ဂျီတော့ခ်နဲ့ ပါတ်သတ်ပြီး ရေးနေကြတာ ဖတ်ဖူးပါတယ်။ အများစုကတော့ အလွဲသုံးစားပြုမှုပေါ့။ စုံစီနဖာ မျိုးစုံ တွေ့နေရပေမယ့် ဇာတ်လမ်းတွေက ရိုးမသွားပါဘူး။ တစ်ယောက်တစ်မျိုး မရိုးရအောင် တစ်မျိုးပြီးတစ်မျိုး ကြုံဆုံနေရတာပါပဲ။ ကျွန်တော်ဇူလိုင်လည်း အွန်လိုင်းကမ္ဘာထဲမှာ တကူးတက အပူမရှာပဲ ကိုယ့်ဘာသာကိုယ် အေးအေးချမ်းချမ်း နေထိုင်ပေမယ့်လည်း အဲဒီအရှုပ်တော်ပုံ ကပ်ဘေးကြီးက ပြေးမလွှတ်နိုင်ခဲ့ပါဘူး။ ရှေးဘ၀ ၀ဋ်ကြွေး မပြေသေးလို့ ဒီဘ၀ ခါးစည်းဆပ်နေရသလားပဲ။
Blogကမ္ဘာမှာ ရေးသူဖတ်သူ အချင်းချင်း ဆက်သွယ်လို့ရအောင်... ရေးသားထားခဲ့တဲ့ စာတွေနဲ့ ပတ်သတ်ပြီး တစ်စုံတရာ အငြင်းပွါး ဝေဖန်စရာတွေ ရှိရင် လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီး ပြောဆို ဝေဖန်လို့ရအောင်... ဂျီးမေးလ်လေး ဖော်ပြပေးထားပါတယ်။ အဲဒီလိုနဲ့ပဲ အသိအကျွမ်း အသစ်တွေ ခင်မင်ရင်းနှီးခွင့် ရခဲ့ပါတယ်။ ဒီအသိုင်းအ၀ိုင်းလေးမှာ ကျင်လည်နေတဲ့သူ အများစုကတော့ စာတတ်ပေတတ်တွေပါပဲ။ ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ ဆိုသလို ဂျီတော့ခ်မှာ သူတို့က အေးဆေးပါပဲ။ မအေးဆေးတာကတော့ Forward email တွေမှာ ပါလာတဲ့ လိပ်စာမှန်သမျှ လှမ်းဖိတ်ပြီး ဂျီတော့ခ်လောကထဲ ဘုမသိဘမသိ ၀င်လာတဲ့ သကောင့်သား အထီးအမ ပေါင်းစုံပါပဲ။
မှတ်မှတ်ရရ ပြဿနာတစ်ခုက ယောကျာ်းလေး ၃ ယောက်ပါတဲ့ ပုံတစ်ခုကို တင်ထားပြီး ဆောင်းဆိုတဲ့ စာလုံးတစ်ခုပါတဲ့ အကောင့်တစ်ခုက ဟယ်လိုဆိုပြီး အင်္ဂလိပ်လို စနှုတ်ဆက်လို့ ကျွန်တော်က ဟုတ်ကဲ့ ပြောပါခင်ဗျာ...လို့ မြန်မာလို စာရိုက် ပြန်ဖြေလိုက်တော့ ကိုယ်တော်က ဘားဂလစ်ရှ်နဲ့ ပြန်မေးပါတယ်။ မင်း ဗမာလားတဲ့။ မြန်မာစာလုံးနဲ့ ရိုက်ပြီး ပြန်ဖြေထားတာတောင် မင်းဗမာလားလို့ မေးရတဲ့ ငကြောင်မျိုးကို အဲဒီတစ်ခါမှာ တွေ့လိုက်ရပါတယ်။ အတော်လေးကို စိတ်ပျက်စရာ ကောင်းလှပါတယ်ဗျာ။
နောက်တစ်ခါကတော့ ရပ်ကွက်ထဲက ကောင်လေးတစ်ယောက်ရဲ့ ဂျီမေးလ်။ လူဆိုးလေးပေါ့။ အသက်ကတော့ ငယ်ပါတယ်။ ရုပ်ကတော့ ကျွန်တော်ထက် ကြီးတယ် ထင်ရတယ်။ ဘယ်သူကနေ ဘယ်လိုပေးလိုက်လို့လဲ မသိဘူး ကျွန်တော့်သုံးနေတဲ့ ဂျီမေးလ်အကောင့်က သူ့ဆီရောက်သွားတယ်။ အဲဒီလိုနဲ့ ပြန်တွေ့ဖြစ်ကြတယ် ဆိုပါတော့။ နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးတွေ လုပ်ကြတော့ သူလည်း ကျွန်တော်တို့နဲ့အတူ ၀ိုင်းပြီး လုပ်ပေးဖူးတယ်။ ဒါနဲ့ပဲ အခုနောက်ပိုင်းမှာ ဘာတွေ ဆက်လုပ်ဖြစ်နေလဲ ပြောဖြစ်ဆိုဖြစ်ကြတယ်။ ဒီလိုနဲ့တစ်လလောက် တစ်ရက်ခြား တစ်ခါလောက် ညပိုင်းတွေမှာ စကားတွေ ပြောဖြစ်ခဲ့တယ်။ နောက်တော့ ကျွန်တော်လည်း ကမ့်ဝင်ရတော့ အွန်လိုင်းနဲ့ တစ်ပတ်လောက် အဆက်အသွယ် ပြတ်သွားတယ်။
ကမ့်က ပြန်ထွက်လာပြီး တစ်ပတ်လောက်အထိ သူ့ကို အွန်လိုင်းမှာ မတွေ့ရပါဘူး။ တစ်ရက်မှာ ကျွန်တော့်ကို ဟယ်လိုဆိုပြီး လှမ်းပြီး နှုတ်ဆက်ပါတယ်။ ကျွန်တော်ကလည်း သိထားပြီးသား လူဟောင်းပဲဆိုတော့ ဝေး... နေကောင်းတယ် မဟုတ်လား...လို့ ပြန်မေးလိုက်တယ်။ သူက အင်္ဂလိပ်လို ရား... ဆိုပြီးတော့ I want to meet you တဲ့။ ကျွန်တော် နည်းနည်းကြောင်သွားတယ်။ သူက ရန်ကုန်မှာ ကျွန်တော်က စင်္ကာပူမှာ။ ဘာကြောင့် သူက ကျွန်တော်ကို တွေ့ချင်ရသလဲပေါ့။ ကျွန်တော်က ဘာလုပ်ဖို့လဲ... လို့ ပြန်မေးလိုက်တယ်။
အဲဒီတော့ သူက ဖုန်းရှိလားတဲ့။ ရှိမှာပါတဲ့။ ရှိရင် ပေးပါနော်တဲ့။ ဒီကောင် သိပ်ပြီး မူမမှန်တော့ဘူးလို့ ကျွန်တော့်စိတ်ထဲမှာ ထင်စ ပြုလာပြီ။ ဒါပေမယ့် အရေးကြီးကိစ္စ တစ်ခုခုများ ပြောစရာရှိလို့ pfingo ကနေ ခေါ်မလို့လားဆိုပြီး ဖြေတွေးပေးလိုက်သေးတယ်။ အဲဒါနဲ့ သူ့ကို ဖုန်းဆက်ဖို့ ဘာအကြောင်းထူးရှိလဲ ပြန်မေးလိုက်တယ်။ သူက ဒီလိုပါပဲ ပြောချင်လို့ပါ။ ပေးပါနော်တဲ့။ မနက်ဖြန် ည အားလားတဲ့။ အပြင်မှာ ဆုံကြရအောင်နော်တဲ့။
ဟားဟား.... ဘာကြီးလဲဟ။ နည်းနည်းတောင် လန့်သွားတယ်။ သဘောပေါက်လိုက်ပြီ။ ဒီအကောင့်ကို မူရင်းပိုင်ရှင် သုံးနေတာ မဟုတ်လောက်ဘူး။ တခြားတစ်ယောက် ၀င်သုံးနေတာ ဖြစ်မယ်။ ဒါကြောင့် ဒီလို စကားတွေ ထွက်လာတာ။ သေချာတာက ကျွန်တော့်ကို မူရင်းပိုင်ရှင်က ဒီလိုစကားမျိုးတွေ လုံးဝ မပြောရဲခဲ့ဘူး။ ဘာဖြစ်လို့များ ဒီလိုမျိုးတွေ လုပ်ကြသလဲပေါ့။ ကိုယ်သုံးနေတဲ့ အကောင့်ကို ကိုယ်ပဲ သုံးကြပေါ့။ အခုဟာ သူများတကာကို လက်ပြောင်းလက်လွဲ လုပ်သွားတာက မကောင်းဘူးလို့ မြင်မိပါတယ်။ Contact list တွေကို လူကုန်ကူးသလိုမျိုး သူများလက်ထဲ ပေးခံလိုက်သလို ခံစားရတယ်။ အတော်ကို စိတ်ဆိုးမိပါတယ်။ ဒါကြောင့် သေချာတာ တစ်ခုကတော့ ကျွန်တော် ရန်ကုန်ပြန်ရောက်ရင် ဒီကောင်ကို ပညာပေးလိုက်အုံးမယ်။
ရန်ကုန်က အင်တာနက်ဆိုင်တွေမှာ ချက်တင်းထိုင်ရင်း ဖွန်ကြောင်နေတာ ဖက်ရှင်တစ်ခုလို ဖြစ်နေကြပြီလား။ ကိုယ်မအားတဲ့အချိန် တခြားတစ်ယောက်ကို မင်း ဆက်ကြောင်ထားလိုက်ကွာဆိုပြီး လက်ပြောင်းလက်လွှဲ လုပ်နေကြတာလား။ လက်လွှဲယူထားတဲ့ အကောင်ကလည်း အခုပြောနေတဲ့သူက အထီးလား အမလား ဘာတစ်ခုမှ မသိပဲ စွတ်ဆတ်ကြောင်တာကလည်း ဆလံသလောက်ပါတယ်။ မတော်လို့များ မူရင်းပိုင်ရှင်နဲ့ ပတ်သတ်နေတဲ့ အမျိုးအရင်းတွေ၊ ဆရာတွေ ဆရာမတွေများ ဖြစ်နေရင် ဘယ်လို လုပ်ကြမလဲ။ ဘာဖြစ်လို့ အဲဒီလောက်တောင် အသိဥာဏ် နုံနဲ့ရတာလဲဆိုပြီး စိတ်ထဲက မခံချိ မခံသာ ဖြစ်မိပါတယ်။ အင်တာနက်သာ သုံးနေကြတာ ပုဂ္ဂလိက လွတ်လပ်ခွင့် ဆိုတာကို နားမလည်သေးတဲ့သူတွေပဲဗျာ။
ခေတ်မှီချင်လွန်းလှတဲ့ အောင်သွယ်တော် မြားနတ်မောင်လည်း ဂျီတော့ခ်လောကထဲ ဒိုင်ဗင်ထိုးဝင်လာတော့ ဒင်းနဲ့ကျွန်တော် နောင်ဂျိန်ချရပြီပေါ့ဗျာ။ ဒင်းကတော့ ဒီလူပျိုကြီး စွံပါစေတော့ ဆိုပြီး မယောင်မလည် အူကြောင်ကြား မနူးမနပ် သူငယ်နပ်စား ကလေးမတွေကို ကျွန်တော့် ဂျီတော့ခ်ထဲ လွှတ်ထည့်လိုက်တာမှာ ဒေါသအိုးကို စနက်တံ ဖြုတ်သလို ဖြစ်သွားရတာပေါ့။ ကလေးမတွေကလည်း မေးခွန်းမျိုးစုံကို တရပ်စပ် လိမ့်မေးတာက အလုပ်တစ်ဘက်နဲ့ ဖြေနေရတဲ့ ကျွန်တော်အဖို့ ဒေါသဒီဂရီတွေကို တရိပ်ရိပ် မြင့်စေပါတယ်။ ပြီးရင် ဖြေထားတာကို မယုံသလိုလိုနဲ့ တကယ်လား။ အဟုတ်လား။ မလိမ်နဲ့နော် ဆိုပဲ။ ညည်းတို့ထက် အသက်ကြီးပါတယ်။စင်္ကာပူမှာ နေပါတယ်။ အခု အလုပ်များနေပါတယ်။ ဒါမျိုးတွေ ဖြေထားတာကို မလိမ်ပါနဲ့ အခု ဘယ်ဆိုင်ကနေ သုံးနေတာလဲ တဲ့။ သေ သေ... သေလိုက်ကြပါတော့ကွယ်။
ကိုဇူလိုင်ဗျာ... ဘာဖြစ်လို့ ဒုက္ခခံနေရသလဲ။ မသိတဲ့သူဆိုရင် နဂိုကတည်းက လက်မခံနဲ့လေ။ ဒါမှမဟုတ် လက်ခံမိရင်လည်း block လုပ်ပေါ့ဗျာလို့ ပြောကြမှာကို သိနေပါတယ်။ အဲဒီအတွက် ပြန်ဖြေရှင်းပေးရရင် ကျွန်တော် မသိပေမယ့် လက်ခံမိတာက Blog ကနေတဆင့် လာတဲ့သူတွေ ဖြစ်မှာ စိုးလို့ပါ။ နောက်တစ်ခုက သိဟောင်းကျွမ်းဟောင်းတွေ ဖြစ်နေမှာ စိုးလို့ပါ။ စကားပြောကြည့်လို့ အချိုးမပြေတဲ့သူတွေကို ကျွန်တော် block လုပ်ပါတယ်။ အခုပြောနေတာက block မလုပ်ခင်အချိန်မှာ ခံရတဲ့ ဒုက္ခလေးကို ပြောနေတာပါ။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ်တော့ စိတ်ကြီးကိုမှ အတော်ညစ်ရပါတယ်။
အဲဒါကြောင့် Forward Mail တွေ ပို့ရင် ကျွန်တော့် အီးမေးလ်ကို BCC မှာပဲ ထည့်ပြီး ပို့ကြပါခင်ဗျာလို့ ပြောလိုက်ချင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်တော့်ဆီ ဘာတစ်ခုမှ Forward မလုပ်တာ ကောင်းပါတယ်။ မပို့လို့ ချန်ထားခဲ့လို့ စိတ်ဆိုးမယ့် လူစားမျိုးမဟုတ်ပါဘူး ခင်ဗျာ။ အဲဒီလိုမှ မဟုတ်ရင် ကျွန်တော်ဇူလိုင် လုံးရာကနေ ပြားသလိုမျိုး ယောကျာ်းအချင်းချင်း ဖွန်ကြောင်ခံရသလို မနူးမနပ် သာလိကာမတွေရဲ့ တကယ်လားဟင် ဟုတ်ရဲ့လားဟင် မညာနဲ့နော်ဆိုတဲ့ တီတီတာတာ စကားမလိုင်များကြားမှာ အီစလံဝေပြီး ဒေါသဒီဂရီတွေ တိုးနေပါလိမ့်မယ်။ ကျွန်တော့်ကို သနားကြပါ... သနားကြပါခင်ဗျာ။

24 comments:
အဲ့ပို့စ်ကို ရေးချင်နေတာ ကိုဂျူလိုင် ဦးသွားတယ်..
တစ်ထပ်တည်းပဲ ကြုံချက်တွေကတော့..
ဆဲသွားတာရှိသေးတယ်..ဟဟဟ
နာမည်လေးက ကဗျာဆန်နေတော့ ရှော့ခ် ထိတာပေါ့လေ..
ဟဟ ..
အဲ့လိုကလေးတွေကို ဆုံးမနေရင် အင်တာနက်ကဖေးဖွင့်တဲ့ ဖေဖေမေမေတွေ ၀င်ငွေနည်းသွားမှာပေါ့ကွယ်..
ဘာအခုမှကြောက်ပါပြီလဲ၊မသိတာနဲ့ accept မလုပ်နဲ့ရှင်းတယ်၊အခုဟာကလူပေါင်းစုံဖြစ်နေပြီ။
ဟားဟားဟား..
အလည်တခေါက်လာရောက်ဖတ်ရှုသွားပါတယ်း)
ဒီလိုမျိုးတွေကလည်း ရှိသေးသကိုး...
း) မကြုံးဖူးသေးဘူး။
ကိုဂျူလိုင်ရေ... ဖတ်ပြီး အဆုံးသတ်တော့ ပြုံးရမလို တည်ရမလို ဖြစ်သွားပါတယ်...း) တကယ်လည်း ဖြစ်နေတာတွေကို ရေးသွားတာ သိပ်ကောင်းပါတယ်...
အိမ်း ဒီမြှားနတ်မောင်ကတော့ ဂျူလိုင့်အကြိုက် သေချာမသိဘဲ လုပ်သကိုး .. ဘလော့ရေးခံရတာတောင် နည်းသေး .. :)
မသနားနိုင်ပါဘူးတော်.. သနားစရာလားလို့ ....... ဒီလူကြီးကို
နောက်ဆို သူများထက်ဦးအောင် .......... yr asl ? where u chat ...... မေးသာမေးလိုက် ..... ဟတ်ဟတ်
မှားပါတယ် ကတွတ်ပီရယ်လို့ပဲ အော်လိုက်ပါတော့...း)
ဘ၀တူတွေမို့ကိုယ်ချင်းစာပါတယ်။
အဓိက ကသူများကိုအားနာတတ်တာကိုး
ရန်ကုန်မှာက အကောင့်ကိုလက်ပြောင်းစရာမလိုပါဘူး။
ဆိုင်ပိုင်ရှင်ကလာသမျှလူတွေဘာလုပ်တယ်ဆိုတာမော်
နီတာတစ်လုံးနဲ့ထိုင်ကြည့်နေတဲ့အတွက်အကုန်သိပါတယ်။
သူဘယ်ထဲရောက်နေတယ်..အဲဒီထဲသွားလို့ရတယ်လို့
သိရပါတယ်။ ကိုယ်ကဆိုင်တွေမှာမသုံးဖူတော့အသိပေ
မယ့်သုံးတဲ့သူတွေကပြန်ပြောပြလို့ ဆိုင်တွေကိုလည်း
တော်တော်စိတ်ညစ်သွားပါတယ်။ အမှန်က safe side ယူဖို့အတွက်အဲလိုလုပ်တယ်ဆိုရင်ဘာမှမပြော
သာပေမယ့် အဲဒီလူတွေကပဲသူများကိုယ်ရေးကိုယ်တာ
တွေကိုခိုးကြည့်သူတွေဖြစ်သွားကြတာကိုတွေ့နေရလို့
ပြန်ပြောပြတဲ့သူကနောက်ဆိုင်သွားမသုံးရဲတော့တဲ့
အတွက် အင်တာနက်နဲ့ဝေးရပြန်ပါတယ်။
တော်တော်များများက ဂျီတော့ခ်ကို အဲလိုအလွဲသုံးစား
မှုတွေမှာသုံးကြတာများပါတယ်။ အမလည်းရေးထားခဲ့
ဖူးတယ်လေ..း)
မောင်ဂျူလိုင် ဘာအခုမှ ကြောက်ပါပြီလည်း :) အယ် ပြောမယ့်သာ ပြောရတာ ဒီလိုအဖြစ်မျိုး ကျွန်တော်လည်း ကြုံးဖူးပါ့ဗျာ တော်တော်ဆိုးတာပဲ၊ ဆောရီးဗျာ မအားဘူးဗျာ ခင်ဗျား ဘယ်သူလည်း ဘယ်ကလည်း ကိစ္စရှိရင်လည်းပြောဆိုတော့ အယ်လယ်လယ် တင်းသွားသေးတယ်ဗျ။ မောတယ်မောတယ် မောင်ဂျူလိုင်ရယ် ကျုပ်က သူ့အဘလောက်ရှိတယ်ဗျ။
ကြုံလည်းကြုံတတ်ပါ့ င့ါညီရာ.
အကိုလည်းတလောတုန်းက ဂျီတော့ခ်မှာ တစ်ခါမှ မတွေ့ဖူးစကားမပြောဖူးပဲ လာနှုတ်ဆက်ခံရတယ်.
နှုတ်ဆက်ပုံကလည်း ဆန်းတယ်
”အသဲလေး နေကောင်းလား မတွေ့တာကြာပြီနော်တဲ့
ဘာတွေလုပ်နေတာလဲတဲ့” လာလာချည်သေး အကိုကလည်း အကို့ပရိုဖိုင်းမှာ ဒေါ်စုပုံနဲ့ထားထားတာကို တဖက်ကသကောင့်သားက
ကောင်မလေးချောချောလို့ထင်နေသလား မသိပါဘူးကွာ...ဖြစ်တတ်ပုံက ဂလို...
အစ တုန်းက တော့ ကိုယ့်ကို Invite လုပ်လာပြီဆို ဘာမှန်း မသိပဲ Yes လုပ် လုပ်နေခဲ့ တာ နောက်တော့ အလုပ်က တော်တော်လေးရှုပ်တာ ကလား..။ ကလေးတွေ အများစု က ကျွန်မကို မိန်းခလေး ငယ်ငယ် အောက်မေ့ပြီး ဆက်သွယ်ကြတာကိုး.......း) .........။ ဒါနဲ့ပဲ Invite လုပ်တဲ့သူတွေ ကို... Interview လုပ်ပြီးမှပဲ လက်ခံတဲ့ အကျင့်လေး ရခဲ့ပြီ..။ မင်း က ဘယ်သူလဲ... သိလို့ Invite လုပ်တာလား.. မသိဘူးဆို ဘာရည်ရွယ်ချက်ရှိလို့လဲ...............
........................
အဲဒါ အစ်မရဲ့ ပို့စ်တစ်ခုထဲမှ ..ရေးခဲ့ တာ........
............................
အစ်မ gtalk စသုံးစ လေးတုန်း က မြန်မာတိုင်းထဲ..ကာတွန်းတစ်ပုဒ် ပါဖူးတယ်... သူငယ်ချင်းမလေး ၂ ယောက်..အပြန်အလှန်ပြောနေကြတာလေ....တစ်ယောက် က..သူ့မှ အွန်လိုင်း ရီးစား ၅၀၀ လောက် ရှိတယ်တဲ့..အဲဒီအထဲ က..တစ်ယောက် ကတော့..သူ့ အကြိုက် ကို သိလွန်း လို့...သူကို တကယ် ချစ်တော့ မယ်..အပြင်မှာတွေ့ ရအောင် ချိန်းတော့ မယ် ပေါ့...အဲတော့..သူ့ သူငယ်ချင်းမ က ပြန်မေးတယ်..ဘယ် aacount က တစ်ယောက် လဲ ဆိုတော့..သူက တစ်ခု ရွတ်ပြတယ်.....အဲဒါ..သူ့သူငယ်မ ဖြစ်နေတာလေ....း)........
အစ်မ ဆို..အဲဒီတုန်း ကဘယ်သူ့ ကို မှ မယုံခဲ့ ဘူး.....
စ တွေ့တွေ့ တာနဲ့...မင်း မိန်းကလေး ဆို တာသေချာ ရဲ့ လား ကွာ...ယောင်္ကျားလေး ဆိုတာရော..သေချာ ရဲ့ ကွာ...နဲ့ လိုက် မေး..မေး..နေတော့.....ခု...ထိ ခင်နေတဲ့ တစ်ယောက် ဆို...အဲဒီ အကြောင်း မကြာ ခဏ ပြန်ပြော ပြီး..ရီနေတတ်တာ....အစ်မ ..တောကျ ပုံ များ.....း)....
.........................
ခုဆို...ကြောက်လို့...ကြိုတင် မိတ်ဆက်မလာ တဲ့..ကိုယ် မသိတဲ့ ဘယ် invitation မှ ကို လက်မခံတော့တာ.....း)....
..........................
ဟား..ဟား...ဟား........ကျွန်တော့်ကို သနားကြပါ တဲ့လား ။
၊မသိရင် accept မလုပ်နဲ့ ။ အရေးကြီးတယ်ဆိုရင် သူတို့ mail ထပ်ပို့ပြီး ဆက်သွယ်လိမ့်မယ် ။ နားမလည်တဲ့လူတွေကို အားနာမနေနဲ့ ။ အားဘူးးးး...... လို့ပြောပစ်လိုက် ။ ဟိ ။
အကိုဂျူလိုင်ရေ...
တစ်ခါတစ်ခါကျပြန်တော့ သူတို့ကပဲ inviteလုပ်သေး...
ပြီးတော့ who r u? do u know me?တဲ့...
ဘာပြန်ဖြေရမှန်းတောင် မသိတော့ဘူး... :)
ဟားဟား..ဟိဟိ...ဟတ်ဟတ်..
အူလိုက်သည်းလိုက်ကိုရယ်သွားရပါတယ်ကိုဂျူလိုင်ရေ
ဟီးးးးးးးးးး တကယ်ဗျာ မီးလေးလဲခဏခဏပဲကြုံတယ် အဲ့လိုအခါအလုပ်များနေလို့ကတော့ ချက်ချင်းကိုဘလော့လိုက်တာ ဘယ်ငမေးလ်ရလဲလို့မေးလို့forward ကဆိုရင်ခဏပဲပြောပြီးစကားကောင်းပြောမှဆက်ပြောတာ မဟုတ်လို့ကတော့ ဂျောင်းပဲ.... ဒေါသဒီဂရီတွေပဲတတ်တာတော့ တော်သေးတာပေါ့ တော်ကြာ..သွေးတိုးပါတတ်နေရင်ဒွတ်ခနော်..ဟီးးးး
လာဖတ်သွားတယ်ဗျို့ ...
တို့လည်း တူတူပဲ
း)
ကျနော်ကတော့ No ပဲဗျိုး အရင်ကတော့ Yes တယ်။ အခုတော့ မရတော့ဘူး No မှကိုဖြစ်တာ။ ဒီကိစ္စကဖြေရှင်းလို့ရပါတယ်ဗျာ။ Invite မလုပ်ခင် မေးလ်အရင်ပို့ပေါ့ဗျာ။ ဟုတ်တယ်မလား။ ဒီလိုစနစ်လေးကျင့်သုံးကြပေါ့။
ကျွန်မကတော့မသိပဲ invite ဆိုရင် နိုးပဲ ကြိုမပြောထားရင် လုံးဝလက်မခံဘူး ပြသာနာတွေများလွန်းလို့ ကိုယ်ပဲနောက်ဆုံးစိတ်ရှုပ်ရတယ် ကလေးတွေများတော့ ပြောရတာဆုရိတာ အဆင်မပြေဘူး
သနားပါဘူးရှင် သနားပါဘူး
:D
ကျွန်တော်တော့ သိမကြုံဖူးဘူးဗျ... ကိုယ်နဲ့မသိရင် လက်မခံနဲ့ပေါ့.. တော်ကြာ မိန်းမလား ဆိုတာပဲ အမေး ခံနေရလိမ့်မယ်နော်.. :P
gtalk ကို ဆင်တောင်မထားဘူး။ gmail ထဲကဟာကတော့ နဂိုကထဲသိပြီးသားတွေဆိုတော့ ပြသနာမရှိ....ဟိ..ဟိ
အော်.. ကိုယ်တစ်ယောက်ထဲ ဒေါသဒီဂရီတိုးတယ်မှတ်နေတာ.. ဒါမျိုးလူတွေတော်တော်များသကိုး... ဟား.. ဟား
အားအားယားယား ဖော်ဝက်မေလ်းကနေလိုက် အက်နေတဲ့သူတွေကိုလဲ အံ့ပါ..
မဗေဒါလဲ သူငယ်ချင်းအရင်းခေါက်ခေါက်ဖော်ဝက်လောက်ပဲ အရေးတယူဖတ်တယ်.. ကျန်တာတွေဆို မေးလ်ရှုပ်လို့ စိတ်တိုမိတယ်..
အပေါ်ကကွန်မန့်တွေဖတ်မိတော့လဲ ကိုယ့်အဖြစ်တွေနဲ့ တူတူတွေချည်းပဲ..
Post a Comment