.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, December 26, 2009

Project FIVE

နောက်ထပ် ငါးနှစ်အတွင်းမှာ ဘာလုပ်မလဲ။ စိတ်ကူးထားတာတွေ ရှိပေမယ့် အကောင်အထည် ဖော်ဖို့အတွက် ခြေလှမ်းတွေ မပြင်ဆင်ရသေးဘူး။ စိတ်ကူးမှာ ဆုံးဖြတ်ချက် မရှိသရွေ့ စိတ်ကူးဆိုတာ အိပ်မက်တစ်ခုထက် မပိုတာ သေချာပါတယ်။ ဒါကြောင့် စိတ်ကူးကနေ တကယ်ဖြစ်လာမယ်လို့လည်း လှေနံဓါးထစ် မယုံကြပါနဲ့။ တချို့စိတ်ကူးတွေက ဖွင့်ပြောပြဖို့ မလိုအပ်ဘူး။ တချို့စိတ်ကူးက လူသိလည်း ဘာမှ မဖြစ်ဘူး။ အဲဒီတော့ ပြောပြချင်သလောက် ပြောပြမယ်။ လျှိုဝှက်သင့်သလောက် ထိန်ချန်ထားမယ်။

ရေတိုကာလ လတ်တလောမှာ အထူးဂရုထားနေတာက ကျန်းမာရေးပါပဲ။ အလုပ်နဲ့ အပျော်အပါး နှစ်ခုကြားမှာ ပုံပျက်ပန်းပျက် ယိုယွင်းလာတဲ့ လောက်စာအိုးကြီးကို အချိန်မှီ ပြုပြင်နေရတယ်။ ငယ်ပါသေးတယ် ဆိုပေမယ့် သက်တူရွယ်တူတွေ နာကုန်တာ မြင်နေရတယ်။ ခေါင်းနာ ဖင်အောင့် အသေးအမွှားကနေ လေးဘက်နာ ဂေါက် သွေးတိုး ကျောက်တည် ဆီးချို ကင်ဆာအထိ ဖြစ်နေကြတယ်။ အဲဒီတော့ ရေရှည်စီမံကိန်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း စိုက်တဲ့အပင်က အသီးမမြင်ရတဲ့ ဘ၀ကို မရောက်ချင်သေးဘူး။ နောက်လူ ကောင်းစားတာ မုဒိတာပွားနိုင်ရင်တော့ ကောင်းတာပေါ့။

နောက်ထပ်ငါးနှစ်အတွင်းမှာ လုပ်မယ့်အရာတွေက အများကြီးပဲ။ သေချာတာတစ်ခုက အိမ်ထောင်ပြုဖို့ပဲ။ သူငယ်ချင်းအချို့က စောပါသေးတယ်လို့ ပြောကြတယ်။ ဘ၀ကို ခိုင်မာအောင် အရင်တည်ဆောက်ပါအုံးတဲ့။ တချို့စုံတွဲတွေ အိမ်ဝယ်နိုင်တဲ့အထိ စုဆောင်းပြီးမှ ယူကြမယ် ဆိုပဲ။ တချို့က အလုပ်ရာထူးတိုးတဲ့အထိ စောင့်အုံးမယ်တဲ့။ လူဆိုတာ ရလေ လိုလေ အိုတစ္ဆေပါပဲ။ လူ့အလို နတ်မလိုက်နိုင်ဘူး။ တစ်ခုပြီးရင် တစ်ခု ထပ်လိုချင်အုံးမှာပါ။ အဲဒီတော့ အိမ်ထောင်ပြုဖို့ စောသေးတယ် နောက်ကျတယ် ဘယ်လိုပဲ ဝေဖန်ပါစေ။ နောက်ငါးနှစ်အတွင်းမှာတော့ အိမ်ထောင်ပြုဖြစ်မှာ အသေအချာပါပဲ။ မဟုတ်ရင် မီးဝင်မီးထွက် ဖြစ်တော့မယ်။

အိမ်ထောင်ပြုမယ်ဆိုတော့ အိမ်ထောင်ဖက် ဘယ်လို ရွေးမလဲ ဆိုတာတွေ မေးကြအုံးမယ်။ ဘယ်လို စံနှုန်းတွေ ထားသလဲပေါ့။ ပြောပြန်ရင်လည်း မောင်မင်း လွန်ရာ ကျအုံးမယ်။ မပြောတော့လည်း လျှိုတယ် ပြောကြမယ်။ ဆုပ်လည်းစူး စားလည်းရူးပဲ။ ဘယ်အရာမှ အပြော မလွတ်နိုင်ဘူး။ အဲဒီတော့ စံနှုန်းအချို့ကို ပြောပါအုံးမယ်။ အဓိက အရေးကြီးဆုံး စံနှုန်းက ၁၀၀% တရုတ်လူမျိုး ဖြစ်ရပါမယ်။ အဲဒီအတွက်ကြောင့် လူမျိုးကြီးဝါဒီလားလို့ ထင်ချင်ရင် ထင်ကြပါစေ။ ကြက်မှာ အရိုး လူမှာ အမျိုးပါ။ ဘိုးဘေးဘီဘင်ကနေ အဖေလက်ထက်အထိ တည်ဆောက်လာတဲ့ အမျိုးကို ကိုယ့်လက်ထက်မှာ ပျက်ရမယ်ဆိုရင် သောက်သုံးမကျရာ ဖြစ်လွန်းပါတယ်။ ဒါကြောင့် ရာဇ၀င် မရိုင်းရအောင် ဒီစံနှုန်းကို လက်ကိုင်ပြုပါတယ်။ တချို့တချို့တွေ လွမ်းလို့ကျန်ရစ်ခဲ့မှာကို အားနာမိပါတယ်လေ။

မြင်းအုန်းခွံ ကျွန်ကုလား မယားတောသူတဲ့။ မြင်းလည်း မစီးဖူးဘူး။ မြင်းဝယ်စီးဖို့လည်း အစီအစဉ် မရှိဘူး။ ကျွန်ဆိုတာက အတော်ဆိုးတဲ့ အခေါ်အဝေါ်ပဲ။ ဘ၀မှာ ကုလားတော့ ရှိတယ်။ ဒါပေမယ့် သူက သူငယ်ချင်း၊ ကျွန် မဟုတ်။ မယားကတော့ တောသူမှ ကောင်းတယ်ဆိုပဲ။ ကောင်းမကောင်း ဘာနဲ့တိုင်းသလဲ ဆိုတာ တိုင်းတာတဲ့သူရဲ့ ပေတံပေါ်မှာပဲ မူတည်တယ်။ တောသူတွေက ရိုးရိုးလေးတွေ အပြစ်ဆိုစရာ လုံးဝမရှိဘူး အပျိုစစ်တယ်လို့ ဆိုလာရင် ကောက်ရိုးပုံတွေကို သွားမြင်မိတယ်။ ပြောသမျှ ကျိုးနွံနာခံ ထားရာနေ စေရာသွား မိန်းမသားမျိုးကို လိုချင်သလားလို့ မေးလာရင်တော့ ခေါင်းကို သွင်သွင်ခါမိမယ်။ မောင်တစ်ထမ်း မယ်တစ်ရွက် ဖြစ်စေချင်တာတော့ အမှန်ပဲ။ အိမ်သူဖြစ်ဖို့ အသွင်တူဖို့တော့ မလိုပါဘူး။ အသွင်အကုန်တူတာ ကြိုက်နေရင် အကုန်တူနေတဲ့ ယောကျာ်းပဲ ယူလိုက်တာ ပိုကောင်းပါမယ်။ လည်ဇလုပ်တောင် တူနေမယ်လေ။

အိမ်ထောင်ပြုပြီးရင် ကြွေးသစ်ချဖို့အတွက် ကြိုးစားရမယ်။ ဒီခေတ်ကြီးမှာ လူဖြစ်အောင် မွေးရတာ မလွယ်မှန်း သိကြမှာပါ။ တခါတလေမှာ မိဘနှစ်ပါးကို အားကျမိတယ်။ ဘယ်လိုများ ရုန်းကန် ထမ်းပင့်ခဲ့သလဲပေါ့။ အခုချိန်မှာ သူတို့လောက် သတ္တိမရှိသေးတာ အမှန်ပဲ။ အဲဒါကြောင့် ကလေး တစ်ယောက်လောက်ပဲ ယူရင် ကောင်းမယ်လို့ တွေးမိတယ်။ တစ်ယောက်တည်းဆိုရင် ကလေးမှာ မောင်နှမ မရှိတော့ ပျင်းနေလိမ့်မယ်။ နောက်ထပ် တစ်ယောက်လောက် ထပ်ယူသင့်တယ်လို့ အကြံပေးကြမှာလည်း မြင်နေတယ်။ ဟိုတလောက အွန်လိုင်းကနေ သဘာဝအတိုင်း ကလေးမွေးတဲ့ ဗီဒီယိုလေး ကြည့်လိုက်ရတယ်။ ခွဲမွေးတာ မဟုတ်ပါဘူး။ အဲဒီ ဗီဒီယိုလေး ကြည့်မိပြီး ကလေးမွေးပေးရမယ့် မိန်းမကို သနားသွားတယ်။ ကလေးမွေးတယ်ဆိုတာ အတော်မလွယ်တာပဲ။ စမြင်းတုံး တစ်ရင်တောင် မနည်း ညှစ်ရတာလေ။ ရေသန့်ဗူးလောက်ရှိတဲ့ ကလေး အပြင်ထွက်လာဖို့ မနည်းကို ညှစ်ယူရမှာကို တွေးမိရင်း ကိုယ်ချင်းစာမိလို့ ကြက်သီးတွေတောင် ထတယ်။ မုန့်ဆီကြော်က ဘယ်နားနေမှန်း မသိသေးပါဘူး။ ဒါပေမယ့် စိတ်ကူးဆိုတာ အဆုံးအစမဲ့ လွင့်မျောတတ်တဲ့ သဘောရှိပါတယ်။

အိမ်ထောင်ပြုပြီးရင် အိမ်ထောင်အတွက် စီးပွါးရေးကိုလည်း ထည့်သွင်း စဉ်းစားရအုံးမယ်။ အခုချိန်အထိတော့ လခစား ၀န်ထမ်းဘ၀ကနေ ရုန်းမထွက်နိုင်သေးဘူး။ သင်ထားတဲ့ ပညာနဲ့အသိတရားကလည်း လခစားပဲ လုပ်လို့ရသေးတယ်။ ပညာဝမ်းစာပြည့်ဖို့ အများကြီးလိုသေးတော့ ဆက်ဖြည့်ရအုံးမယ်။ ကိုယ်ပိုင်စီးပွါးရေး လုပ်ဖို့ဆိုတော့လည်း တိုင်းရေးပြည်ရေး အခြေအနေကို ကြည့်ရတာက တပိုင်း၊ လျှာပေါ် မြက်ပေါက်ပါစေ တိုင်းပြည်ကို ရောင်းမစားချင်တာက တပိုင်း၊ လုံလောက်တဲ့ အရင်းအနှီး မရှိတာက တပိုင်း၊ ဒီလိုနဲ့ ဟိုတပိုင်း ဒီတပိုင်းနဲ့ လူလည်း တော်ရာမှာနေ မပျော်တဲ့ ဖားတပိုင်း ငါးတပိုင်းဘ၀ကို အရှင်လတ်လတ် ရောက်နေတယ်။ မြန်မာပြည်ပြန်ပြီး ချဲဒိုင်ဘောဒိုင်ပဲ လုပ်ရင် ကောင်းမလား၊ ကေတီဗွီပဲ ဖွင့်ရင် ကောင်းမလား၊ အနှိပ်ခန်းပဲ ထောင်ရမလား။ ခိုးဆိုးလုယက်နေတဲ့ အလုပ်မျိုး မဟုတ်ပေမယ့် သမာအာဇီဝ အလုပ်လို့ တခြားသူတွေ မမြင်ပေးနိုင်မှာက အသေအချာပါပဲ။ သူခိုးကြီးတွေကတော့ ဘုရားဒါယကာ ကျောင်းဒါယကာတွေ ဖြစ်လို့ ဘွဲ့ထူးတွေတောင် ရကုန်တယ်။ ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိပါတယ်လေ။

နောက်ထပ်ငါးနှစ်အတွင်းမှာ ကျွန်မနဲ့မောင်... ဆိုပြီး ရေးလာမယ့်တစ်ယောက် ရှိလာအောင် ကျွန်တော်ဇူလိုင် ကြိုးစားရင်း မ၀ါဝါခိုင်မင်းရဲ့ ကျွန်မနဲ့မောင်ကနေ ဘာမဆိုင် ညာမဆိုင် ငါးနှစ်စီမံကိန်းကြီးကို အမှတ်စဉ် ၃၇ (ဘူကောင်) မှာ အမှတ်တရ ရေးခိုင်းတဲ့အတွက် အခုလို အရူးချီးပန်း စိတ်ကူးယဉ်ထားတဲ့ အရည်မရ အဖတ်မရ စာတစ်ပုဒ်ကို ရေးပေးလိုက်ပါတယ် ခင်ဗျာ။

24 comments:

khin oo may said...

ဒီလောက်စဥ်းစားရင်တော့လူပျိုကြီးဘဲဖြစ်တော့မယ်။

WWKM said...

ရေးပေးတာကျေးဇူးတင်မိပါတယ် မောင်ဇူလိုင်ရေ...
အင်းနော်..အစ်မကြောင့် လျှိုထားသင့်တဲ့အတွင်း
ရေးတွေ ပေါ်ကုန်ပြီထင်ရဲ့..
မောင်ဇူလိုင်က တရုတ်လူမျိုးဆိုတော့ တရုတ်မ
လေးကိုပဲ မလွဲမသွေယူရမှာပေါ့လေ.ဒါမှ အမျိုးကို စောင့်ထိန်းရာရောက်တာပေါ့နော်.း)

ဟုတ်ပါတယ် .လူဆိုတာ ဒီနေ့သေမလား၊မနက်
ဖြန်သေမလားမသိပေမယ့် မသေခင်အချိန်လေး
အတွင်းမှာတော့ ကိုယ့်ဘ၀ရှေ့ရေးအတွက် ကြို
တင်ပြင်ဆင်ပြီး စဉ်းစားသင့်တာတွေကိုတော့
ကြိုတင်ပြင်ဆင် စဉ်းစားထားသင့်တာပါပဲလေ။သေမှသာသေ
ရောပေါ့.ကိုယ်ချပြထားတဲ့ စိတ်ကူးလေးတွေကို နောက်လူတွေ အကောင်အထည် ဖော်နိုင်သွားရင်လည်း
ဘာပဲဖြစ်ဖြစ် စိတ်ကူးယဉ်ရကျိုးနပ်ပါတယ်လေ။
စိတ်ကူးယဉ်တာပဲ ပိုက်ဆံပေးရတာမှ မဟုတ်တာကိုနော်.း)

နောင် ၅နှစ်အတွင်း ဘလော့ဂ်စာမျက်နှာပေါ်
မှာ ကျွန်မနဲ့မောင် ခေါင်းစဉ်အစား “ကျွန်တော်နဲ့ မ” သို့ “ကျွန်တော်နဲ့သူမ”ခေါင်း
စဉ်လေးနဲ့ ပျော်ရွှင်စရာ ဇာတ်လမ်းလေးတစ်
ပုဒ် ဖတ်ခွင့်ရရင် ပျော်ရွှင်စွာနဲ့ ဖတ်ချင်ပါသေး
တယ်..

ရေးပေးတာ ကျေးဇူးတင်ကြောင်း ထပ်ပြောသွားပါတယ် မောင်ငယ်ဇူလိုင်ရေ.

ခင်မင်စွာနဲ့
ဝါ၀ါခိုင်မင်း

သစ်သစ် said...

ရီလိုက်ရတာ လိုင်လိုင်ရယ်...ရေးလိုက်ရင်တော့ အတုံးလိုက် အတစ်လိုက်ပဲ စုံနေတာပဲ သူ့နောက်၅နှစ်ကလည်း .... အရူးချီးပန်း စိတ်ကူးယဉ်တာတွေ မြန်မြန်ပြည့်ပါစေ...ဟိ

puluque said...

သယ်ရင်းရေ..
နောင်ငါးနှစ် စီမံကိန်းကြီးကို လာဖတ်သွားတယ်ကွ...

မင်းက တရုတ်မလေးကို ယူမယ်ဆိုတော့ ငါနဲ့တူတာပေါ့ကွ မတူတာက ငါက ရခိုင်-ဗမာဖြစ်နေတာပါပဲ....

Nge Naing said...

ချစ်သူလေး ရှိနေပြီးသား မဟုတ်ဘူးလား။ အိမ်ထောင်ပြုဖို့တော့ ဒီအသက်အရွယ်ဟာ မစောတော့ဘူးထင်တယ် နောက်ထပ် ငါးနှစ်အတွင်း မဟုတ်ဘူး တနှစ်အတွင်း လာမည့်နှစ်မှာတောင် တော်တော်လေး နောက်ကျနေပြီ။
မိဘနဲ့ သားသမီး အသက်သိပ်ကွာရင် သားသမီး အရွယ်ရောက်တဲ့အချိန်မှာ အတွေးအခေါ်သိပ်ကွာတတ်တယ်။

:P said...

၅ နှစ်စီမံကိန်းဆိုတာ နှစ်ရှည်ဖြစ်လွန်းပါတယ်။
ဘာမှ စဉ်းစားမနေနဲ့ ၊ ယူသာယူလိုက်ပါ ၊ အဖတ်တင်တာပေါ့။

ကြည်ဖြူပိုင် said...

ရေးထားတာလေးကရှယ်
မိုက်တယ်။ good

Anonymous said...

မစဉ်းစားနဲ့ စဉ်းစားရင် ခေါင်းဖြူမယ်။ ဒီတော့ ယူသာယူလိုက် အဖတ်တင်တာပေါ့.. ဘာအဖတ်လဲဆိုတာ တော့ သိချင်ရင် ယူကြည့်လိုက်.. ဟိ

သိင်္ဂါကျော် said...

ဟုတ်သားပဲ.. ငါးနှစ်ဆိုတာက ကြာလွန်းပါတယ်.. ၂ နှစ်လောက်ဆို အကောင်အထည် ဖော်သင့်ပြီပေါ့..
ချစ်သူလေး အကြောင်းလည်း မပါတော့ပါလား.. စိတ်ကောက်နေသလား...

နေ့အိပ်မက် said...

အဲဒါကြောင့် တရုတ်တွေကိုလေးစားတာ(အမျိုးထိန်းသိမ်းရေးကိစ္စနဲ့ ပတ်သက်လာရင်လေ) နေ့အိပ်မက်နဲ့သိသမျှတရုတ်တိုင်း အဲဒီ ၁၀၀ရာခိုင်နှုန်းတရုတ်ဖြစ်မှဆိုတဲ့ စကားကိုပြောတယ်... သိပ်အားကျတာပဲ အဟုတ်

Flower said...

ဖတ်ပြီးတော့ ပွင့်ပွင့်လင်းလင်းရေးရဲ့တဲ့ စိတ် မကွယ်မ၀ှက် ပြောသွားတဲ့ သတ္တိကို လေးစား လိုက်ပါတယ်.. အိမ်မက်တွေ အကောင်အထည် ပေါ်ပါစေ .. ချစ်စရာ ဖြူဖြူ ချောချောလေးနဲ့ တရုတ်တန်းက ၀က်သား ဒုတ်ထိုးဆိုင်မှာ အတူတွဲ ထိုင်နိုင်ပါစေနော်..
ခင်မင်လျှက်
ချော

ဂျူနို said...

ဟေ့ လျှောက်မပြောနဲ့ ကိုယ့်အကြံ သူများဦးသွားမယ် တိုးတိုး ရှူး။


မအယ်

Waing said...

ရီလိုက်ရတာ ကိုဂျူလိုင်ရေ ရေးလည်း ရေးတတ်ပ ကွန်းမန့်တွေကလည်း ရီရသေးတယ် ဟိ
အမြန်ဆုံးစွံပါစေနော်း)

သက်ဝေ said...

ရေးထားပုံ ပြတ်သားတယ်...
မိုက်တယ်...

Rita said...

ကြိုက်တယ် ဒီပို့စ် စောစောက မတွေ့မိဘူး။ နောက်ကျမှ ဖတ်ရတယ်။

တခုတော့ ရှိတယ်။ တရုတ်လူမျိုး ၁ဝဝ% ဖြစ်ရမယ် ဆိုတာ... အဲဒါကိုလည်း ကြိုက်ပါတယ်။ ဒါပေမဲ့ (ဘိုးဘေးဘီဘင်ကနေ အဖေလက်ထက်အထိ တည်ဆောက်လာတဲ့ အမျိုးကို ကိုယ့်လက်ထက်မှာ ပျက်ရမယ်ဆိုရင် သောက်သုံးမကျရာ ဖြစ်လွန်းပါတယ်။) ဆိုတာ... မဆိုင်ပါဘူး။ စောင့်ထိန်းနိုင်ရင် ချီးကျူးရမှာပါ။ မစောင့်ထိန်းနိုင်ရင်လဲ အချစ်နဲ့ အိမ်ထောင်ရေး ဆိုတာ ကိုယ်ရေးကိုယ်တာမို့ ကိုယ်ကတော့ ဘယ်သူ့မဆို ခွင့်လွှတ်ပါတယ်။

ဒါကြောင့် သတင်းစာတွေထဲမှာ DASSK ရဲ့ အိမ်ထောင်ရေးကို စောင်းမြောင်းရေးတာတွေတွေ့ရင် အူကြောင်ကြား အရေးအသားတွေလို့ အမြဲ ခံစားမိတယ်။ ဒါဟာ သူ့ကို စိတ်ဝင်စားတာ မစားတာနဲ့ မဆိုင်ဘူး။ လူ့ အခွင့်အရေးကို စိတ်ဝင်စားတာပါ။

ဒီလိုပဲ စစ်တပ်က လူနဲ့ ယူလို့ ဘာဖြစ်တယ် ညာဖြစ်တယ် လို့ ဒီဘက် အုပ်စုကပြောရင်လည်း အဲဒါ ဟိုဘက်အုပ်စုနဲ့ တလေတည်းထွက်တဲ့ အကျင့်စရိုက်တူတွေလို့ ကိုယ်က သတ်မှတ်တယ်။

ဘာဖြစ်လို့ ဆိုတော့... အချစ်နဲ့ အိမ်ထောင်ရေးဟာ ကိုယ်ရေးကိုယ်တာ ဖြစ်လို့ပါပဲ။ သူနဲ့ ကိုယ် ကျေနပ်ရင် ပြီးပါတယ်။ နောက်မှ သူ့ဆွေမျိုး ကိုယ့်ဆွေမျိုး လာမှာပါ။

အမ် ရှည်ကုန်ပြီ။

JulyDream said...

မရီတာ...
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထောင်ရေးကိစ္စနဲ့ ကျွန်တော်ရဲ့ ခံယူချက် ဆက်နွယ်မှု မရှိလှပါ ဆိုတာ တခြားသူတွေ သိသွားအောင် ပြောပြလိုက်ပါရစေ။ ကျွန်တော်ဆိုလိုရင်းက အဲဒီလိုသာ ကျွန်တော် မထိန်းနိုင်ရင် ကျွန်တော် သောက်သုံးမကျရာ ရောက်နေမယ်ဆိုတာကို ပြောတာပါ။

သူများတကာရဲ့ လွတ်လပ်ခွင့်ကို ကျွန်တော် မကာဆီးပါဘူး။ ကာဆီးခွင့်လည်း မရှိကြောင်း ကျွန်တော် သိနားလည်ထားပါတယ်။

ကျွန်တော်ဟာ ဘယ်သူမှ မစေခိုင်းပဲနဲ့ ကျွန်တော့်ဘောင်ထဲမှာ စည်းအထပ်ထပ် တားပြီး ကိုယ့်ဘာသာ အကျဉ်းချထားတဲ့ လူတစ်ယောက်ပါ။

စာကြွင်း...
Smart guy အချင်းချင်း ခြေမြင် အိုခေပေမယ့် မအိုခေမယ့်အရာတွေ ရှိလာမှာကို ကြိုမြင်လို့ ရာမက သီတာကို စည်းတားတယ်လို့ပဲ မြင်လိုက်ပါဗျာ။

Rita said...

ဟုတ်ပါပြီ DASSK ရဲ့ ကိစ္စက သတိရမိလို့ ကိုယ့်ဘာသာ ဆွဲပြောလိုက်တာပါ။ ကိုယ်က အဲလိုပဲ ဆက်စပ်ဆွဲယူတတ်တယ်။

PAUK said...

လေးစားပါတယ်။။
မနေ့ကတည်းက ဖတ်ပြီး သဘောကျနေတာ။။
(သဘောကျတဲ့အချက်က တစ်ချက်တည်း)
မန့်ဖို့ စိတ်မပါလို့ပါ။။

khin oo may said...

ရာမနဲ့သီတာ...........

khin oo may said...

.ရှုပ်ကုန်ပြီ။

khin oo may said...

ခေါင်းစားသွားသည်. (ဆက်စပ်မရသူတစ်ဦး)............then.

ဖိုးသင်္ကြန် said...

အဟောသုခံ ကောင်းလေစွ။ ဒီရက်ပိုင်း မိန်းမယူဖို့ စိုင်းပြင်းနေသူ တွေ တယ်များပါလားးး့း (မမကွန် ဆက်စဉ်းစားရန်)

:P said...

ဟာ...... ငါပါ ဝင်စဉ်းစားနေမိပါလား

shin said...

တရုတ်လူမျိုး မို့လို့ တရုတ်မပဲ လိုချင်တယ် ဆိုတာကိုကြိုက်တယ်။ ဒီစလုံးမှာ တခါတလေ ပြည်ကြီးက တရုတ်မ ဖြူဖြူဖွေးဖွေး နဲ့ ကုလားမဲမဲနဲ့ တွဲတာ တခါတလေ လမ်းမှာတွေ့ ရင်မျက်စိထဲမှာ ကြည့်ရတာ အဆင်ကို မပြေဘူး။ တရုတ်ပြည်မှာ ယောကျာ်းလေးဒီလောက် ပေါတာကို။ ဒါပေမဲ့လဲ ဒါသူတို့လွတ်လပ်ခွင့်ဘဲလေဆိုပြီးတော့....။။.

အိမ်မှာ ပါပါးမာမားကလဲ ဘယ်နိုင်ငံသား ဖြစ်ဖြစ် ရတယ်။ ဒါပေမဲ့ တရုတ်လူမျိုးဖြစ်ရမယ်တဲ့။ ရုံးမှာ မေးကြည့်မိသလောက် အင်ဒိုက တရုတ်ကော၊ မလေးရှားက တရုတ်ကော အဲဒီလိုဘဲတဲ့။ အော်... လူမျိုးချစ်ကြတယ်။