ဒီနေ့ ပင်လယ်ပြာ သောင်ပြင်မှာ အမှိုက်ကောက်ဖြစ်တယ်။ သဲသောင်ပြင်ဖြူလွှလွှမှာ ပုံတွေ ရေးဆွဲဖြစ်တာ မဟုတ်ဘူးနော်။ ရုံးအနေနဲ့ ကိုယ်စားပြုသွားရတာပါ။ SITF က လုပ်အားပေး လွှတ်ပေးဖို့ ရုံးကို ဖိတ်တယ်။ ရုံးက စိတ်ဝင်စားတဲ့ သူတွေကို သွားခိုင်းတယ်။ စာရင်းပေးထားတုန်းကတော့ ၁၀ ယောက်လောက် ရှိတယ်။ တကယ်တမ်းကျတော့ ၇ ယောက်ပဲ လာတယ်။ ၇ ယောက်ဆိုတာမှာ ရုံးက လူကို ရေမယ်ဆိုရင် ၄ ယောက်ပဲ ရှိတယ်။ တခြား ၃ ယောက်က သူတို့ရဲ့ ကြင်သူသက်ထားတွေ။
မနက် ၆ နာရီလောက် အိပ်ရာထရတယ်။ ရုံးက တစ်ယောက်က ဖုန်းဆက် နှိုးပေးတယ်။ မထချင်ပေမယ့် ကုန်းရုန်း ထလိုက်တယ်။ လုပ်ပေးမယ် ပြောထားပြီးမှတော့ ဖြစ်အောင် လုပ်ပေးရမှာပေါ့။ နေတဲ့နေရာနဲ့ သွားရမယ့် ပင်လယ်ကမ်းခြေက အရှေ့နဲ့အနောက်... တောင်နဲ့ မြောက်လိုပဲ။ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် ပြောလို့ရတယ်။ အဲဒီတော့ မနက် ၈ နာရီခွဲ အရောက် ကမ်းခြေရောက်ဖို့ ၇ နာရီကတည်းက အိမ်ကနေ ထွက်လာခဲ့ရတယ်။ မနက်စာတော့ အိမ်ကနေပဲ စားခဲ့လိုက်တယ်။
ကမ်းခြေနဲ့ အနီးဆုံး ဘူတာမှာ ရုံးက ဘော်ဒါတွေနဲ့ ချိန်းလိုက်တယ်။ ဘူတာကနေ ဘတ်စ်ကား စီးဖို့ သိပ်အဆင်မပြေတော့ တက်စီပဲ ငှားလိုက်တယ်။ တက်စီက အများဆုံး ၄ ယောက်ပဲ တင်လို့ရတယ်။ သွားမယ့်လူက ၅ ယောက် ဆိုတော့ ကား ၂ စီးနဲ့ သွားရမယ့်ကိန်း။ ကံကောင်းချင်တော့ တားလို့ရတဲ့ ကားက ၇ ယောက် စီးလို့ရတဲ့ ကားမျိုးဖြစ်နေတယ်။ ကားခတော့ ပိုပေးရတာပေါ့။ အဲဒီလိုနဲ့ပဲ ချိန်းထားတဲ့စုရပ်ကို မနက် ၈ နာရီခွဲကျော်ကျော်မှာ ရောက်သွားပါလေရော။
ကားမောင်းတဲ့ ဒရိုင်ဘာက စောစောစီးစီး ဘာတွေသွားလုပ်မှာလဲ မေးတော့ ရှေ့ခန်းမှာထိုင်တဲ့ ဘော်ဒါက ကမ်းခြေမှာ အမှိုက်ကောက်ရမှာလို့ ပြန်ဖြေတယ်။ ဒရိုင်ဘာက မင်းတို့တတွေ လမ်းဘေးမှာ အမှိုက်ပစ်လို့ အဖမ်းခံရပြီး ပထမဆုံးအကြိမ်အနေနဲ့ အမှိုက်ကောက်ဖို့ အပြစ်ပေးခံရတာလားလို့ ပြန်မေးတယ်။ အဲဒီလိုမျိုး အပြစ်ပေးခံရတာ မဟုတ်ပါဘူး... ဗော်လန်တီယာ သွားလုပ်ကြမှာပါလို့ ကပြာကယာ ရှင်းပြရသေးတယ်။ ဥပဓိရုပ်က အဲဒီလိုမျိုးကို အထင်ကြီး ခံရတာ။ စည်းမဲ့ကမ်းမဲ့ရုပ် ဖြစ်နေပြီ ထင်တယ်။
စုရပ်ရောက်တော့ အမည်စာရင်းပေးရတယ်။ တစ်ယောက်ဆီကို ရေသန့်တစ်ဗူး ပေးတယ်။ လက်အိတ်တွေ ပေးတယ်။ အမှိုက်ထည့်ဖို့ အိတ်ပေးတယ်။ အမှိုက်အိတ်တွေကို ၁၀ နာရီခွဲမှာ ပြန်လာပေးဖို့ မှာပြီး တာလွှတ်လိုက်တယ်။ တချို့က ပြေးလမ်းတလျှောက် ကောက်တယ်။ တချို့က စားသောက်ဆိုင်ဘက်မှာ ကောက်တယ်။ တချို့က သဲသောင်ပြင်ပေါ်မှာ ကောက်တယ်။ ကျွန်တော်တို့က လှိုင်းဖွေးဖွေး ကမ်းစပ်မှာ အမှိုက်သွားကောက်တယ်။
စားသောက်ဆိုင်ဘက်မှာ အမှိုက်ကောက်တဲ့ အဖွဲ့တွေကတော့ အမှိုက်အများဆုံး ရတယ်။ ပုလင်းခွံ ဘူးခွံတွေ၊ တစ်ရှူးစက္ကူတွေ၊ ဇွန်းခရင်းတွေ၊ ဖော့ဘူးတွေပေါ့။ သဲသောင်ပြင်နဲ့ ပင်လယ်ကမ်းစပ်မှာ ကောက်တဲ့သူတွေက အမှိုက်ထုထည် အနည်းဆုံး ရတယ်လို့ ပြောရမလားပဲ။ ပုလင်းကွဲတွေ၊ ပုလင်းဖုံးတွေ၊ ဆေးလိပ်တိုတွေ၊ ဝါယာကြိုးတွေ၊ အဝတ်စတွေ၊ အရုပ်တွေ၊ ပလတ်စတစ်အိတ်တွေပဲ ရှာတွေ့တယ်။ ပလတ်စတစ်အိတ်တွေကို ကမ်းစပ်တဝိုက် ရှာရှာဖွေဖွေ ကောက်နိုင်ခဲ့တာကို ကျေနပ်နေမိတယ်။ အဲဒီအိတ်တွေက ရေသတ္တဝါတွေကို အကြီးအကျယ် ဒုက္ခပေးမယ့် အရာတွေလေ။ နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဆွေးမြေ့မယ့်အရာမျိုးလည်း မဟုတ်ဘူး။ ဒါကြောင့် အမှိုက်ပစ်တဲ့သူတွေ ဆင်ခြင်သင့်ပါတယ်။
မနက် ၁၀ နာရီခွဲတော့ အမှိုက်အိတ်ကို စုရပ်မှာ ပြန်အပ်လိုက်တယ်။ အဖွဲ့လိုက်လည်း ဓါတ်ပုံစုရိုက်ဖြစ်တယ်။ စုရပ်မှာ ငှက်ပျောသီးနဲ့ ကိတ်မုန့်တွေ ကျွေးတယ်။ ဗိုက်မစာတာကြောင့် မစားခဲ့ဘူး။ McCafe က Gift Voucher လည်း ပေးတယ်။ ရုံးက လူတွေနဲ့ ဆာတေး စားဖို့ လုပ်ပေမယ့် ဆိုင်က မဖွင့်သေးဘူး။ ဒါနဲ့ အုန်းစိမ်းရေ သောက်ပြီး ကျေနပ်လိုက်ရတယ်။ ကမ်းခြေတလျှောက် ဟိုဟိုဒီဒီ လျှောက်ကြည့်သေးတယ်။ စက်ဘီးငှားစီးရင် ၁ နာရီ ငှားရင် အပို ၁ နာရီပေးတယ်တဲ့။ နေပူတော့ စက်ဘီးလည်း မစီးဖြစ်ပါဘူး။ ဒါကြောင့် အိမ်ပြန်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။ အပြန်မှာလည်း ဘတ်စ်ကားက မလွယ်ပြန်ဘူး။ ရုံးဖွင့်ရက်ဆို ကားမရှိဘူး။ စနေနေ့ဆို နေ့လည် ၂ နာရီကျော်မှ ဘတ်စ်ကား ရှိမယ်။ အဲဒီတော့ အနီးဆုံး ဘူတာကို တက်စီငှားပြီး သွားခဲ့လိုက်တော့တယ်။ ဘူတာကနေ ရထားစီး အိမ်ပြန်ပေါ့။
ကမ်းစပ်တလျှောက် အမှိုက်ကောက်တဲ့ ရလဒ်ကတော့ အမှိုက်ပစ်တာ ဆင်ခြင်ရမယ် ဆိုတဲ့ အသိစိတ်လေး ဝင်သွားတယ်။ အမှိုက်ပစ်လိုက်ရတာ လွယ်ပါတယ်။ ပြန်လိုက်သိမ်းရတာတော့ မလွယ်ပါဘူး။ ကမ်းခြေဆိုတာ အကျယ်ကြီးလေ။ ကိုယ့်အသိစိတ်ဓါတ်နဲ့ ဆင်ခြင်နိုင်ရင် အကောင်းဆုံးပေါ့။
ဒါပေမယ့် အခုတော့ ကျွန်တော်ဇူလိုင် အသားမဲနေပါပြီလေ။

5 comments:
ဂျူလိုင်ရဲ့ ပရဟိတစိတ်ဓာတ်ကို တကယ်လေးစားမိပါတယ်..
အမြဲတမ်းဆောင်ရွက်နိုင်ပါစေလို့
စိတ်ဓါတ်ကလေးဖြူရင်ပြီးတာပါဘဲ။
သဘောကျတယ်.
ကမ်းခြေမှာ အပန်းမပြေဘဲ .. အသားမဲခဲ့တာကိုး အစ်ကိုရဲ့ ..
ဖြူပြီးသားလူ ဆိုတော့ နဲနဲလေးမဲသွားတာကို ကြွားစရာ လုပ်နေတယ်။ ဟင်း ..
သာဓုခေါ်တဲ့ထဲမှာ အဲ့တစ်ကြောင်းအတွက် မပါဘူး
Post a Comment