သင်္ကြန်ဆိုတာ မြန်မာပြည်ရဲ့ ချစ်စရာကောင်းတဲ့ နှစ်သစ်ကူး ရိုးရာပွဲတော်လေးတစ်ခုပါ။ မြန်မာပြည်မှာ ပေါက်ဖွားရှင်သန်ခဲ့တဲ့ ကျွန်တော့်မှာလည်း သင်္ကြန်ရဲ့ အမှတ်တရအချိန်တွေ အနည်းနဲ့အများဆိုသလို ရှိနေမှာ အသေအချာပါပဲ။ အဲဒါတွေကို ရိပ်မိထားပုံရတဲ့ မိုးခါးက အမှတ်ရနေသော သင်္ကြန်အချိန်လေးများအကြောင်း ရေးပေးပါဆိုပြီး Tagလိုက်လို့ လွမ်းမောဖွယ်ရာ အတိတ်ကမ္ဘာဆီကို အတွေးစင်္ကြာဖြန့်ရပါအုံးမယ်။
ဟိုးငယ်ငယ်ကလေးဘ၀ကနေ အလယ်တန်းကျောင်းသားဘ၀အထိ သင်္ကြန်ဆိုတာ ကျွန်တော်နဲ့ သက်ဆိုင် ဆက်နွယ်မှု မရှိခဲ့ပါဘူး။ သင်္ကြန်အတွင်းမှာ အပျော်လွန်နေပြီး သတိလက်လွတ် မောင်းတတ်တဲ့ ကားတွေရဲ့ အန္တရာယ်ကို စိုးရိမ်ရှာတဲ့ မာမားက ကျွန်တော်တို့ကို သင်္ကြန်မှာ အိမ်ပြင်ထွက်ခွင့် ပိတ်လေ့ရှိပါတယ်။ စည်းကမ်းကြီးတဲ့ မာမားရဲ့ ထိန်းကွပ်မှုအောက်မှာ သူများတကာတွေ ပျော်နေကြတဲ့ သင်္ကြန်ဆိုတာကို ကားဂိုဒေါင်ထဲကနေ ချောင်းကြည့်ခဲ့ရတယ်။ အိမ်မျက်စောင်းထိုးမှာ ဆောက်ထားတဲ့ အုန်းလက်မဏ္ဍပ်က သင်္ကြန်သီချင်းတွေကို နားထောင်ရင်း သင်္ကြန်ကားတွေ လမ်းထဲကို ၀င်လာတဲ့အချိန်ကို မျှော်နေမိတတ်တယ်။ သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ အိမ်ရှေ့လမ်းပေါ်မှာ ရေပက်ဆော့ကစားနေတဲ့ အရွယ်ပေါင်းစုံ ပျော်ရွှင်နေတာကို အိမ်ထဲကနေ လှမ်းကြည့်ပြီး အပျော်တွေ ကူးနေခဲ့မိတယ်။
တခါတလေတော့ ပါပါးက ရေထွက်ပက်ခွင့်ပေးပါတယ်။ အများအားဖြင့် အတက်နေ့ ညနေပိုင်းလောက်ပေါ့။ ကျွန်တော်တို့တွေ တခုခုဖြစ်မှာ စိုးရိမ်လို့ သူကိုယ်တိုင်လည်း ကျွန်တော်တို့အတွက် ရေခပ်ပေးရင်း အနားမှာ အချိန်ပြည့် စောင့်နေပေးပါတယ်။ အတက်နေ့မို့လို့ အပီအပြင် ဆော့ရမယ် မထင်ပါနဲ့။ သုံးနာရီလောက် ရေဆော့ပြီးရင် အိမ်ထဲပြန်ဝင်ဖို့ မာမားက လှမ်းခေါ်ပါပြီ။ သူများတကာတွေတော့ အရှိန်ကောင်းနေတုန်းပေါ့။ ရေခွက်လေးနဲ့ ရေပက်ခဲ့ရတဲ့ ကလေးဘ၀မှာ စတီးရေပြွတ်ကို လိုချင်ခဲ့မိတယ်။ အဲဒါကိုလည်း ပါပါးပဲ ၀ယ်ပေးခဲ့တာပါ။ ဒါပေမယ့် အတက်နေ့လောက်ပဲ ရေဆော့ရတော့ ရေပြွတ်တွေလည်း အသစ်အတိုင်းပါပဲ။ ရေပြွတ်ထဲက ၀ါရှာတွေလောက်ပဲ ဆွေးကုန်တာရှိတယ်။
တက္ကသိုလ်ကျောင်းသားဘ၀ ရောက်တော့ သင်္ကြန်ကားနဲ့ အလည်ထွက်ဖူးတယ်။ ကျောင်းက မိန်းခလေး သူငယ်ချင်း အရင်းအခြာကြီးတွေ ရေပက်ခံထွက်မယ့်ကားမှာ ယောကျာ်းလေး အင်အားနည်းလို့ အဖော်အဖြစ် လိုက်ပေးဖူးတယ်။ သူငယ်ချင်းတွေရဲ့ မိဘကလည်း ပြောပါတယ်။ နင်တို့က ကျားမဟုတ်တဲ့ ကျားတွေဖြစ်လို့ ငါ့သမီးကို လွှတ်တာတဲ့။ နင်တို့တွေ မပါရင် ငါတို့ စိတ်မချဘူးတဲ့။ အဲဒါနဲ့ပဲ အဲဒီသင်္ကြန်ကားပေါ်မှာ ကျွန်တော်တို့တွေ မိန်းမစိုးဘ၀ကို ရောက်ရပါလေရော။ ကြက်သားပေါက်လေးတွေကို တောင်ပံကြီးဖြန့်ပြီး ကာနေရတဲ့ ကြက်မကြီးကို ဖြစ်ရောပဲဗျာ။ ပျော်သလားဆိုတော့ လွတ်လွတ်လပ်လပ် မဟုတ်တဲ့အတွက် မပျော်မိသလိုပဲ။ အင်းလျားလမ်းမှာလည်း ကားလမ်းပိတ်မိပြီး တနေကုန်လုံး နေခြောက်လှန်းခံလိုက်ရတော့ အီစလံဝေသွားတာပါပဲ။ အင်းလျားလမ်းကို ကျွန်တော်တို့ရေပက်ခံကား ၀င်နိုင်တဲ့အချိန်မှာ တချို့မဏ္ဍပ်တွေ ပိတ်ကုန်ပြီ။ အဲဒီတော့ ရေလည်း မစိုဘူးပေါ့။
ကျောင်းပြီးသွားပြီးနောက် ကိုယ်ပိုင်စီးပွါးရေး လုပ်ဖြစ်တော့ သင်္ကြန်ထွက်လည်ဖြစ်သေးတယ်။ ရပ်ကွက်ထဲက သူငယ်ချင်း ဆိုးပေတွေနဲ့ပေါ့။ သူတို့တွေက ကိုယ်ပိုင်အတွဲလေးတွေ ရှိကြတော့ ကားပေါ်မှာ ပါလာတဲ့ မိန်းမသားတွေအတွက် ကျွန်တော်မှာ တာဝန်မရှိပါဘူး။ ကိုယ့်အတွဲ ကိုယ်တာဝန်ယူပေါ့။ တာဝန်ရှိတာက ရေနွေးကြမ်း သောက်လွန်းတာကို ထိန်းရတာ တစ်ခုပါပဲ။ ရေနွေးကြမ်း သောက်ပြီးရင် အေးဆေးနေကြပေမယ့် လာထိမိရင် ပါးပြင်ထောင်တတ်တဲ့ မြွေဟောက်တွေလို လက်စလက်န ပြင်းကြတယ်။ ဒါကြောင့် သူတို့ကို မျက်စိဒေါက်ထောက် ကြည့်နေရတယ်။ သင်္ကြန်ကားပေါ်မှာ ဒုတ်၊ တင်းပုတ်၊ သံလက်သီး၊ ချိန်းကြိုး၊ ဘော့စ်ဘောရိုက်တံ ဘာတစ်ခုမှ မပါလာတာတောင် ကားရှေ့ခန်းထဲမှာ ၀က်အူလှည့် သွားနှိုက်နေလို့ ပြန်လုနေရသေးတယ်။ အရက်မူးပြီး ကားပေါ်ကနေ ပြုတ်ကျတဲ့ကောင်ကလည်း ရှိသေးတယ်။ အခုချိန်ထိ ဘ၀တလျှောက်လုံးမှာ သင်္ကြန်ရေပက်ခံထွက်ဆော့တာ ၂ ခါပဲ ရှိခဲ့ဖူးတယ်။ ကျောင်းက သူငယ်ချင်းတွေနဲ့ လည်တဲ့အခေါက်ထက် ဆိုးပေတွေနဲ့ ကဲရတဲ့အခေါက်က ပိုပျော်ဖို့ ကောင်းတယ်။ စိတ်လက်ပေါ့ပါးတယ်။
အိမ်ရဲ့ တိုက်ရိုက်အုပ်ချုပ်မှု အထိန်းအကွပ်အောက်မှာ မရှိတော့တဲ့အချိန်... ကျန်တဲ့နှစ်ရဲ့ သင်္ကြန်တွေမှာ ဘာလုပ်သလဲဆိုတော့... တရားစခန်းဝင်တာ ၂ နှစ်ရှိဖူးတယ်။ တစ်ခါက ပုလုကွေးနဲ့ပေါ့။ လှည်းကူးက အောင်သုခကျောင်းမှာ ၁၅ ရက်စခန်းဝင်ခဲ့တယ်။ နောက်တစ်ခါက သန်လျှင် အောင်သုခကျောင်းမှာပါ။ အဲဒီမှာ ရပ်ကွက်ထဲက ဆိုးပေလေးတွေကို တရားစခန်း သွင်းပေးနိုင်ခဲ့တယ်။ တချို့နှစ်တွေမှာတော့ ရပ်ကွက်ထဲမှာပဲ အေးအေးဆေးဆေး နေတတ်တယ်။ စာအုပ်လေး ဖတ်လိုက် ရုပ်ရှင်လေး ကြည့်လိုက်ပေါ့။ ညနေပိုင်းမှာဆို လက်ဖက်ရည်ဆိုင် ထိုင်ပေါ့။
သင်္ကြန်အတွင်း မီးလောင်ပြင်နှစ်ခုမှာ ကူညီဖူးတယ်။ သူများတွေက ပျော်ပျော်ရွှင်ရွှင် ရေပက်နေတဲ့အချိန် ကိုယ်တွေက မီးသတ်နေတဲ့အထဲ ရောက်နေတယ်။ တစ်ခုက ဖော့ကန်မှာ လောင်တာ။ တစ်ခုက အအေးခန်း မီးလောင်တာ။ အအေးခန်းက ၀ါယာရှော့ခ်ဖြစ်ပြီး မနက်ကတည်း မီးလောင်နေတာပါ။ တငွေ့ငွေ့ပေါ့။ ဒါပေမယ့် မီးသတ်ဌာနကို အကြောင်းမကြားပဲ ကျိတ်ငြိမ်းကြတယ်။ နေ့လည့်ကျမှ မီးသတ်ဌာနကို သတင်းပို့တော့ မီးက အအေးခန်းရဲ့ နံရံတွေကြားမှာ လှိုက်ပြီး လောင်နေပြီ။ မီးတောက် မကြီးပေမယ့် ဖော့တွေကို လောင်တာဆိုတော့ မီးခိုးတွေ အရမ်းများလွန်းတယ်။ အောက်ဆီဂျင် မလုံလောက်တဲ့အတွက် အအေးခန်းထဲဝင်ပြီး မီးငြိမ်းနေကြတဲ့ မီးသတ်ရဲဘော်တွေ မူးမေ့လဲကျတယ်။ အသက်ရှုကိရိယာတွေက လုံလောက်မှုမရှိတော့ မျက်နှာကို ရေစိုဝတ်လေးအုပ်ပြီး မီးသတ်နေကြရတယ်။ ကျွန်တော်တို့ကတော့ မူးလဲကျတဲ့သူတွေကို အပြင်ဆွဲထုတ်ပြီး သတိရအောင် ပြန်လုပ်ပေးခဲ့ရတာပေါ့။ အဲဒီမှာ ကြောက်ရတာက ဂတ်စ်အိုးတွေပဲ။ အဲဒီအိုးတွေ ထပေါက်ရင် ရပ်ကွက်တစ်ခုလုံး ပျောက်သွားနိုင်တယ်။ ရပ်ကွက်တောင် ပျောက်သွားနိုင်တယ် ဆိုမှတော့ အဲဒီနေရာမှာ ရောက်နေတဲ့ ကျွန်တော်လည်း အစအန ဘယ်ရှာရနိုင်မလဲ။ စိုးတထိတ်ထိတ်ပါပဲ။ နောက်နေ့မှာ အိမ်က သိသွားတော့ အဆူခံထိပါလေရော။
မှတ်မှတ်ရရတစ်ခုက ကျောင်းနေဘက် သူငယ်ချင်းတစ်ယောက်ရဲ့အဖေ သင်္ကြန်အတွင်းမှာ လူကြီးရောဂါနဲ့ ဆုံးသွားတဲ့အတွက် နာရေးကို အစအဆုံး ကူညီဖူးတယ်။ သူရဲ့ မိသားစုဝင် အားလုံးက သင်္ကြန်အတွင်းမှာ ဘုန်းကြီးဝတ်၊ သီလရှင်ဝတ်နေတော့ ရပ်ကွက်က လူတွေနဲ့ပေါင်းပြီး နှစ်ဆန်း ၁ ရက်နေ့ မရောက်ခင် အပြီး စီစဉ်ခဲ့ရပါတယ်။ ရေပတ်ခံကားတွေ ပိတ်နေတဲ့ လမ်းတလျှောက် နာရေးလိုက်ပို့တဲ့ကားတွေ ထွက်လို့ရအောင် လုပ်ခဲ့ရတယ်။ ဒါတောင် မီးသဂြိုလ်ခွင့် စာရွက် အသုဘအိမ်မှာ ကျန်ခဲ့လို့ တစ်ခေါက် ပြန်ယူရသေးတယ်။ ထိန်ပင် အသွားအပြန် ရေပက်ခံ ထွက်သလားမှတ်ရတယ်။ ရေကို မွန်းနေတာပါပဲ။
အခုတော့ သင်္ကြန်မိုးသီချင်းလေးနဲ့ပဲ...
လက်ဆင့်ကမ်းမယ့် စာရင်းဝင်သွားသူကတော့...
လှိမ့်တိုင်းထွက်တဲ့ မ၀ါဇီ (ခ) အယ်ဂျုနို
ဆင်ဆာမလွတ်ရှာတဲ့ ဗီလိန်

11 comments:
ဖော့ကန်။ အင်း။ သူလည်း အင်းစိန်သား လားမသိ။ :D
သိတ်ကူညီတတ်တာဘဲနော.်။
ိမိန်းမစိုးဖြစ်သွားတာဘဲ ဆိုးတယ်။
ကျားမဟုတ်တဲ့ ကျားလို့ JDကိုပြောကြတော့လဲ အားမလို၊အားမရဖြစ်မိပါတယ်
သင်္ကြန်ဇာတ်လမ်းရော :P
အောင်သုခ ဓမ္မရိပ်သာမှာ ညီမလည်း ၀င်ဖူးတယ်
သံလျှင် (ဗိုလ်ချုပ်ရွာ)မှာရော လှည်းကူးမှာ ရှိတုန်းကရေား)
မိန်းမစိုးဖြစ်သွားတာ...... အိ...အိ
ဘာပဲပြောပြော ကူညီရိုင်းပင်းတဲ့ စိတ်ဓာတ်ကိုတော့ လေးစားအားကျတယ်ဗျာ။
နောင်လဲ ကူညီနိုင်ပါစေ။ ကျနော်မိန်းမခိုးရင်လဲ
လာကူညီဦးနော် မိရင်တော့ အကိုခံပေါ့ မမိရင်
တော့ ဟဲဟဲဟဲ ကျနော်ပေါ့။ ရတယ်ဟုတ်..။
သင်္ကြန်အမှတ်တရလေးတွေဖတ်ရူသွားပါတယ်
ဗျာ။ ဒါနဲ့ မိန်းမစိုး ဖြစ်သွားတယ်ဆိုတော့
ကျနော်ကြားဖူးတာတော့ မိန်းမစိုး ဆိုရင် အ၀ှာ
ဖြတ်ရသတဲ့ အကိုရောဟင်.......။
ရေးမယ်ဆိုရင်တော့ ရေးလို့ ရတာတွေရှိတယ်။
မအယ်က သင်္ကြန်ပိုး မရှိဘူး။
နယ်မှာတုန်းက အိမ်တွင်းပုန်းပဲ။
အိမ်နားက ကောင်လေးတွေ ရေလာလောင်းမှာစိုးလို့ ။
ကျောင်းရောက်တော့ စာ စာ စာ မစာချင်လည်း စာနေရတာပဲ။
ဆေးရုံမှာတော့ သင်္ကြန်လုပ်တယ်။
ရေလောင်းကြတယ်။
အကျီ င်္တွေ စိုကုန်ရင် စိတ်ညစ်ရတယ်။
နောက်တော့ဂျူတီ ဆင်းရတယ်။
ကွဲပြဲ မူးလဲ လာတာတွေ ကို မေတ္တာပို့ ရတယ်။
အားတဲ့ တစ်ခေါက်မှာတော့ အကောင်ကြီးကြီး အမြီးရှည်ရှည် တစ်ကောင် ဆေးရုံလာမယ်ဆိုလို့ ဆေးရုံမှာ သွားစောင့်ရတယ်။
အသိ တစ်ယောက် ရေလောင်းမှာ ကြောက်လို့ ကြက်ခြံထဲ ၀င်ပုန်းတာ မြွေပွေးကိုက်လို့ သေသွားတယ်။
မုန့် တွေ အများကြီးစားရတာပဲ ကြိုက်တယ်။ ကောက်ညှင်းနဲ့ လုပ်တာ အကုန်ကြိုက်တယ်။
စားပိုးနင့်အောင်စားတယ်။ နောက်နေ့ တွေမှာ အီးတစ်တယ်။
တော်ပြီ။
တာ့တာ
အမှတ်တရ ခင်လို့ ရေးပေးတာ။ တနေ့ တစ်ခေါက် သေချာ ဖတ်။ ဒါပဲ။
အင်းစိန် ဖော့ကန်များလား...။
ဒို့ကတော့ ... အင်းစိန် ရွာမ က ....။
အိမ်- မိန်းမစိုး ဖြစ်သွားတယ်ဆိုတော့

Post a Comment