းက အစမ်းလေ့ကျင့်တယ်။ နေရာယူဖို့ ပွိုင့်တစ်ခုချင်းကို လိုက်ပြတယ်။ အချိတ်အဆက်တွေ လှုပ်ရှားရမယ့် အပိုင်းတွေကို တကယ်လှုပ်ရှားရမယ့် နယ်မြေမှာ သွားပြီး အစမ်းလေ့ကျင့်ကြတယ်။ အစမ်းလေ့ကျင့်တာက ပစ္စည်းစုံနဲ့ အမှန်အကန် လေ့ကျင့်တာ။ ကားတွေရော စက်ဘီးတွေရောပေါ့။

စနေနေ့ညကို ရောက်လာပါပြီ။ ကြိုတင် စီစဉ်ထားတဲ့အတိုင်း အားလုံးကို နေရာယူခိုင်းခဲ့ပါတယ်။ ကျွန်တော်က သူငယ်ချင်း တစ်ယောက်ရဲ့ ကားထဲမှာ။ မောင်မောင်ကတော့ နောက်ထပ် ကားတစ်စီးထဲမှာ။ ကားတစ်စီးစီမှာ စကားပြောစက် ၁ လုံး စီရှိတယ်။ စက်ဘီးအဖွဲ့ထဲက ၁ ယောက်ကို စက် ၁ လုံးပေးထားတယ်။ သူ့ကိုတော့ နားကြပ်နဲ့ စကားပြောလို့ ရအောင် လုပ်ပေးထားတယ်။ အဲဒီတော့ စက်ကို လက်နဲ့ ကိုင်ထားစရာ မလိုတော့ဘူးလေ။ ဆောင်းတွင်းဆိုတော့လည်း အနွေးထည် ထူထူပွပွကြီးအောက်မှာ စက်ကို ၀ှက်ထားလို့ ရတယ်။ အဲဒီတော့ အပြင်လူတွေ မရိပ်မိတော့ဘူး။

ကျူရှင်ရှိတဲ့ လမ်းရဲ့ ထိပ် ၂ ဘက်မှာ ကားတစ်စီးစီ ရပ်ထားတယ်။ ကျူရှင်နဲ့ ဓါတ်တိုင် ၂ တိုင်စာအကွာ ဘယ်ညာ နှစ်ဘက်စလုံးမှာ စက်ဘီးတစ်စီးစီ စောင့်နေကြတယ်။ ကျွန်တော်တို့ ကားတွေနဲ့ ဓါတ်တိုင် ၃ တိုင်စာအကွာမှာ နောက်ထပ် စက်ဘီးတစ်စီးစီ စောင့်နေကြတယ်။ လမ်းက နည်းနည်းရှည်လို့ စက်ဘီး ၄ စီးကို တစ်လမ်းထဲမှာ ထည့်ထားတာပါ။ ကျူရှင်ဘေးမှာ လမ်းကြားလေး ရှိတယ်။ အဲဒီ လမ်းကြားကနေ ထွက်ရင် နောက်ဘက်က လမ်းထဲကို ရောက်သွားမယ်။ အဲဒီ လမ်းကြားလေးရဲ့ ထိပ်မှာ စက်ကိုင်ထားတဲ့ သူငယ်ချင်း တစ်ယောက်ရဲ့ စက်ဘီး စောင့်နေတယ်။

အကယ်လို့များ ဖြူလေးတို့က လမ်းကြားထဲကနေ အခြားလမ်းဘက်ကို ထွက်လာရင် စက်ကိုင်ထားတဲ့ သူငယ်ချင်းက ကားတွေထဲမှာ ရှိတဲ့ ကျွန်တော်တို့ကို သတင်းလှမ်းပို့မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့က ကားတွေကို နောက်ဘက်က လမ်းထိပ်ကို နေရာရွှေ့ပြီး ကြိုစောင့်နေမယ်။ ကျွန်တော်တို့ ကားတွေ နေရာရွှေ့ရင် ကားနဲ့အနီးဆုံးမှာ နေရာယူထားတဲ့ စက်ဘီးတွေလည်း နောက်ဘက် လမ်းထဲကို စက်ဘီးနဲ့ ပတ်ဝင်ကြမယ်။ ကျူရှင်ဘေးတစ်ချက်စီမှာ နေရာယူထားတဲ့ စက်ဘီး ၂ စီးက ဖြူလေးတို့နောက်ကို လမ်းကြားထဲကနေ လိုက်လာမယ်။

အကယ်လို့များ ကျူရှင်ရှိတဲ့ လမ်းအတိုင်းပဲ ထွက်လာရင်တော့ ကားတွေ၊ စက်ဘီးတွေက ပုံစံမပျက် နေရာယူနေမယ်။ ဖြူလေးတို့ လမ်းအလည်ကိုကျော်မှ ကျူရှင်ဘေးနားက စက်ဘီးတွေက ဖြည်းဖြည်းလေး နင်းပြီး စ ထွက်မယ်။ နောက်ကနေ ဖြည်းဖြည်းလေး လိုက်မယ်။ နောက်ကြောင်းရှင်းတဲ့ သဘောပေါ့။ လမ်းထိပ်နားက စက်ဘီးတွေကတော့ ကိုယ့်နေရာမှာ နေမြဲပဲပေါ့။

ကျူရှင်ဆင်းတော့ ဖြူလေးက သူသွားနေကျ လမ်းအတိုင်းပဲ သွားပါတယ်။ ဒါကြောင့် လမ်းကြားထိပ်က သူငယ်ချင်းက ကားတွေ နေရာရွှေ့ဖို့ မလိုတဲ့အကြောင်း စက်နဲ့လှမ်းပြောပါတယ်။ ကားတွေ မရွှေ့တော့ စက်ဘီးတွေလည်း မရွှေ့တော့ဘူးပေါ့။ ဒီလိုနဲ့ အဆင့်ဆင့် လှုပ်ရှားခဲ့လိုက်တာ ဖြူလေး အနားကို ဘယ်ယောကျာ်းလေးမှ ကပ်လာတာကို မတွေ့ရဘူး။ နောက်ဆုံး ဖြူလေးသာ သူ့အိမ် ပြန်ရောက်သွားတယ် ထူးခြားမှုတစ်ခုမှကို မတွေ့ရဘူး။ အဲဒီတော့လည်း အားလုံး လက်ဖက်ရည်ဆိုင် အတူတူထိုင် စမြုံပြန်ပြီး အိမ်ပြန်လာခဲ့ကြတာပေါ့ဗျာ။

နောက်မှ ပြန်သိရတာက ဖြူလေးက မောင်မောင့်ကို စမ်းသပ်တဲ့သဘောနဲ့ သူ့သူငယ်ချင်းတစ်ဦးကို ဖုန်းဆက်ခိုင်းတာပါတဲ့။ သူကတော့ ဘယ်ရယ်မဟုတ် ကျီစယ်လိုက်တာပါပဲ။ ကိုယ်တွေကတော့ အစိုးရိမ်ပိုပြီး စီစဉ်ထားလိုက်ရတာများ ပစ္စည်းအစုံအလင်နဲ့ ထောင့်ကိုစေ့နေတာပါပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီနေ့က အတော်ကို ပျော်ခဲ့ပါတယ်။ ကလေးမဟုတ် သူငယ်မဟုတ် တစ်အုပ်တစ်မကြီး ဆော့လိုက်ရသလိုပဲဗျာ။ တကယ်ပဲ အမှတ်ရမိပါတယ်။

7 comments:

လင်း said...

အမလေးဒရမ်းရယ် စောစောကသာ ဒရမ်းနဲ့ သိရင်
ရည်းစားကို အနောက်ကလိုက်ချောင်းဘိုအကူအညီတောင်းပါတယ့အဲလို့ စက်တွေနဲ့ ဆိုမိုက်မယ် ဟိဟ်

ရွှန်းမီ said...

:-) မကြီးမငယ်နဲ့ သူခိုးပုလိပ် ကစားခဲ့ပုံပဲ..။ အတည်ပေါက်ကြီး ပလေးရတာ တော်တော်မိုက်မှာပဲ။

အလင်းစေတမန် said...

ဟားဟား ရယ်ရတယ်။ ပျော်စရာကြီး။

:P said...

သြော်..... အချစ်စမ်းပုံကလဲ

khin oo may said...

လွမ်းစရာဘဲ။

Dr Phyo Wai Kyaw said...

ဟုတ်လှချည်လားဗျာ..
:D

puluque said...

ဆရာကြီး ဒွင်းတို့များလုပ်လိုက်ရင် အမှန်အကန်တွေကြီးပဲ။ ပြီးမှလွဲလွဲသွားတာကိုး