.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, December 5, 2009

Fighting the HIV stigma

နာမည်ပျက်လေး ရှိခဲ့လို့... လူတကာတွေက ရှောင်ဖယ်ကြတယ် ဆိုတာ ကျွန်တော်တို့ လူ့ဘောင်လောကမှာ မြင်တွေ့နေကြမို့ သိပ်ပြီးမဆန်းလှပါဘူး။ တံဆိပ်တွေ ကပ်ကြတာ လူတွေရဲ့ သဘာဝပါ။ တံဆိပ်ကပ်တဲ့ နောက်ကွယ်မှာ အတူတွဲပါလာတဲ့ တန်ပြန်သက်ရောက်မှု အကျိုးဆက်တွေကိုတော့ သတိထားမိကြတဲ့သူ ရှိသလို သတိမမူမိတဲ့သူလည်း ရှိကြမှာပါ။ ငါနဲ့မဆိုင်ပါဘူး ဆိုပြီး ဘာသိဘာသာ နေကြတဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် လူ့ဘ၀ဆိုတာ စက်ဝိုင်းတစ်ခုလို လည်နေတတ်တယ်။ စက်ဝိုင်းတွေ လွှမ်းမိုးနေတဲ့ လူ့ဘ၀မှာ မဆိုင်ပါဘူး ဆိုတဲ့သူတွေဆီ အကျိုးဆက်တစ်ခု ရောက်မလာနိုင်ဘူးလို့ မပြောနိုင်ဘူးလေ။

လေးလုံးရောဂါ ဆိုလို့ မျက်မှန်တပ်တဲ့ လူတွေကိုများ ပြောသလားပေါ့... ဆိုပြီး တပ်ထားတဲ့ မျက်မှန်တောင် ကိုယ့်ဘာသာ ပြန်စမ်းမိတယ်။ အဲဒီကောင်မ အေကိုက်နေတယ်တော့... ရပ်ကွက်ထဲမှာ တိုးတိုးတိတ်တိတ် အတင်းချတယ်။ မျက်နှာ ရှစ်ခေါက်ချိုးနဲ့ နှာခေါင်းရှုံ့တယ်။ တချို့ကတော့ စကားဝှက်လေးနဲ့ အေ၀မ်းဒီဖိုက် ဆိုပဲ။ အဲဒီကနေ ခွဲခြားဆက်ဆံမှုတွေ ဖြစ်လာတယ်။ တောထုတ်ချင်လာတယ်။ ဝေးဝေးရှောင်တယ်။

လမ်းဆုံလမ်းခွတွေမှာ ကုရာနိတ္ထိ ဆေးမရှိ... ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ထောင်လိုက်တော့ အခြေအနေ ပိုဆိုးသွားတယ်။ နဂိုကမှ ခွဲခြားဆက်ဆံခံရတဲ့အထဲ အဲဒီလိုမြင်လိုက်ရတော့ လူတွေရဲ့ တကိုယ်ကောင်းဆန် အတ္တကို မီးကူထိုးပေးလိုက်သလို ဖြစ်ကုန်တယ်။ ရောဂါပိုး ကူးစက်ခံရမှာ ကြောက်ပြီး ခွဲခြားဆက်ဆံမှုတွေ များလာတယ်။ တကယ်တော့ လောကမှာ ကုမရတဲ့ ရောဂါတွေ အများကြီးပါ။ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ဘီပိုး၊ သွေးကင်ဆာ... ဘယ်မှာ အရှင်းပျောက်အောင် ကုလို့ရလို့လဲ။ ရောဂါသက်သာအောင် အခြေအနေ ပိုမဆိုးအောင်ပဲ လုပ်လို့ရတာမျိုးပါ။ အေလည်း ဒီအတိုင်းပါပဲ။ ပျောက်အောင် ကုလို့မရပါဘူး။ ဒါဖြင့် ဘာကွာလို့များ လူတွေက အသည်းအသန် ကြောက်လန့်နေရသလဲ။

လိင်အပျော်အပါး လိုက်စားခြင်းကို ရှောင်ကျဉ်ပါ... မိမိဇနီးခင်ပွန်းအပေါ်မှာ သစ္စာရှိပါ... တစ်လင် တစ်မယားစနစ် ကျင့်သုံးပါ... ဆိုတဲ့ လူမြင်ကွင်းမှာ ထောင်ထားတဲ့ ဆိုင်းဘုတ်ကြီးတွေကြောင့် နှာဘူးကျလို့ တဏှာကြီးတဲ့ ကာမဘီလူးတွေပဲ အေအိုင်ဒီအက်စ် ရောဂါရသလို လူတွေက ထင်ကုန်ကြတယ်။ ဒီရောဂါရှိရင် ယောကျာ်းလေးဆို နှာဘူး သို့မဟုတ် ဂန်ဒူးလို့ ထင်ကြတယ်။ မိန်းခလေးဆို အရပ်ပျက်မ ရွစိစိန် သို့မဟုတ် အောက်အီးအွတ်ပေါ့။ ကဲ... ဥမမယ် စာမမြောက်သေးတဲ့အရွယ် ကလေးငယ်တွေကို ဘယ်လို ပြောကြအုံးမလဲ။ ဘယ်တံဆိပ် ကပ်ကြအုံးမလဲ။ တကယ်တော့ ရောဂါဘေးတားဆီးတဲ့ နေရာကနေ မမျှော်မှန်းထားပဲ ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးကို နာမည်ပျက်တစ်ခုအနေနဲ့ ဘ၀တစ်သက်စာ အလူးအလိမ့် အလဲအကွဲ ခံစားရတာက အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံလိုက်ရတဲ့ အသိုင်းအ၀ိုင်းပါပဲ။

အိတ်ခ်ျအိုင်ဗွီပိုးက လိင်အပျော်အပါး တစ်ခုတည်းကနေ ကူးတာ မဟုတ်မှန်း အခုအချိန်မှာ အတော်များများ နားလည်သိရှိပြီးသားပါ။ ထပ်ခါတလဲလဲ အသုံးပြုတဲ့ ဆေးထိုးအပ်တွေ၊ စနစ်တကျ မရှိလှတဲ့ သွေးသွင်း ကုသမှုတွေကြောင့် ရောဂါပိုး ကူးစက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို သိပေမယ့်လည်း ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အိတ်ခ်ျအိုင်ဗွီပိုး ရှိတဲ့သူတွေကို နှိမ့်ချဆက်ဆံမှုတွေ ရှောင်ခွာဖယ်ကျဉ်မှုတွေ ရှိနေတုန်းပါပဲ။ အဲဒီလို ခွဲခြားဆက်ဆံမှုကြောင့် နာမည်ဆိုးတွေ ဖြစ်စေကုန်တယ်။ နာမည်ပျက်ကုန်တယ်။ အရိပ်မည်းကြီး မိုးကုန်တယ်။

နာမည်ဆိုး အရိပ်မည်းကြောင့် ဘာတွေဖြစ်ကုန်လဲ။ ရောဂါပိုး ရှိကြောင်း ပြောရမှာ ရှက်လာတယ်။ အပြစ်တစ်ခု ရှိသလို ခံစားလာရတယ်။ လူတွေကို ကြောက်လာတယ်။ ခံယူချက်တွေ မှားလာတယ်။ အမူအကျင့်တွေ ပြောင်းကုန်တယ်။ တချို့က လောကကြီးကို အရွဲ့တိုက်ကြတယ်။ အဲဒါကြောင့် ရောဂါပိုးကို ဆက်လက် ဖြန့်ဖြူးတယ်။ တချို့က ဇာတ်မြှုပ်ပြီး ဘ၀ကို အမြန် အဆုံးသတ်ချင်လာတယ်။ ဒါကြောင့် သတ်သေတယ်။ အဲဒီကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်ကတော့ ပျော်ရွှင်ကြည်နူးစရာ မဟုတ်တာတော့ သေချာပါတယ်။

နာမည်ပျက်ဖြစ်စေတဲ့ အရာတွေက အများကြီးပါ။ အလွယ်တကူ မြင်နိုင်တဲ့အရာကတော့ ရပ်ကွက်ထဲမှာ အတင်းပြောတာပါပဲ။ အတင်းပြောတာက အတော်လေး ပြောလို့ ကောင်းပါတယ်။ ဒါပေမယ့် အပြောခံရတဲ့ လူအတွက်တော့ မကောင်းပါဘူး။ အတင်းပြောခံရတဲ့ လူအနေနဲ့ လူ့အသိုင်းအ၀ိုင်းကနေ တဖြည်းဖြည်း ဝေးကွာလာပါတယ်။ အတင်းပြောခံရမှာ ကြောက်ပြီး သူ့မှာ ရောဂါရှိနေကြောင်း ဖွင့်ပြောရဲတဲ့ သတ္တိတွေလည်း လျှော့နည်းကုန်တယ်။ ရောဂါရှိမှန်း မသိတဲ့အတွက်ကြောင့် အကျိုးဆက်က ဘာလဲ။ မြင်ကြမယ် ထင်ပါတယ်။

ဒီအကြောင်းကိုရေးရင် ကျမ်းတစ်စောင် ဖွဲ့လို့ရပါတယ်။ အဲဒီတော့ အနှစ်ချုပ် တိုက်တွန်းချင်တာက ရောဂါပိုး ရှိတဲ့သူတွေကို ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မလုပ်ပါနဲ့။ နာမည် မဖျက်ကြပါနဲ့။ နှာခေါင်း မရှုံ့ပါနဲ့။ အတင်း မတုပ်ပါနဲ့။ သူတို့ကို ပုံမှန်အတိုင်း ဆက်ဆံပါ။ စကားပြောပါ။ ကြင်နာပါ။ ဖေးမပါ။ ကူညီပါ။ ရောဂါပိုး ရှိတဲ့သူရဲ့ ရင်ထဲက ခံစားချက်တွေကို သေသေချာချာ နားထောင်ပေးပါ။ စိတ်ဝင်တစား ပြန်လည်ဆွေးနွေးပါ။ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှာလည်း ခွဲခြားဆက်ဆံနှိမ့်ချမှုတွေ မဖြစ်ရအောင် ၀ိုင်းဝန်း ကာကွယ် တားဆီးပေးကြပါ။ ကိုယ်တိုင် ဦးဆောင်ပြီး လှုပ်ရှားပြပါ။ မီဒီယာတွေကလည်း လွှဲမှားတဲ့ အသိတရားတွေ မဖြစ်ရလေအောင် သေချာ စိစစ်လေ့လာပြီး ပညာပေးတွေ ပြုလုပ်ပေးစေလိုတယ်။

နေခွင့်ရတဲ့အခိုက်မှာ ကမ္ဘာလောကကြီးကို လှပစေချင်တယ်။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ရှိနေတာဟာ ရှက်စရာ မဟုတ်ပါဘူး။ အပြစ်တစ်ခုလည်း မဟုတ်ပါဘူးဆိုတာ လက်ခံလိုက်ကြပါ။ အင်း... ပြောတာတော့ လွယ်ပါတယ်။ ခေါင်းညိမ့်ဖို့လည်း လွယ်ပါတယ်။ တကယ်လုပ်ဖို့က အတော် ခက်လှပါတယ်။ ဒါပေမယ့် ကြိုးစားကြည့်ရအောင်ဗျာ။

11 comments:

နေ့အိပ်မက် said...

ဟုတ်ကဲ့ လက်ခံတယ် စာနာတယ်.. တကယ်ကို ကိုယ်ချင်းစာပြီး စာနာမိပါတယ်။

ဒါနဲ့စာရေးထားတာ တအားကို စိတ်အားထက်သန်နေမှန်း သိသာပြီး ဖတ်ရတာကောင်းတယ်။ ဒါပေမဲ့ နံမယ် နံမယ်နဲ့ရေးထားတော့ နှာခေါင်းပိတ်မိမလို ဖြစ်နေတယ်.. အပန်းမကြီးရင် ပြင်လိုက်ပါဦးနော်။ နာမည်.... :)

JulyDream said...

အင်း... စကားပြောလေးနဲ့ ရေးကြည့်တာပါ။

ပြင်လိုက်ပါမယ်လေ။

Nge Naing said...

ကိုဂျူလိုင်ရေ ရောဂါချင်း တူပေမဲ့ ကူးစက်တတ်တဲ့ ရောဂါကို လူတွေ ရှောင်ချင်တာက ကူးမှာစိုးလို့ ဖြစ်နိုင်ပါတယ်။ ရောဂါရှိသူတွေနဲ့ ဘယ်လိုပြုမူဆက်ဆံနေထိုင်မှ ရောဂါကူးနိုင်တယ်ဆိုတဲ့ ပညာပေး အစီစဉ်လေး များများ လုပ်ပေးနိုင်ရင်တော့ အတော်အသင့် အမြင်ကျယ်လာလိမ့်မယ် ထင်တယ်။

JulyDream said...

ဟုတ် မငယ်နိုင်...
လုပ်စရာတွေက အများကြီးပါ ခင်ဗျ။ ပညာပေးတွေ လိုအပ်သလို စိတ်ဓါတ်ရေးရာပိုင်းလည်း ပြင်ရမှာတွေ အများကြီးပါ။ လွဲမှားတဲ့ အသိတွေကိုလည်း အမြန် ဆေးကြောသင့်ပါတယ်။

လက်လှမ်းမီရာအပိုင်းကနေ တာဝန်ကျေကြပါစို့...

မမသီရိ said...

ိုဟိုး အရင်ကထက် စာရင်တော့ နဲနဲ (သာ) လာပြီပြောရမယ် ထင်တယ် မောင်လေးရေ

ပြီးခဲ့သီတင်းပတ်က တက်ခဲ့တဲ့ အစည်းအဝေး က သတင်း အချက်အလက်တွေ အရ
UNICEF, AZG စတဲ့ လူမှုရေး အဖွဲ့ အစည်းကြီးတွေ က ထုတ်တဲ့ လက်ကမ်းစာစောင်တွေ က အတော်လေး ထိရောက်ကျယ်ပြန့်လာတာ တွေ့ခဲ့ရတယ်

အဓိက တာဝန်ရှိတဲ့ မီဒီယာ ကြီးတွေ က လုပ်ပေးသင့်တာလေးတွေ ရှိတာတော့ အမှန်ပဲ

ဥပမာ ပုတ်သင်ညို ကိုပဲ ဦးစားပေးပြီး ကြော်ငြာတွေ ၀င်နေတော့ .. HIV ပညာပေးတာ က နည်းနည်း၊ လိင်မှု ကိစ္စ ဘေးကင်း၊ ကင်းလွတ်ခွင့် က များများ ဖြစ်ကုန်ရော

Rita said...

cheers!

ဂျပန်ကောင်လေး said...

ရောဂါပိုးကူးစက်ခံရသူတွေကို နှိမ်စရာမလိုသလို တောထုတ်စရာလည်း မလိုပါဘူး... သူလည်း လူထဲက လူသားပါပဲ... သေတော့မယ်ဆိုတာကို သိနေတဲ့သူတစ်ယောက်က ဘာပဲပြောပြော သာမန်လူတစ်ယောက်ထက်တော့ အများကြီးသာသွားပြီလေ....

Anonymous said...

မာသာထရီစာဆိုတဲ့ နာမည်တစ်ခုကို မြင်ယောင်ကြည့်မိတယ်။ ဖြစ်သင့်တယ် ရှိသင့်တယ် ဒါပေမယ့် ခက်ခဲတယ်လို့ ပြောမိမယ်။

ကျနော်တို့ ကြိုးစားကြည့်တာပေါ့ဗျာ

ခြေလှမ်းသစ် said...

ဟုတ်ပါတယ် ကိုဂျူလိုင်ရေ အမိဝမ်းထဲကနေ ဖြူစင်စွာ နဲ့ ထွက်လာတဲ့ ရင်သွေးအသစ်လေးတွေမှာ ဒီလို ရောဂါတွေ ပါလာရင်ကော တခြားလူတွေလိုပဲ ခွဲခြားကြ မှာလား လူသားအားလုံးဟာ အတူတူပါပဲ .. ရောဂါတခုကြောင့် ခွဲခြားလိုက်ရင် သူ့ကိုပိုပြီး သတ်ရာ ရောက်သွားပါ့မယ် ...

ကြည်ဖြူပိုင် said...

ဟုတ်ပါတယ်..ကြိုးစားကြည့်ဖို့လက်ခံပါတယ်

မောင်မိုးသည်း said...

ဒါနဲ့ မရှင်းလို့မေးကြည့်ချင်တာ တခုက ကိုဂျူလိုင်က တကယ် ပဲ hiv ရှိနေတာလား ။ နောက်တာလား ။ ခံစားပြတာလား ။ ဘာလဲ။