.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, September 25, 2010

The Lantern Festival



တရုတ်တွေရဲ့ ရိုးရာမီးပုံးပွဲတော်ကို တရုတ်ပြက္ခဒိန်အရ ရှစ်လပိုင်း ၁၅ ရက်နေ့မှာ ကျင်းပလေ့ရှိပါတယ်။ စက်တင်ဘာလအကုန်နဲ့ အောက်တိုဘာလဆန်းပိုင်း အကြားမှာပေါ့။ အဲဒီပွဲတော်ကို လမုန့်ပွဲတော်လို့လည်း ခေါ်ကြပါတယ်။

အဲဒီပွဲတော်ရဲ့ ဒဏ္ဍာရီနောက်ခံ ပုံပြင်လေးကိုတော့ ဒီပို့စ်မှာ ရေးခဲ့ဖူးပါတယ်။ လမုန့်ပုံပြင်လေးကိုလည်း ဒီနေရာမှာ ရေးတင်ခဲ့ဖူးပါတယ်။

တရုတ်ပြည်နဲ့ ထိုင်ဝမ်မှာတော့ အစိုးရရုံးပိတ်ရက်တွေပေါ့။ စင်္ကာပူကျွန်းပိစိမှာတော့ ရုံးမပိတ်ပါဘူး။ ဒါပေမယ့် တရုတ်တန်းမှာတော့ မီးပုံးလေးတွေ လမ်းတလျှောက် ထွန်းထားပေးပါတယ်။ မီးပုံးလေးတွေကို စီစီရီရီ တွေ့ရတော့ သီတင်းကျွတ်ပွဲတော်ကိုတောင် သတိရမိပါတယ်။ စင်္ကာပူလောက် မလှပေမယ့် ကြည်နူးဖို့တော့ ကောင်းတာတော့ အမှန်ပဲလေ။ ဗျောက်အိုးသံလည်း လွမ်းမိတယ်။

စင်္ကာပူ တရုတ်တန်းက ရထားဘူတာအဝမှာတော့ နိုင်ငံမျိုးစုံက ပြိုင်ပွဲဝင်ထားတဲ့ မီးပုံးအမျိုးစုံကို ချိတ်ဆွဲ ထွန်းညှိပေးထားတယ်။ အီဂျစ်၊ ဗီယက်နမ်က မီးပုံးတွေ ပါသလို မြန်မာမီးပုံးတွေလည်း ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်တဲ့ ရွှေမြန်မာတွေ အချိန်မရလို့ပဲလား မသိဘူး။ မြန်မာမီးပုံးဒီဇိုင်းက ရိုးရိုးရှင်းရှင်းပဲ တွေ့ရတယ်။ ပြောမယ့်သာ ပြောတာပါ။ မြန်မာ့ရိုးရာ မီးပုံးဆိုတာ ဘယ်လိုမျိုးမှန်းကို သေချာ မသိသေးဘူး။ ရန်ကုန်မှာ ထွန်းနေတဲ့ မီးပုံးတွေကတော့ ဒီဇိုင်းမျိုးစုံပဲလေ။ အဝိုင်း လေးထောင့် ပုံစံမျိုးစုံ မြင်ဖူးတယ်။

မီးပုံးတွေ အရောင်စုံ ပြိုင်တူ ထွန်းညှိထားတာ မြင်မိတော့ ပျော်မိတယ်။ မီးပုံးတွေလိုမျိုး လူတွေလည်း ကိုယ်စီ တာဝန် ကျေပွန်ရင် ကောင်းမှာပဲလို့လည်း အတွေးဝင်မိတယ်။ လင်းတဲ့ မီးပုံးက လင်း... မှိတ်နေတဲ့ မီးပုံးက မှိတ် ဆိုရင် ကြည့်ရတာ ဟာတာတာ ဖြစ်နေတယ်။ မပြည့်စုံဘူးလို့ မြင်မိတယ်။ အလုပ်ကို စိတ်စေတနာ အပြည့်နဲ့ အချိန်ရရင် ရသလို ကြိုးစားလုပ်တဲ့သူက လုပ်နေပြီး ရေသာခိုနေတဲ့သူက အချောင်လိုက်နေရင် မတရားဘူးပေါ့။ လင်းနေတဲ့ မီးပုံးတွေကို မှိတ်နေတဲ့ မီးပုံးလေးတွေက ရှက်စိတ်တွေနဲ့ အားနာမိမလားတော့ မသိဘူး။ ဒါပေမယ့် လူတွေကတော့ အရှက်မရှိ ခပ်တည်တည်ပါပဲ။ အတ္တတွေ ကိုင်စွဲရင်း ကိုယ်ကျိုးအတွက် ကြည့်တာ များလွန်းလှတယ်။

တလက်စတည်း တွေးမိတာက မိုးခါးရေတွေ သောက်နိုင်ဖို့ ကြိုးစားယူရအုံးမယ်။ လင်းနေရမယ့် မီးပုံးတွေ မီးမှိတ်နေလည်း ခပ်တည်တည် နေတတ်ဖို့ သင်ယူရအုံးမယ်။ အတော့်လေးကို မလွယ်တာပါပဲ။

6 comments:

ShwunMi- said...

မလွယ်တာမို့ ပြောမိတာပါ ကိုဂျူလိုင်..
လင်းနေတဲ့ မီးပုံးတွေလည်း သူ့ဝဋ်ကြွေးနဲ့သူ အပူခံရ.. မှိန်နေတဲ့ မီးပုံးတွေလည်း သူ့ဝဋ်ကြွေးနဲ့သူ အပြောခံရ..
ညီမကတော့ အားလုံးခြုံကြည့်ပြီး ပုံလေးလှတယ်လို့ပဲ မြင်ပစ်လိုက်တယ် .. စိတ်ချမ်းသာပါတယ် =)

Unknown said...

အက်ဆေးကောင်းပီသတယ် ကိုဂျူလိုင်..

JulyDream said...

ရွှန်းမီရေ..... အလုပ်ထဲက လူတွေနဲ့ ပတ်သက်ပြီး ရှိနေတဲ့ ခံစားချက်လေးကို ချရေးထားတာပါ။ အဲဒါလိုမျိုးကို ရှေ့နှစ်ပတ်က ဖွဘွတ်ခ်မှာလည်း မတ်ဆေ့ခ်ျတင် ရေးဖူးတယ်။

လင်းတဲ့သူက အပူခံပြီး လင်းနေတဲ့အချိန် မလင်းလည်း နေပါကွာ... အေးဆေးနေရရင် ပြီးရော ဆိုတဲ့ လူတွေကို ကြည့်မရလို့ပါ။ လှတာကတော့ လှပါတယ်လေ။

ShwunMi- said...

ဟုတ်.. အဲ့ဒါတွေကလည်း မလွယ်တော့မလွယ်ဘူး.. လူကြီးစကားလာပြောသလိုတောင် ဖြစ်နေပီ..
(အေးဆေးမနေနိုင်သူ)

ဂျစ်တူး ( မုံရွာ ) said...

ဂျစ်တူးအရမ်းကြိုက်သွားတဲ့ဓါတ်ပုံလေးပါခင်ဗျာ-
တော်တော်ကလေးကိုကြိုက်သွားတာပါ-
သားရည်များတောင်ယိုမိပါတယ်-

T T Sweet said...

ပုံလေး သိပ်လှတယ်။ အရောင်တွေလဲ စုံလို့။symmetrical ဖြစ်နေတယ်နော်။

အပေါ်က ဂျစ်တူးမန့်သွားတာလေး သဘောကျတယ်။ အစားအသောက်အချက်အပြုတ်သမားတွေက ဟင်းပုံတွေ မြင်ရင် သွားရေကျသလို ဓာတ်ပုံသမားကလဲ ဓာတ်ပုံလှလှမြင်ရင် သွားရေကျတတ်ပါလားလို့ တွေးသွားတယ်။