.:: Download Myanmar Font (WinKalaw New Version) HERE ::.

Tuesday, April 20, 2010

My signature

ကျွန်တော့် အီးမေးလ်တွေအောက်မှာ Signature အနေနဲ့ အင်္ဂလိပ်လို စာသားလေးတစ်ခု ထည့်လေ့ရှိတယ်။ Blog Profile မှာတောင် ရေးထည့်ထားပါသေးတယ်။ မူရင်းရေးသားသူကိုတော့ မသိပါဘူး။ စာအုပ်တစ်အုပ်မှာ ဖတ်မိပြီး သဘောကျလို့ ကူးထားတာပါ။

"It is not who is right, but what is right, that is of importance."
ဘယ်သူမှန်တယ် မှားတယ် ဆိုတာထက် ဘယ်အရာက မှန်တယ် မှားတယ် ဆိုတာက ပိုအရေးကြီးပါတယ်လို့ စာသားအပေါ်မှာ နားလည်မိတယ်။ အဲဒီလို နားလည်တဲ့အတိုင်း အဲဒီလိုပဲ ကျင့်သုံးခဲ့တာ အခုချိန်ထိပါပဲ။

ဘဝမှာ လှေနံဓါးထစ် တဇောက်ကန်းလိုမျိုး လုပ်ခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်သမီးဖြစ်ပြီး အင်္ဂလိပ်ကို လင်တော်ခဲ့တဲ့ ဘိုကတော် ဒေါ်စုကြည် ဆိုပြီး မျက်မုန်းကျိုးခဲ့တာ ၁၀ နှစ်ကျော်ကျော် ရှိခဲ့ပါပေါ့။ ပြည်ပအားကိုး ပုဆိန်ရိုး ဆိုတာတွေပဲ သတင်းစာမှာ ဖတ်ခဲ့ရတော့ ဒါမျိုးမြင်မိ အပြစ်ရှိတယ် ဆိုရင်လည်း ကန့်တော့ဆွမ်းပါပဲဗျာ။ နောက်တော့မှ ဘယ်သူတွေက ဘာတွေ လုပ်နေကြတယ် ဘယ်လို နှစ်ရှည်လများ စတေးခံနေကြတယ် ဆိုတာမျိုး အပြင်စာတွေဖတ်မိပြီး အမြင်ကျယ်လာမှ ဘယ်သူဘယ်ဝါ ဆိုတာထက် ဘာလုပ်နေသလဲ ဆိုတဲ့ လုပ်ရပ်ပေါ်မှာ အခြေခံရမှန်း သိလာတယ်။

လူပုဂ္ဂိုလ်ပေါ်မှာ အခြေခံရရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက်ဖြစ်တဲ့ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆိုတာ လူထုအတွက် လေးစားဖွယ် အားကျဖွယ် မျိုးဆက်တစ်ခု အနေနဲ့ မြင်မိမလားပဲ။ ဗိုလ်ချုပ်ကို ချစ်တဲ့စိတ်နဲ့ သူ့သားသမီးတွေကိုလည်း လူထုက ချစ်ကြပါလိမ့်မယ်။ ဒါပေမယ့် အစ်ကိုနဲ့ ညီမမှာ လုပ်ရပ်တွေက ကွာခြားလွန်းတဲ့အတွက် လေးစားမှုတွေ အားကျမှုတွေလည်း ကွာသွားပါတယ်။ ဒါကို အသေးစိတ် ရှင်းပြစရာ မလိုဘူးလို့ ထင်ပါတယ်။

ထောင်ထွက်ဆိုရင် လူတွေက နှာခေါင်းရှုံချင်ကြတယ်။ သိပ်ပြီး မပတ်သက်ချင်ဘူး။ ထောင်ထွက်ဆိုတိုင်း လူဆိုး လူမိုက်မှ မဟုတ်တာ။ ဘာကြောင့် ထောင်ကျသွားသလဲ ဆိုတာလည်း သိဖို့ လိုအပ်ပြန်တယ်။ လူဆိုး လူမိုက်တွေ ထောင်က ထွက်လာပြီးနောက် လူကောင်းလူမွန်အဖြစ် ဘဝတလျှောက်လုံး နေနိုင်ခဲ့တာတွေ ရှိခဲ့ဖူးတယ်။ ဒါကို ထောင်ထွက်ကြီးဆိုပြီး ဖယ်ကျဉ်ထားလို့ မရပါဘူး။ ထောင်က ထွက်လာပြီး သူ ဘာတွေ လုပ်နေသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

ကြက်ခြေနီကို နိုင်ငံတော်ရဲ့ အရန်အင်အား ဆိုပြီး အလွဲသုံးစား လုပ်ခံခဲ့ရတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ကြက်ခြေနီဆိုရင် အစိုးရရဲ့ လက်ကိုင်တုတ်လို့ မြင်ခံခဲ့ရတယ်။ ပြည်တွင်းမှာ အဲဒီလိုအမြင် သိပ်မရှိပေမယ့် ပြည်ပမှာတော့ အဲဒီလိုအမြင်မျိုးတွေကို လတ်လတ်ဆတ်ဆတ် ထိတွေ့ ခံစားနေရတယ်။ ကြက်ခြေနီတွေ ကိုယ်တိုင် ငါတို့ကို လူတွေက အဲဒီလို မြင်နေကြပါလား ဆိုတာ သိတောင် သိရဲ့လား မသိဘူး။ ကြက်ခြေနီတွေ သိတာက လူမှုရေးလုပ်ငန်းတွေကို ဖော်ဆောင်နေတယ် ဆိုတာပဲ။ ကြက်ခြေနီ အခြေခံမူ ၇ ချက်နဲ့ မညီတဲ့ တခြားအလုပ်တွေကို တဖက်လှည့်နဲ့ အသုံးချခံရရင်တောင် တာဝန်ပေးလို့ လုပ်ရတယ်လို့ပဲ မြင်နေကြမှာပါ။

ကြက်ခြေနီ၊ အရန်မီးသတ်ဆိုတဲ့ အဖွဲ့အစည်းတိုင်းမှာ သာကူးတွေ ရှိတတ်ပါတယ်။ ဒီအဖွဲ့မှာ ပါသလို တခြားအဖွဲ့မှာလည်း နေရာယူထားပါတယ်။ အဲဒီလို လူမျိုးတွေ လူကြီးပိုင်းနေရာမှာ ရှိနေတဲ့အခါ တာဝန် ခွဲဝေမှုအပိုင်း ရှုပ်ထွေးတာတွေ ရှိလာပါတယ်။ ညဘက်မှာ စစ်ဒေသမှူး ကားနဲ့ ကင်းလှည့်မှာဖြစ်လို့ လုံခြုံရေးအတွက် လမ်းကြောင်းတလျှောက် ကင်းပုံးဝပ်ဖို့က ကြက်ခြေနီနဲ့ မဆိုင်ပါဘူး။ ဧည့်စာရင်းစစ် ယာဉ်စစ်တာလည်း ကြက်ခြေနီနဲ့ မဆိုင်ပါဘူး။ အရန်မီးသတ်ကတော့ နည်းနည်း ဆိုင်ပါတယ်။ ဒါပေမယ့် အထက်လူကြီးက တာဝန်ပေးလာတဲ့အခါ တခြားရှည်ရှည်ဝေးဝေး တွေးနေကြမှာ မဟုတ်ပဲ ကိုယ့်မြို့နယ် ကိုယ့်ရပ်ကွက် အေးချမ်းဖို့အတွက်ဆိုပြီး တာဝန်ယူကြပါတယ်။ အဲဒီအတွက် သူတို့မှာ ဘာခံစားခွင့် မရှိပါဘူး။ အိပ်ရေးတောင် ပျက်ပါသေးတယ်။ တခါတလေ မနက် အလုပ်ပါ ပျက်ပါတယ်။

သာကူးတွေ ရှိသလို ရပ်တည်ချက် ခိုင်မာတဲ့ လူတွေလည်း ရှိပါတယ်။ ရဲအရန်(စွမ်းအားရှင်)တွေ ဖွဲ့ဖို့ ခရိုင်အဆင့် အစည်းအဝေး ခေါ်တုန်းက ကြက်ခြေနီကိစ္စ မဟုတ်တဲ့အတွက် မလုပ်နိုင်ဘူးလို့ ငြင်းခဲ့တဲ့ လူကြီးတွေ ရှိပါတယ်။ အဲဒီလိုပဲ ရွှေဝါရောင်တုန်းက ဘုန်းကြီးတွေနောက် တကောက်ကောက် လိုက်ပြီး ကူညီခဲ့တဲ့ လူတွေထဲမှာ ကြက်ခြေနီတွေ အရန်မီးသတ်တွေ ပါတယ်ဆိုတာ သိတဲ့လူတွေ ရှိချင် ရှိမှာပါ။ ရဲစခန်းမှာ မြို့နယ်ရဲမှုးက ခေါ်ပြီး သတိပေး ဆူခံခဲ့ရတဲ့အထဲမှာ သူငယ်ချင်းတွေ ပါလို့ ကျွန်တော်ကတော့ သိနေပါတယ်။ ဒါကြောင့် ကြက်ခြေနီတွေ အရန်မီးသတ်တွေကို မကောင်းဘူးလို့ တရားသေ ပြောလို့ မရပါဘူး။ သူတို့ ဘာလုပ်နေသလဲ ဆိုတာက ပိုအရေးကြီးပါတယ်။

ရွှေပြည်တော်ကြီး မျှော်တိုင်း မဝေးစေချင်ပါဘူး။ အဲဒီတော့ ပုဂ္ဂိုလ်စွဲတွေ ခဏ ဘေးချိတ်ပြီး တိုင်းပြည်နဲ့လူမျိုး ကောင်းစားဖို့အတွက် ဘာတွေကို ဘယ်လို လုပ်နေကြသလဲ ဆိုတာကိုပဲ အဓိကထား ကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

10 comments:

. said...

Thomas Huxley

သုခုမလေဒီ said...

good post .

စူး said...

good post.

မြူးမြူး said...

Nice to read!

Rita said...

ကောင်းပါတယ်။
စားတာ မစားတာ သူတို့အလုပ်။
ကျွေးရမှာက ကိုယ့်(ဂျူလိုင်)အလုပ်ပေါ့။
(ပလာတာ)

နား ထောင်တာ မထောင်တာက သူတို့အလုပ်။
တီးရမှာက ကိုယ့်(ဂျူလိုင်)အလုပ်ပေါ့။
(စောင်း)

purplemay said...

ဟုတ်ပါတယ်အစ်ကို ....တိုင်းပြည်နဲ့လူမျိုး ကောင်းစားဖို့ ဘာတွေကိုဘယ်လို လုပ်နေကြသလဲဆိုတာ ကြည့်ကြပါဆိုတဲ့ တိုက်တွန်းချက်လေးကို သဘောကျမိပါတယ် ။
It is not who is right , but what is right , that is importance ဆိုတာလေးကိုလည်း မှတ်သားသွားပါတယ် ...။

Nge Naing said...

ပို့စ်ကောင်းလေးပါ ကိုဂျူလိုင်။ ကိုဂျူလိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုထင်တာ ၁၀ နှစ်လောက်ပဲ ရှိခဲ့တယ်။ ဒီလောက်တော်တဲ့ ဒီလောက်ချောတဲ့ ဗိုလ်ချုပ်သမီး ကုလားကို သွားယူတာ အသုံးမကျလိုက်တာ နှမြောဖို့ကောင်းလိုက်တာလို့ နအဖ မဟုတ်ဘဲနဲ့ အခုထိ ပြောနေတဲ့သူတောင် ရှိသေးတယ်။

Younggun said...

ဒါနဲ့ ဆက်စပ်ပြီး တစ်ခု ဝင်ပွားပါရစေဗျာ။ အခု မြို့ပြကြီးတွေ နယ်မြို့လေးတွေနဲ့ ရပ်ကွက်ချောင်ကြားပါမကျန် ဆေးခန်းတွေ ၊ ဆေးဆိုင်တွေမှာ ကြက်ခြေနီ သင်္ကေတကို သူတို့ကိုယ်ပိုင် တံဆိပ်လို လှိုင်လှိုင်ကြီး သုံးနေကြတာနဲ့ ပက်သက်ပြီး ကိုဇူလိုင် ဘယ်လိုများ မြင်သလဲဗျာ။ အဲဒါနဲ့ ပက်သက်ပြီး သတိပေးဆောင်းပါးတွေ အနည်းအကျဉ်း ဖတ်ဖူးတယ်။ မဂဇင်းနဲ့ ဂျာနယ်တွေမှာလည်း ရေးကြပါတယ်။ ဒါပေမဲ့ မထူးပါဘူး။ သုံးမြဲသုံးလျက်ပါပဲ။ မွန်မြတ်တဲ့ ဒီသင်္ကေတလေးဟာ အခုတော့ စီးပွားရေးလုပ်ငန်းတွေမှာ ထည်လဲ သုံးလို့ကောင်းတဲ့ ... သင်္ကေတဖြစ်နေပါပေါ့လားဗျာ။

khin oo may said...

ဘာမှတော့သိတ်မပြောချင်ပါဘူး။ ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ဘို့ဘဲ။

Steve Evergreen said...

"Nge Naing said...

ပို့စ်ကောင်းလေးပါ ကိုဂျူလိုင်။ ကိုဂျူလိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလိုထင်တာ ၁၀ နှစ်လောက်ပဲ ရှိခဲ့တယ်။ ဒီလောက်တော်တဲ့ ဒီလောက်ချောတဲ့ ဗိုလ်ချုပ်သမီး ကုလားကို သွားယူတာ အသုံးမကျလိုက်တာ နှမြောဖို့ကောင်းလိုက်တာလို့ နအဖ မဟုတ်ဘဲနဲ့ အခုထိ ပြောနေတဲ့သူတောင် ရှိသေးတယ်။"

ရှင်းရှင်းပြောရရင် အဲဒီ မြန်မာတွေရဲ့စိတ်ကို နားမလည်နိုင်တာ။

ကိုယ်တော့ ဘယ်သူနဲ့ ယူယူ ဘာမှစိတ်ထဲမှာ မထားမိဘူး။ ဒါက သူ့ ကိုယ်ရေးကိုယ်တာပဲလေ။

ကိုယ်တို့နိုင်ငံက Libral Democratic leader Nick Clegg ဆိုလဲ သူ့မိန်းမက စပိန်မ။ သူကိုယ်တိုင်လဲ ရူရှားနဲ့ ဂျာမန်ကစပ်သေး တယ်.

သူကတောင် လေဘာပါတီ (Gordon Brown)ထက် လူကြိုက်များနေသေးတယ်။ ကိုယ်ကတော့ ဒီတခေါက် Conservative party ကိုမဲပေးမယ်။ တိုင်းပြည်ထဲ နိုင်ငံခြားသားတွေလာတာ သိပ်မကြိုက်လို့။ လေဘာ က တခါးဖွင့်လွန်းအားကြီးတယ်