ကိုယ့်ပတ်ဝန်းကျင် တချို့လူတွေ အချိန်နဲ့ ပတ်သတ်ပြီး မလေးစားသေးတာကို တွေ့မိရတော့ အတော်လေးကို စိတ်ပျက်မိပါတယ်။ အချိန်လေးစားတယ် ဆိုတာက အချိန်ကို အကျိုးရှိရှိ အသုံးချဖို့ ပြောနေတာ မဟုတ်ပါဘူး။ ကျွန်တော်ဆိုလိုတာက ကြိုတင်ချိန်းချက်ထားပြီး အချိန်မှီမရောက်တဲ့ လူတွေကို အဓိက ဆိုလိုပါတယ်။ တစ်ယောက်လည်း မဟုတ် နှစ်ယောက်လည်း မဟုတ်။ တစ်ခါလည်း မဟုတ် နှစ်ခါလည်း မဟုတ်ဆိုတော့ စိတ်ပျက်မိတာ အမှန်ပါပဲ။
တချို့က ချိန်းတဲ့အချိန်ကို ဘယ်တော့မှ ရောက်အောင် မလာနိုင်ကြဘူး။ ဒီဘူတာမှာ ဒီအချိန် ရောက်အောင် လာခဲ့မယ်ဆိုပြီး ကိုယ်က သွားစောင့်နေရင် သူတို့က ရောက်မလာကြသေးဘူး။ အဲဒီအချိန်က သူတို့ကိုယ်တိုင် ချိန်းချက်တာပါ။ ကိုယ်ကပဲ စိတ်စောလို့လား မသိဘူး ချိန်းတဲ့အချိန် မရောက်ခင် ငါးမိနစ် ဆယ်မိနစ်အလိုမှာ ရောက်နှင့်နေအောင် သွားခဲ့ပေမယ့် သူတို့က ရောက်လာရင် နဂိုချိန်းတဲ့အချိန်ထက် ဆယ်မိနစ်လောက် နောက်ကျနေတော့ ကိုယ့်မှာ မိနစ် ၂၀ လောက် စောင့်လိုက်ရတဲ့ သဘောဖြစ်နေတယ်။
တချို့ကျတော့ အိမ်ကို လာမယ့်သူ။ သြော်... သူက အိမ်ကနေ စောင့်နေရတာပဲ အပန်းမကြီးရှာဘူးလို့များ သဘောထားသလားပဲ။ ချိန်းထားတဲ့ အချိန်အတိုင်း ပေါ်မလာဘူး။ ဥပမာဆို အိမ်လခ လာယူတဲ့ ပွဲစားမပေါ့။ ရုံးပိတ်ရက် မနက်ပိုင်း ၁၀ နာရီ လာမယ်ဆိုပြီး ၁၁ နာရီလည်း မရောက်။ မွန်းတည့် ၁၂ နာရီလည်း မရောက်။ သူလာမယ်ဆိုတော့ ကိုယ်တွေမှာက အပြင်ထွက်လို့လဲ မရ။ သူကလည်း မလာသေး။ ဖုန်းဆက်လိုက်ရင် ရောက်တော့မယ် ခဏလေး ဆိုပဲ။ နောက်ထပ် မိနစ် ၂၀ ဆို ရောက်ပါပြီတဲ့။ အဲဒီ မိနစ် ၂၀ ကလည်း တစ်နာရီလောက် ကြာသွားတတ်တယ်။ ဒါတောင် သူက ပိုက်ဆံရမယ့်သူ ကိုယ်က ပေးရမယ့်သူ။ အဲဒါကို အချိန် မတိကျဘူး။
တချို့ကျတော့ လမ်းတ၀က်ကနေ လှမ်းချိန်းတယ်။ ကိုယ်ကလည်း လမ်းတ၀က်မှာ ရောက်နေတဲ့အချိန်ပေါ့။ ငါ ဘယ်နားရောက်နေတယ်ကွ။ မင်း လာခဲ့ပါလား။ ငါတို့ တစ်နေရာမှာ ဆုံကြရအောင် ဆိုပြီးတော့ပေါ့။ အိုခေပေါ့။ ဘယ်အချိန်လောက် ရောက်နိုင်မလဲ ပြန်မေးလိုက်တယ်။ ကိုယ်က အဲဒီနေရာကို ရောက်နေပြီ စချိန်းတဲ့သူက ရောက်မလာသေးဘူး။ ဖုန်းဆက်ကြည့်လိုက်တော့ ဈေးဝယ်ဈေးပတ်နေတာ မပြီးသေးဘူး။ နောက်ထပ် နာရီဝက်လောက် ထပ်စောင့်ပေးပါလားတဲ့။ ဒါနဲ့ပဲ ဟိုနားဒီနား လျှောက်သွားလိုက်ပြီး နာရီဝက်လောက် အချိန်ပေးလိုက်တယ်။ အဲဒါလည်း ရောက်မလာသေးဘူး။ ဖုန်းထပ်ဆက်ကြည့်တော့ စထွက်လာပြီတဲ့။ အခု ရထားပေါ်မှာ ဆိုပဲ။ အဲဒီလို အားမနာတဲ့ စိတ်ကို ထားနိုင်တာ အံ့သြပါရဲ့ဗျာ။ အဲဒီလိုမျိုးတွေ တွေ့ရင်တော့ ဆက်စောင့်မနေပဲ အိမ်ပြန်လာဖြစ်တာ များပါတယ်။
တချို့ကျတော့ ရက်တွေ အများကြီး ခွာပြီး ချိန်းဆိုခဲ့တာ။ လူကြုံ ပစ္စည်းလေးတစ်ခု ပေးလိုက်ချင်လို့ ဒီအပတ် စနေနေ့မှာ ဘူတာကို လာခဲ့မယ်။ ကိုယ်ကလည်း အဲဒီအချိန်မှာ အားမယ်ဆိုတာ သိထားတော့ အိုခေ လာခဲ့ပါ။ လာစောင့်နေပါမယ်ပေါ့။ အိမ်က စထွက်လာတဲ့ အချိန်ကျရင် ဖုန်းဆက်ပေးပါပေါ့။ အဲဒီလိုနဲ့ စနေနေ့ကို ရောက်လာပါရော။ မနက်မိုးလင်း အိပ်ရာထ မျက်နှာသစ် မနက်စာ စားပြီး ကွန်ပျူတာသုံးပေါ့။ ဘယ်အချိန် ဖုန်းခေါ်သံများ ကြားရနိုးနိုးပေါ့။ နေ့လည်တာ ရောက်သွားတယ် ဖုန်းသံက မကြားရဘူး။ သောကြာနေ့ည အိပ်ရာဝင် နောက်ကျလို့ အခုမနက် အိပ်ရာ မထသေးလို့များလားပေါ့။ နေ့လည်ကျော်တော့ ကိုယ်ကပဲ စပြီး ဖုန်းဆက်လိုက်တယ်။ ဘယ်အချိန် ရောက်လာမလဲပေါ့။ အဲဒီတော့မှ ကိုယ်တော်ချောက ပြန်ဖြေတယ်။ မလာတော့ဘူးတဲ့။ လူကြုံကို တခြားသူနဲ့ ထည့်ပေးလိုက်ပြီတဲ့။ အဲဒါကို ဖုန်းလေးနဲ့တောင် လှမ်းဆက် မပြောရှာဘူး။ ဒီမှာကတော့ သစ်ကုလားအုတ်လို လည်ပင်းကြီးကို ရှည်လို့ဗျာ။
လူတွေ လူတွေ အတော်ခက်ကြပါတယ်။ အတ္တသမားပီပီ ကိုယ့်ဘက် ကိုယ်ကြည့်တာကို အပြစ်မပြောလိုပါဘူး။ ဒါပေမယ့် တခြားသူဘက်ကိုလည်း တစ်ချက်လေးတော့ စောင်းငဲ့ကြည့်သင့်ပါတယ်။ လောကမှာ စောင့်ရတဲ့ အလုပ်ကို အမုန်းဆုံးပါပဲ။ ကိုယ်က စောင့်ရတာ မကြိုက်သလို သူများတကာလည်း စောင့်နေရတာ မကြိုက်မှန်း သိသင့်ပါတယ်။ အဲဒီလိုပါပဲ အချိန်းအချက် တစ်ခုဆိုတာ လူတစ်ယောက်တည်း တစ်ဘက်တည်းက လုပ်တဲ့ ကိစ္စမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် အသေအချာ ချိန်းဆိုပြီး လုပ်ခဲ့ကြတာပါ။ အဲဒါကို တစ်ဖက်သားကို အားနာမှု လုံးဝမရှိပဲ ကိုယ်အဆင်ပြေဖို့ပဲ အဓိက ဦးတည်ပြီး ကိုယ့်စိတ်တိုင်းကျ လုပ်ချင်သလို လုပ်တာမျိုးကိုတော့ မနှစ်မြို့ပါဘူး။ တစ်ကိုယ်ကောင်း ဆန်လွန်းလှပါတယ်။
ဒီတော့ဗျာ တစ်ဖက်သားကို လေးစားဖို့အတွက် အချိန်ကို လေးစားကြပါဗျာ။

23 comments:
ဟုတ်.။တိုးတက်ပြီးသား
ဟုတ်တယ် ဒီကိစ္စကို အပြည့်အ၀ ထောက်ခံတယ်။ ကိစ္စတစ်ခုကို လုပ်တော့မယ်ဆိုရင် တစ်ဖက်လူရဲ့ ရင်ဘတ်ထဲ ခဏလောက် ဖြစ်ဖြစ် ၀င်ရောက်ခံစားကြည့်ပါလား?
ဟုတ်တယ် ရင်ဘတ်ထဲကိုဝင်ရမယ်။
100% ထောက်ခံပါတယ်။
ကိုယ်က စိတ်စောတတ်လို့လား မသိ၊ ဒီလိုလူတွေနဲ့ တွေ့ရင် ပိုမောရတယ်။
တူတူပဲ။အမြဲတမ်းစိတ်စောနေတတ်လို့ရန်ကုန်ကလူတွေ
နဲ့ကတော့အဆင်မပြေဘူး။ကိုယ်ကသူတို့ထက်အမြဲစော
နေတတ်လို့ဆူခံရပေါင်းလည်းများပြီ။အထူးသဖြင့်အနုပ
ညာသမားဆိုတဲ့သူတွေ..း)
ငယ်ငယ်ကသိခဲ့ရတာကတော့အချိန်မလေးစားရင်မတိုး
တက်ဘူးဆို..ခုကျတော့လည်း..သူတို့အချိန်မလေးစား
တာကိုကိုယ်ကရင်မောရင်းသူတို့ဘာလို့အောင်မြင်တိုးတက်
နေတာလဲလို့စဉ်းစားရင်း..ခုထိကိုအဖြေမရကြောင်းပါ။
မှန်တော့မှန်တယ်ဗျ ဒါပေမဲ့ဗျာ တချို့လဲ
အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတာလဲ ရှိပါတယ်။ ဒါပေမဲ့ တချို့ကျပြန်တော့ ဘာမှ
အေ၇းတကြီးကိစ္စမရှိပဲ အချိန်မလေးစားတာတွေလဲ ရှိပါတယ်။
ဆိုတော့ဗျာ သည်းခံ အကိုရေ သည်းခံ ဒီလိုပဲ
ဗျ။ အဟီး ဆရာလုပ်သွားတယ်
hmmm...yeh...punctuality is one problem. Some people they will say can't come already after making appointment themselves. I had already left my time for this appointment and even reject other people offer to go out. I really hate of those people....
သူများတွေက အချိန်းထားတဲ့အချိန်ကို တစ်ခုခုကြောင့် မှားယွင်းပြီး နောက်ကျတာပါ။ ကိုဇူလိုင်သာ ကိုယ်မှန်း ထားတဲ့အချိန်ကို နောက်ကျပြီး လူပြိုကြီးမဖြစ်ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ အားလုံးအဆင်ပြေပါစေ။ ဟီးး
ရန်ကုန်ပြန်ပြီး ဇနီးသွားတောင်းမလို့ဆို ဟုတ်လား။
ဟုတ်ပါတယ်ဗျာ ... ကိုဂျူလိုင်ပြောသလို ... ဖြစ်သင့်လုပ်သင့် နားလည်သင့်ကြပါတယ် ...
ဒါပေမယ့် ဂျူလိုင် ...
တစ်ခုသော ကိစ္စမှာ
တစ်ယောက်သော သူအတွက် ...
တစ်ခုသောနေရာကနေ ...
သူ လာလာမလာလာ၊ ကိုယ်ကစောင့်ရမှာ ... ဆိုတဲ့ သီချင်းလေး ညည်းပြီး စိတ်ရှည်လက်ရှည် စောင့်နေမယ်ဆိုတာ ...
ကျွန်တော် မြင်ယောင်နေမိတော့တယ်ဗျာ ... အဟား ...
ဝီရိယလွန်တော့ ကျွန်ဖြစ် ... တဲ့
ကိုယ်ကတော့ အားနာစိတ်နဲ့ ချိန်းတဲ့နေရာကို ကြိုရောက်နှင့်နေကျပါ။
အချိန်မှန်ရောက်မလာရင် သောကပွေရတယ်။
ပြန်စဉ်းစားကြည့်ရင် အချိန်ကိုမလေးစား တာထက် ကိုယ့်ကို မလေးစားတာက ပိုမယ်ထင်မိပါတယ်။ နောက်တော့ ဘယ်သူ့ကိုမှ ချိန်းဆိုတာ လက်မခံတော့ဘူး။ တစိမ်းဆန်တယ် ပြောပြော၊ မာနကြီးတယ် ဆိုဆို နဖူးတွေ့ ဒူးတွေ့ တွေ့မှပဲ ဆုံကြတာ အကောင်ဆုံးပါပဲ။
ထောက်ခံပါ၏။ (ကိုဂျူလိုင်ဒွင်း ကို)။
သူ့ကိစ္စ လိုက်လုပ်ပေးဖို့တောင် ကိုယ်က ချိန်းတဲ့အချိန် ချိန်းတဲ့နေရာ အတိအကျရောက်၊ သူက ခုမှ အိမ်က စထွက်လာပြီဆိုတာလောက် စိတ်တိုတာ မရှိတော့ဘူး...။
တစ်ခါမဟုတ်၊ နှစ်ခါမဟုတ်...။
(သူငယ်ချင်းကို ပြောရမှာအားနာလို့ ဒီလာပြိးပေါက်ကွဲပါသည်။) :P:p
Phone နံပါတ်လေးနိုပ် ပြီးရင် ဆဲလိုက်။ ကိစ္စပြတ်သွားတဲ့ ကိစ္စ။ သိပ်လွယ်တဲ့ ကိစ္စကို ခက်ခဲအောင်လုပ်နေတယ်။ တစ်ခါဆဲ မမှတ်သေးရင် နောက်တစ်ခါ ထပ်ထပ်ဆဲ။ မင်းလဲ ဒီလဘာရဂျာတွေရဲ့ စောက်ကျင့်ဆိုးတွေ သိသားနဲ့။ ငါတော့ စိတ်ကို ရှင်းရှင်းလေးထားတယ်။ ၁၀ မိနစ် ၁၅ မိနစ်က စင်ကာပူ စံတော်ချိန် ထားလိုက် လွဲခွင့်ပေးတယ်။ အဲဒီထက်ကျော်လာရင် လူတိုင်းမှားနိုင်တဲ့ ကိစ္စဆိုပြီး ၁၅ မိနစ် ထပ်စောင့်တယ်။ ဒါမှမလာရင် စောရီးပဲ မစောင့်တော့ဘူး။ ၁ ခါက ၂ ခါဖြစ်လာရင် ဆဲပေးလိုက်တယ်။ နောက် ဒါမျိုး post လုပ်ရင် နာမည်သာ တပ်ပြီးလုပ်။
သူငယ်ချင်းတစ်ယောက် ဆို တို့အမြဲတမ်း သူပြောတဲ့နာရီထက်
+1hr လုပ်ပြီးမှသွားတောင် နောက်မကျဘူး။
ကိုဂျူလိုင်..ရယ်...
ဖြစ်မှ ဖြစ်ရလေ....
မနစ် ၂၀ လောက် စောင့် ရတာ...
ရင်မောနေသလား....
အစ်မ..၀န်ထမ်း လုပ်ခဲ့ တုန်းက...
စောင့် ခဲ့ကြရပုံများ.........
စုရပ် ကို မနက် ၇ နာရီ အရောက်...
လူကြီး ဆိုတဲ့..လူကြီးတွေ က
ို တကယ်လာတော့..ညနေ ၅ နာရီ.....း)....
အဲဒဲါ် တစ်ခါ ထဲ မဟုတ်ပါ...
ခုလဲ..အဲသလို ပါ တဲ့.....
ဘဘကြီး တို့ က အလုပ် များ သကိုး....
နားလည် ပေးရမှာ ပေါ့နော်....း)..
...............
မောင်လေးရဲ့ post လေး ကို...ဟယ်ရီပေါ်တာ ရဲ့
ဇီးကွက် တစ်ကောင် ငှားပြီး....
ဘဘ ကြီး တို့အိမ် ရှေ့ တွေ...သွား ချပေးပါလား ကွယ်..
မြန်မာ ပြည်ထဲ ကျန်နေခဲ့ တဲ့...၀န်ထမ်း မိတ်ဆွေ တွေ
သနား လို့ ပါ.....း)...
မှန်လိုက်တာ
တစ်ခါတလေတော့လည်း
တစ်ယောက်ယောက်နဲ့ ချိန်းထားလို့ အပြင်ထွက်မယ်ပြင်ပြီး
အိမ်ပေါက်ဝမှာတင် ရှောင်မရတဲ့အကြောင်းပေါ်လာတာနဲ့ 
နောက်ကျသွားရပါတယ်
အသိတယောက်ရှိတယ်။ ပြောလိုက်ရင် အမြဲတမ်း on the way ပဲ။ အိမ်သာနဲ့ အိပ်ခန်းကြား on the way နေတာ။ အပြင်ရောက်ဖို့တော့ ဝေးရောပဲ။ သူနဲ့ချိန်းရင် သတိထားပြီး ၁နာရီလောက် ခွာခွာသွားတယ်။ စိတ်မညစ်ရဘူးပေါ့ :)
ဟုတ်တယ် အချိန်နဲ့ပတ်သက်ရင် ကိုယ့်ဘက်က ဘယ်တော့မှ မလစ်ဟင်းရအောင် အမြဲဦးစားပေးတယ်။
မKOM
ဘာတွေ တိုးတက်တာလဲ။ ရထားပေါ်လား။ ရုံးတက် ရုံးဆင်းချိန်မှာတော့ ရထားကျပ်တော့ တိုးတက်ရမယ်။
ကိုရှင်ရဲထွတ်ရေ...
ရင်ဘတ်ထဲကို ဘယ်လို ၀င်ကြရမလဲလို့ ပြန်မေးနေရင် ဒုက္ခနော်။ အောက်မှာတောင် တစ်ယောက်က ရင်ဘတ်ထဲ ၀င်ဖို့ အသင့်စောင့်နေတယ်နော်။ သတိလည်း ထားပါအုံးဗျ။
Strike
ကိုရှင်ရဲထွတ် ရင်ဘတ်ထဲ ၀င်မလို့လား ခင်ဗျ။ ထင်ချင်ရာတွေ ထင်လိုက်ရင်တော့ကွာ။ အဟက်...
မချိုရေ...
ဟုတ်ပဗျာ။ အတော်ကို စိတ်မောရတာပဲ။
မနော်ရေ...
သူတို့ချမ်းသာတာ တခြားအရာကြောင့် ဖြစ်မယ်လို့ ယူဆမိပါတယ်။ တခြားသူရဲ့ အချိန်ကို မလေးစားလို့ မဟုတ်လောက်ဘူး ထင်တယ်။ မျက်နှာပြောင်ပြောင်နဲ့ ကိုယ်ကျိုးရှာရဲတဲ့ စိတ်ဓါတ် အပြည့်ရှိလို့ ချမ်းသာသွားတာ ဖြစ်နိုင်ပါတယ်နော်။
အိမ်ရေ...
သူတို့အနေနဲ့ အကြောင်း အမျိုးမျိုးကြောင့် နောက်ကျမယ် ဆိုရင်လည်း ဖုန်းလေးတော့ ဆက်ပြီး အကြောင်းကြားပေါ့။ ကိုယ်က ဆက်မှ ပြောတာမျိုးတော့ မကောင်းဘူးလားပေါ့နော်။
Shin
ရှင်း လို့ ခေါ်ရမယ် ထင်တယ်။ ရှင်တော့ မဟုတ်လောက်ဘူး။ ဟုတ်တယ်ဗျာ။ တချို့ဟာတွေက ကိုယ်ဘက်က တကူးတက အချိန်တွေ ထုတ်ပေးလိုက်ရတာမျိုးတွေ ရှိပါတယ်။ အဲဒါကြောင့် အချိန်မလေးစားတဲ့ သူတွေနဲ့ တိုးရင် အတော်ကို သောက်မြင်ကတ်ပါတယ်။
နီမ...
အကြောင်းအမျိုးမျိုးကြောင့် နောက်ကျတယ် ဆိုတာကို နားလည်ပေးလို့ ရပေမယ့် ၃ ခါ ၄ ခါ မက ဖြစ်နေတာကိုတော့ ခံစားပေးလို့ မရဘူးခင်ဗျ။
အိပ်မက်ရှင်ကြီးရေ...
အဲဒါက နှစ်ဦးသဘောတူ ချိန်းချက်တာ မဟုတ်ဘူးလေဗျာ။ သူလာလာ မလာလာ ကိုယ်က စောင့်ရမှာ ဆိုတဲ့ သီချင်းလေးတောင် ရှိသားပဲနော့။ အဟား...
ကိုဝင်းဇော်ရေ...
ကျွန်တော်လည်း ကျွန်ဖြစ်ပေါင်း မနည်းတော့ပါဘူး။ နောက်ပိုင်း အပြင်ကို မထွက်တော့ပဲ ဂဏန်းတွင်းထဲမှာပဲ အောင်းနေတတ်တယ်။ တခါတလေပဲ တွင်းဝကနေ ပြူတစ်ပြူတစ် လုပ်ပြီး အပြင်ကို ချောင်းကြည့်တာလောက်ပဲ ရှိတော့ပါတယ်။
မsin
သူငယ်ချင်းတွေကို အားနာလို့ မပြောဖြစ်တာ ကျွန်တော်လည်း အတူတူပါပဲဗျာ။ ဒီစာကို သူတို့တွေ ဖတ်ဖြစ်ရင်တော့ တမျိုးတဖုံ ပြောင်းလဲနိုင်မယ် ထင်ပါရဲ့ဗျာ။
သားသားသန့်ဇင်ရေ...
ဦးဦးက သားသားလောက် မျက်နှာ မပြောင်ရဲသေးဘူးကွဲ့။ အမည်တပ်ပြီး အော်တုပ်ဖို့ မလုပ်ရက်သေးပါဘူးကွယ်။ သားသားအမည် မပါတာကတော့ သေချာပါတယ်။
JustOneရေ...
အဲဒါ ကောင်းတဲ့အကျင့်တစ်ခုတော့ မဟုတ်ဘူးခင်ဗျ။ သူက အချိန်မှန်သွားတဲ့ အခါ ကိုယ်က နောက်ကျသွားရောပဲလေ။ သူ့အမှားကနေ ကိုယ့်အမှား ဖြစ်သွားနိုင်တယ်။ အကောင်းဆုံးက သူ့ကို နောက်မကျအောင် လာခိုင်းဖို့ပါပဲ။
မမသီရိရေ...
အစ်မတို့က လမ်းပေါ် (သို့) နေရာတစ်ခုကနေ ကောင်းကောင်းမွန်မွန် စောင့်ရတာပါနော်။ တချို့တွေများ လယ်ကွင်းထဲ၊ မြောင်းထဲမှာ ညကြီး မိုးချုပ်ကတည်းက လယ်သမားလိုလို ဖားရိုက်သလိုလိုနဲ့ စောင့်နေရတဲ့သူတွေ အများကြီး တွေ့ဖူးတယ် ခင်ဗျ။ သူတို့က ပိုများ ပင်ပန်းမလားပဲနော်။ အဟီး...
ချိုကိုသဇင်ရေ...
ရှောင်လွှဲမရတာကြောင့် နောက်ကျမယ်ဆို နောက်ကျမယ်ဆိုတာလေးတော့ လှမ်းပြောလိုက်ပါဗျာ။ စောင့်နေရတဲ့သူကို အားနာစရာကြီးဗျာ။
ကလူသစ်ကြီး...
ဟိုတစ်ယောက်က အိမ်သာနဲ့ အိပ်ခန်းကြား On the way ဖြစ်နေတာကို ဘယ်လိုလုပ် သိလဲခင်ဗျ။ မသင်္ကာစရာတွေ ဖြစ်ကုန်တော့မယ်နော်။ အဟား...
နှင်းပွင့်ဖြူလေး...
အေး... ဒီိလို ကောင်းကောင်းနေမှာပေါ့ကွ။
Post a Comment