ထိုတစ်နေ့...
"ဘယ်လိုလဲ ဆရာကြီး၊ ဟောပြောပွဲများ မလုပ်တာ ကြာပါပကော" မိတ်ဆွေတစ်ယောက်က ဤသို့ စကားစ လာသဖြင့် ကျွန်တော်က ကျန်းမာရေး အခြေအနေအရ အနားယူနေရကြောင်း ပြန်ပြောရသည်။
"တတ်နိုင်ရင်တော့ မကြာမကြာ ဟောပေးဖို့ ကောင်းတယ်ဗျာ။ ခင်ဗျားက မိခင်မေတ္တာကို ဦးစားပြုပြီး ဟောပြောလေ့ရှိတယ် မဟုတ်လား"
"အင်း ဟောပြောခဲ့တဲ့ပွဲတွေ တော်တော်များခဲ့ပါတယ်။ အဲဒါက သူများကို သြ၀ါဒပေးတဲ့ သဘောမျိုးထက် အမေ့အပေါ်မှာ ကျွန်တော် ၀တ္တရား ပျက်ခဲ့သမျှ၊ အကြင်နာ မေတ္တာ နည်းပါးခဲ့သမျှ နောင်တရတာတွေကို ၀န်ခံခဲ့တဲ့သဘောနဲ့ ဖွင့်အန် ထုတ်ဖော် ပြောခဲ့တာတွေပါပဲဗျာ"
"အဲဒီလို ခင်ဗျာ့အမှားတွေကို ပြောပြတာတွေကိုက လူငယ်လူရွယ်များ ခင်ဗျားလို မမှားအောင် ဆုံးမတာမျိုး ဖြစ်တာပေါ့ဗျာ၊ နောက်ပြီးတော့ ခင်ဗျားကိုယ်တိုင်က ကိုယ်တွေ့မို့ ခံစားမှု အပြည့်အ၀နဲ့ စိတ်ပါလက်ပါ အားပါးတရ ဟောလေ့ဟောထ ရှိတယ်လေ၊ အဲဒီတော့ နားထောင်ရတဲ့ လူများအဖို့ ခံစားမှုတွေ တဖွားဖွား ပေါ်လာတာပေါ့၊ လူငယ်လူရွယ်တွေအတွက် သင်ခန်းစာရတာပေါ့။ ဒါကြောင့် ခင်ဗျား မဟောဖူးသေးတဲ့ မြို့ရွာနေရာတွေမှာ ခင်ဗျား ကိုယ်တိုင် ဟောနိုင် ပြောနိုင်တုန်း ဟောပြောစေချင်သေးတယ်၊ ခင်ဗျား မှတ်မိဦးမလား မသိဘူး၊ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လုပ်သားသတင်းစာထဲမှာ သားသမီးများက မိဘကို အမွေဖြတ်တဲ့ သတင်းပါလာတယ်လေ"
"ဟာ ကောင်းကောင်း မှတ်မိတာပေါ့ဗျာ။ ၁၉၇၀ ပြည့်နှစ် ဇူလိုင်လထဲကပေါ့"
"အေးဗျာ၊ အဲဒီတုန်းက ကျုပ်ဖြင့် တစ်ဦးတည်းတောင် မကဘူး ထင်တယ်၊ ဒီသတင်းမျိုးတွေ တွေ့ရတာလေ"
"သတင်းမဟုတ်ပါဘူး၊ ကြော်ငြာတွေပါ"
"သတင်းဖြစ်ဖြစ်၊ ကြော်ငြာဖြစ်ဖြစ် ဘာထူးသေးလဲ"
"ကျွန်တော်က ထူးတယ်လို့ ပြောချင်ပါတယ်"
"ရှင်းစမ်းပါဦး၊ သတင်းစာထဲပါတာချင်း အတူတူပဲ မဟုတ်လား"
"သတင်းစာထဲပါတာချင်းတူပေမဲ့ သတင်းတစ်ပုဒ်အနေနဲ့ဆိုရင် အယ်ဒီတာလက်ထဲကမှ ရိုက်နှိပ်ဖြော်ပဖို့ သွားရတယ်။ ဒါကြောင့် တိုင်းပြည်ကို ဖော်ပြဖို့ သင့်မသင့် လျော် မလျော် တည်းဖြတ် သုတ်သင်ရတယ်။ အကယ်၍ သတင်းတစ်ရပ်ကြောင့် ပြည်သူလူထုမှာ အကျိုးမရှိဘူး။ ဒါမှမဟုတ် စိတ်ငြိုငြင်စရာ အကြောင်းရှိတယ် ဆိုရင် ရောက်လာတဲ့ သတင်းဟာ မှန်စေဦးတော့၊ ပယ်ချလေ့ ရှိကြပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ စိတ်မချမ်းသာအောင် တွေ့ခဲ့ရတာတွေက ပိုက်ဆံပေးပြီး ကြော်ငြာတာမို့ အယ်ဒီတာထံ မရောက်ဘဲ ကြော်ငြာတာဝန်ခံလောက်က တန်းချပေးတာမျိုး ဖြစ်ပါလိမ့်မယ်"
"အေးလေ ထားပါတော့၊ ကျွန်တော်ဖြင့် အဲဒီကြော်ငြာကို ဖတ်ရတုန်းက ကစားနေကြတဲ့ သားသမီးတွေကို အထိတ်တလန့်နဲ့ ကြည့်ခဲ့မိတယ်၊ နောက်တော့ ၀မ်းနည်းလာခဲ့တယ်"
"လုပ်စမ်းပါဦး၊ ခင်ဗျားရဲ့ ခံစားမှု"
(ဆက်ရန်...)

~~~
အမေ့ကျေးဇူးကို သိရှိတုန့်ပြန် ပေးအပ်ရေးအတွက် အမေနေ့ ဖြစ်ပေါ်လာစေရန် ဆရာကြီး ဦးသုခက ဤဆောင်းပါးဖြင့် စတင် လှုံ့ဆော်ခဲ့ပါသည်။
ချစ်သူလေးက ဇွန်လဆန်းမှာ စင်္ကာပူကို ရောက်လာတဲ့ ကျွန်တော့်သူငယ်ချင်းနဲ့ လူကြုံထည့်ပေးလိုက်တဲ့ ဦးသုခရဲ့ အမေဆိုတဲ့ စာအုပ်လေးထဲက ထိုတစ်နေ့... ဆိုတဲ့ ဆောင်းပါးလေးကို ရင်ခုန်သံ ထပ်တူညီနေလို့ ပြန်လည်ဖော်ပြလိုက်ပါရစေခင်ဗျာ။

10 comments:
သြော်... ဖတ်ကောင်းနေတုံး ကြော်ညာက ဝင်သဟဲ့...
ချစ်သူလေး တဲ့လား ချစ်သူငါးရယ်...
ပြောချင်တာသာ ပြောပါစေတော့
ခွေးလွှတ်လိုက်ပါတယ်
ကြွားဝါတာ နည်းနည်းလျှော့ပါ ဂေါပကကြီးရယ် ...
ဆက်ရေးပါခင်ဗျာ၊ အားပေးနေပါတယ်၊
ဒါလေးက အမေနေ့  ဖြစ်ရမယ်နဲ့ တူတယ်။
"အမေ့ကျေးဇူးကို သိရှိတုန့်ပြန် ပေးအပ်ရေးအတွက် အမေနဲ့ ဖြစ်ပေါ်လာစေရန် ဆရာကြီး ဦးသုခက ဤဆောင်းပါးဖြင့် စတင် လှုံ့ဆော်ခဲ့ပါသည်။"
ခွင့်လွှတ်တယ် ခွင့်ပြုတယ်
(အာဇာနည် သီချင်း ခေါင်းစဉ်ပါ..)
စာလေးဖတ်ကောင်းနေတော့ ကျွန်တော်တို့လည်း ဝင်ပြီးထပ်တူညီလိုက်မယ်နော် ကိုချစ်သူငါး...
ရွက်လွင့်ခြင်း ခင်ဗျာ...
ဟုတ်ကဲ့ အမေနေ့ပါ ခင်ဗျာ။ ကျွန်တော် စာရိုက်တာ မှားသွားတာပါ။ အခုလို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။
ကျန်တဲ့သူတွေကတော့ ဆိုးတဲ့မိုက်တဲ့ ကျွန်တော့်ကို ခွေးလွှတ်ထားကြပါတယ် ဆိုတော့ ကျွန်တော်လည်း ချက်မှာ ဆေးထိုးရမှာ ကြောက်လို့ ပြေးပါတော့မယ် ခင်ဗျာ။
ချစ်သူလေး ပို့လိုက်တဲ့ စာအုပ်ထဲက ကောင်းနိုးရာလေးတွေ ပြန်ဖေါ်ပြပေးတာ ကောင်းပါတယ်။ သူလည်း ၀မ်းသာမှာပဲ။
ဖတ်သွားတယ်ဗျို့
ချစ်သူလေးပို့ ရကြိုးနပ်တာပေါ့ ကိုဇူလိုင်ရေ
Post a Comment