.:: Download Myanmar Font (WinKalaw New Version) HERE ::.

Saturday, April 17, 2010

New year wishes



မြန်မာ့နှစ်ကူး အခါသမယမှာ
အနှစ်နှစ် အလလက
မျှော်လင့်ချက်တွေ ပြည့်ဝနိုင်ပါစေ...

Monday, April 12, 2010

Health benefits of blood donor

သွေးလှူရှင်များအနေနဲ့ သွေးလိုနေတဲ့ လူနာအတွက် သွေးလှူလိုက်ရလို့ ကျေနပ်ပီတိတွေ ခံစားရတာအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးများလည်း ရရှိစေပါသေးတယ်။

လူရဲ့ခန္ဓာကိုယ်က ထုတ်လုပ်ပေးနေတဲ့ သွေးကို ပုံမှန်လှူဒါန်းပေးခြင်းဟာ သွေးထဲက ကိုလက်စထရော ပမာဏကို ထိန်းထားနိုင်စေပါတယ်။ အထူးသဖြင့် ပုံမှန်သွေးလှူဒါန်းတဲ့ အမျိုးသားများအတွက် ကျန်းမာရေး အကျိုးကျေးဇူး များစေပါတယ်။ ထုတ်လှူလိုက်တဲ့သွေးနဲ့အတူ ပါသွားတဲ့ သံဓါတ်တွေကြောင့် သွေးလှူရှင်ရဲ့ ခန္ဓာကိုယ်ထဲက သံဓါတ်တွေ လျှော့နည်းစေပါတယ်။ အမျိုးသမီးတွေအနေနဲ့ ရာသီဓမ္မတာကြောင့် လစဉ် ခန္ဓာကိုယ်ထဲကနေ သွေးတွေ ဆုံးရှုံးထွက်ရှိလို့ သံဓါတ်ပမာဏ လျှော့နည်းကြပေမယ့် အမျိုးသားများအနေနဲ့ သွေးလှူဒါန်းမှုကနေပဲ ကိုယ်တွင်းက သံဓါတ်ပမာဏကို လျှော့နည်းစေတာပါ။

သွေးလှူရှင်တွေမှာ လေဖြတ်တာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေ အလားအလာဟာ သွေးမလှူတဲ့ လူထက် သုံးပုံတစ်ပုံ နည်းပါးတယ် ဆိုတာကို Kansas University Medical Centerက လေ့လာတွေ့ရှိခဲ့ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သံဓါတ်ပမာဏ များလွန်းနေတာဟာ မကောင်းပါဘူး။ သံဓါတ်တွေဟာ ကိုလက်စထရော ဖြစ်စေတဲ့အရာမှာ တစ်ခုအပါအဝင်ပေါ့။ ကိုလက်စထရော များလွန်းနေရင် နှလုံးရောဂါနဲ့ လေဖြတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်သွေးလှူဒါန်းတဲ့ သွေးလှူရှင်တွေမှာ သွေးလှူခြင်းဖြင့် သံဓါတ်ပမာဏ လျှော့ချနိုင်ပြီး ကိုလက်စထရောကိုလည်း လျှော့စေပါတယ်။

သွေးလှူပြီးတဲ့နောက်ပိုင်း ကိုယ်အလေးချိန်တိုးပြီး ဝ လာမယ်ဆိုတဲ့ အယူအဆ အမှားတွေလည်း ရှိပါတယ်။ တကယ်တမ်းမှာတော့ ထုတ်ယူလိုက်တဲ့ သွေးတစ်အိတ်ကြောင့် သွေးလှူရှင်မှာ ကယ်လိုရီ ၆၅၀-စာ လျော့ကျစေပါတယ်။ သွေးလှူလိုက်လို့လည်း အားနည်းမယ်ဆိုတာလည်း မဟုတ်ပါဘူး။

ထုတ်လှူလိုက်တဲ့ သွေးတွေကို အစားထိုးပေးဖို့အတွက် ခန္ဓာကိုယ်က သွေးအသစ်တွေကို အချိန်ပိုင်းအတွင်း ပြန်လည် ထုတ်လုပ်ပေးပါတယ်။ အဲဒီလို ထုတ်လုပ်ပေးတဲ့အတွက် သွေးဆဲလ်အသစ်တွေကို ရရှိစေပါတယ်။ ဒါကြောင့် သွေးလှူဒါန်းတာဟာ လတ်ဆတ်တဲ့ သွေးသစ်တွေ ရရှိစေပြီး ကျန်းမာ လန်းဆန်းစေပါတယ်။

သွေးလှူဒါန်းတဲ့အခါ သွေးမလှူခင်မှာ သွေးလှူရှင်ကို ကျန်းမာရေး စစ်ဆေးပါတယ်။ သွေးပေါင်ချိန်၊ သံဓါတ် ပမာဏ၊ ကိုယ်အလေးချိန် စတာတွေကို စစ်ပေးပါတယ်။ ဒါကြောင့် သွေးလှူရှင်အနေနဲ့ ပုံမှန် ကျန်းမာရေး စစ်ဆေးခံရသလို ဖြစ်စေပါတယ်။ အဲဒါ့တွေအပြင် သွေးထဲမှာ အိတ်ခ်ျအိုင်ဗွီ၊ အသည်းရောင် အသားဝါ ဘီပိုး စီပိုး၊ ကာလသားရောဂါပိုး၊ ငှက်ဖျားပိုး ပါ မပါကိုပါ စစ်ပေးပါသေးတယ်။ ဒါပေမယ့် အဲဒီလို ရောဂါပိုးတွေ ရှိမရှိ သိချင်လို့ သွေးလှူဒါန်းတာမျိုးတော့ မဖြစ်သင့်ပါဘူး။

ပုံမှန် သွေးလှူဒါန်းတာဟာ လူသားဆန်တဲ့ ကျေနပ်ပီတိတွေအပြင် ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များတယ်...ဆိုတာ သိပြီးတဲ့နောက်မှာ ကျန်းမာရေးကောင်းမွန်တဲ့ အရွယ်ရောက်ပြီးသူတိုင်း သွေးလှူပေးကြဖို့ တိုက်တွန်းလိုက်ပါရစေ...

Reference:

http://edition.cnn.com/2000/HEALTH/04/26/give.blood.wmd/
http://www.rotarybloodbank.org/press/reports.htm
http://en.wikipedia.org/wiki/Blood_donor#Benefits
http://www.mayoclinic.org/donateblood/know.html

Tuesday, April 6, 2010

On the waterfront



နိစ္စဓူဝ မွန်းကြပ်မှုတွေကနေ တခါတလေ ပြေးထွက်မိတယ်။ ခဏခဏ ပြေးထွက်ချင်ပေမယ့် အခွင့်မသာဘူး။ အခွင့်သာခိုက်လေးမှာ မြို့ထဲကို ရောက်ဖြစ်တဲ့အခါ ဒူးရင်းသီးဘက်ကို ခြေဦးလှည့်မိတယ်။ ရေပြင်တွေက စိတ်ကို အေးချမ်းမှု ပေးစွမ်းနိုင်လို့ ရေကသိုဏ်း သွားရှုရင်း ဂီတပွဲတွေကို အားပေးဖြစ်ပြန်တယ်။ ဂီတနဲ့ ပတ်သက်ရင် ငတုံးငအ နလိန်ပိန်းတုံး ဖြစ်လို့ နားထောင်ရုံက လွဲပြီး ဘာမှကို မသိတာပါ။ ဒါပေမယ့် အဲဒီဂီတပွဲတွေမှာ အမှန်တကယ် တီးခတ်နေတဲ့ လူငယ်တွေကို မြင်ရင် အားကျမိတာ အမှန်ပဲ။ သူတို့လို တီးတတ်ချင်တယ်။ သူတို့လို ခုန်ပေါက်လိုက်ချင်တယ်။ စတိတ်ရှိုးကို တစ်သက်မှာ တစ်ခါပဲ ကြည့်ခဲ့ဖူးတဲ့ ကျွန်တော့်အဖို့ သူတို့လေးတွေရဲ့ အနုပညာအရည်အသွေးက မြန်မာပြည်က နာမည်ကျော် ပရိုတီးဝိုင်းတွေလို ကောင်းတယ်လို့ ခံစားရတယ်။

ဘာလိုလိုနဲ့ ကျွဲပါး စောင်းတီးဘဝကတော့ တက်လာပြီ ထင်ပါရဲ့။ ပလာတာလည်း မစားရတာ ကြာပြီလေ။

Saturday, April 3, 2010

Don't want anymore

နောက်ထပ်အလိုမရှိ

ကြင်နာသူအနားမှာ ရှိနေဒီအချိန်များ
အရာရာဟာပြည့်စုံ ကောင်းကင်ဘုံလေလား
သူရယ်ပြုံးတိုင်းမှာ ရင်ထဲအေးချမ်းသွားခဲ့တာ
သူရယ်ပြုံးတိုင်းမှာ ဒီကမ္ဘာမြေဟာလှပသွား
မျှော်လင့်ခြင်းတွေ ရောက်ရှိလာ
ဘာမှနောက်ထပ် ထပ်မလိုပါ...

အပြာရောင်မျက်ဝန်းမှာ အချစ်ရဲ့ရောင်စဉ်များ
အမှောင်တွေ ကွယ်ပျောက်ကာ
အားလုံးလင်းလက်သွား
သူရယ်ပြုံးတိုင်းမှာ ရင်ထဲအေးချမ်းသွားခဲ့တာ
သူရယ်ပြုံးတိုင်းမှာ ဒီကမ္ဘာမြေဟာလှပသွား
မျှော်လင့်ခြင်းတွေ ရောက်ရှိလာ
ဘာမှနောက်ထပ် ထပ်မလိုပါ...

မင်းတစ်ယောက်တည်းနဲ့ ကိုယ့်ကမ္ဘာဟာလှပသွားခဲ့
ကျန်တာတွေ လိုအပ်ချက်မရှိတော့ဘူး
အရာရာတိုင်း အချစ်ရဲ့တန်ခိုးနဲ့
အရာရာတိုင်းပေါ့ တို့ဖန်ဆင်း
ရေး.... အားလုံးပြည့်ဝသွားခဲ့
ဘာမှနောက်ထပ်မရချင်ဘူး
အိုး... ကိုယ့်ဘ၀မှာ မင်းတစ်ယောက်တည်း...

တေးရေးဆရာက မြင့်မိုးအောင်ပါ။ တေးဆိုကတော့ ဖြူဖြူလို့ လူသိများတဲ့ ဖြူဖြူကျော်သိန်းပါ။ အမျိုးသမီး အဆိုတော်ထဲမှာ တင်ဇာမော်ကို အကြိုက်ဆုံးပဲ။ တင်ဇာမော် ပြီးရင်တော့ ထွန်းအိန္ဒြာဗိုလ်နဲ့ ဖြူဖြူပေါ့။ သီချင်းခေါင်းစဉ်က နောက်ထပ်အလိုမရှိတဲ့။ ရုတ်တရက် ဖတ်ကြည့်လိုက်ရင် အနုတ်ဘက်ကို ပြနေသလိုပဲ။ တကယ်တော့ အရာရာ ပြည့်စုံနေလို့ နောက်ထပ် မလိုတော့တာကို ပြောချင်တာပါ။ မိန်းခလေး သီဆိုတဲ့ သီချင်းဖြစ်ပေမယ့် စာသားတွေက ယောကျာ်းလေးဘက်က ခံစားရင်လည်း အဆင်ပြေတာပါပဲ။

ဘုန်းကြီးဆီမှာ ချော်လဲခဲ့တာ ဝန်ခံမယ့် ချစ်သူမျိုး မဟုတ်တာကို ယုံကြည်ထားတဲ့အတွက် ကျွန်တော်ကလည်း မိုးရေထဲမှာ မိုးကာစွပ်ပြီး မာရသွန် ပြေးမှာ မဟုတ်တာ အသေအချာပါပဲ။ ဂတိစကားတွေဆိုတာ အလုံးစုံ ယုံကြည်ဖို့ ခက်ခဲတယ် ဆိုတာ နားလည်ပေမယ့် အချိန်က သက်သေပြသွားနိုင်အောင် ကြိုးစားရမှာပဲလေ။ နှစ်ပေါင်းများစွာ တွဲလာတဲ့ ငယ်သူငယ်ချင်းတွေပဲ သိထားတဲ့ ကျွန်တော်ရဲ့ ခံယူချက်အချို့က ဘယ်လိုမှ မပြောင်းလဲနိုင်ဘူးဆိုတာ သူသိဖို့ အချိန်တစ်ခု လိုအပ်ပါတယ်။ အဲဒီအတွက် ကျေးဇူးတင်စရာ မလိုတဲ့အတွက် ကျေးဇူးမတင်စေချင်ဘူး။

စကားဝှက်တွေ ဟိုဟိုဒီဒီပါနေတဲ့ ဒီခံစားချက်စာစုကို ဘေးလူတွေ နားမလည်နိုင်လောက်ဘူး။ ဒါပေမယ့် တစ်ယောက်သောသူကတော့ ဒါတွေကို အဖြေထုတ်နိုင်မှာပါ။ ဒါကြောင့် ဘာမှ နောက်ထပ် ထပ်မလိုပါ။

Thursday, April 1, 2010

We do at April Fool



ဧပြီ ၁ ရက်နေ့ဆိုတာ အပျော်သဘောနဲ့ အရူးလုပ်တဲ့နေ့ပေါ့။ အပြောင်အပျက်တွေ သတင်းအမှားတွေ ပေါက်ကရတွေ ပြောကြ၊ ချောက်ချကြ၊ ယုံတဲ့သူကို ဝိုင်းဟားကြပေါ့။ ဒါကြောင့် လူငယ်တွေကြားမှာတော့ ပျော်စရာရက်လေး တစ်ခုပေါ့။ ဒါပေမယ့် ပျော်စေပျက်စေ ကျီစယ်တဲ့နေရာမှာ ပျော်စေဖြစ်တာ ကောင်းပေမယ့် ပျက်စေဖြစ်တဲ့အထိ မလုပ်မိအောင်တော့ ထိန်းကြရမှာပဲလေ။

လူငယ်တွေဆိုတဲ့အတိုင်း ပျော်ချင်ပါးချင်ကြတယ်။ ဟီးဟီးဟားဟား လုပ်ချင်ကြတယ်။ လက်ရှိဘဝလေးကို ပေါ့ပေါ့ပါးပါးလေး နေချင်ကြတယ်။ ဧပြီဖူးလ်နေ့မှာ လူငယ်တွေ အရူးလုပ်ချင်ကြတယ်။ အရူးက တမူးသာ ဆိုသလို ရူးတာကနေ ထူးတာလေး ဖြစ်သွားကြရင် ပိုတောင် ကောင်းမလားပဲလေ။ ဒီလိုနဲ့ပဲ လူငယ်တစ်စု ဧပြီဖူးလ်နေ့ကို ထူးဖို့အတွက် ရွေးလိုက်ကြတယ်။ ဒို့တတွေ စုပြီးသွေးလှူကြရအောင်လား။ အင်တာနက်မှာ လူငယ်အချင်းချင်း ချိတ်ဆက် သတင်းပေးကြတယ်။ သွေးလှူဖို့ တိုက်တွန်းပေးတယ်။ ဂျာနယ်ကလည်း သတင်းယူသွားတယ်။

ဆေးရုံတွေမှာ သွေးလှူရှင် ရှာရခက်တဲ့ ဒုက္ခကို လူနာရှင်တွေ အသိဆုံးပါ။ သွေးလိုနေတဲ့ ဝေဒနာရှင်ရဲ့ ဒုက္ခနဲ့ သွေးရှာနေတဲ့ လူနာရှင်ရဲ့ သောကပင်လယ်ကြားမှာ သွေးလှူရှင်တစ်ယောက်ဟာ ကယ်တင်ရှင်တစ်ပါးလိုပဲ။ ဒါပေမယ့် မြန်မာပြည်မှာ သွေးလှူတဲ့ အလေ့အထ အတော်ကို နည်းပါးပါတယ်။ အလှူအတန်း ရက်ရောလှတယ် ဆိုတဲ့ မြန်မာပြည်သားတွေ သွေးလှူဖို့ကိုတော့ နည်းနည်းတွန့်နေကြပါတယ်။ ဘယ်လို သွေးလှူရမလဲဆိုတာ မသိတာလည်း ဖြစ်နိုင်သလို သွေးလှူတာနဲ့ ပတ်သက်ပြီး အယူအဆ အမှားတွေ ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။

သွေးလှူတယ်ဆိုတာ ထပ်ကာတလဲလဲ ပြုလုပ်လို့ရတဲ့ ဇီဝတဒါနဆိုတာ လူငယ်ထုကြားမှာ သိစေချင်တယ်။ သွေးလှူဖို့ မခက်ဘူး၊ သွေးလှူရှင်ဖြစ်ဖို့ မခက်ဘူး ဆိုတာ နားလည်စေချင်တယ်။ ဘွဲ့ထူးဂုဏ်ထူးတွေ ရထားဖို့ မလိုဘူး။ လူကြီးသားသမီး ဖြစ်ဖို့ မလိုဘူး၊ ကားရှိဖို့ ဖုန်းရှိဖို့ မလိုဘူး။ အသားဖြူဖို့ ရုပ်လှဖို့ မလိုဘူး။ ဒါပေမယ့် ကျန်းမာရေးကောင်းဖို့နဲ့ ရောဂါပိုးမရှိ သန့်စင်တဲ့ သွေးဖြစ်ဖို့တော့ အရေးကြီးတယ်။ သွေးလှူရှင်တစ်ယောက် ဖြစ်ပြီဆိုရင် ကျန်းမာရေးလည်း ကောင်းနေတယ်လို့ လက်မထောင် ပြောလို့ရပြီ။

ဒီနေ့တော့ သွေးလှူရှင် ၃၄ ယောက် သွေးလှူဖြစ်ခဲ့တယ်။ အများစုက တစ်ခါမှ မလှူဖူးသေးတဲ့ လူငယ် သွေးလှူရှင် အသစ်စက်စက်တွေပါ။ လူငယ် သွေးလှူရှင်အသစ်တွေ ပါလာတာက တကယ့်ကို ကောင်းတဲ့ လက္ခဏာပါ။ လူငယ်ဆိုတာ တက်ကြွလန်းဆန်းသလို သူတို့ဆီက သွေးသန့်သွေးကောင်းရနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။ လူငယ်ဆိုတော့ နောက်ထပ် အကြိမ်များစွာ သွေးလှူဖို့ အခွင့်အလန်းတွေ ရှိနေပါတယ်။ သွေးလှူရှင်ဖြစ်သွားတဲ့ လူငယ်တစ်ယောက်ဟာ သူ့ရဲ့ကျန်းမာရေး အမူအကျင့်တွေကို စောင့်ရှောက်နိုင်သမျှ ရောဂါပိုး ကင်းစင်တဲ့ သွေး ဆက်လက် လှူနေနိုင်မှာပါ။

ဧပြီဖူးလ်နေ့မှာ ပထမဆုံးအကြိမ် စုပေါင်းသွေးလှူပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါပြီလေ။ လာရောက် သွေးလှူဒါန်းပေးသွားသော စေတနာသွေးလှူရှင်လူငယ်များ၊ စုပေါင်းသွေးလှူဒါန်းပွဲအတွက် စီစဉ်ပေးသော သင်္ဃန်းကျွန်းစံပြဆေးရုံအုပ်ကြီး၊ သွေးလှူဘဏ်နှင့်ရောဂါဗေဒတာဝန်ခံဆရာမ ဒေါက်တာဒေါ်အေးအေးဝင်း၊ သွေးလှူဘဏ်ဦးစီးနှင့် သွေးလှူရှင်များကို စေတနာဖြင့် ကျန်းမာရေးစစ်ဆေးပေးသော တာဝန်ခံဆရာဝန်များ၊ အားဆေးနှင့် လက်ဆောင်ပစ္စည်းများ စီစဉ်ပေးသော ဆေးကုမ္ပဏီများ၊ အကျွေးအမွေးကိစ္စ အရပ်ရပ်အတွက် စီစဉ်ပေးသော ဆေးရုံဝန်ထမ်းများ၊ သွေးဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပမှ အလှူရှင်မိတ်ဆွေများ၊ ဝိုင်းဝန်းကူညီ လုပ်အားပေးသွားသော လူငယ်များကို ဧပြီအရူးနေ့မှာ ထူးအောင် လုပ်သွားကြတဲ့အတွက် ဂုဏ်ယူမိပါကြောင်း.... ပြောလိုက်ချင်ပါရဲ့ဗျာ။