.:: Download Myanmar Font (WinKalaw New Version) HERE ::.

Thursday, September 16, 2010

Fired Plastic

အကြော်တွေ ကြွပ်ရွဖို့အတွက် ရေသန့်ဗူးတွေ ထည့်ကြော်ပါတယ် ဆိုတဲ့ သတင်းလေး မော်ဒန်ဂျာနယ်မှာ ပါလာတယ်။ အဲဒီသတင်းကို မစင်နဲ့ ရီတာက မေးလ်ကနေ ပို့ပေးလို့ ဖတ်လိုက်ရတယ်။ ဘာရယ်ညာရယ် မဟုတ်... ရင်းနှီးတဲ့ မိတ်ဆွေတွေကို ဖတ်စေချင်လို့ စာတွေကို ဆက်ဖြန့်ပေးလိုက်သေးတယ်။ အယုံလွယ်သူ မဟုတ်ပေမယ့် ဖျတ်ခနဲ ဖတ်လိုက်တဲ့အချိန်မှာ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာ သေချာ မစဉ်းစား မဆင်ခြင်မိလိုက်ဘူး။ နောက်တနေ့မှာ ဖိုရမ်ဖတ်ဖြစ်တော့ ကယ်လ်ဗင်က အဲဒီအကြောင်းကို သေသေချာချာ ရှင်းပြထားတာ ဖတ်လိုက်ရတယ်။ သူ ရှင်းပြလိုက်တော့လည်း သြော်... ဒါလည်း ဟုတ်တာပဲ... ပေါ့။ ငါလည်း ချီးဘရိန်းပါလား ဆိုတာ သိလိုက်ရတယ်။

ပြင်းပြင်းထန်ထန် ရေးထားတဲ့ ဂရုဏာဒေါသတွေ ပါနေပေမယ့် စာရေးသူရဲ့ အရိုးခံစေတနာကို နားလည်မိတဲ့ ကျွန်တော့်အတွက်... အဆင်ပြေပါတယ်။ ဒါကြောင့် ကယ်လ်ဗင် ရေးထားတာလေးကို ကျွန်တော့်ဘလော့မှာ ထပ်ဆင့် ဝေမျှလိုက်ပါရစေ...

~~~
မြန်မာပြည်က တချို့သတင်းတွေက ရီရတယ်။ ကြက်ဥ အတုတုန်းကလည်း အမလေး သတင်းကဖြင့် အိုဆွေးလို့ မြုပ်တောင်နေပြီ သူက ၀ူးဝါးနဲ့။ နောက်ဆုံးတော့ တရုတ်ပြည်က ဓါတုဗေဒသမားတယောက်က ရေးတယ် .. သူပြောတဲ့ ဓါတုပစ္စည်းတွေ ပေါင်းပြီး လုပ်ပြီဆိုပါစို့ .. တဲ့။ ဘယ်ဒင်းက ဘယ်လောက်တန်တယ် ဘာညာနဲ့ ဈေးတွက်လိုက်တော့ ကြက်ဥတလုံး ပြား၈၀လောက် ကျနေတယ်။ အစစ်က အဲဒီတုန်းက ၃၅ပြားပဲ တန်တယ်။

ပလတ်စတစ်ဆန်တုန်းကလည်း တော်တော်လေး ရှင်းယူလိုက်ရတယ်။ ဒါမျိုးကျတော့ ကျွန်တော့်အိမ်က သိသဗျ။ ဟဲ့ငါ့သား... ကော်စေ့နဲ့ဆန် ဈေးချင်းက မိုးနဲ့မြေလို ကွာနေတာ... ပလတ်စတစ်ဆန်သာ ဆန်ဈေးနဲ့ ရောင်းလို့ကတော့ အိမ်ပေါင်ပြီးတောင် ၀ယ်ပစ်လိုက်မယ်ဆိုပဲ။

အခု ပလတ်စတစ်ကို ကြော်သတဲ့ .... အမယ် သမိုင်းလမ်းဆုံးက အကြော်ဆိုင်တောင် ပါလိုက်သေးတယ်။ ကျွန်တော်သိသလောက် သမိုင်းလမ်းဆုံးမှာ အကြော်ဆိုင် ကြီးကြီးမားမား မရှိဘူး။ သမိုင်းလမ်းဆုံ နီးနီးနားနား ရှိတဲ့ဆိုင်ကလည်း ဂလောက် မကြီးကျယ်လှဘူး။ အဲဒီနားက ရောင်းအကောင်းဆုံးဆိုင် ပြပါဆိုရင် လက်ဖက်ရည်ဆိုင်၊ ဒန်ပေါက်ဆိုင်နဲ့ လမ်းဆုံအရှေ့ဘက်ဒေါင့် အမှောင်ထဲမှာ ရောင်းတဲ့ ထမင်းကြော်ဆိုင်ပဲ ရှိတယ်။

သမိုင်းလမ်းဆုံးမှာ (နာမည်ကြီး) အကြော်ဆိုင် တစ်ဆိုင်မှ မရှိဘူး။ ၉၇/၉၈ လောက်ကနေ ၂၀၀၇ အထိ မရှိဘူး သေချာသဗျာ။ သတင်းမှာ ဓါတ်ပုံထည့်ထားတဲ့ အကြော်ဆိုင်ကို ကြည့်လိုက်ဦး... စုတ်ပြတ်သတ်နေတဲ့ မှန်ပုံးလေးတပုံးနဲ့။

လွန်ခဲ့တဲ့ ၂နှစ်က ကလမန်တီးက ငှက်ပျောသီးကြော်ဆိုင်မှာ အဲလို လုပ်ပါတယ်ဆိုပြီး ကောလဟာလဖြစ်လို့ သတင်းစာထဲတောင် ပါလိုက်သေးတယ်။ ပြီးမှ သတင်းက ရေရေရာရာ မဟုတ်ဘဲ ရောချမှန်းသိတော့ ရပ်သွားတာ။

ကျွန်တော်ပြောချင်တာက ... အဲဒီ သတင်းသမား မဟုတ်တဲ့ ရောတောပေါတော ဂျာနယ်သမားတွေရေးတဲ့ သတင်းကို ကိုယ့်အသိဥာဏ်လေးနဲ့တင် စဉ်းစားကြည့်ပါဗျာ။ ဆီတပုလင်းလောက် ဗူးသီးတစိတ်လောက် အဆုံးခံပြီး ကြော်ကြည့်ကြစမ်းပါ။ ဒီလိုသတင်းမျိုးရေးတဲ့ ဂျာနယ်နဲ့ ဂျာနယ်လစ် အတုအယောင်ကို စာပေအစည်းအရုံးက အရေးယူသင့်တယ်။

ပလတ်စတစ်ကို မီးမလောင်ဘဲ အရည်ပျော်ကျသွားအောင် ဆီထဲမှာ ထည့်ပြီး အပူပေးလို့ ရပါတယ်။ အရင်ဆုံး တွန့်လိမ်ရှုံ့တွသွားမယ် ပြီးရင် အရည်ပျော်ပြီး ဆီနဲ့ ရောသလိုလိုဖြစ်သွားမယ်။ အပူချိန် အဲဒီထက် ပိုမြင့်လာရင် မီးထလောင်ပြီး အငွေ့ပျံသွားမယ်။ ဆီကတော့ သေချာတယ် ပလတ်စတစ် PVC ပိုက် မီးလောင်ရင် ထွက်တဲ့ အနံ့ထွက်လာမှာ သေချာတယ်။ ခက်တာက ရေးတဲ့သူက ဒီထက်ပိုပြီး ရှေ့ဆက် မစဉ်းစားတော့ဘဲ ဇွတ်အတင်း ကောက်ချက်ချတော့တာပဲ။

ပလတ်စတစ်အရည်ဟာ အဲဒီဆီထဲက ထုတ်လိုက်တာနဲ့ ချက်ချင်းပြန်ခဲသွားမယ်။ ပြီးတော့ အဲဒီပလတ်စတစ် အခဲအစလေးတွေ အတုံးလေးတွေဟာ သဲမှုန်လေးတွေလောက်ထိ သေးငယ်နေရင်တောင် လူရဲ့ ပါးစပ်က မသိစရာ အကြောင်းမရှိဘူး။ ထမင်းစားလို့ သဲနှစ်မှုန်လောက်ပါရင်တောင် သိသေးတာ ပလတ်စတစ် အစအနတွေနဲ့ ရောကပ်နေတဲ့ အစားအသောက်ကို မသိဘဲ စားမိဖို့ဆိုတာ ဘယ်လိုစဉ်းစား စဉ်းစား မဖြစ်နိုင်ဘူး။ နောက်တခုက PVC အနံ့။ ကော်စေ့နံ့ဟာ သိပ်ပြင်းပါတယ်။ ဒီအနံ့လောက် ပြင်းတာကြီး ပါနေတဲ့ အစားအသောက်ကို ဘယ်သူက စားနိုင်မှာလဲ။

အနံ့နဲ့အရသာအပြင် အစားအသောက်ထဲ Non-Food Particle တွေ ပါနေတာ မသိဘဲ စားမိနိုင်လောက်တယ် ထင်တဲ့သူတွေဟာ တကယ်ပဲ အစားအသောက် မချက်ပြုတ် မကြော်လှော်ဖူးတာလား Reasonable မဟုတ်တဲ့ အချက်အလက်တွေ ဒီလောက် အများကြီး ပါနေရဲ့သားနဲ့ .. ဖြစ်နေရင် ဘယ်လို လုပ်မလဲ .. ဟုတ်နေရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့... ကိုယ့်ကိုယ်ကို မယုံကြည်စိတ်၊ အားမကိုးရဲတဲ့စိတ်ကြောင့် ဒီလို Hoax တွေ မြန်မာပြည်မှာ သိပ်အောင်မြင်နေတယ်လို့ ထင်ပါတယ်။

မြန်မာပြည်မှာ အနေများခဲ့သူဆိုတော့ မြန်မာတွေအကြောင်းပဲ သိတာပေါ့နော်။ မြန်မာတွေက ဟုတ်သော်ရှိ မဟုတ်သော်ရှိ... ဒါလေးလုပ်လိုက်လို့ ဒါလေး ပြောလိုက်လို့ ဒါလေး ယုံကြည်လိုက်လို့ ကိုယ့်အကျိုး မယုတ်ဘူး။ တော်ကြာ မလုပ်ဘဲနေပြီး ကိုယ့်အကျိုး စီးပွား ထိခိုက်နေရင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ လူစားက များပါတယ်။ ဗေဒင်မေးတယ်... မယုံရင် ယတြာမချေနဲ့။ ယုံရင် ယတြာကို အပီအပြင်လုပ်။ ဒီလိုလည်း မဟုတ်ဘူး။ ယုံတော့ မယုံဘူး။ ဒါပေမယ့် စိတ်ချရအောင် ယတြာတော့ လုပ်ထားလိုက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုး။

ကောလဟာလ တခုခုလွှင့်လိုက်ပြီဟေ့ဆိုရင် လူတွေက မဖြစ်နိုင်မှန်းသိလည်း... ဖြစ်ခဲ့ရင် ငါတာဝန် ယူနေရလိမ့်မယ် ဆိုပြီး မပြောဘဲ အောင့်ထားကြတယ်။ ဒီလို မပြောတဲ့သူတွေ များလာလေလေ အမှန်တရား ပျောက်ကွယ်လေလေ။ ကောလဟာလတွေ အောင်မြင်လာလေလေ။ ပညာတတ်တွေ ဆင်ခြင်နိုင်သူတွေ အကြောင်းအရာကို သိတဲ့သူတွေကမှ ဒါမဟုတ်ဘူး ဒါမမှန်ဘူး ဒါမှားနေတယ် လို့ ... မပြောဘဲနေကြရင် ဆရာဝန်ကြီးကတောင် ဒါမဟုတ်ဘူးလို့ မပြောဘူး၊ ဟိုပညာတတ်ကြီးတောင် ဒါမှားတယ် မပြောရင် ဟုတ်နေလို့ ဖြစ်ရမယ်ဆိုတဲ့ ကောက်ချက်က တန်းချကြတာ။ မြန်မာလူမျိုးဆိုတာ ဘာပြောပြော အများစုကတော့ ယုံကြတာပဲ ဆိုတဲ့ ချီးဘရိန်းအဆင့် ရောက်မှန်းမသိ ရောက်နေပြီ။

ဥုံမဏိ ပဒ္ဒမေဟုံ ဆိုတဲ့ မဟာယန ဂါထာကို အိမ်ထဲမှာ ကပ်ထားတဲ့ ထေရ၀ါဒတွေ။ ဤအိမ်/ကား/ဆိုင် သည် ဘုရားမေတ္တာရိပ်အောက်မှာ ရှိလို့ ရောက်လာသူအားလုံး အေးချမ်းသာယာကြပါစေဆိုတဲ့ .. အစိုးရနာမည်ကို ရောကောသောကော Marketing လုပ်ထားတဲ့ စာရွက်တွေ။ စင်ကာပူက မြန်မာတွေကို ဗီဇာမပေးတော့ဘူး လေယာဉ်တစင်းလုံး Reject လုပ်လိုက်တာတဲ့ ဆိုတာယုံတဲ့သူတွေ... တလနှစ်ခါလောက် စင်ကာပူနိုင်ငံရောက် မြန်မာတွေ ဘယ်လို အတိဒုက္ခရောက်နေပြီ၊ ဘယ်လို အနှိမ်ခံနေရပြီဆိုတာ ပေါ်လစီနဲ့ မထည့်မနေရ ဆောင်းပါးထည့်ရတဲ့ ဂျာနယ်တွေ... ကလေးအသားခါးသည် ခွေးအသားချိုသည်... ဆိုတဲ့ စာတွေ အိမ်ပေါင်းများစွာမှာ မြင်ရတဲ့နောက်.... ကောလဟာလ မှန်သမျှ ၀ိုင်းဝန်း အဖြေရှာ အမှန်တရား ရှာဖွေပြီး ကိုယ်ပိုင် ဘလော့ဂ်ဖြစ်ဖြစ် Reply mail ဖြစ်ဖြစ် website ဖြစ်ဖြစ် ပြန်လည် မျှဝေ စေချင်ပါတယ်ခင်ဗျာ။

27 comments:

Rita said...

အင်း စမ်းသပ် ကြော်ကြည့်ရမလို ဖြစ်နေပြီ။ အကြော်တွေ ကြွပ်သလား မကြွပ်သလားတော့ တခါမှ စူးစူးစမ်းစမ်း မစားဖြစ်တော့ မမှတ်မိတော့ဘူး။ ဒါဖြင့် အကြော်တွေ အကြာကြီးကြွပ်နေတယ်ဆို ဘာကြောင့် ဖြစ်နိုင်မလဲ။

Younggun said...

သိသွားပြီဆိုတော့ မျှဝေလိုက်ပါ့မယ်ဗျာ။ ဒီလိုလည်း တတ်သိနားလည်သူတွေက ပြန်ရှင်းပြမှပဲ။ နို့မို့ဆို အကြော်သည်တွေ နေရင်းထိုင်ရင်း အမှုပတ်ကုန်မယ်.။

MieMie said...

အကြော်ကြိုက်တတ်သူမို့ အိမ်မှာ မကြာခဏ ကြော်စားဖြစ်တယ် .. ကြွပ်ရွအောင်လို့ ( သူများပြောတာ ) baking soda မှုန့်တော့ နည်းနည်းလေး ထည့် တယ် မုန့်နှစ်ထဲကို ပေါ့ ... ရယ်ဒီမိတ် အကြော်မှုန့် တွေ မကြိုက်လို့ ကိုယ်တိုင်ဘဲ ဆန်မှုန့် နဲ့ ကောက်ညှင်း မှုန့် ကို နှစ်ဆ တစ်ဆ ရောပြီ့း  ကြော်စားတယ် ... အဲ သတင်း တွေ ဖတ်ရတော့ အပူ နဲ့ ပလပ်စတစ် နဲ့ ဘယ်လိုဖြစ်နိုင်လဲ လို့တော့ စဉ်းစားမိသေးတယ် ဗျ ... ကောင်းတယ် မောင်ဇူလိုင် ရေ ..ဗမာပြည်က တချို့သတင်းတွေက လည်း ကိုယ်တိုင် တွေးတော ဆင်ခြင်နိုင်မှ ... အခုလို ထုတ်ဖော်တာလည်း ကောင်းပ !

မြတ်နိုး said...

ကြွပ်ရွနေအောင်လို့ က ကောက်ညှင်းမှုန့်ထဲ့ပီး
ကြာကြာ ကြွပ်နေဖို့ ဆော်ဒါနဲနဲထည့်ပါတယ်။

ကျေးဇူး ဂျူလှိုင်ရေ... အစထဲကမဖြစ်နိုင်ဘူးထင်သား။

ShwunMi- said...

မကြွပ်တဲ့အကြော်တွေကို လူမဝယ်မှာစိုးလို့ လျှောက်ရေးလိုက်ပုံရတယ် .. ဟတ်ဟတ် :D

Ionsis said...

@ ရွှန်းမီ : ဖြစ်နိုင်တယ်..
@ ကိုဇူလိုင် : အိမ်မှာတောင် စမ်းကြည့်မလို့ ပြောနေသေးတယ်။ ပြောနေတဲ့ အစ်မက မလုပ်ပါနဲ့ မီးလောင်မယ် ဘာညာနဲ့ ရောချသွားလို့ ဆက်မပြောတော့ဘူး။ လုပ်တော့ ကြည့်ဦးမယ်။ ဘယ်လို ဖြစ်မလဲဆိုတာ... ဆီတစ်ပုလင်းကို ၇ ကျပ်ကျော်ကျော် ဆိုတော့ ဖြုန်းနိုင်လောက်ပါရဲ့။

ဆောင်း said...

ကျမလည်း ကိုဂျူလိုင်စာ နောက်ကျမှ တွေ့ လို့  ပို့ စ် ကို ပြန်ပြင် လိုက်တယ်။ အားရင် စမ်းကြော်ကြည့်ရမှာဘဲ

ကလူသစ် said...

အချက်အပြုတ်ရေးနေတဲ့သူတွေ စမ်းကြော်ကြည့်သင့်တယ်။ ငါတွေ့ ပြောရတော့ ဖတ်ရတဲ့သူလဲ အကျိုးရှိတယ်။ ရမ်းသမ်းယုံကြည်တဲ့ကိစ္စကတော့ စိတ်ပျက်ဖို့ကောင်းတဲ့ အဆင့်ရောက်နေပြီဗျ။

:P said...

FB မှာ အရင်ရှဲလိုက်မယ်...။ ဒီပို့စ်ကို ကူးပြီး အီးမေးလ်ပို့ထားတဲ့ လူတွေဆီပြန်ပို့ပေးဦးမှပါ....။

3D Crazy said...

မြန်မာတွေ အယုံလွယ်လိုက်ပုံများ ...
Kung Fu Hustle ထဲက နောက်ဆုံးခန်းမှာပါတဲ့ ဘုရား ရုပ်တုကို တိမ်ပုံစံ effect လုပ်ထားတဲ့ ပုံကို ဂင်္ဂါတစ်ဘက်ကမ်းမှာပေါ်တဲ့ ပုံဆိုပြီးရောင်းလိုက်တာ ၀ါက်ဝါက်ကွဲ အားပေးကြပါရော့လား...
ဘာတဲ့ ဓါတ်ပုံရိုက်တဲ့လူက မူစလင် ဆိုတာက ပါသေး...
စိတ်လေတယ်...

SHWE ZIN U said...

အင်းဖြစ်နိုင်တာတွေ တင်ပြပေးတဲ့ အတွက် ကျေးဇူးပါဗျာ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုပေါ said...

“မစင်”နဲ့ ရီတာ ဆိုတော့ နည်းနည်း မျက်ခုံးပင့်သွားတယ်။ “မစင်” ဆိုတာကို ရုတ်တရက် အငွေ့တထောင်းထောင်းနဲ့ အပုံကြီးကို မြင်လိုက်မိလို့။ နောက်တော့မှာ သြော် SDL ကို ပြောတာနေမှာပါလေလို့ ဖြည့်စွက်တွေးယူုလိုက်ပါတယ်။

ဝေလေး said...

မေးလ်တွေပြန်ပို့ပြီး ပြန် share လိုက်မယ်။ အရင်တုန်းကကြားဖူးတာ အကြော်တွေမဟုတ်ဘူး။ လက်ဖက်ထဲက အကြော်စုံကို ကြာကြာကြွပ်ရွအောင် အဲလိုလုပ်တယ် ကြားဖူးတာပဲ။ ခုမှ အကြော်တွေကိုလည်း အဲလိုလုပ်တယ် ကြားတာ။ တစ်ကယ်မှတ်တာ..။ ရေသန့်ဘူးလဲ တစ်ခါမှ ဆီပူထဲမထည့်ဖူးတော့ ဖြစ်နိုင်လား မဖြစ်နိုင်လား မသိဘူးရယ်... စာရေးသူအပြော ပြောရရင်တော့ ချီးဘရိန်းပေါ့လေ.. :)

khin oo may said...

ကြော်တော့ကြော်ကြည့်ချင်သား ကြောက်လို့.

khin oo may said...

ဒါပေမဲ့ ရေဘူး ကော်ပလက်စတစ် ရေဘူး. ထဲကို ရေနွေးထည့်ပြီးသောက်ဘူးတယ် ဘူးက အ့ပူရှိန်ကြောင့်ပိန်လိန်သွားတယ်။ ကိုယ်ကတော့ဆက်သောက်တာဘဲ.။ ဘာအနံအရသာမှ မရဘူး. ဒါပေမဲ့မြင်သွားတဲ့သူက အဲသလိုမသောက်ရဘူးဆိုလို့ တော့ ဆက်မသောက်တော့ဘူး။

Taungoo said...

ဆီပူအိုးနဲ့ ကြော်တာကို steel မဟုတ်ဘဲ plastic ဇွန်း နဲ့ တစ်ခါ သုံးမိဖူးတယ်။ ဆီပူ အဓိက ထိတဲ့ နေရာမှာ plastic သားက ဖောင်းကြွတက်လာပြီး ဖု ဖြစ်သွားတယ်။ အဲလို ဘယ်အချိန်မှာ ဖြစ်သွားတာလဲတော့ သတိမထားလိုက်မိဘူး။ ကြော်ထားတာတွေ စားတော့လဲ ဘယ်လိုမှ သတိမထားမိလိုက်ဘူး။
ဆီပူနဲ့ plastic ကြုံဖူးတာလေး တစ်ခုပါ။

Jackel said...

We need other independent sources to confirm the news. At this point, no hasty conclusion can be made. It cannot be completely ruled out as baseless because PVC and PET are different compounds. As Ko July pointed out, burnt PVC is intolerably smelly, while PET is not so on the other hand.
http://www.greenerpackage.com/discuss/renewable_resources/pvc_vs_pet

Anyway, let's hope for the best that our fellow citizens are not such stupid to have used plastic in their fried.

တီချမ်း said...

@ ရီတာ

အကြော်ကြွပ်တာ ဝက်ဆီကြောင့်ပါ
အီကြာကွေးသည်တွေ တော်တော်များများက ဝက်ဆီထည့်ကြော်ကြပါတယ်

Rita said...

မှန်တာ ပြောရရင် ဘယ်ဟာကို လက်ခံရမယ် ဆိုတာ မသိဘူး။

ကြက်ဥကိစ္စတုန်းကနဲ့ မတူဘူး ဆိုရမယ်။ ကြက်ဥက မူရင်းကိုက စရိတ်နည်းတဲ့ပစ္စည်း လို့ တွေးရုံနဲ့တင် လုံလောက်တယ်။

အကြော်ကိစ္စကျ အဲလိုလုပ်ရင် အဲလို ဖြစ် မဖြစ် ဘယ်သူ့မှာမှ သိနိုင်တဲ့ အချက်အလက် အသင့်မရှိဘူး။ (အနံ့ နံ မနံ၊ ကြော်ပြီးရင် တသားတည်း ဖြစ် မဖြစ်)

fb မှာ ဖတ်ရတာ တခုကျတော့ တစ်ယောက်က မလေးရှားတစ်ယောက်ကို ဒီအကြောင်း သွားပြောမိပါသတဲ့။ အဲဒီမလေးရှားက အဲဒါ ငါတို့ဆီက နည်းပညာ အဟောင်းကြီး၊ ငါတို့ဆီမှာ အဲလို လုပ်လာတာ ကြာလှပြီလို့ ပြောပါသတဲ့။ သွား စ ပြောတဲ့ လူက ငါတို့ဗမာတွေမှာ ဒီနည်းတောင် မလေးရှားက သွင်းရရှာတယ် ဖြစ်နေပြန်တယ်။

ဒါပေမဲ့ အကြော်ကိစ္စ ပို့ထားတဲ့ လူတွေဆီကို ဒီ မေးလ်ကိုလည်း ထပ် ပို့ထားတယ်။

HRmyanmar said...

july-dream အထင်နဲ့ ရေးသားချက်ကို ဖတ်ရပါတယ် ကျနော်လည်း july-dream ရဲ့စာဖတ်နေတုန်းမှာ july-dream ရေးသလို ချီးဘရိန်းဖြစ်လိုက်ပါသေးတယ်

HRM မကြေနပ်လို့ ဆီပူကို စမ်းပြီး Plastic တခုထည့်တယ်
Plastic က အပူနဲ့ တွေ့တော့ တွန့်လိမ်လာတယ် နောက်ဆုံးသေးသေးလေးပဲ ကျန်တဲ့အချိန်မှာ အာလူးကို ကြော်ကြည့်တယ်ဗျ

ပုံမှန် အာလူးကြော်အတိုင်းပဲ ဖြစ်နေတယ် မကြေနပ်လို့ စားပါကြည့်တယ်း) ချီးဘရိန်း ဆိုတော့လေ ကျနော် တစ်ကိုက်စားလိုက်မိတာ ရောဂါတော့ ရမှာ သေချာတယ် ဘာပဲဖြစ်ဖြစ် အဖြေတစ်ခု ကျနော်လိုချင်တယ်လေ
စားလိုက်တော့
အရသာကမရှိဖူး ကျနော် အရသာမထည့်ဖြစ်လိုက်တာ ကြောင့်ဖြစ်မယ် ပုံမှန်အကြော်လိုပါပဲ ...
တကယ်အန္တာရာယ်များတယ် ဘာပဲဖြစ်ဖြစ် နီးစပ်ရာ သတိထားစောင့်ကြည့်ပြီး ဝိုင်ဝန်းတားမြစ်ကြတာပေါ့ဗျာ

လွတ်လပ်စွာဝေဖန်ရေးသားခွင့်ရှိပါတယ် ဒါပေမယ့် စာဖတ်သူကို မဝေဝါးပါစေချင်ဖူး

ခင်မင်လေးစားစွာဖြင့်
http://www.humanright-myanmar.com/
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

JulyDream said...

ကျွန်တော့်အနေနဲ့ကတော့ လက်တွေ့စမ်းသပ်မှုတွေကို အားပေးပါတယ်။ ရလဒ်တွေကိုလည်း ပြန်လည် ဝေမျှပေးပါလို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ။

HRmyanmar said...

ရလဒ်တွေက အကြော်က ပုံမှန် ဆီနဲ့ ကြော်တာနဲ့ အတူတူပါပဲ
အရောင် မပြောင်းဖူး
Plastic အနံမရဖူး (အကြော်မှာ)
မြင်ရုံနဲ့ မသိနိုင်သလို စားကြည့်လည်း မသိနိုင်ပါဖူး

Plastic ကို အကြော်ကြော်တဲ့ ဆီထဲ ထည့်တယ်ဆိုတာ ဖြစ်နိုင်ခြေ ၁၀၀ ရာခိုင်နှုန်းအပြည့် ရှိပါတယ်။

July Dream ရဲ့ စာဖတ်ပြီး ချက်ခြင်းထလုပ်တာ အခု နောက်တခါ ပြန်လာရေးတာနဲ့ဆို ၃ နာရီလောက်ရှိပြီ
စကြော်တုန်းကအတိုင်းပဲ ချိုးကြည့်တော့ ကြွပ်တုန်းပဲ

ဒီတခါတော့ ထပ်မစားတော့ဖူးဗျား)

လက်ကျန်ဆီက အေးသွားတော့ အိုးမှာ
ကျနော်ကြည့်တယ်
Plastic က သေးလေးပဲ ရှိတော့တယ်
မီးလောင်ထားတဲ့ Plastic လိုပဲ
မြန်မာလိုဆို ကော်အမာလို့ ခေါ်မယ် ထင်တယ်
အဲ့ဒီ့ကော်အမာလေးကျန်ခဲ့တယ်။

နောက်တစ်ခုက ဆီထဲထည့်ကြော်တာ ကော်အမာဆို မရလောက်ဖူး ကော်အပျော့ ဖြစ်မှ ရမယ်

အေးနေတဲ့ ဆီကလည်း ပုံမှန် ကြော်ထားတဲ့ဆီလိုပါပဲ

ပြန်သုံးလို့ ရသေးတယ်

အိမ်ကလူတွေက ကြောင်တောင်တောင်နဲ့ အန္တာရာယ်များတယ် လို့ ပြောပေမယ့် ကျနော် လုပ်ကြည့်ခဲ့တယ်

ပထမပိုင်း ကျနော် Plastic ကို ပျော်ချင်ဇောနဲ့ မီးများများဖွင့်ထားလိုက်မိတာ
အိုးကတော့ တော်တော် တိုက်လိုက်မှ ပြန်ဖြူလာတယ် အိုးတိုက်တုန်းက ကျနော် ပျော်နေတယ် အတွေ့အကြုံတစ်ခုရလို့


ခင်မင်လေးစားစွာဖြင့်
http://www.humanright-myanmar.com/
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။

Kalvin said...

yes frying plastic into fritters is bad .. extremely bad.
But read the original article .. and I made my assumption to that article
( which follow the original hoax of gorang pisang )

Fact 1 : BIG Fried Fritter Shop in Thamine Junction ...
Fact 2 : Look at the photo .. shop with 1 glass box ( That kinda shop even have this quality fritter ? )
Fact 3 : I'm not saying you can't do this .. you can do this .. just plastic and food doesn't mix
Fact 4 : If potato fried is successful .. please request them to try Normal Burmese Fritter
( e.g : Buuthee, Bayar Kyaw, Kyat thun kyaw .. try without plastic and with plastic )

If those fritter shops use plastic just to get a couple of hrs crispiness ... then we all should see fritters from those roadside shops are crispy.
( most of the shops are selling soft / near-soft fritters .. )

I am asking the authenticity of the news .. if the news is authentic ..
1. They must show the photo of the so-called BIG shop they claimed.
2. That shop must be reported to Ministry of Health and Police.
3. Where is the follow-up ?
4. If anyone tried this and say .. can do this while frying potato .. that person should try in the same way without plastic. ( I don't think anyone need plastic to get the same result )
5. For the crispyness, there are a lot of mixing different ratio of rice/wheat powder than mixing plastic .. I don't see a reason behind here.

Kal

HRmyanmar said...

Kalvin !
you should try yourself !
you don't know thorughly, i think so !

and also you shouldn't write if you don't konw precisely, bez; pity for reader.

Kalvin said...

Ko July ဘလော့မှာ တင်ဖို့ရေးထားတာမဟုတ်ဘဲ သူငယ်ချင်းတွေ ဖတ်ဖို့သာ ရေးထားတာမို့ .. ကျွန်တော့် မူလအရေးအသား ရိုင်းကောင်း ရိုင်းနေပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့် စေတနာက .. သတင်းဆိုရင် အချက်အလက် ဆယ်ခုပါရင် ဆယ်ခုမှန်ရမယ်ဗျ။ ၁နဲ့ ၂နဲ့ မဖြစ်နိုင်ပေမယ့် ၃နဲ့ ၄က ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ .. မှားတယ်ပြောလို့ မဖြစ်ဘူး .. ဟုတ်ချင်ဟုတ်နေမှာ ဆိုတဲ့ အယူအဆက ငါစကောတပ်ကြီး ရောက်လာပြီဆိုတာနဲ့ သိပ်မခြားသလိုပါပဲ။

I worked for a restaurant for about one year as a kitchen crew. Working hours is 12 hours long and serving more than 2000 people per day. I don't think anyone need plastic to make their fritter crispy.

There are basic recipe for crispy fritters which is very common ( known to every chef or housewives who know how to cook )

Maybe you are an expert in some place but FYI there are a lot of powders you can use/mix to make the fritter crispy. e.g : Rice Flour and Baking Soda ...

How many of Myanmar fritters need to be crispy ? Not ဘယာကြော်၊ Not တိုဟူးကြော်၊ Not ကြက်သွန်ကြော် .. then which one need to be crispy ?

ပလတ်စတစ်ဆိုတာ ဒီလောက် လူသုံးမများခင် ရေသန့်ဗူးဆိုတာ မပေါ်ခင်ကတည်းက လူတွေဟာ ကျွတ်ရွနေအောင် ကြော်ထားတဲ့ အကြော်တွေ လုပ်ခဲ့ စားခဲ့ကြပါတယ်။ လက်ဖက်အကြော်စုံ၊ မေမြို့ ပဲစိမ်းကြော်၊ မုန့်ဟင်းခါးထဲ ထည့်စားနေကြတဲ့ ပဲကြော် တို့ဟာ အထူးကျွတ်ရွနေအောင် ကြော်ထားတဲ့ အကြော်တွေပါပဲ။

အကြော်တွေကို ကျွတ်ရွအောင် ကြော်ဖို့ ပလတ်စတစ်မလိုပါဘူး။ တကယ်ထည့်သုံးတာတွေ သိချင်ရင် တကယ့် အကြော်ဖိုတွေကို သွားလေ့လာသင့်ပါတယ်။

ကြက်သွန်ဖြူဥကို မွှာထားပြီး ကျွတ်မွနေအောင် ကြော်ထားတာ မြင်ဖူးပါသလား။ ကိုယ်တိုင် အိမ်မှာ စမ်းကြော်ကြည့်ပါ အဲသလိုဖြစ်အောင် လုပ်လို့ ရသလားလို့ ... ။ အာလူးကို ဘယ်ညာမပြတ်စေဘဲ မွှပြီး ( အာလူးပိုးတီလို့ခေါ်ပါတယ်။ ) အရှည်လိုက် ကျွတ်ရွနေအောင် ကြော်လို့ ရတယ် ... လေလုံအောင်သာ ပိတ်ထား တစ်ပါတ်လောက်ကတော့ မပျော့သွားဘူး။ ကိုယ်တိုင်ကြော်ကြည့်ပါ ဖြစ်သလားလို့။

လေးငါး ဆယ်ခကြော်တာနဲ့ အခုပေါင်း လေးငါးခြောက်ရာ တစ်ထောင်လောက် ကြော်တာလည်း နည်းမတူပါဘူး။ အကြော်တွေ ကျွတ်ရွအောင် Baking Soda လိုအပ်တာထက် ပိုထည့်ထားတာ .. ပဲကျွတ်ကြော်တို့ အာလူးပိုးတီတို့ ဆိုရင် မကြော်ခင် ကျောက်ချဉ်စိမ်တယ်လို့သိရပါတယ်။

ကျွန်တော်က အကြော်ကြော်နည်းတွေကို ပြောနေတာမဟုတ်ပါဘူး။ ပြောလည်း မပြောချင်ပါဘူး။

သတင်းအကြောင်းပြောတာပါ။ အခြေအမြစ်မရှိတဲ့ သက်သေမပြဘဲ Hearsay တွေနဲ့ ပြောထားတဲ့ သတင်း၊ ၂၀၀၇/၂၀၀၈ လောက်က မလေးရှား အထူးသဖြင့် Johor မှာလုပ်တာ မျက်စိနဲ့မြင်ပါတယ်ဆိုပြီး စင်ကာပူက ဘလော့ဂ်တချို့နဲ့ အစိုးရ၀ါဒဖြန့်သတင်းစာတွေမှာ ပါလာပါတယ်။ အခုလိုပဲ တောပြောတောင်ပြောနဲ့ သတင်းကနောက်တော့ မြုပ်သွားပါတယ်။ ကြာပါပြီ။ အခု မြန်မာတွေက ဒီ Flow ကို ကူးချတာ သိပ်သိသာလွန်းပါတယ်။

လူ့အဖွဲ့အစည်း ကွာခြားချက်က ... မြန်မာတွေဟာ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းကိုသာ မပြောရဲရင်ရှိမယ်။ ပလတ်စတစ်ထည့်ကြော်နေတဲ့ အကြော်သည်ကိုမြင်ရင် ထမဆဲဘဲ နေမယ့်လူ ရှိမယ် မထင်ပါဘူး။ စလုံးတွေက ငကြောက်တွေပါ။

မှိုတွေစွဲနေတဲ့ ငရုတ်သီးခြောက်တွေကို ဖွဲနုတွေနဲ့ ရောပြီး ဆေးဆိုးကာ ရောင်းကောင်းနေတဲ့ ငရုတ်သီးမှုန့် စက်ရုံတွေ အကြောင်း ဘယ်သူရေးတာ ဖတ်ဖူးကြပါသလဲ။ ( အဲဒီ အသိုင်းအ၀ိုင်းကလူတွေက လွဲလို့ ဘယ်သူသိပါသလဲ။ ) ဒါ တကယ်ဖြစ်နေတာ နှစ်ပေါင်းနှစ်ဆယ်လောက်ရှိပြီ ဘယ်သူမှ မပြောသလို ဘယ်သူမှ အရေးမယူပါဘူး။

ပလတ်စတစ်အကြော်စားမိမယ့် လူအရေအတွက်က သိပ်နည်းလွန်းပါတယ်။ ငရုတ်သီးမှုန့် မစားမိမယ့်လူက နို့စို့ကလေးပဲရှိပါလိမ့်မယ်။ Accountable မဖြစ်တဲ့ လမ်းဘေးအကြော်ဆိုင်ကို ရေးရဲတဲ့ သတင်းသမားဆိုသူတွေက ကျိကျိတက်ချမ်းသာနေတဲ့ ငရုပ်သီးမှုန့်စက်ရုံအနား သီရဲသလား .. မေးချင်မိပါတယ်။

kal

စန္ဒကူး said...

မလေးရှား က လူတွေကတော့ သူတို့နိုင်ငံမှာ အဲလိုလုပ်တာ ကြာနေပီလို့ပြောပါတယ်။
သူတို့ပြောပြတာက straw ကိုဆီပူထဲထည့်တာလို့ ပြောတယ်။ အသက်ကြီးနေတဲ့အန်ကယ်ကြီးက သူတို့နိုင်ငံမှာအဲလိုလုပ်တာ ကြာနေပါပီတဲ့...ဒါကြောင့် အပြင်မှာဝယ်မစားဘူးပြောပါတယ်
မြန်မာပြည်သတင်းဟုတ်မဟုတ်တော့မသိပါ..ဒါပေမယ့် အခြားနိုင်ငံမှာလုပ်နေတဲ့ကိစ္စတစ်ခုပါ။

Anonymous said...

ဒါဘယ်သူ့ အပြစ်လဲ ... စဉ်းစားကြည့်တယ် ... လူတွေလဲ .... ပစ္စည်းရှားပါးလာ၊ စီးပွားရေးတွင်းကလဲ နက်သထက်နက်လာ၊ အကျင့်စာရိတ္တတွေကလဲ ပျက်သထက်ပျက်လာ၊ ငတ်သထက် ငတ်လာ၊ ဒီလိုနဲ့ ဥဏ်နီ၊ဥဏ်နက်၊ ဥဏ်ရောင်စုံတွေ ထွက်လာ ..... အစိုးရကလဲ ကိုယ်နဲ့ မဆိုင်တဲ့ အလုပ်လို အသာလက်ပိုက်ကြည့်လာ ..... အင်း .....