.:: Download Myanmar Font (WinKalaw New Version) HERE ::.

Sunday, February 1, 2009

Operation rainbow

Operation rainbow ဆိုတာ facebook ထဲက Group တစ်ခုပါ။ လိုအပ်တဲ့နေရာတွေကို လိုအပ်သလို ကူညီပံ့ပိုးပေးနိုင်ဖို့ ကြိုးစားကြမယ့် စိတ်တူကိုယ်တူရှိတဲ့ လူငယ်တစ်စုပါပဲ။ အဲဒီအဖွဲ့လေးက YDC Camp 2008 တုန်းက Elvis Group ဆိုတဲ့ Group E ကနေ စတင် ပေါက်ဖွားလာတာပါ။ Behind every storm, the rainbow will always be there… Waiting behind the dark clouds…ဆိုပြီး အဖွဲ့အမည်ကို Rainbow လို့ ပေးခဲ့ကြပါတယ်။ အဖွဲ့ထဲမှာ အများစုက စလုံးတွေပါ။ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာလည်း ပါပါတယ်။ မြန်မာပြည်ရဲ့ လူမှုရေးလုပ်ငန်းတွေမှာ လိုအပ်ချက်တွေ ရှိလာရင် သူတို့အနေနဲ့ ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ ရည်ရွယ်ထားသလို အာဆီယံဒေသအတွင်း အခြားနိုင်ငံတွေအတွက်လည်း လုပ်ကြမယ်လို့ ဆုံးဖြတ်ကြပါသေးတယ်။

လောလောဆယ်မှာ ပွဲဦးထွက်အနေနဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရေဘေးမှာ စတင်ကူညီပါမယ်။ အဖွဲ့ထဲမှာ ဖိလစ်ပိုင် ကြက်ခြေနီက သူတွေ ပါပါတယ်။ ဇန်န၀ါရီလဆန်းပိုင်းမှာ ဖိလစ်ပိုင် Gingoog မြို့မှာ ဖြစ်ခဲ့တဲ့ ရေကြီး မြေပြိုမှုတွေကို အကူအညီပေးဖို့ ဖိလစ်ပိုင် သူငယ်ချင်းက တင်ပြခဲ့ပါတယ်။ အဲဒီ ရေဘေးဒုက္ခသည် ဦးရေက လူဦးရေ ၁ သိန်းကျော် ရှိပြီး ၁၁ ယောက် သေဆုံးခဲ့ပြီး ၂ ဦး ပျောက်ဆုံးနေပါတယ်။ ၇ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ အဲဒါနဲ့ပဲ ဖိလစ်ပိုင် ရေဘေးအတွက် ကူညီမယ်ဆိုပြီး အမာခံအဖွဲ့ဝင် ၁၈ ဦးကို အခြေခံပြီး ရံပုံငွေ စုဆောင်းတဲ့အလုပ်ကို စတင် လုပ်ကိုင်ခဲ့ကြပါတယ်။

အဲဒီOperationမှာ ကျွန်တော်အနေနဲ့လည်း တတ်နိုင်သလောက်လေး ကူညီပေးချင်ခဲ့ပါတယ်။ ဒါကြောင့် ကိုယ့်အနီးအနား ပတ်ဝန်းကျင်က လူတွေဆီက အလှူငွေကောက်ခံပေးခဲ့ပါတယ်။ အလှူငွေ ကောက်ရတယ် ဆိုတာလည်း သိတဲ့အတိုင်းပါပဲ။ ပြောတော့တာ လွယ်တာပါ။ တကယ် လုပ်ရင် အတော်ခက်ပါတယ်။ အဓိက ယုံကြည်မှုပေါ့။ နောက်တစ်ခုက ခံယူချက် သဘောထား။ အဲဒီတွေမှာ ထပ်တူ မညီရင် အတော်ကို မလွယ်တဲ့ ကိစ္စတစ်ခုပါပဲ။

ကိုယ်က မြန်မာပြည်ကဆိုတော့ စလုံးရောက် မြန်မာအသိုင်းအ၀ိုင်းကို အဓိကထား အလှူငွေ ကောက်ခဲ့မိတယ်။ မြန်မာအများစုကတော့ မြန်မာပြည်အတွက် မဟုတ်လို့ဆိုပြီး အလှူငွေ မထည့်ကြပါဘူး။ ယဉ်ယဉ်လေးနဲ့ ငြင်းတဲ့သူတွေ ရှိသလို မြန်မာပြည်အတွက် မဟုတ်လို့ အလှူငွေ မထည့်နိုင်ဘူး စိတ်မ၀င်စားဘူးလို့ တုံးတိတိ ပြောတဲ့သူတွေလည်း ရှိပါတယ်။ လူမှုကရုဏာလုပ်ငန်းကို နားလည်ခံစား သဘောပေါက်တဲ့သူတွေပဲ အလှူငွေ ထည့်ကြပါတယ်။ လူသားချင်း စာနာထောက်ထားမှုကို သဘောပေါက်ကြတဲ့သူတွေလို့ မြင်မိပါတယ်။

မြန်မာပြည်အတွက် မဟုတ်လို့ အလှူငွေ မထည့်နိုင်တဲ့သူတွေကို ခံစားနားလည်ပေးလို့ ရပါတယ်။ သူတို့မှာ မျိုးချစ်စိတ် ပြင်းထန်သွားလို့ ထင်ရပါတယ်။ ဒါပေမယ့် တစ်ခု ပြန်စဉ်းစားပေးရမှာက ကိုယ့်နိုင်ငံအတွက် မဟုတ်လို့ မလုပ်နိုင်ဘူး ဆိုရင် တခြားနိုင်ငံသားတွေ မြန်မာပြည်အတွက် အကူအညီတွေ ပေးနေတာကို ပြန်စဉ်းစားစေချင်ပါတယ်။ ငါ့တို့နိုင်ငံမှ မဟုတ်တာကွာ... လုပ်ပေးမနေပါနဲ့လို့ သူတို့ သဘောမထားပါဘူး။ ဥပမာ နာဂစ်တုန်းက စင်္ကာပူက မြန်မာမဟုတ်တဲ့သူတွေ နိုင်သလောက် ကူညီပေးခဲ့တာကို တွေ့ရမှာပါ။ သူတို့အတွက် အကျိုးအမြတ် တစ်စုံတရာ မရှိပဲ လူသားချင်းစာနာ ထောက်ထားပြီး လှူဒါန်းကူညီခဲ့တာတွေ တွေ့မြင်နိုင်မှာပါ။ ကျွန်တော်တို့လည်း ကိုယ့်တိုင်းပြည်မဟုတ်တဲ့ တခြားနေရာတွေမှာ အကူအညီပေးဖို့ လိုအပ်လာရင် တတ်နိုင်သလောက် ပြန်ကူညီသင့်ပါတယ်။ အဲဒီလို လုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်သင့်ပါတယ်။ အတုံ့အလှည့်လေးပေါ့ဗျာ။

ဒီလို အလှူငွေ ကောက်ခံတဲ့အကြောင်းကို ကျွန်တော့်Blogပေါ်မှာ ပို့စ်တင်ပြီး မပြောခဲ့ပါဘူး။ လောလောဆယ် စာရင်းပိတ်သိမ်းချိန်အထိ ကျွန်တော့်ဘက်က အလှူငွေအဖြစ် စင်္ကာပူဒေါ်လာ ၂၁၀ ကောက်ခံနိုင်ခဲ့ပါတယ်။ အခုOperationမှာ အလှူငွေ ထည့်ခဲ့တဲ့ ကျွန်တော့် အနားတ၀ိုက်က သူငယ်ချင်းတွေ မိတ်ဆွေတွေကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်တို့ နည်းနည်းနဲ့ ကျဲကျဲဝိုင်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခွဲခြားဆက်ဆံခြင်းဆိုတာ လုံးဝမရှိပဲ လူသားချင်း စာနာထောက်ထားတဲ့ အဖြူရောင် စိတ်တစ်ခုတည်းနဲ့ အခုလို ကူညီပေးခဲ့တာကို ဖိလစ်ပိုင်က သူငယ်ချင်းတွေ သိရှိခံစားနိုင်မယ်လို့ ယုံကြည်မိပါတယ်။

No discrimination as to nationality, race, religious beliefs, class or political opinions. Together for Humanity!

7 comments:

လင်းထက် said...

ခုလို လူမှုအဖွဲ့အစည်း တစ်ခုကနေ လူတွေ ကို ကူညီနိုင်အောင် လုပ်ဆောင်ခဲ့တဲ့ ကို ဂျူလိုင် အတွက် အများကြီး ဂုဏ်ယူပါတယ်ဗျာ..

MANORHARY said...

လူမှုရေးလုပ်ငန်းတွေကိုလူသားချင်းစာနာစွာလုပ်နေတဲ့
အတွက်ဂုဏ်ယူပါတယ်။အမသာစလုံးမှာဆိုအတူလာလုပ်
မိမှာပဲ။ငယ်ငယ်တည်းကကြက်ခြေနီလုပ်ငန်းတွေကိုအိမ်
ကသဘောမတူတဲ့ကြားကလုပ်ခဲ့ဖူးပါတယ်။လူသားချင်း
စာနာမှုဆိုတဲ့စိတ်ကပြောတော့သာလွယ်တာထားနိုင်စိတ်
နည်းသား။အထူးသဖြင့်ကိုယ့်ထဲကတစ်ခုခုဖဲ့ပေးလိုက်ရ
မယ့်အခြေအနေမျိုးတွေမှာပေါ့...ငွေတစ်ခုတည်းမ
ဟုတ်ပါဘူး။အချိန်ရော၊လုပ်အားရောပါ..ပါတယ်။

မမသီရိ said...

မောင်လေး ရေ..ဂုဏ်ယူပါတယ်...
လူသားချင်း စာနာထောက်ထားတဲ့
လုပ်ငန်းတွေ ဟာ..
ပင်ပန်း ပေမဲ့..ရလာ တဲ့ ပီတိ နဲ့ ခံစားချက် ကို
ဘယ်အရာ ကမှ လိုက် မမီ နိုင်ဘူး..
နောက်ပိုင်း များများ လုပ် လုပ် ရင်..
များများ ခံ စားရလိမ့် မယ်..
ဆက်ကြိုး စားနော်...
နားလည်မှု လွဲတာတွေ...
ခံယူချက်မတူ တာတွေလဲ ရှိမှာပါပဲ...
အားလုံး ကို စုပေါင်း ရင်ဆိုင် ကြရင်..
တကယ် .ကြည်နူစရာ ကောင်းတဲ့..
လူမှုဝန်ထမ်း အဖွဲ့အစည်းလေး ဖြစ်လာပါလိမ့်မယ်..
သည်းခံစိတ်..အချိန်နဲ့..အနစ်နာ ခံ မှု တွေ က တော့ လိုအပ်တယ်..နော်...
အဆင်ပြေပါစေ...

ဒီဇင်ဘာနှင်း said...

ကိုဂျူလိုင်ရဲ့ လူမျိုးရေးမခွဲခြားပဲ လုပ်ဆောင်နေတဲ့ စိတ်ဓါတ်ကို အားကျအတုယူမိသလို လေးစားပါတယ်။ လူအမျိုးအမျိုးစိတ်အထွေတွေဆိုတော့လဲ ဒီလိုပါပဲလေ လူမှုရေးလုပ်ငန်းတွေ ဆထက်တပိုးလုပ်ဆောင်နိုင်ပါစေ။

စိုင်းစိုင်းလားရှိုး said...

ကိုဂျူလိုင် ဂုဏ်ယူပါတယ်။ ဆက်လုပ်ပါ။

Anonymous said...

အကိုရေ ဒီလို အယူအဆ သဘောထားတွေ ကွဲလွဲနေလို့လဲ ယနေ့အထိ လူတွေ ဒုက္ခများ
နေတာပေါ့ဗျာ။ အကို့ကိုတော့ စိတ်ဓာတ်ကိုတော့လေးစားတယ်ဗျာ။

Thant said...

လူတိုင်းလုပ်နိုင်ခဲတဲ့အလုပ်ပါ ။
ဂုဏ်ယူပါတယ်ရှင် ။