.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, February 7, 2009

Special Gifts


အတ္တဟိတနဲ့ ပရဟိတ မျှစေမယ့်
အိမ်အပြန်လက်ဆောင်တွေပေါ့...

မှတ်ချက်။ လူရင်းကြီးတွေ မဖွကြေးနော်... အဟဲ။

Thursday, February 5, 2009

Gtalk shock

ဂျီတော့ခ်နဲ့ ပါတ်သတ်ပြီး ရေးနေကြတာ ဖတ်ဖူးပါတယ်။ အများစုကတော့ အလွဲသုံးစားပြုမှုပေါ့။ စုံစီနဖာ မျိုးစုံ တွေ့နေရပေမယ့် ဇာတ်လမ်းတွေက ရိုးမသွားပါဘူး။ တစ်ယောက်တစ်မျိုး မရိုးရအောင် တစ်မျိုးပြီးတစ်မျိုး ကြုံဆုံနေရတာပါပဲ။ ကျွန်တော်ဇူလိုင်လည်း အွန်လိုင်းကမ္ဘာထဲမှာ တကူးတက အပူမရှာပဲ ကိုယ့်ဘာသာကိုယ် အေးအေးချမ်းချမ်း နေထိုင်ပေမယ့်လည်း အဲဒီအရှုပ်တော်ပုံ ကပ်ဘေးကြီးက ပြေးမလွှတ်နိုင်ခဲ့ပါဘူး။ ရှေးဘ၀ ၀ဋ်ကြွေး မပြေသေးလို့ ဒီဘ၀ ခါးစည်းဆပ်နေရသလားပဲ။

Blogကမ္ဘာမှာ ရေးသူဖတ်သူ အချင်းချင်း ဆက်သွယ်လို့ရအောင်... ရေးသားထားခဲ့တဲ့ စာတွေနဲ့ ပတ်သတ်ပြီး တစ်စုံတရာ အငြင်းပွါး ဝေဖန်စရာတွေ ရှိရင် လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီး ပြောဆို ဝေဖန်လို့ရအောင်... ဂျီးမေးလ်လေး ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ပဲ အသိအကျွမ်း အသစ်တွေ ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်။ ဒီအသိုင်းအ၀ိုင်းလေးမှာ ကျင်လည်နေတဲ့သူ အများစုကတော့ စာတတ်ပေတတ်တွေပါပဲ။ ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ ဆိုသလို ဂျီတော့ခ်မှာ သူတို့က အေးဆေးပါပဲ။ မအေးဆေးတာကတော့ Forward email တွေမှာ ပါလာတဲ့ လိပ်စာမှန်သမျှ လှမ်းဖိတ်ပြီး ဂျီတော့ခ်လောကထဲ ဘုမသိဘမသိ ၀င်လာတဲ့ သကောင့်သား အထီးအမ ပေါင်းစုံပါပဲ။

မှတ်မှတ်ရရ ပြဿနာတစ်ခုက ယောကျာ်းလေး ၃ ယောက်ပါတဲ့ ပုံတစ်ခုကို တင်ထားပြီး ဆောင်းဆိုတဲ့ စာလုံးတစ်ခုပါတဲ့ အကောင့်တစ်ခုက ဟယ်လိုဆိုပြီး အင်္ဂလိပ်လို စနှုတ်ဆက်လို့ ကျွန်တော်က ဟုတ်ကဲ့ ပြောပါခင်ဗျာ...လို့ မြန်မာလို စာရိုက် ပြန်ဖြေလိုက်တော့ ကိုယ်တော်က ဘားဂလစ်ရှ်နဲ့ ပြန်မေးပါတယ်။ မင်း ဗမာလားတဲ့။ မြန်မာစာလုံးနဲ့ ရိုက်ပြီး ပြန်ဖြေထားတာတောင် မင်းဗမာလားလို့ မေးရတဲ့ ငကြောင်မျိုးကို အဲဒီတစ်ခါမှာ တွေ့လိုက်ရပါတယ်။ အတော်လေးကို စိတ်ပျက်စရာ ကောင်းလှပါတယ်ဗျာ။

နောက်တစ်ခါကတော့ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်ရဲ့ ဂျီမေးလ်။ လူဆိုးလေးပေါ့။ အသက်ကတော့ ငယ်ပါတယ်။ ရုပ်ကတော့ ကျွန်တော်ထက် ကြီးတယ် ထင်ရတယ်။ ဘယ်သူကနေ ဘယ်လိုပေးလိုက်လို့လဲ မသိဘူး ကျွန်တော့်သုံးနေတဲ့ ဂျီမေးလ်အကောင့်က သူ့ဆီရောက်သွားတယ်။ အဲဒီလိုနဲ့ ပြန်တွေ့ဖြစ်ကြတယ် ဆိုပါတော့။ နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးတွေ လုပ်ကြတော့ သူလည်း ကျွန်တော်တို့နဲ့အတူ ၀ိုင်းပြီး လုပ်ပေးဖူးတယ်။ ဒါနဲ့ပဲ အခုနောက်ပိုင်းမှာ ဘာတွေ ဆက်လုပ်ဖြစ်နေလဲ ပြောဖြစ်ဆိုဖြစ်ကြတယ်။ ဒီလိုနဲ့တစ်လလောက် တစ်ရက်ခြား တစ်ခါလောက် ညပိုင်းတွေမှာ စကားတွေ ပြောဖြစ်ခဲ့တယ်။ နောက်တော့ ကျွန်တော်လည်း ကမ့်ဝင်ရတော့ အွန်လိုင်းနဲ့ တစ်ပတ်လောက် အဆက်အသွယ် ပြတ်သွားတယ်။

ကမ့်က ပြန်ထွက်လာပြီး တစ်ပတ်လောက်အထိ သူ့ကို အွန်လိုင်းမှာ မတွေ့ရပါဘူး။ တစ်ရက်မှာ ကျွန်တော့်ကို ဟယ်လိုဆိုပြီး လှမ်းပြီး နှုတ်ဆက်ပါတယ်။ ကျွန်တော်ကလည်း သိထားပြီးသား လူဟောင်းပဲဆိုတော့ ဝေး... နေကောင်းတယ် မဟုတ်လား...လို့ ပြန်မေးလိုက်တယ်။ သူက အင်္ဂလိပ်လို ရား... ဆိုပြီးတော့ I want to meet you တဲ့။ ကျွန်တော် နည်းနည်းကြောင်သွားတယ်။ သူက ရန်ကုန်မှာ ကျွန်တော်က စင်္ကာပူမှာ။ ဘာကြောင့် သူက ကျွန်တော်ကို တွေ့ချင်ရသလဲပေါ့။ ကျွန်တော်က ဘာလုပ်ဖို့လဲ... လို့ ပြန်မေးလိုက်တယ်။

အဲဒီတော့ သူက ဖုန်းရှိလားတဲ့။ ရှိမှာပါတဲ့။ ရှိရင် ပေးပါနော်တဲ့။ ဒီကောင် သိပ်ပြီး မူမမှန်တော့ဘူးလို့ ကျွန်တော့်စိတ်ထဲမှာ ထင်စ ပြုလာပြီ။ ဒါပေမယ့် အရေးကြီးကိစ္စ တစ်ခုခုများ ပြောစရာရှိလို့ pfingo ကနေ ခေါ်မလို့လားဆိုပြီး ဖြေတွေးပေးလိုက်သေးတယ်။ အဲဒါနဲ့ သူ့ကို ဖုန်းဆက်ဖို့ ဘာအကြောင်းထူးရှိလဲ ပြန်မေးလိုက်တယ်။ သူက ဒီလိုပါပဲ ပြောချင်လို့ပါ။ ပေးပါနော်တဲ့။ မနက်ဖြန် ည အားလားတဲ့။ အပြင်မှာ ဆုံကြရအောင်နော်တဲ့။

ဟားဟား.... ဘာကြီးလဲဟ။ နည်းနည်းတောင် လန့်သွားတယ်။ သဘောပေါက်လိုက်ပြီ။ ဒီအကောင့်ကို မူရင်းပိုင်ရှင် သုံးနေတာ မဟုတ်လောက်ဘူး။ တခြားတစ်ယောက် ၀င်သုံးနေတာ ဖြစ်မယ်။ ဒါကြောင့် ဒီလို စကားတွေ ထွက်လာတာ။ သေချာတာက ကျွန်တော့်ကို မူရင်းပိုင်ရှင်က ဒီလိုစကားမျိုးတွေ လုံးဝ မပြောရဲခဲ့ဘူး။ ဘာဖြစ်လို့များ ဒီလိုမျိုးတွေ လုပ်ကြသလဲပေါ့။ ကိုယ်သုံးနေတဲ့ အကောင့်ကို ကိုယ်ပဲ သုံးကြပေါ့။ အခုဟာ သူများတကာကို လက်ပြောင်းလက်လွဲ လုပ်သွားတာက မကောင်းဘူးလို့ မြင်မိပါတယ်။ Contact list တွေကို လူကုန်ကူးသလိုမျိုး သူများလက်ထဲ ပေးခံလိုက်သလို ခံစားရတယ်။ အတော်ကို စိတ်ဆိုးမိပါတယ်။ ဒါကြောင့် သေချာတာ တစ်ခုကတော့ ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် ဒီကောင်ကို ပညာပေးလိုက်အုံးမယ်။

ရန်ကုန်က အင်တာနက်ဆိုင်တွေမှာ ချက်တင်းထိုင်ရင်း ဖွန်ကြောင်နေတာ ဖက်ရှင်တစ်ခုလို ဖြစ်နေကြပြီလား။ ကိုယ်မအားတဲ့အချိန် တခြားတစ်ယောက်ကို မင်း ဆက်ကြောင်ထားလိုက်ကွာဆိုပြီး လက်ပြောင်းလက်လွှဲ လုပ်နေကြတာလား။ လက်လွှဲယူထားတဲ့ အကောင်ကလည်း အခုပြောနေတဲ့သူက အထီးလား အမလား ဘာတစ်ခုမှ မသိပဲ စွတ်ဆတ်ကြောင်တာကလည်း ဆလံသလောက်ပါတယ်။ မတော်လို့များ မူရင်းပိုင်ရှင်နဲ့ ပတ်သတ်နေတဲ့ အမျိုးအရင်းတွေ၊ ဆရာတွေ ဆရာမတွေများ ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။ ဘာဖြစ်လို့ အဲဒီလောက်တောင် အသိဥာဏ် နုံနဲ့ရတာလဲဆိုပြီး စိတ်ထဲက မခံချိ မခံသာ ဖြစ်မိပါတယ်။ အင်တာနက်သာ သုံးနေကြတာ ပုဂ္ဂလိက လွတ်လပ်ခွင့် ဆိုတာကို နားမလည်သေးတဲ့သူတွေပဲဗျာ။

ခေတ်မှီချင်လွန်းလှတဲ့ အောင်သွယ်တော် မြားနတ်မောင်လည်း ဂျီတော့ခ်လောကထဲ ဒိုင်ဗင်ထိုးဝင်လာတော့ ဒင်းနဲ့ကျွန်တော် နောင်ဂျိန်ချရပြီပေါ့ဗျာ။ ဒင်းကတော့ ဒီလူပျိုကြီး စွံပါစေတော့ ဆိုပြီး မယောင်မလည် အူကြောင်ကြား မနူးမနပ် သူငယ်နပ်စား ကလေးမတွေကို ကျွန်တော့် ဂျီတော့ခ်ထဲ လွှတ်ထည့်လိုက်တာမှာ ဒေါသအိုးကို စနက်တံ ဖြုတ်သလို ဖြစ်သွားရတာပေါ့။ ကလေးမတွေကလည်း မေးခွန်းမျိုးစုံကို တရပ်စပ် လိမ့်မေးတာက အလုပ်တစ်ဘက်နဲ့ ဖြေနေရတဲ့ ကျွန်တော်အဖို့ ဒေါသဒီဂရီတွေကို တရိပ်ရိပ် မြင့်စေပါတယ်။ ပြီးရင် ဖြေထားတာကို မယုံသလိုလိုနဲ့ တကယ်လား။ အဟုတ်လား။ မလိမ်နဲ့နော် ဆိုပဲ။ ညည်းတို့ထက် အသက်ကြီးပါတယ်။စင်္ကာပူမှာ နေပါတယ်။ အခု အလုပ်များနေပါတယ်။ ဒါမျိုးတွေ ဖြေထားတာကို မလိမ်ပါနဲ့ အခု ဘယ်ဆိုင်ကနေ သုံးနေတာလဲ တဲ့။ သေ သေ... သေလိုက်ကြပါတော့ကွယ်။

ကိုဇူလိုင်ဗျာ... ဘာဖြစ်လို့ ဒုက္ခခံနေရသလဲ။ မသိတဲ့သူဆိုရင် နဂိုကတည်းက လက်မခံနဲ့လေ။ ဒါမှမဟုတ် လက်ခံမိရင်လည်း block လုပ်ပေါ့ဗျာလို့ ပြောကြမှာကို သိနေပါတယ်။ အဲဒီအတွက် ပြန်ဖြေရှင်းပေးရရင် ကျွန်တော် မသိပေမယ့် လက်ခံမိတာက Blog ကနေတဆင့် လာတဲ့သူတွေ ဖြစ်မှာ စိုးလို့ပါ။ နောက်တစ်ခုက သိဟောင်းကျွမ်းဟောင်းတွေ ဖြစ်နေမှာ စိုးလို့ပါ။ စကားပြောကြည့်လို့ အချိုးမပြေတဲ့သူတွေကို ကျွန်တော် block လုပ်ပါတယ်။ အခုပြောနေတာက block မလုပ်ခင်အချိန်မှာ ခံရတဲ့ ဒုက္ခလေးကို ပြောနေတာပါ။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ်တော့ စိတ်ကြီးကိုမှ အတော်ညစ်ရပါတယ်။

အဲဒါကြောင့် Forward Mail တွေ ပို့ရင် ကျွန်တော့် အီးမေးလ်ကို BCC မှာပဲ ထည့်ပြီး ပို့ကြပါခင်ဗျာလို့ ပြောလိုက်ချင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော့်ဆီ ဘာတစ်ခုမှ Forward မလုပ်တာ ကောင်းပါတယ်။ မပို့လို့ ချန်ထားခဲ့လို့ စိတ်ဆိုးမယ့် လူစားမျိုးမဟုတ်ပါဘူး ခင်ဗျာ။ အဲဒီလိုမှ မဟုတ်ရင် ကျွန်တော်ဇူလိုင် လုံးရာကနေ ပြားသလိုမျိုး ယောကျာ်းအချင်းချင်း ဖွန်ကြောင်ခံရသလို မနူးမနပ် သာလိကာမတွေရဲ့ တကယ်လားဟင် ဟုတ်ရဲ့လားဟင် မညာနဲ့နော်ဆိုတဲ့ တီတီတာတာ စကားမလိုင်များကြားမှာ အီစလံဝေပြီး ဒေါသဒီဂရီတွေ တိုးနေပါလိမ့်မယ်။ ကျွန်တော့်ကို သနားကြပါ... သနားကြပါခင်ဗျာ။

Tuesday, February 3, 2009

Flying Cambridge Shoe


ဖိနပ်ပျံကြီး ထပ်ပေါ်လာပြန်ပါပြီ။ ၂၀၀၈ ရဲ့ နှစ်ဆုံးပိုင်းမှာ ပျံတဲ့ဖိနပ်မျိုး ၂၀၀၉ နှစ်ဆန်းပိုင်းမှာ တစ်ခါ ထပ်ပေါ်လာပြန်ပါတယ်။ ရှေ့တစ်ခေါက်က အမေရိကန်သမ္မတ ဂျော့ဘုရှ်ပါ။ ဒီတစ်ခါ ဈေးဦးပေါက်သွားတာက တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင်ပါပဲ။ ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ကျင်းပတဲ့ World Economic Forum တက်ရောက်ခဲ့တဲ့ တရုတ်ဝန်ကြီးချုပ်ဝမ်ကျားပေါင်ဟာ ပြည်တော်မပြန်ခင် နောက်ဆုံးခရီးစဉ်အနေနဲ့ အင်္ဂလန်ကို ၀င်ရောက်ခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ်ဘရောင်းနဲ့ စီးပွါးရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။

မနေ့က တနင်္လာနေ့မှာ ကျင်းပတဲ့ Cambridge University က ဟောပြောပွဲမှာ မိန့်ခွန်းချွေတဲ့ ၀န်ကြီးချုပ် ၀မ်ကျားပေါင် မိန့်ခွန်းရဲ့ အဆုံးပိုင်းနားအရောက်မှာ ဂုဏ်ပြုဖိနပ်စာ အကျွေးခံရပါတော့တယ်။ ခန်းမဆောင်ရဲ့ နောက်ပိုင်းနားမှာ ထိုင်နေတဲ့ ဥရောပတိုက်သားလို့ ထင်ရပြီး ဆံပင်အနက်ရောင်နဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဖိနပ်နဲ့ ပစ်ပေါက်ခဲ့တာပါ။

ဒီတစ်ခါ ဖိနပ်နဲ့ ကောက်ပေါက်တဲ့သူက လက်မတည့်ရှာပါဘူး။ အဝေးကြီးကနေ လှမ်းပစ်ရလို့ ထင်ပါတယ်။ ၀မ်ကျားပေါင်ရဲ့ ဘေးဘက် ပေအနည်းငယ်အကွာကို ရောက်အောင်ပဲ ပစ်နိုင်ခဲ့ပါတယ်။ ဂျော့ဘုရှ်တုန်းကလို ခေါင်းငုံပြီး ရှောင်စရာတောင် မလိုခဲ့ပါဘူး။ ဂျော့ဘုရှ်ကတော့ ခေါင်းမငုံ့မိခဲ့ရင် နဖူးပေါက်သွားနိုင်ပါတယ်။ ဖိနပ်နဲ့ပေါက်အပြီးမှာ တက္ကသိုလ်လုံခြုံရေးတွေက သူ့ကို အပြင်ဆွဲခေါ်သွားပါတယ်။ ပရိသတ်တွေကလည်း ထွက်သွား ထွက်သွား... ရှက်ဖို့ ကောင်းတယ်လို့ ပြန်အော်နေတာကို ရုပ်သံတွေကနေတဆင့် မြင်တွေ့ ကြားသိခဲ့ရပါတယ်။ ထုံးစံအတိုင်း မိန့်ခွန်းပြောတဲ့ စင်မြင့်နားမှာလည်း လုံခြုံရေးတွေ ပိုများသွားတာပေါ့ဗျာ။

လူပုံအလည်မှာ ဖိနပ်နဲ့ ကောက်ပေါက်ခံရလို့ မအီမသာဖြစ်သွားရရှာတဲ့ ၀မ်ကျားပေါင်ကတော့ အခုလို အထင်သေးဖွယ်ကောင်းတဲ့ လုပ်ရပ်ဟာ ဗြိတိန်နဲ့ တရုတ်ပြည်အကြား ခင်မင်ရင်းနှီးမှုကို ထိခိုက်သွားစေမှာ မဟုတ်ဘူးလို့ ပြောသွားပါတယ်။ ဖိနပ်နဲ့ပေါက်တဲ့သူကိုလည်း ရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး ဥပဒေအရ တရားစွဲဆို အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားပါသေးတယ်။

လွန်ခဲ့တဲ့ ၂ လက အီရတ်ကို အမေရိကန်သမ္မတ တစ်ဦးအနေနဲ့ နောက်ဆုံးခရီးအဖြစ် သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကို သတင်းစာရှင်းလင်းပွဲမှာ ဖိနပ်နဲ့ပစ်ပေါက်ခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် တီဗွီသတင်းထောက် Muntadhar al-Zaidi ကိုတော့ အာရပ်ကမ္ဘာက သူရဲကောင်းတစ်ယောက်လို့ ချီးမွန်း ဂုဏ်ပြုခဲ့ပါတယ်။ အာရပ်ကမ္ဘာမှာ ဖိနပ်နဲ့ပေါက်တာဟာ အပြင်းထန်ဆုံး စော်ကားမှူတစ်ခုလို့ ဆိုနိုင်ပါတယ်။ လောလောဆယ်တော့ အဲဒီအီရတ်သတင်းထောက်ဟာ နိုင်ငံတော်ရဲ့ အထူးဧည်သည့်တော်ကို စော်ကားမှူနဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေး အရေးယူခံရဖွယ်ရှိပါတယ်။

Photo credit: NECN.com

Monday, February 2, 2009

Please be punctual

ကိုယ့်ပတ်ဝန်းကျင် တချို့လူတွေ အချိန်နဲ့ ပတ်သတ်ပြီး မလေးစားသေးတာကို တွေ့မိရတော့ အတော်လေးကို စိတ်ပျက်မိပါတယ်။ အချိန်လေးစားတယ် ဆိုတာက အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတာက ကြိုတင်ချိန်းချက်ထားပြီး အချိန်မှီမရောက်တဲ့ လူတွေကို အဓိက ဆိုလိုပါတယ်။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ်။ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်ဆိုတော့ စိတ်ပျက်မိတာ အမှန်ပါပဲ။

တချို့က ချိန်းတဲ့အချိန်ကို ဘယ်တော့မှ ရောက်အောင် မလာနိုင်ကြဘူး။ ဒီဘူတာမှာ ဒီအချိန် ရောက်အောင် လာခဲ့မယ်ဆိုပြီး ကိုယ်က သွားစောင့်နေရင် သူတို့က ရောက်မလာကြသေးဘူး။ အဲဒီအချိန်က သူတို့ကိုယ်တိုင် ချိန်းချက်တာပါ။ ကိုယ်ကပဲ စိတ်စောလို့လား မသိဘူး ချိန်းတဲ့အချိန် မရောက်ခင် ငါးမိနစ် ဆယ်မိနစ်အလိုမှာ ရောက်နှင့်နေအောင် သွားခဲ့ပေမယ့် သူတို့က ရောက်လာရင် နဂိုချိန်းတဲ့အချိန်ထက် ဆယ်မိနစ်လောက် နောက်ကျနေတော့ ကိုယ့်မှာ မိနစ် ၂၀ လောက် စောင့်လိုက်ရတဲ့ သဘောဖြစ်နေတယ်။

တချို့ကျတော့ အိမ်ကို လာမယ့်သူ။ သြော်... သူက အိမ်ကနေ စောင့်နေရတာပဲ အပန်းမကြီးရှာဘူးလို့များ သဘောထားသလားပဲ။ ချိန်းထားတဲ့ အချိန်အတိုင်း ပေါ်မလာဘူး။ ဥပမာဆို အိမ်လခ လာယူတဲ့ ပွဲစားမပေါ့။ ရုံးပိတ်ရက် မနက်ပိုင်း ၁၀ နာရီ လာမယ်ဆိုပြီး ၁၁ နာရီလည်း မရောက်။ မွန်းတည့် ၁၂ နာရီလည်း မရောက်။ သူလာမယ်ဆိုတော့ ကိုယ်တွေမှာက အပြင်ထွက်လို့လဲ မရ။ သူကလည်း မလာသေး။ ဖုန်းဆက်လိုက်ရင် ရောက်တော့မယ် ခဏလေး ဆိုပဲ။ နောက်ထပ် မိနစ် ၂၀ ဆို ရောက်ပါပြီတဲ့။ အဲဒီ မိနစ် ၂၀ ကလည်း တစ်နာရီလောက် ကြာသွားတတ်တယ်။ ဒါတောင် သူက ပိုက်ဆံရမယ့်သူ ကိုယ်က ပေးရမယ့်သူ။ အဲဒါကို အချိန် မတိကျဘူး။

တချို့ကျတော့ လမ်းတ၀က်ကနေ လှမ်းချိန်းတယ်။ ကိုယ်ကလည်း လမ်းတ၀က်မှာ ရောက်နေတဲ့အချိန်ပေါ့။ ငါ ဘယ်နားရောက်နေတယ်ကွ။ မင်း လာခဲ့ပါလား။ ငါတို့ တစ်နေရာမှာ ဆုံကြရအောင် ဆိုပြီးတော့ပေါ့။ အိုခေပေါ့။ ဘယ်အချိန်လောက် ရောက်နိုင်မလဲ ပြန်မေးလိုက်တယ်။ ကိုယ်က အဲဒီနေရာကို ရောက်နေပြီ စချိန်းတဲ့သူက ရောက်မလာသေးဘူး။ ဖုန်းဆက်ကြည့်လိုက်တော့ ဈေးဝယ်ဈေးပတ်နေတာ မပြီးသေးဘူး။ နောက်ထပ် နာရီဝက်လောက် ထပ်စောင့်ပေးပါလားတဲ့။ ဒါနဲ့ပဲ ဟိုနားဒီနား လျှောက်သွားလိုက်ပြီး နာရီဝက်လောက် အချိန်ပေးလိုက်တယ်။ အဲဒါလည်း ရောက်မလာသေးဘူး။ ဖုန်းထပ်ဆက်ကြည့်တော့ စထွက်လာပြီတဲ့။ အခု ရထားပေါ်မှာ ဆိုပဲ။ အဲဒီလို အားမနာတဲ့ စိတ်ကို ထားနိုင်တာ အံ့သြပါရဲ့ဗျာ။ အဲဒီလိုမျိုးတွေ တွေ့ရင်တော့ ဆက်စောင့်မနေပဲ အိမ်ပြန်လာဖြစ်တာ များပါတယ်။

တချို့ကျတော့ ရက်တွေ အများကြီး ခွာပြီး ချိန်းဆိုခဲ့တာ။ လူကြုံ ပစ္စည်းလေးတစ်ခု ပေးလိုက်ချင်လို့ ဒီအပတ် စနေနေ့မှာ ဘူတာကို လာခဲ့မယ်။ ကိုယ်ကလည်း အဲဒီအချိန်မှာ အားမယ်ဆိုတာ သိထားတော့ အိုခေ လာခဲ့ပါ။ လာစောင့်နေပါမယ်ပေါ့။ အိမ်က စထွက်လာတဲ့ အချိန်ကျရင် ဖုန်းဆက်ပေးပါပေါ့။ အဲဒီလိုနဲ့ စနေနေ့ကို ရောက်လာပါရော။ မနက်မိုးလင်း အိပ်ရာထ မျက်နှာသစ် မနက်စာ စားပြီး ကွန်ပျူတာသုံးပေါ့။ ဘယ်အချိန် ဖုန်းခေါ်သံများ ကြားရနိုးနိုးပေါ့။ နေ့လည်တာ ရောက်သွားတယ် ဖုန်းသံက မကြားရဘူး။ သောကြာနေ့ည အိပ်ရာဝင် နောက်ကျလို့ အခုမနက် အိပ်ရာ မထသေးလို့များလားပေါ့။ နေ့လည်ကျော်တော့ ကိုယ်ကပဲ စပြီး ဖုန်းဆက်လိုက်တယ်။ ဘယ်အချိန် ရောက်လာမလဲပေါ့။ အဲဒီတော့မှ ကိုယ်တော်ချောက ပြန်ဖြေတယ်။ မလာတော့ဘူးတဲ့။ လူကြုံကို တခြားသူနဲ့ ထည့်ပေးလိုက်ပြီတဲ့။ အဲဒါကို ဖုန်းလေးနဲ့တောင် လှမ်းဆက် မပြောရှာဘူး။ ဒီမှာကတော့ သစ်ကုလားအုတ်လို လည်ပင်းကြီးကို ရှည်လို့ဗျာ။

လူတွေ လူတွေ အတော်ခက်ကြပါတယ်။ အတ္တသမားပီပီ ကိုယ့်ဘက် ကိုယ်ကြည့်တာကို အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် တခြားသူဘက်ကိုလည်း တစ်ချက်လေးတော့ စောင်းငဲ့ကြည့်သင့်ပါတယ်။ လောကမှာ စောင့်ရတဲ့ အလုပ်ကို အမုန်းဆုံးပါပဲ။ ကိုယ်က စောင့်ရတာ မကြိုက်သလို သူများတကာလည်း စောင့်နေရတာ မကြိုက်မှန်း သိသင့်ပါတယ်။ အဲဒီလိုပါပဲ အချိန်းအချက် တစ်ခုဆိုတာ လူတစ်ယောက်တည်း တစ်ဘက်တည်းက လုပ်တဲ့ ကိစ္စမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် အသေအချာ ချိန်းဆိုပြီး လုပ်ခဲ့ကြတာပါ။ အဲဒါကို တစ်ဖက်သားကို အားနာမှု လုံးဝမရှိပဲ ကိုယ်အဆင်ပြေဖို့ပဲ အဓိက ဦးတည်ပြီး ကိုယ့်စိတ်တိုင်းကျ လုပ်ချင်သလို လုပ်တာမျိုးကိုတော့ မနှစ်မြို့ပါဘူး။ တစ်ကိုယ်ကောင်း ဆန်လွန်းလှပါတယ်။

ဒီတော့ဗျာ တစ်ဖက်သားကို လေးစားဖို့အတွက် အချိန်ကို လေးစားကြပါဗျာ။

Sunday, February 1, 2009

Operation rainbow

Operation rainbow ဆိုတာ facebook ထဲက Group တစ်ခုပါ။ လိုအပ်တဲ့နေရာတွေကို လိုအပ်သလို ကူညီပံ့ပိုးပေးနိုင်ဖို့ ကြိုးစားကြမယ့် စိတ်တူကိုယ်တူရှိတဲ့ လူငယ်တစ်စုပါပဲ။ အဲဒီအဖွဲ့လေးက YDC Camp 2008 တုန်းက Elvis Group ဆိုတဲ့ Group E ကနေ စတင် ပေါက်ဖွားလာတာပါ။ Behind every storm, the rainbow will always be there… Waiting behind the dark clouds…ဆိုပြီး အဖွဲ့အမည်ကို Rainbow လို့ ပေးခဲ့ကြပါတယ်။ အဖွဲ့ထဲမှာ အများစုက စလုံးတွေပါ။ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာလည်း ပါပါတယ်။ မြန်မာပြည်ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ရှိလာရင် သူတို့အနေနဲ့ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ ရည်ရွယ်ထားသလို အာဆီယံဒေသအတွင်း အခြားနိုင်ငံတွေအတွက်လည်း လုပ်ကြမယ်လို့ ဆုံးဖြတ်ကြပါသေးတယ်။

လောလောဆယ်မှာ ပွဲဦးထွက်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေဘေးမှာ စတင်ကူညီပါမယ်။ အဖွဲ့ထဲမှာ ဖိလစ်ပိုင် ကြက်ခြေနီက သူတွေ ပါပါတယ်။ ဇန်န၀ါရီလဆန်းပိုင်းမှာ ဖိလစ်ပိုင် Gingoog မြို့မှာ ဖြစ်ခဲ့တဲ့ ရေကြီး မြေပြိုမှုတွေကို အကူအညီပေးဖို့ ဖိလစ်ပိုင် သူငယ်ချင်းက တင်ပြခဲ့ပါတယ်။ အဲဒီ ရေဘေးဒုက္ခသည် ဦးရေက လူဦးရေ ၁ သိန်းကျော် ရှိပြီး ၁၁ ယောက် သေဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေပါတယ်။ ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒါနဲ့ပဲ ဖိလစ်ပိုင် ရေဘေးအတွက် ကူညီမယ်ဆိုပြီး အမာခံအဖွဲ့ဝင် ၁၈ ဦးကို အခြေခံပြီး ရံပုံငွေ စုဆောင်းတဲ့အလုပ်ကို စတင် လုပ်ကိုင်ခဲ့ကြပါတယ်။

အဲဒီOperationမှာ ကျွန်တော်အနေနဲ့လည်း တတ်နိုင်သလောက်လေး ကူညီပေးချင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်အနီးအနား ပတ်ဝန်းကျင်က လူတွေဆီက အလှူငွေကောက်ခံပေးခဲ့ပါတယ်။ အလှူငွေ ကောက်ရတယ် ဆိုတာလည်း သိတဲ့အတိုင်းပါပဲ။ ပြောတော့တာ လွယ်တာပါ။ တကယ် လုပ်ရင် အတော်ခက်ပါတယ်။ အဓိက ယုံကြည်မှုပေါ့။ နောက်တစ်ခုက ခံယူချက် သဘောထား။ အဲဒီတွေမှာ ထပ်တူ မညီရင် အတော်ကို မလွယ်တဲ့ ကိစ္စတစ်ခုပါပဲ။

ကိုယ်က မြန်မာပြည်ကဆိုတော့ စလုံးရောက် မြန်မာအသိုင်းအ၀ိုင်းကို အဓိကထား အလှူငွေ ကောက်ခဲ့မိတယ်။ မြန်မာအများစုကတော့ မြန်မာပြည်အတွက် မဟုတ်လို့ဆိုပြီး အလှူငွေ မထည့်ကြပါဘူး။ ယဉ်ယဉ်လေးနဲ့ ငြင်းတဲ့သူတွေ ရှိသလို မြန်မာပြည်အတွက် မဟုတ်လို့ အလှူငွေ မထည့်နိုင်ဘူး စိတ်မ၀င်စားဘူးလို့ တုံးတိတိ ပြောတဲ့သူတွေလည်း ရှိပါတယ်။ လူမှုကရုဏာလုပ်ငန်းကို နားလည်ခံစား သဘောပေါက်တဲ့သူတွေပဲ အလှူငွေ ထည့်ကြပါတယ်။ လူသားချင်း စာနာထောက်ထားမှုကို သဘောပေါက်ကြတဲ့သူတွေလို့ မြင်မိပါတယ်။

မြန်မာပြည်အတွက် မဟုတ်လို့ အလှူငွေ မထည့်နိုင်တဲ့သူတွေကို ခံစားနားလည်ပေးလို့ ရပါတယ်။ သူတို့မှာ မျိုးချစ်စိတ် ပြင်းထန်သွားလို့ ထင်ရပါတယ်။ ဒါပေမယ့် တစ်ခု ပြန်စဉ်းစားပေးရမှာက ကိုယ့်နိုင်ငံအတွက် မဟုတ်လို့ မလုပ်နိုင်ဘူး ဆိုရင် တခြားနိုင်ငံသားတွေ မြန်မာပြည်အတွက် အကူအညီတွေ ပေးနေတာကို ပြန်စဉ်းစားစေချင်ပါတယ်။ ငါ့တို့နိုင်ငံမှ မဟုတ်တာကွာ... လုပ်ပေးမနေပါနဲ့လို့ သူတို့ သဘောမထားပါဘူး။ ဥပမာ နာဂစ်တုန်းက စင်္ကာပူက မြန်မာမဟုတ်တဲ့သူတွေ နိုင်သလောက် ကူညီပေးခဲ့တာကို တွေ့ရမှာပါ။ သူတို့အတွက် အကျိုးအမြတ် တစ်စုံတရာ မရှိပဲ လူသားချင်းစာနာ ထောက်ထားပြီး လှူဒါန်းကူညီခဲ့တာတွေ တွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့လည်း ကိုယ့်တိုင်းပြည်မဟုတ်တဲ့ တခြားနေရာတွေမှာ အကူအညီပေးဖို့ လိုအပ်လာရင် တတ်နိုင်သလောက် ပြန်ကူညီသင့်ပါတယ်။ အဲဒီလို လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်သင့်ပါတယ်။ အတုံ့အလှည့်လေးပေါ့ဗျာ။

ဒီလို အလှူငွေ ကောက်ခံတဲ့အကြောင်းကို ကျွန်တော့်Blogပေါ်မှာ ပို့စ်တင်ပြီး မပြောခဲ့ပါဘူး။ လောလောဆယ် စာရင်းပိတ်သိမ်းချိန်အထိ ကျွန်တော့်ဘက်က အလှူငွေအဖြစ် စင်္ကာပူဒေါ်လာ ၂၁၀ ကောက်ခံနိုင်ခဲ့ပါတယ်။ အခုOperationမှာ အလှူငွေ ထည့်ခဲ့တဲ့ ကျွန်တော့် အနားတ၀ိုက်က သူငယ်ချင်းတွေ မိတ်ဆွေတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခွဲခြားဆက်ဆံခြင်းဆိုတာ လုံးဝမရှိပဲ လူသားချင်း စာနာထောက်ထားတဲ့ အဖြူရောင် စိတ်တစ်ခုတည်းနဲ့ အခုလို ကူညီပေးခဲ့တာကို ဖိလစ်ပိုင်က သူငယ်ချင်းတွေ သိရှိခံစားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

No discrimination as to nationality, race, religious beliefs, class or political opinions. Together for Humanity!