.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, January 16, 2010

Good morning

ငယ်ငယ်တုန်းက ကြော်ငြာတွေ လာရင် ကြည့်ဖြစ်တယ်။ အဲဒီတုန်းက မြန်မာ့ရုပ်သံက ပြတဲ့အစီအစဉ်တွေက ပျင်းဖို့ အလွန်ကောင်းတယ်။ သီချင်းတွေ လာရင်လည်း ပုံတုံးကြီးတွေ။ အရောင်တွေကလည်း မှိန်တိန်တိန်။ ကြော်ငြာတွေကမှ ကြည့်လို့ ပိုကောင်းနေတယ်။ ရိုက်ထားတာလည်း စွဲဆောင်မှု ရှိတယ်။ Good Morning ပေါင်မုန့် ကြော်ငြာဆိုရင် ထက်ထက်မိုးဦးနဲ့ တွဲပြီး မှတ်မိနေတယ်။ အဲဒီခေတ်အခါက အဲဒီပေါင်မုန့်က ဈေးကြီးတယ်လို့ ပြောလို့ရတယ်။ ဆိုင်မှာ ရောင်းမကုန်လို့ ရက်လွန်နေတဲ့ ပေါင်မုန့်ဆိုရင်လည်း သူတို့က အသစ်နဲ့ ပြန်လဲပေးသေးတယ်။ အဲဒီတော့ ဆိုင်တွေက အဲဒီပေါင်မုန့်ကို ဈေးကြီးပေမယ့် ရောင်းကြတယ်။ ကြော်ငြာအားကောင်းတော့ ရောင်းအားလည်း ကောင်းပြန်တယ်။

နောက်ပိုင်းမှာ နန္ဒာလှိုင်ရဲ့ ကြော်ငြာတွေ ပေါ်လာတယ်။ အဲဒီထဲက ကြော်ငြာတစ်ခုကို ကလေးဘ၀တုန်းက အတော်လေးကို နားမလည်ခဲ့တာပါ။ ကြော်ငြာထဲမှာ ပေါင်မုန့်လိုမျိုး အထုပ်လေးကို ပြထားပြီး နွေမိုးဆောင်း ဘယ်လိုပြောင်းပြောင်း အချိန်တိုင်းမှာ အန်းလီပါ... ဆိုပြီး နန္ဒာလှိုင်က ပြောသွားတယ်။ ကလေးပီပီ မြင်မိထင်မိတာက အဲဒါလည်း ပေါင်မုန့်ကြော်ငြာပဲပေါ့။ ဒါကြောင့် မုန့်ဆိုင်ကိုရောက်ရင် အဲဒီအန်းလီကို တကူးတက ရှာကြည့်သေးတယ်။ ဒါပေမယ့် မုန့်တွေထားတဲ့ နေရာမှာ အန်းလီကို ဘယ်တော့မှ မတွေ့ပါဘူး။

အိမ်က အမေကို မေးကြည့်တော့လည်း ရေရေရာရာ မဖြေဘူး။ စားစရာ မဟုတ်ဘူးလို့ပဲ ဖြေတယ်။ စားစရာ မဟုတ်ရင် ဘာလဲ မေးတော့ အဖြေက ဟိုလိုလို ဒီလိုလိုပဲ။ မွေးထားတာကလည်း သားယောကျာ်းတွေပဲ သုံးယောက်။ သမီးမိန်းခလေး လုံးဝမပါ။ ဒီလိုပဲ ကေသီပန် ဆေးကြော်ငြာလည်း ယောင်ဝါးဝါးနဲ့ နားမလည်။ ရွှေမှုန့်စားလို့ လှတာမဟုတ်ဘူး။ ကေသီပန် သောက်လို့ လှတာပါ ဆိုပဲ။ သွေးပုပ်ချဆေး ဆိုတော့ သွေးပုပ်တွေ မရှိတော့ရင် ကောင်းတာပေါ့။ အဲဒီကေသီပန် ၀ယ်သောက်လို့ ရမလားတောင် အဒေါ်ကို မေးကြည့်ခဲ့သေးတယ်။ ခေါင်းလှမ်းခေါက်လို့ ရှောင်လင်ကွန်ဖူး သုံးလိုက်ရသေးတယ်။ မရှောင်ရင် ထိပ်ဖူးတော့မှာလေ။ အီဗာနဲ့ဆို ကိုယ့်ကိုကိုယ် အမြဲယုံကြည်မှု ရှိတယ်လေ... ဆိုပြီး မကြားတကြား လှမ်းစတာလည်း ကြားဖူးခဲ့တယ်။ စာမေးပွဲမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိအောင် အီဗာဝယ်ဆောင်ရမလို ဖြစ်နေပြီ။

ကျောင်းမှာတော့ အတန်းကြီးသမားတွေ သူတို့အချင်းချင်း စ နောက်နေကြတာ ကြားဖူးတယ်။ အဲဒီမှာ ရာသီလာတယ်ဆိုတာ ကြားဖူးလာတယ်။ သေသေချာချာတော့ မသိဘူး။ အဲဒါက ရှက်စရာကောင်းလို့ပဲ မိန်းခလေးတွေကို မထိတထိ စနောက်နေတာလား။ အဲဒီအကြောင်းအရာက မြန်မာတစ်ယောက်အနေနဲ့ဆိုရင် ရှက်တာရယ် ပြောရမှာ အားနာတာရယ်နဲ့ပဲ လူရှေ့သူရှေ့မှာ ချမပြ၀ံ့တဲ့ စာတစ်ခု ဖြစ်နေတယ်။ နားနဲ့မနာ ဖဝါးနဲ့နာပါ ဆိုသလိုပဲ မသိလို့လည်းမဖြစ် ပြောပြဖို့လည်း ခက်။ ဒါပေမယ့် ပြောဖို့တော့ လိုအပ်နေတယ်။ ယောကျာ်းလေးတွေ အနေနဲ့လည်း အဲဒီကိစ္စကို သိထားသင့်ပါတယ်။ အဲဒါမှပဲ ဒါဟာဖြစ်ရိုးဖြစ်စဉ် သဘာဝဆိုတာ သိလာပြီး မစသင့် မနောက်သင့်တဲ့ဟာဆိုတာ နားလည်လာနိုင်မှာပါ။ အခုချိန်မှာတော့ ကျွန်တော်ဇူလိုင် ကေသီပန် သောက်ဖို့ မလိုမှန်း သိသွားပါပြီ။ ယုံကြည်မှုတည်ဆောက်ဖို့ အီဗာလည်း မဆောင်ထားပါဘူး။ အန်းလီပေါင်မုန့်လည်း မရှာတော့ပါဘူး။ အခုတော့ ကျွန်တော် သိပါပြီလေ။

ကျွန်တော်သိထားသလောက် ပြန်ပြောဝေမျှရမယ်ဆိုရင်... အင်္ဂလိပ်လို Period ဆိုတာ မြန်မာလို ဘာသာပြန်ရရင် ရာသီသွေးပေါ့။ မိန်းကလေးများ အပျိုဖော်ဝင်စမှာ စပြီး မိန်းမကိုယ်လမ်းကြောင်းကနေ သွေးဆင်းပါတယ်။ ပထမဆုံးတစ်ခါမှ မကြားဘူး မမြင်ဘူးတဲ့ ကလေးမတစ်ယောက်အတွက်တော့ အင်မတန်မှ လန့်စရာကောင်းတဲ့ အဖြစ်အပျက်ပါ။ ဘာမှန်းမသိပဲ ဆီးသွားသလို ခံစားရပြီး သွေးတွေ ဆင်းလာတာကို မြင်လိုက်ရတဲ့အခါမှာ သွေးပျက်သွားနိုင်ပါတယ်။ အဲဒီတော့မှ လူကြီးမိဘများကိုပြော... လူကြီးမိဘများက တော်သလို လျော်သလိုပြောပြီး ဖြေရှင်းလိုက်ရပါတယ်။ တိုင်ပင်စရာ ပြောပြစရာ အမေ အဒေါ်မရှိတဲ့ ကလေးမများအတွက်ကတော့ အတော်လေးခက်ပါလိမ့်မယ်။ အဲဒီအခါကျတော့လည်း ကျောင်းက အတန်းဖော် မိန်းကလေးတွေကိုပဲ မေးရမလား။ ဆရာမတွေကိုပဲ ချဉ်းကပ်ရမလား။ ဒွိဟတွေ ဖြစ်ကုန်တယ်။

Period လို့အလွယ်ခေါ်ကြသလို Menstruation လို့လည်း ခေါ်လေ့ရှိကြတယ်။ ပထမဆုံးလာတဲ့ အချိန်မှာ သိပ်တော့မများလေ့ ရှိတယ်။ ပထမဆုံးရက်မှာ နည်းနည်းစလာ။ ဒုတိယနဲ့ တတိယရက်က များများလာ။ လေးရက်နောက်ပိုင်းကနေ စပြီးနည်းသွားတတ်တယ်။ ဒီနေရာမှာ တစ်ယောက်နဲ့ တစ်ယောက်နဲ့လည်း မတူဘူး။ တချို့က နည်းနည်းသုံးရက် တစ်ချို့ကများများ ခုနစ်ရက်။ တစ်ချို့ကလည်း လစဉ် လာတယ်။ တစ်ချို့ကလည်း မမှန်ချေဘူး။ မမှန်တဲ့ ကလေးများကတော့ ခက်တယ်။ ပြက္ခဒိန်မှာ မှတ်ထားဖို့အကျင့်ကို မွေးမြူခိုင်းရမယ်။ ဘယ်အချိန် ဘယ်နေရာမှာ ဘယ်လိုလာမယ် ဆိုတာ မသိတော့ အဲဒီရက်ပိုင်းတွေမှာ သွားလာစရာရှိခဲ့ရင် ကြိုတင်ပြင်ဆင် ဆောင်သွားဖို့ သတိရှိကြရတယ်။ အဆင်သင့် ဆောင်ထားတာ မရှိရင်လဲ အတန်းထဲမှာ နီးစပ်ရာကို လှည့်မေးလိုက်ရင် တစ်ယောက်ယောက်မှာတော့ ရှိတတ်ပါတယ်။

တစ်ခါတစ်လေလည်း လာနေကျ ရာသီက ပျောက်သွားတတ်တယ်။ ဘယ်လိုအခြေအနေမျိုးမှာလဲဆိုတော့ (၁) မတရားဝလာတဲ့အခါ ( ၂) လေ့ကျင့်ခန်းလုပ်တာ များသွားတဲ့အခါ (၃) ကိုယ်ဝန်ရှိတဲ့အခါတွေပေါ့။ တိတိပပ အကြောင်းရှာမရတဲ့ အဖြစ်တွေလည်း ရှိနိုင်တယ်။ နားမလည်တဲ့အဆုံးတော့ နားလည်တဲ့ဆရာဝန်နဲ့ ပြဖို့ပါပဲ။ လာနေကျက မလာပဲ ပျောက်သွားရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

တစ်ချို့ မိန်းကလေးတွေ များသောအားဖြင့် ရာသီလာတဲ့အခါ ဝမ်းဗိုက်သားပြင်မှာ ကိုက်ခဲမှုဝေဒနာကို ခံစားကြရတယ်။ Dysmenorrhoea လို့ခေါ်ပါတယ်။ သားအိမ်မှာရှိတဲ့ ကြွက်သားတွေရဲ့ လှူပ်ရှားမှု (contracting)ကြောင့် ဆုပ်ဆွဲသလိုမျိုး(Cramp) ကို ခံစားရတယ်။ အတော်ကို ခံစားနာကျင်ရပါတယ်။ အဲဒီအချိန်မှာ အကိုက်အခဲသက်သာစေနိုင်တဲ့ ဆေးမျိုးကို သောက်ပေးရင်တော့ သက်သာမှူရစေပါတယ်။ ဆေးသောက်ဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြပါ။ တစ်ချို့တွေက ပြင်းပြတဲ့ နာကျင်မှူဖြစ်ပြီး တစ်ချို့တွေကတော့ ခံနိုင်တဲ့ အနေအထားလောက်ပဲ နာကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မတူကြတဲ့ သဘောပါပဲ။ အဲဒီကိစ္စက အသက် ၂၅ကျော်ရင်ဖြစ်စေ အိမ်ထောင်ကျပြီးရင်ဖြစ်စေ တဖြည်းဖြည်းနဲ့ သက်သာလာတတ်ပါတယ်။

တစ်ချို့သော မိန်းကလေးတွေက ရာသီမလာခင် တစ်ပါတ်ဝန်းကျင်လောက်မှာ Pre-Menstrual Syndrome (PMS)ဆိုတဲ့ ခံစားမှုမျိုးဖြစ်တတ်ပါတယ်။ ဘာတွေဖြစ်တတ်သလဲဆိုတော့ ခေါင်းကိုက်မယ်။ အထိမခံ ရွှေပန်းကန် ထိလွယ်ရှလွယ်တဲ့ စိတ်ခံစားမှုမျိုးရှိမယ်။ စိတ်ညစ်သလိုလိုဖြစ်မယ်။ စိတ်အပြောင်းအလဲ မြန်ဆန်မယ်။ Moody ခေါ်တာပေါ့။ စိတ်ကို တည်ငြိမ်အောင် လုပ်ရတာလည်း ခက်မယ်။ ပင်ပန်းလွယ် မောလွယ်မယ်။ အလုပ်တစ်ခုခု လုပ်ရင်လည်း ပိုပြီး အားစိုက်သုံးရသလို ခံစားရမယ်။ ဗိုက်ကြီး ပူနေသလိုလည်း ခံစားရနိုင်တယ်။ အစားအစာကို ပိုစားချင်သလိုမျိုး ခံစားချက်လည်း ရှိနိုင်တယ်။ ဝမ်းချုပ်တာ ဒါမှမဟုတ် ဝမ်းလျှောတာ တစ်မျိုးမျိုးလည်း ဖြစ်နိုင်သေးတယ်။ လုပ်ရည်ကိုင်ရည်တွေလည်း ကျလာသလိုမျိုး ကိုယ့်ဘာသာ ထင်တတ်တယ်။ ခါးကိုက်သလိုလို ဘာလိုလို အိပ်လို့မရသလိုလို ဘာလိုလို Tension တွေ တက်လာသလို ဖြစ်တတ်တယ်။

အဲဒီအခါမှာ ဒါမျိုးလေးတွေ လုပ်ပေးရင် သက်သာတတ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ စားပါ။ လေ့ကျင့်ခန်းလေး လုပ်ပေးဖို့။ အိပ်ရေးဝအောင် အိပ်ဖို့ လိုမယ်။ ဆေးဝါးအကူအညီယူတာ၊ ယောဂကျင့်တာ အနှိပ်ခံတာ၊ ရေကူးတာ ဂီတအကဘက်ကို ခြေဦးလှည့်တာမျိုးတွေ လုပ်ကြည့်ပေါ့။ Vitamins B6, B1, B-complex, C, Calciumနဲ့ iron ဓါတ်ပါတဲ့အစားအသောက်တွေကို ပိုစားပေးသင့်တယ်။ ဆေးလိပ် မသောက်တတ်ရင် ကောင်းပါတယ်။ ဆေးလိပ် သောက်တတ်တဲ့သူတွေက အဲဒီအချိန်မှာ ဆေးလိပ်သောက်တာ လျှော့သင့်ပါတယ်။ အဲဒါနဲ့မှ သက်သာမှု မရရင်တော့ ဆရာဝန်နဲ့ပြဖို့ ဆုံးဖြတ်လိုက်ပါ။

Tampons and pads တွေ၊ Sanitary napkinsတွေကတော့ ရာသီလာတဲ့အခါမှာ သုံးတဲ့ အမျိုးသမီး အသုံးအဆောင် ပစ္စည်းတစ်မျိုးပါပဲ။ ဟိုခေတ်ဟိုအခါ အစစအရာရာ ရှားပါးလွန်းတဲ့ အချိန်တုံးကတော့ အဝတ်စတွေကို ဖြတ်ဖြတ်ပြီးသုံးရတယ်။ ပြီးတဲ့အခါ ပြန်လျှော်ဖွတ်ကြတယ်။ အခုလို ရွေးချယ်စရာများလာတဲ့ အချိန်မှာတော့ အထုပ်ကလေးတွေကို အဆင်သင့် ဝယ်သုံးရုံပါပဲ။ အဲဒါမျိုးလေးတွေက အတွင်းခံဘောင်းဘီနဲ့ အဆင်ပြေအောင်ထားပြီး စီးဆင်းလာတဲ့ ရာသီသွေးကို စုပ်ထားဖို့ စီမံထားနိုင်တဲ့ ပစ္စည်းလေးတွေပါပဲ။ ဝယ်တဲ့အခါမှာဆိုရင်လည်း ကိုယ့်ရဲ့အနေအထားနဲ့ လိုက်ဖက်ညီမယ့် အရာမျိုးလေးတွေကို ဝယ်ရပါတယ်။ ရာသီသွေးလာတာ နည်းတဲ့သူများကတော့ ခပ်ပါးပါးကိုဝယ်ပြီး များတဲ့သူကတော့ Heavy ဆိုတဲ့ Pad ကို ဝယ်ရမှာပါ။ ညဘက်အတွက်ကိုတော့ နည်းနည်းရှည်တာ ဝယ်ရမှာဖြစ်ပြီး နေ့လည်ဘက်ကတော့ ပုံမှန် အရွယ်အစားကို ဝယ်ရမှာပါ။

အဲဒီ Pad ကို တစ်နေ့ကို သုံးခါ အကြမ်းဖျင်း လဲပေးရပါမယ်။ ရေချိုးပြီးတဲ့အခါ လဲတာ အသင့်တော်ဆုံးပါပဲ။ ရေချိုးတဲ့အခါမှာ ဆိုရင်လည်း မိန်းမကိုယ်ဝန်းကျင်ကို သေချာဆေးကြောပြီးကာမှ Pad ကို သုံးရပါမယ်။ တစ်ချို့သော ရာသီလာများသူတွေက အဲဒီမိန်းမကိုယ်လမ်းကြောင်းထဲမှာပါ သွေးခဲတွေ ကျန်နေတတ်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အချိန်မှာ မိန်းမကိုယ်ဝန်းကျင်ကိုသာမက မိန်းမကိုယ်ထဲကိုပါ (မရိုမသေ) လက်နှိုက်ပြီး ရှင်းလင်းဆေးကြောပေးရပါမယ်။ အတွင်းပိုင်းကိုပါ ရေနဲ့သေချာဆေးကြောပြီး သန့်ရှင်းစွာထားရပါတယ်။

အဲဒီ Pad ကို မလဲပဲထားရင် ကိုယ်ခန္ဓာကနေ အနံဆိုးတွေ ထွက်ပြီး ဘေးလူ မခံစားနိုင်အောင် ဖြစ်ပါလိမ့်မယ်။ အဲဒီ Pad ကို လွင့်ပစ်ရင်လည်း ဒီအတိုင်း လူမြင်သူမြင် မပစ်သင့်ပါဘူး။ အင်မတန်မှ အော့အော့ဖြစ်သလို ကျန်းမာရေးရှုဒေါင့်အရလည်း မသင့်တော်ပါဘူး။ သတင်းစာလိုမျိုး စက္ကူတစ်ခုခုနဲ့ သေသေချာချာပတ်ပြီးမှ ပစ်သင့်ပါတယ။် ပစ်တဲ့အခါမှာလည်း လမ်းပေါ်မဟုတ်ပဲ အမှိုက်ပုံးထဲကို သေချာပစ်ရပါမယ်။ ဘယ်တော့မှ အိမ်သာအိုးထဲကို မပစ်ပါနဲ့။ အိမ်သာ ရေဆင်းလမ်းကြောင်းကို ပိတ်ဆို့သွားပါလိမ့်မယ်။ အဲဒီ Pad တွေကို ရေဖျောဖို့လည်း မစဉ်းစားပါနဲ့။ လုံးဝ မဖြစ်နိုင်ပါ။

တစ်ချို့ကလည်း Tampons ဆိုတာ သုံးလေ့ရှိကြတယ်။ အဲဒါက ဘယ်လိုမျိုးလဲဆိုတော့ ရှည်ရှည်မျောမျော အစကလေးကို မိန်းမကိုယ်ကြားထဲ ထည့်ထားလိုက်တာပါပဲ။ စီးဆင်းလာတဲ့ ရာသီသွေးကို အဲဒီဟာလေးက စုပ်ထားပေးပါလိမ့်မယ်။ ရာသီသွေးဆင်းတာ နည်းတတ်တဲ့သူအတွက်ပဲ ကောင်းပါမယ်။ ရာသီသွေး များများလာတတ်တဲ့ သူအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့ကတော့ အဲဒါကို သုံးရမှာ မကြိုက်လို့ မသုံးကြပါဘူး။

အားကစားလည်း ရာသီလာချိန်မှာ လုပ်နိုင်ပါတယ်။ ရေကူးတာမျိုးလည်း လုပ်လို့ရပေမဲ့ အခုခေတ်မှာ HIVလို ကူးစက်ရောဂါတွေကို ကြောက်နေရတဲ့ အချိန်မှာတော့ ရာသီလာချိန်မှာ လူအများရှိနေတဲ့ ရေကူန်းကန်ထဲကို မဆင်းသင့်ဘူးလို့ မြင်မိတာပါပဲ။ HIV မရှိပါဘူးလို့ သေချာနေပေမယ့်လည်း အသည်းရောင် အသားဝါ အေပိုး ဘီပိုး စီပိုးတွေ၊ ဘာမှန်းမသိနိုင်သေးတဲ့ ရောဂါတွေက သွေးတွေထဲမှာ ရှိနေတာဆိုတော့ ရေကူးကန်ထဲဆင်းပြီး အများသူငါကို ဖြန့်ဝေပေးနေသလို ဖြစ်သွားမလို့ တွေးမိနေတယ်။ ကိုယ်တွေက အကြောက်လွန်နေတာလည်း ဖြစ်ပါလိမ့်မယ်။

~~~
အချက်အလက်တွေကို ဒီနေရာက မှီငြမ်းပါတယ်။ ကိုယ်တွေ့လုံးဝမရှိပေမယ့် တတ်သိနားလည်တဲ့ ဆရာဝန်တွေဆီက မေးမြန်းလေ့လာထားတဲ့ အချက်တွေနဲ့ စိတ်ကူးထဲက အတွေး ဟိုတစ်စ ဒီတစ်စတွေကို ပေါင်းစပ်ရေးပါတယ်။

22 comments:

ကလူသစ် said...

ကျွမ်းကျင်ရာ လိမ်မာဆိုတာ တယ်မှန်သကိုး

:P said...

မျက်နှာပူပူနဲ့ဖတ်လာတာ ကလူသစ်ကောမန့်ဖတ်မှ မပြုံးပဲ ဝါးလုံးကွဲရယ်ရတော့သကိုး............

:P said...

အသုံးပြုပြီးပစ္စည်းကို ပစ်တဲ့အခါ စုန်း၊ ကဝေများရသွားရင်ကိုယ့်ကို ပြုစားနိုင်တယ်ဆိုတဲ့ အစွဲမှားရှိသူတွေ့ဖူးတယ်။ မဟုတ်ပါဘူးလို့ ဘယ်လိုမှ ရှင်းပြလို့မရဘူး၊ အမှိုက်တစ်ခါပစ်ဖို့ သူ့မှာ တော်တော်ဒုက္ခများရှာတယ်။

Anonymous said...

ဟုတ်သလား ဒေါ်ဆင်ထုံ။
အေ့လေ.. ဦးကလူသစ်လုပ်မှ ထိတော့တယ်.. :D
ကိုဂျူကြီး ကျေးဇူး..
ဖတ်သွားတယ်.. သိသွားတယ်..

khin oo may said...

လာဖတ်သည်။

ဖိုးသင်္ကြန် said...

သြော်... ခုတော့ ကျွန်တော်သိပြီ

(ဒါနဲ့ မုံရွာကလူဖတ်မိရင်တော့ ဝါးလုံးကွဲရယ်ပြီးနေမှာ မြင်ယောင်သေး)

:)

khin oo may said...

အခုလည်း ကိုးရီးယားကားဘဲကြည့်ပါသည်။

khin oo may said...

အန်းလီ ကို တူတူဘဲ ။
တို့တူလည်း မုန့်ထုတ်ထင်လို့ ယူပြီး ထွက်ပြေးသွားလို့မနည်းလိုက်ဆွဲရတယ်။ ပါးစပ်ထဲ ထည့်လိုက်မှာစိုးလို့။

MieMie said...

ရန်ကုန်တက္ကသိုလ် မိန်းပေါက်ဝ ရှေ့ကနေ အတန်းပြီးသွားတော့ အဲသည် ပက် တွေ တရက်ဝေတာနဲ့ တည့်တည့်တိုးပါရော .. ရုတ်တရက်ကြီး ဆိုတော့
ရှက်ရှက်နဲ့ လွယ်အိတ်ထဲ ထိုးထည့်ပြီး ခြေလှမ်းသွက်သွက် လျောက်ပြန်ခဲ့ တာပေါ့ ... တကယ့်ကို မှတ်မှတ်ရရ ပါဘဲလေ...

အခုတော့ ဒီလည်းရောက်ရော
မှာ ရောက်ရင် တခါတည်း အထုတ်လိုက် ကို ၀ယ်ဖို့ တွန်းလှည်းထဲ ပစ်ထား လိုက်ရင် ( ရှက်တဲ့ စိတ် ရှက်နေတတ်တဲ့ မျက်နှာလည်း လုံးဝ ကို မရှိတော့တာ အမှန်ပါ ... ရှက် စရာမှမဟုတ်တာနော့ ..... ) ကိုဘဲ ကိုယ်က မရှက်ဘဲနဲ့
ကိုယ့်အမျိုးသား က ရှက် နေပါရော လား ... အခုခေတ်
ကျောင်းတက်နေတဲ့ မိန်းကလေးများတော့ ဘယ်လိုနေလဲ မပြောတတ်...

mie nge

MieMie said...

whole sale ဆိုင် လို့ အပေါ်မှာ ရေးဖို့ ကျန်ခဲ့လို့
နောက်တခါ မန့်လိုက်တယ်

mae said...

အကျိုးပြုစာပေတွေ ရေးနေပါလား? စိတ်မရှိပါနဲ့၊ သိပြီးသားတွေမို့ အောက်က အပိုဒ်တွေကျော်ဖတ်ပါတယ်၊

အင်းပေါ့၊ အမ နှမ မရှိတော့လဲ ထူးဆန်းနေမှာပေါ့၊

shin said...

ငယ်ငယ်တုန်းက ယောကျာ်းလေးသူငယ်ချင်းတယောက်က ဒါကိုမိန်းကလေးတွေ အလှပြင်ရင်သုံးသုံးတဲ့ တို့ပတ်လို့ထင်ခဲ့ဖူးတယ်။

Rita said...

ကောင်းပါတယ်။ ဘာမှ ပြောစရာမရှိ။

:)

khet myint myint said...

ပို၍သိလိုက်ပြီ။ ယောကျာင်္းလေးများမှာလည်း သူ့ရို့ဝေဒနာ၊ သူရို့ဓမ္မတာ နဲ့သူရို့ ရယ်ပါ။
အိပ်မက်တွေစိုစွက်ကုန်တဲ့
အမည်မဖော်လိုသူ
ခမမ

NangNyi said...

တခြားဟာတော့သိဘူး.. အစ်ကိုငယ်တစ်ယောက်အဖြစ်ကို သွားသတိရတယ်.. ငယ်ငယ်ကတဲ့ အဲ့အန်းလီလာရင် သူကမေး.. လူကြီးတွေက မဖြေတော့.. သူက ကျိန်းတာ.. "နေနှင့်ဦး ပိုက်ဆံစုပြီး အများကြီးရလာမှ.. အဲ့ဟာကို ဝယ်ကိုစားဦးမယ်" ဆိုပဲ.. အဟီးဟီး

ခြေလှမ်းသစ် said...

လေ့လာမှုတွေကို မှတ်သားပညာ ယူသွားပါတယ်ဗျာ

သီဟသစ် said...

ကိုရင် July ရေ

သိသလိုလို မသိသလိုလို ဖြစ်နေတဲ့ အကြောင်းအရာကို ပြည့်ပြည့်စုံစုံရေးပြလို့ ကျေးဇူးပဲဗျို့

:)

ခင်မင်စွာဖြင့်
သီဟသစ်

နှင်းလေး said...

ကျန်းမာရေးအတွက်ဗဟုသုတရလို့ ကျေးဇူးပါ ကိုဂျူလိုင်

ချစ်သမီး said...

ကိုယ့်တူလေးငယ်ငယ်က မေးဖူးတယ်..
အစ်မဝမ်းကွဲတွေက အဲဒါ ပေါင်မုန့် လို့  ဖြေတယ်။
မုန့် ဆိုင်မှာမှ မတွေ့ ဘူးဆိုတော့ မရောက်သေးလို့ လို့  ဖြေကြတယ်။
တူတူလေးက ကိုယ့်ကို လာမေးတော့
အဲဒါ ဂွမ်းထုပ်လို့  ဖြေလိုက်တယ်။
ဘာလို့ အဲလို ကြော်ငြာတာတုန်းတဲ့..
တူတူ နည်းနည်းကြီးလာလို့  သိချင်သေးရင် အန်တီလေး ပြောမယ်.. ခု တူတူလေးကို ပြောရင် အများကြီးပြောရမှာဆိုတော့ ဟုတ်ကဲ့တဲ့..
ရှင်းရော..
ပြီးတော့ အဒေါ်ဝမ်းကွဲတွေကို သွားပီး ကြီးကြီးတို့  သားကို ညာတာ။ အန်တီလေးက ဂွမ်းထုပ်လို့  ပြောတယ်ဆိုတော့ အကုန်လုံးက မျက်လုံးတွေ ပြူးလို့ ..
ဟိဟိ..

Younggun said...

ဖတ်ရင်းနဲ့ .. သူ့အတွက် အသုံးတည့်လောက်တယ် ဆိုပြီး ကူးပို့လိုက်တယ်။ ကျေးဇူးအပြွတ်လိုက်တင်တယ် အစ်ကိုတော်ရေ..။

Younggun said...

ဖတ်ရင်းနဲ့ .. သူ့အတွက် အသုံးတည့်လောက်တယ် ဆိုပြီး ကူးပို့လိုက်တယ်။ ကျေးဇူးအပြွတ်လိုက်တင်တယ် အစ်ကိုတော်ရေ..။

Nge Naing said...

ကိုဂျူလိုင်ရေ သိပ်ကောင်းတယ်။ ဖတ်ပြီးမှ အမျိုးသားတွေအတွက် ဗဟုသုတ ပိုဖြစ်တယ်ဆိုတာ သတိထားမိတယ်။ မိန်းကလေးတွေကတော့ အများအားဖြင့် အကြီးတွေ မိမိထက်အရင် စောပြီးလာတဲ့ အတန်းဖေါ်တွေဆီကတဆင့် ကြိုသိနေတာ များပါလိမ့်မယ်။ အိမ်က အမေတွေ၊ အစ်မတွေ၊ ကျောင်းက နည်းနည်းကြီးတဲ့ အတန်းအဖေါ်အစ်မတွေကလည်း ဒါလာပြီလားလို့ မကြာခဏ မေးတတ်ပြီး လာရင်ဘယ်လို ထိန်းသိမ်းရတယ်ဆိုတာလည်း ပြောပြထားလေ့ရှိတော့ မိမိမှာ စပြီးကြုံရတာနဲ့ ဒါပဲဆိုတာ သိကြပါတယ်။