ဘာလိုလိုနဲ့ အာဇာနည်နေ့ကို ရောက်လာပြန်ပြီပေါ့။ မနေ့ကတည်းက အာဇာနည်နေ့ကို မှတ်မှတ်ရရ သတိတရ ရှိနေမိပေမယ့် ဘာသိဘာသာ ကျော်ဖြတ်သွားတဲ့ သူတွေလည်း ရှိနေနိုင်ပါပြီ။ အဲဒီအတွက်နဲ့ ဘယ်သူ့ကိုမှလည်း အပြစ် မတင်ချင်တော့ပါ။
ငယ်ငယ်တုန်းက အာဇာနည်နေ့ကို မရောက်ခင် တစ်ပတ်အလိုကတည်းက ကြိုပြီးသိရတယ်။ ကျောင်းမှာဆို ကဗျာရွတ်ပွဲတွေ လုပ်ပေးတယ်။ နှစ်တန်းကျောင်းသားဘဝတုန်းက ဆရာမက တစ်ခန်းလုံးကို ခုံပေါ်တက် မတ်တပ်ရပ်ခိုင်းပြီး ကဗျာဆိုခိုင်းဖူးတယ်။ အာဇာနည်နေ့ကဗျာကို ကျောက်သင်ပုန်းပေါ်မှာ ရေးပေးထားတယ်။ အတန်းရှေ့မှာ ဆရာမက အသံနေ အသံထားနဲ့ လက်သီးလက်မောင်းတန်းပြီး တစ်ကြောင်းချင်းစီ ဆိုပြတယ်။ ကျွန်တော်တို့ကလည်း အဲဒီအတိုင်း လိုက်ဆိုရတယ်။ ကဗျာမှာ အခုချိန်အထိ မှတ်မိတာလေးက အာဇာနည် အာဇာနည် ကိုးဦးအာဇာနည်... တဲ့။ တစ်ရက်တည်း ဆိုရတာမျိုး မဟုတ်ဘူး။ အတန်းတိုင်း အတန်းတိုင်း ၅ ရက်လောက် နေ့စဉ်ရက်ဆက် ကဗျာဆိုရတယ်။ အသံအနေအထား အကောင်းဆုံး ဆိုနိုင်တဲ့သူတွေကို ကျောင်းအဆင့် ကဗျာရွတ်ပြိုင်ပွဲကို ပို့ပေးတယ်။ အဲဒါကြောင့် ကလေးဘဝကတည်းက မြန်မာပြည်ရဲ့ အာဇာနည်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းလို့ သိထားခဲ့လိုက်တယ်။
ငယ်ငယ်တုန်းက အာဇာနည်နေ့မှာဆို အိမ်ရှေ့က အစိုးရရုံးတွေမှာ အလံတိုင်ဝက်ကို လျှော့ချထားတယ်။ အိမ်မှာလည်း အလံကို တိုင်ဝက်ထူထားတယ်။ ရပ်ကွက်ထဲက အိမ်ပေါက်စေ့မှာလည်း အလံတွေ တိုင်ဝက်မှာ ကိုယ်စီကိုယ်စီ။ အိမ်မှာက အလံထူလေ့ မရှိဘူး။ ရပ်ကွက်ရုံးက လော်စပီကာနဲ့ လိုက်အော်တဲ့အခါမျိုးမှ အလံ ထူတာ။ ရပ်ကွက်ရုံးက အလံထူဖို့ အော်တိုင်းလည်း မထူပါဘူး။ အလံသယ်တဲ့ ပြည်ထောင်စုနေ့နဲ့ တိုင်ဝက်မှာ အလံထူရတဲ့ အာဇာနည်နေ့ပဲ အလံထူတယ်။ အိမ်မှာ လူကြီးတွေ အလံထူရင် သူတို့အနားကပ်ပြီး ကိုယ်တိုင် လုပ်ကြည့်ချင်လို့ ပူဆာသေးတယ်။ ဒါပေမယ့် လူကြီးတွေက အလံပြုတ်ကျရင် အဖမ်းခံရမှာနော်။ ကလေးတွေ လုပ်လို့ မရဘူး ဆိုတာနဲ့ ကြည့်ပဲ ကြည့်နေလိုက်ရတယ်။
ငယ်ငယ်တုန်းက အာဇာနည်နေ့ မနက်ပိုင်းမှာ ပါပါးရဲ့ လေးဘီးကားနဲ့ ကားလိုက်စီးဖို့ အပြင်ထွက်ခဲ့တယ်။ ဈေးဝယ်ထွက်တာလား ဓါတ်ဆီထည့်တာလား... တစ်ခုခုပဲ။ သေချာ မမှတ်မိတော့ဘူး။ လေးဘီးကားလေး ကမ်းနားလမ်းပေါ်လည်း ရောက်ရော မြစ်ကမ်းတလျှောက်က စက်ရုံတွေ သဘောင်္တွေ ဥသြတွေ ဆွဲပါလေရော။ သစ်စက်တွေလည်း ဥသြဆွဲတယ်။ ပါပါးလည်း ကားကို ခဏရပ် အောက်ဆင်းပြီး ဟွန်းတီးတယ်။ လမ်းပေါ်က ကားတွေလည်း အကုန်ရပ်တယ်။ တချို့လည်း ဟွန်းတီးကြတယ်။ လမ်းဘေးမှာ လျှောက်နေတဲ့ လူတွေလည်း ငြိမ်ငြိမ်လေး မတ်တပ်ရပ်နေကြတယ်။ ကလေးဘဝတုန်းကတော့ ဘယ်လိုအဓိပ္ပါယ်နဲ့ အခုလိုမျိုး လုပ်ကြတယ် ဆိုတာကို သေသေချာချာ နားမလည်ခဲ့ဘူး။ ဒါပေမယ့် အာဇာနည့်နေ့မှာ ဥသြဆွဲတယ် ဟွန်းတီးတယ်လို့ပဲ ကလေးအတွေးနဲ့ မှတ်ထားလိုက်တယ်။
ငယ်ငယ်တုန်းက အိမ်မှာ ရေဒီယိုပဲ ရှိသေးတယ်။ တီဗွီက သိပ်မပေါသေးဘူး။ အာဇာနည်နေ့ အနားနီးပြီဆိုရင် ရေဒီယိုက အာဇာနည်နေ့သီချင်းတွေ လွင့်တယ်။ ကလေးဘဝတုန်းက ရေဒီယိုမှာ နားထောင်ချင်တာက ဇာတ်လမ်းပမာ နားဆင်စရာနဲ့ ပုံပြင်ပဲ ဆိုတော့ အဲဒီသီချင်းတွေ မကြိုက်တာ အမှန်ပဲ။ ရှေးအသံနဲ့ ဆိုထားတဲ့ ရှေးဟောင်းသီချင်းတွေဆိုပြီး နားမထောင်ဖြစ်ဘူး။ အာဇာနည်နေ့ မနက် ၁၀ နာရီ ၃၇ မိနစ် တိတိ ထိုးတာနဲ့ ရေဒီယိုကလည်း ဥသြဆွဲသံ လွှင့်ပေးတယ်။ အဲဒီလို ဥသြဆွဲသံ ကြားရင် ဘယ်သူ့ကို လွမ်းလို့ လွမ်းမှန်း မသိတဲ့ ခံစားချက်မျိုး ရလာတယ်။ ငိုချင်သလိုလိုနဲ့ မျက်ရည်ဝဲမိတယ်။
ငယ်ငယ်တုန်းက အာဇာနည်နေ့မှာ အာဇာနည်ကုန်းကို သွားချင်တယ်။ ဒါပေမယ့် ဗုံးကွဲဖူးလို့ လူကြီးတွေက လိုက်မပို့ပေးဘူး။ မြောက်ကိုရီးယားတွေက ဗုံးလာခွဲဖူးတယ်လို့ ပြောပြပေမယ့် သေချာတော့ မသိခဲ့ပါဘူး။ အာဇာနည်ကုန်းပေါ်က ကြယ်ဖြူတစ်ပွင့် လင်းလက်နေတဲ့ အနီရောင်ဂူဗိမာန်ကြီးက ခမ်းနားထည်ဝါတာတော့ အမှန်ပဲ။ ဗိမာန်ရဲ့ ဗိသုကာက ဆရာဦးဆန်းဦးလို့ သိထားပါတယ်။ အဲဒီဗိသုကာ လက်ရာအပေါ်မှာ ပြုတုစု ဆိုပြီး ဝေဖန်ချက်တွေတော့ ရှိပါတယ်။ နိုင်ငံတစ်ခုက အာဇာနည်ဗိမာန်နဲ့ ခပ်ဆင်ဆင် တူနေတယ်လို့လည်း ဖတ်ခဲ့ဖူးပါတယ်။ ဘယ်သူက အရင်ဆောက်ခဲ့သလဲ ဆိုတာတော့ ကျွန်တော်လည်း မသိပါ။ အာဇာနည်ဗိမာန်ရဲ့ ဗိသုကာလက်ရာဖွဲ့စည်းပုံကို အနီးကပ် မြင်တွေ့လေ့လာချင်တယ်။ ကျွန်တော်ဟာ အာဇာနည်ကုန်းနားကို အခေါက်ပေါင်းများစွာ ရောက်ခဲ့ပေမယ့် အခုချိန်အထိ အာဇာနည်ကုန်းပေါ်ကို တစ်ခါတစ်ခေါက်တောင် မတက်ဖူးသေးတဲ့ ရန်ကုန်သားစစ်စစ်ပါ။ ဒါဟာ ရန်ကုန်သားအချို့အတွက် သိပ်တော့ မထူးဆန်းလှပါ။
ငယ်ငယ်တုန်းက အာဇာနည့်နေ့နဲ့ ပတ်သက်ပြီး ကြုံဆုံခံစားခဲ့ရတဲ့ အကြောင်းတွေဟာ အခုအချိန်မှာတော့ အငွေ့အသက်တောင် မကျန်တော့ပါ။ အာဇာနည်နေ့ကို မမေ့တဲ့သူတွေက မမေ့သေးပါဘူး။ ဒါပေမယ့် လုံးဝကို မသိတော့တဲ့ သူတွေလည်း ရှိနေပါပြီ။ ရုံးပိတ်တယ် ကျောင်းပိတ်တယ်။ ဒီထက်ကို မပိုတော့ပါဘူး။ မသိတာကို အပြစ်တင်မစောစေချင်ပါ။ မသိတာက မသိအောင် မျက်စိပိတ်နားပိတ် အလုပ်ခံထားရလို့ပါ။ မသိတဲ့သူတွေကို အပြစ်တင်မယ့်အစား သိအောင် မျက်စိဖွင့် နားဖွင့် လုပ်ပေးကြပါလို့ပဲ ပြောချင်ပါတယ်။
ဒါဆို ဘယ်လိုမျိုး မျက်စိဖွင့် နားဖွင့်ပေးကြမလဲ။ အာဇာနည်နေ့အကြောင်း အာဇာနည်တွေအကြောင်း မြန်မာ့နိုင်ငံရေးအကြောင်း ကိုယ်သိထားသလောက် ကိုယ့်ပတ်ဝန်းကျင်မှာ လက်ဆင့်ကမ်း ဝေမျှပေးကြပေါ့။ အာဇာနည်ဆိုတာ အသံကောင်းတဲ့ အဆိုတော် မဟုတ်ကြောင်းပါ ပြောဖို့လည်း လိုမယ် ထင်ပါတယ်။
ဗိုလ်ချုပ်က မသေသေးဘူး...
အခုထိ အသတ်ခံနေရတုန်း... လို့ပဲ ၂၀၁၀ အာဇာနည်နေ့မှာ ထပ်ပြောချင်ပါတယ်။

9 comments:
တခေါက်ရောက်ဖူးတယ်။ အမတွေနဲ့..။အမရဲ့အိတ်ထဲမှာ CD တချပ်မြင်ပြီး ရစ်တာ..အတော်ကြာပါရောလား။ ..။
စိတ်တွေလှုပ်ရှားလွန်ပြီး ဘာတွေခံစားခဲ့ရမှန်းတောင် ခုပြန်မမှတ်မိတော့ပါဘူး..။
သတိရပါတယ်...
ခုတလော ပြက္ခဒိန်ကိုကြည့်ရတဲ့အလုပ်တွေများလို့
ပိုပြီးတော့တောင် သတိရမိသေးတယ်။
ဒါပေမယ့် အစ်ကိုပြောသလိုဘဲ
ဘာမှမလုပ်ဖြစ်တဲ့သူတွေထဲမှာ ပါသွားတယ်။
ငယ်ငယ်က ကဗျာတော့မရွတ်ရဘူး။ စာစီစာကုံးတွေ
တော့ရေးခဲ့ရတယ်။
ဟုတ်ပါတယ်..... ဗိုလ်ချုပ်ကိုသတ်တာ ဂဠုန်ဦးစော မဟုတ်ပါဘူး.............................................
ဟုတ်တယ်နော်... ကိုယ်တွေတုန်းက အာဇာနည်နေ့မှာ ဥသြဆွဲတယ်ဆိုတာမျိုးလောက်သိတယ်... ဘာကြောင့်မှန်းရေရေရာရာ မသိခဲ့ဘူး... ခုခေတ်ကလေးတွေ ပိုဆိုးမယ်.... အာဇာနည်နေ့မှာ ဥသြဆွဲတာပါ သိတော့မှာ မဟုတ်ဘူးနော်... ကိုဂျူလိုင်ရေးထားတာလေး ထိမိတယ်...
ခုနေခါဆို ကဗျာကို လက်သီးလက်မောင်းတန်းပြီး ဆိုခိုင်းတဲ့ ဆရာမကိုပါ ဆွဲစိမလားမသိဘူး...
အင်း ဗိုလ်ချုပ် မသေသေးပါဘူး
ခင်မင်စွာဖြင့်
ရွှေစင်ဦး
July ရေ..ရောက်ပါတယ်။ အာဇာနည်နေ့အကြောင်း ဖတ်သွားပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေ..။
အောက်ဆုံးက အနီရောင် စာသားများကို အထူး ထောက်ခံသွားပါတယ်ဗျာ ... အမှန်တရားတွေမို့ ပါ ....
what a comment...a really "sad truth"
"Bo-gyoke is still alive and being killed to-date" ...
မှန်လိုက်လေ.. ခုထိအသတ်ခံနေရတုန်းပဲတဲ့... :(
အဲ့ဒီကိုးဦးအာဇာနည်ဆိုတဲ့ ကဗျာလေး ရချင်ပါတယ်ရဗင်
Post a Comment